လိုင်ဖူ.. မင်းလား
Vol. 16 Ch. 153
“ အကိုထူ ဟိုနေရာမှာ လှုပ်ရှားမှုတစ်ခုခုရှိနေတဲ့ပုံပဲ ကျွန်တော်တို့ သွာစစ်ဆေးကြည့်မလား “
မိုင်ပေါင်းများစွာအဝေးမှ ပေါက်ကွဲသံကို ကြားရသောကြောင့် ကျွမ်းချင်းယွမ်သည် ဆောက်လက်စတဲကို ရပ်ထားရင်း သိပ်မဝေးသောနေရာတွင် မြေအနေအထား စစ်ဆေးနေသော ထူရို့ရှုကို လှမ်းမေးလိုက်သည်။
ကောင်းကင်ဘုံရှိ သွေးနီရောင်တိမ်ကို ကြည့်လိုက်ရင်း ထူရို့ရှု အနည်းငယ်
မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်၏။ ထို့နောက်တွင် ခေါင်းယမ်းလိုက်တော့သည်။
“ စိတ်ပူဖို့ မလိုအပ်ဘူး အဲ့ဒီပေါက်ကွဲမှုက သေချာပေါက် တာအိုသားတော်ချီလုပ်လိုက်တာပဲ။ ဒီလိုမျိုး အန္တရာယ်များတဲ့ တိုက်ခိုက်မှုကို ဖန်တီးနိုင်ဖို့ဆိုရင် ယန်ပေါက်ကွဲခြင်းစာရွက် အရွက်တစ်ရာလောက် အသုံးပြုခဲ့တာပဲဖြစ်ရမယ်။ အဲ့ဒီပေါက်ကွဲမှုရဲ့ အရွယ်အစားက ထိပ်သီးအဆင့် ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ချက်ထက် နိမ့်မှာမဟုတ်ဘူး။ ပေါက်ကွဲနိုင်တဲ့အစွမ်းကြောင့် အဲ့ဒီရန်သူလည်း အပိုင်းပိုင်းပြတ်နေလောက်ပြီ။ အကိုတို့သွားကယ်ဖို့ မလိုအပ်ဘူးရယ်”
ထို့နောက်တွင် ထူရို့ရှုက ခဏရပ်တန့်လိုက်ပြီး တည်ငြိမ်စွာဆက်ပြောလိုက်သည်။
“ တာအိုသားတော်ချီရဲ့ ရန်သူကသာ အဲ့ဒီပေါက်ကွဲမှုကို တောင့်ခံနိုင်မယ်ဆိုရင်တော့ အကိုတို့သွားကယ်မယ်ဆိုရင်လည်း အကိုတို့အနေနဲ့ တာအိုသားတော်ချီရဲ့ အလောင်းကိုပဲ ကောက်ရလိမ့်မယ်။ ဒါက အချိန်ဖြုန်းနေတာပဲ..ဒါကြောင့် ပြောရမယ်ဆိုရင် အဲ့ဒီနေရာမှာ ဘာပဲဖြစ်ဖြစ် အကိုတို့က တည်ငြိမ်စွာနဲ့ အိန္ဒြေမပျက်နေနိုင်မှရမယ်။ အကိုတို့ရဲ့ အစီအစဉ်တိုင်းပဲ တစ်ဆင့်ချင်း ဆောင်ရွက်မယ်နားလည်လား”
“ အင်း၊ အကိုပြောတာ မှန်တယ်”
ကျွမ်းချင်းယွမ်သည် အလွန်လေးစားစွာ ခေါင်းညိတ်လိုက်၏။
“ အကိုထူက တကယ့်ကို တွေးတတ်လိုက်တာ။ ကျွန်တော် လောသွားခဲ့တယ်”
ထို့နောက်တွင် ထူရို့ရှုက ဆက်ပြောလိုက်သည်။
“ တာအိုသားတော်ချီက ရန်သူတစ်ယောက်နဲ့တွေ့ပြီး အကုန်ထုတ်ကြိုးစားလိုက်တာပဲ။ ကြည့်ရတာ ဒီလိုဏ်ဂူရဲ့အန္တရာယ်က အကိုမှန်းဆထားတာထက် ပိုများနေပုံရတယ်။ ဒီလိုဆိုမှတော့ အကိုတို့ တဲအပြင်မှာ အကာအကွယ်စည်း သုံးခုချမယ်ဆိုရင်တောင် မလုံလောက်သေးဘူး။ အနည်းဆုံးတော့ ဆယ်ခုလောက်ချမှဖြစ်မယ်”
“ ဟုတ်တယ် အကိုထူပြောတာမှန်တယ်”
ကျွမ်းချင်းယွမ် ချက်ချင်း ခေါင်းညိတ်သဘောထူလိုက်သည်။ ထို့နောက်တွင် ထိုနှစ်ဦးက အကြည့်ချင်းဖလှယ်ကာ ပြုံးပြလိုက်ပြီး တည်ငြိမ်စွာဖြင့် ဆက်လက် တဲထောင်နေကြလေတော့သည်။
တစ်ဖက်နေရာရှိ တစ်စုံတစ်ယောက်ကတော့…
အသံကြားရာသို့ ချီယွမ် ဆက်ခနဲလှည့်ကြည့်လိုက်ရာတွင် ရတနာသိုက်ဝင်ပေါက်၌ ရပ်နေသော အနက်ရောင်ဝတ်စုံ၊ အနက်ရောင်ဦးထုပ်နှင့် လူတစ်ဦးကိုတွေ့လိုက်ရသည်။
ထိုလူက အရပ်ရှည်ကာ ပိန်ပါးသည်။ အိုမင်းနေသော မျက်နှာက အနည်းငယ်ဖြူဖက်နေသည်။ ကျောချမ်းဖွယ်ကောင်းသည်မှာ ထိုလူ၏မျက်ဆံအတွင်း၌ အဖြူရောင်တစ်စက်မှ မရှိဘဲ သွေးနီရောင်ကသာ ဖုံးလွှမ်းထားသည်။
( နတ်ဆိုးကျင့်ကြံသူ တစ်ယောက်လား)
ထိူသူ၏ ဝတ်စားဆင်ယင်ပုံကြောင့် ချီယွမ် အလွန်အမင်း အံ့ဩမှင်သက်သွားတော့သည်။
( ပြောတော့ ဒီနေရာက ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူ သုံးဦးပဲ ခံနိုင်ရည်ရှိတော့တာဆို.. ဒီလူက ဘယ်လိုလုပ်ပြီး ဝင်လာတာလဲဟ)
သံသယတချို့နှင့် ချီယွမ် မရေမရာ ခံစားနေရသော်ငြား ထိုအချိန်မှာပဲ သွေးအရှိန်အဝါတချို့ ကပ်ညိနေသော အင်အားတစ်ခုက ရုတ်တရက်ကျဆင်းလာကာ သူ့ကိုလွှမ်းခြုံပစ်လိုက်သည်။
ထိုထူးဆန်းသော စွမ်းအင်၏ ဖိအားအောက်တွင် ခန္ဓာကိုယ်အတွင်းရှိ သွေးများအားလုံးက အဆုံးမရှိသော ဝတ္ထုပစ္စည်းတစ်ခုနှယ် ဖိနှိပ်ခံလိုက်ရကာ လှုပ်ရှားမှုတစ်ခုအတွက်တောင် ချီယွမ်အဖို့ လွန်စွာခဲယဉ်းသွားလေတော့သည်။
“ အဆင့်မရှိတဲ့ ပုရွက်ဆိတ်တစ်ကောင်က ငါ့အရှေ့မှာ မြန်မြန် ဒူးထောက်လိုက်တာ ကောင်းမယ်နော်”
ထိုဝတ်စုံနက်နှင့် လူ၏လေသံအတွင်းတွင် အမုန်းတရားများ ပြည့်နှက်နေပြီး ထိုသူက လောကအတွင်းရှိ လူတိုင်းကို မုန်းတီးနေဟန်ရှိသည်။
ထိုစကားလုံးများဆုံးသည်နှင့် ချီယွမ်တစ်ယောက် ပုခုံးထက်သို့ ကျလာသောလေးလံသည့် ဖိအားကို ထပ်မံခံစားလိုက်ရပြန်၏။ မမြင်ရသော တောင်တစ်တောင်က သူ့ကိုဖိနှိပ်နေသည့်ဟန်ပင်..
(ဘယ်လိုတောင် အင်အားကြီးတဲ့သူလဲ)
ကြောက်ရွံ့စွာဖြင့် ချီယွမ်သည် သူ၏အစွမ်းကို ထုတ်မပြသေးချေ။ ထိုအချိန်မှာပဲ ချီယွမ်ဝတ်ဆင်ထားသော ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ပေးထားသည့် အဝါရောင်အကာအကွယ်ဝတ်စုံက တောက်ပစွာလင်းလက်လာကာ ဝတ်စုံ၏ ရွှေအလင်းတန်းက ထိုလူ၏ ကြောက်မက်ဖွယ်ဖိအားကို တောင့်ခံလိုက်သည်။
တစ်ချိန်တည်းမှာပဲ တာအိုနတ်ဆိုး၏ မှတ်ဉာဏ်များအရ ထိုထူးဆန်းသောသူစိမ်းကို ချီယွမ်မှန်းဆမိလိုက်တော့သည်။
( ဒီလေဟာနယ်ရဲ့ စိတ်ဝိညာဉ်အမွှေးတိုင်တွေ အားလုံးက ပြင်းထန်စွာ ပျက်စီးသွားပြီ။ ဒီလိုမျိုး အဆင့်မြင့်ကျင့်ကြံသူတစ်ဦးရဲ့ ဒဏ်ကိုဘယ်လိုမှ ခံနိုင်မှာမဟုတ်ဘူး။ ဒီနတ်ဆိုးကျင့်ကြံသူရဲ့ သန်မာမှုက အနည်းဆုံးတော့ ဗလာသန့်စင်ခြင်းနယ်ပယ်ရှိနေတယ်။ ဒီလူရောက်နေတာတောင်မှ နေရာတစ်ခုလုံး ပြိုမကျသွားသေးတဲ့အတွက် ဒါရဲ့ ဆိုလိုရင်းက ဒီလူကအပြင်ကနေ ဝင်လာတာမဟုတ်ဘူး။ အထဲမှာ နေနေတာပဲ )
(ဟမ်)
ဖိအားအောက်တွင် ချီယွမ်အပြည့်အဝ မကွဲမကြေသွားသည့်အတွက် အနက်ရောင် ဝတ်စုံနှင့်လူသည် အနည်းငယ်အံ့အားသင့်သွားသည်။ ထို့ကြောင့် အေးစက်သောအပြုံးတစ်ခုဖြင့် လေသံနိမ့်နှင့် ပြောလိုက်တော့သည်။
“ ဒီနေရာထိ ရောက်လာနိုင်တာ မဆန်းတော့ပါဘူး။ မင်းမှာ အရည်အချင်းတချို့တော့ ရှိနေသေးပုံပဲ။ ဒါပေမဲ့ ဆိုးတာက မင်းဒီနေ့ ငါနဲ့တွေ့လိုက်ရတယ် ပြီးတော့ မင်းသေကိုသေရတော့မယ်”
ပြောပြီးသည်နှင့် ထိုလူက ညာဖက်လက်ဝါးကို မြှောက်လိုက်လေရာ လေဟာနယ်အတွင်းမှ သွေးမြွေများနှယ်ထွက်လာသော မရေမတွက်နိုင်သည့် အနီရောင်ချိန်းကြိုးများက ချီယွမ်ကို ရစ်ပတ်လိုက်သည်။
တဖြည်းဖြည်းလွှမ်းမိုးလာသော သွေးနီရောင်ချိန်းကြိုးများကြားတွင် ချီယွမ် မြုပ်ကွယ်လုနီးပါဖြစ်နေ၏။ သို့သော် မတုန်မလှုပ်ပါဘဲ ရန်သူကို တိုက်ရိုက်စိုက်ကြည့်ရင်း အေးစက်စွာပြောလိုက်သည်။
“ လိုင်ဖူ မင်းလား “
( လိုင်ဖူ )
ထိုစကားလုံးနှစ်လုံးကို ကြားသည်နှင့် ဝတ်ရုံနက်နှင့်လူက ရုတ်ချည်းပြောင်းလဲသွား၏။ အံ့ဩမှုကြောင့် မျက်လုံးမှမျက်ဆံများ ပြုတ်ထွက်တော့မည့်နှယ် မယုံကြည်နိုင်စွာ အော်ဟစ်လာခဲ့သည်။
“ မင်း…”
“ မင်းငါ့ကို သိတာလား”
တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်အတွက် ထိုလူက တိုက်ခိုက်များအားလုံးကို လျှင်မြန်စွာ ရုတ်သိမ်းလိုက်သည်။ ထို့နောက်တွင် အဝေးမှာရပ်နေသော လူငယ်ကို သံသယအပြည့်ဖြင့် လှမ်းကြည့်လိုက်၏။
“ လိုင်ဖူ.. ကျုပ် သေချာပေါက် သိတာပေါ့”
ချီယွမ် ခပ်ဖွဖွပြုံးရင်း သက်သောင့်သက်သာပြောလိုက်သည်။
“ မင်းက တာအိုနတ်ဆိုးဟန် ဖန်တီးထားတဲ့ သွေးစိတ်ဝိညာဉ်ကိုယ်ခွဲပဲလေ။ မင်းက ဒီနေရာရဲ့ အိမ်တော်ထိန်းမလား”
ထိုသူ၏ တုန့်ပြန်ပုံကြောင့် မှန်းဆမှုမှန်ကန်သွားသည့်အတွက် ချီယွမ်စိတ်သက်သာစွာ သက်ပြင်းမောကြီး ခိုးချလိုက်သည်။
ဤနေရာသည် ရန်သူ၏ အိမ်ကွင်းဟု ဆိုနိုင်သည်။ ထို့အပြင် ထိုသူက ဗလာသန့်စင်ခြင်းနယ်ပယ်ကျင့်ကြံမှု ရှိနေလေရာ တိုက်ရိုက်တိုက်ခိုက်ပါက အနိုင်ရဖို့ အခွင့်အရေးမရှိနိုင်ချေ။
ထို့ကြောင့် ဉာဏ်ရှိရှိလှည့်ဖျားမှသာ ဖြစ်တော့မည်။ သို့သော်ငြား အိမ်တော်ထိန်း လိုင်ဖူသည် အခုထိ အသက်ရှင်နေလိမ့်မည်ဟုတော့ ချီယွမ်မမျှော်လင့်ထားခဲ့တာ အမှန်ပါချေ။
စိတ်ဝိညာဥ်ကိုယ်ခွဲများသည် မူရင်းခန္ဓာကိုယ်သေသည်နှင့် အလိုအလျောက်သေဆုံးသွားတတ်ကာ အသက်ရှင်နိုင်ခြေနည်းပါးသည်။
သို့သော် မူရင်းခန္ဓာကိုယ် သေဆုံးသွားသည့်တိုင်အောင် သွေးစိတ်ဝိညာဉ်ရုပ်သေးရုပ်က အခုထိ သေမသွားသေးဘဲ တာအိုစုစည်းခြင်းနယ်ပယ်မှ ဗလာစုစည်းခြင်းနယ်ပယ်သို့သာ ကျင့်ကြံမှု လျော့ချခံလိုက်ရသည့်အတွက် သေချာပေါက် မရိုးရှင်းပါချေ။
( ပြီးတော့ ဟန်လဲ့ရဲ့ နာမည်ပေးတဲ့စကေးက စောက်ရမ်းဆိုးရွားတာပဲ။ ကလေးကအစ ခွေးအဆုံး အကုန်သုံးပြီးသား နာမည်ကြီးကိုမှ ရွေးချယ်ထားတယ်လို့ကွာ။ တော်သေးလို့ ဒီသွေးစိတ်ဝိညာဉ်ရုပ်သေးရုပ်က လိုဏ်ဂူအပြင်ထွက်တာ အရမ်းရှားလို့ပေါ့။ မဟုတ်လို့ကတော့ အဲ့ဒီနာမည်ကိုသာ အပြင်ဘက်မှာ ပြောလိုက်ရင် အကုန်ဝိုင်းဟားကုန်မှ ရှက်နေဦးမယ်။ ဖြုံလောက်စရာ တာအိုစုစည်းခြင်းနယ်ပယ် ကျွမ်းကျင်ကျင့်ကြံသူတစ်ယောက်ရဲ့ နာမည်က လိုင်ဖူတဲ့လား… မင်းတို့ပဲ စဉ်းစားကြည့် )
ချီယွမ် တိတ်တဆိတ် ဘလိန်းနေစဉ်မှာပဲ ထိုဝတ်စုံနက်နှင့်လူက ကြမ်းတမ်းစွာ တုန်ယင်သွားခဲ့သည်။ ထိုသူ၏မျက်ဆံများက မျက်အိမ်အတွင်းမှ ပြုတ်ထွက်တော့မည့်နှယ် တင်းကြပ်စွာတုန်လှုပ်လာတော့သည်။
“ မင်း..မင်းကတကယ်ပဲ ဘယ်သူလဲ။ မင်းငါ့ကို ဘယ်လို သိတာလဲ “
ချီယွမ် ခပ်ဖွဖွပြုံးလိုက်ရင်း တည်ငြိမ်စွာပြောလိုက်၏။
“ မင်းရဲ့သခင်နဲ့ ကျုပ်နဲ့က ရင်းနှီးတဲ့မိတ်ဆွေတွေပဲ။ သေချာပေါက် မင်းကိုသိမှာပေါ့ “
“ ရင်းနှီးတဲ့ မိတ်ဆွေ.. ဟန့်၊ လာလိမ်နေတယ် “
ထိုစကားကိုကြားသည်နှင့် လိုင်ဖူ၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားကာ သံသယများ ပြည့်နှက်သွားတော့သည်။
“ ငါ့ရဲ့သခင်က လွန်ခဲ့တဲ့နှစ်သောင်းချီကတည်းက သေသွားခဲ့ပြီ။ မင်းက ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူငယ်လေး တစ်ယောက်ပဲ။ ငါ့ရဲ့သခင်ကို ဘယ်လိုလုပ်သိနိုင်မှာလဲ “
“ မင်းမပြောဘူးပေါ့.. ရတယ်လေ၊ ငါအခုပဲ မင်းရဲ့ဝိညာဉ်ကို ရှာဖွေပြီးတော့ ဘာလျှို့ဝှက်ချက်တွေရှိနေလဲဆိုတာ ကြည့်မယ်”
ထိုသို့ဖြင့် လိုင်ဖူ၏မျက်နှာထားက ရုတ်ချည်းရက်စက်သွားကာ ရှေ့တစ်လှမ်းတိုးပြီး တိုက်ခိုက်ဖို့ပြင်ဆင်လိုက်သည်။
“ ဒါဆိုရင် ဒါကိုကော မှတ်မိသေးလား”
ချီယွမ်သည် သိုလှောင်လက်စွပ်အတွင်းမှ အနက်ရောင်ဓားရှည်ကို လျင်မြန်စွာထုတ်ယူရင်း တစ်ဖက်သူ မြင်သာအောင်ပြလိုက်သည်။ ထို့နောက်တွင် မိုးကြိုးအရှိန်ဖြင့် လျှင်မြန်စွာ ပြန်လည်သိမ်းဆည်းလိုက်သည်။
“ ဒါကမင်းရဲ့သခင် ကျုပ်ကို ပေးခဲ့တဲ့ တံဆိပ်ပြားပဲ။ ဒါကြောင့် ကျုပ်ကိုသာထပ်ပြီး မလေးမစားဆက်ဆံရဲလို့ကတော့ မင်းရဲ့သခင်ပြန်လာတာနဲ့ အသက်ရှင်လျက် အရေခွံခွါခိုင်းပစ်မယ်။ မင်းရဲ့သွေးတွေကို တစ်စက်ဆီကျစေပြီး အရိုးကိုပြာဖြစ်အောင် လောင်ကျွမ်းစေမယ်”
“ နင်ယွမ်ဓားလား”
နင်ယွမ်ဓားကိုမြင်သည်နှင့် ဝတ်စုံနက်နှင့်လူသည် အေးခဲသွားကာ ရှုပ်ထွေးနေသော ဇဝေဇဝါ မျက်နှာဖြင့် ချီယွမ်ကို လှမ်းကြည့်လာခဲ့သည်။
“ ငါ့ရဲ့သခင်က မင်းလက်ထဲကို ဘာကြောင့် နင်ယွမ်ဓားကို ထည့်ပေးလိုက်တာလဲ “
ချီယွမ် ပြုံးလိုက်တော့သည်။
“ တကယ်တော့ တာအိုကျင့်ကြံသူ ဟန်က မသေခဲ့ဘူး။ နတ်အတိဒုက္ခကျော်ဖြတ်ခြင်းမှာ ခြေလှမ်းမှားသွားပြီး ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်။ ဒီလိုနဲ့ နှစ်အကြာကြီး အိပ်ပျော်သွားခဲ့တာပဲ သူမကြာခင်ကမှ ပြန်နိုးလာခဲ့တာ”
“ ဒါပေမဲ့ ဒဏ်ရာတွေက အရမ်းပြင်းထန်ဆဲပဲ.. ညီနောင်ဟန်ရဲ့ကျင့်ကြံမှုက အခုဆိုရင် အခြေခံတည်ထောင်ခြင်းနယ်ပယ်အထိ လျှော့ချခံလိုက်ရတယ်။ သူက ဒီလိုဏ်ဂူကိုပြန်လာပြီး ကုသချင်ခဲ့တယ်။ ဒါပေမဲ့ ဒီကပြင်းထန်တဲ့ ပတ်ဝန်းကျင် အခြေအနေကို သူတောင့်မခံနိုင်တော့ဘူး။ ဒါကြောင့်မလို့ ထိပ်ဆုံးနေရာကို ပြန်ရောက်နိုင်အောင်လို့ဆိုပြီး ညီနောင်ဟန်က ကျုပ်ကိုလွှတ်လိုက်တာပဲ။ ဒီနေရာမှာ သူ့အတွက် အရေးပါတဲ့ပစ္စည်းတစ်ခု ရှိနေတယ်လို့ပြောတယ်။ ဒီနင်ယွမ်ဓားကိုလည်း သက်သေအဖြစ်ထည့်ပေးလိုက်တာ”
ချီယွမ်သည် ဟန်လဲ့၏မှတ်ဉာဏ်များကို ဝိညာဉ်ရှာသိုင်းပညာမှ ရရှိထားလေရာ ဟန်လဲ့အနေနှင့် သရုပ်ဆောင်လိုက်ရင်တောင်မှ သူ့အတွက် ပြဿနာရှိမည်မဟုတ်ပေ။
သို့သော် မျက်စိရှေ့ရှိ သွေးစိတ်ဝိညာဉ် ကိုယ်ခွဲသည် အသိစိတ် အပြည့်အဝနိုးကြားထားပြီးဖြစ်သည်။ ထို့ကြောင့် သခင်ကိုရုတ်တရက် မြင်လိုက်သည်နှင့် လောဘတတ်လာခဲ့သော ထိုကိုယ်ခွဲက တိုက်ခိုက်လာပြီး အကျင့်မကောင်းတဲ့အစေခံက သခင်ကိုပြန်သတ်တဲ့ ပြကွက်မျိုးဖြစ်လာရင် ချီယွမ် ကိုင်တွယ်နိုင်တော့မည် မဟုတ်ပေ။
ဟန်လဲ့၏မိတ်ဆွေအဖြစ် အယောင်ဆောင်ခြင်းက ကွဲပြားပါသည်။ လိုင်ဖူသာ သခင်ဖြစ်သူအသက်ရှင်နေဆဲဖြစ်ပြီး အချိန်မရွေးပြန်လာနိုင်ကြောင်း သိသွားလျှင် အံ့ဩမှုတချို့နှင့် မဆင်မခြင် လှုပ်ရှားရဲလိမ့်မည်မဟုတ်ချေ။
( ဘယ်လိုပဲဆိုဆို ဟန်လဲ့ရဲ့အရည်အချင်းနဲ့ဆိုရင် အခုအခြေခံတည်ထောင်ခြင်းနယ်ပယ် ရှိနေရင်တောင် မကြာခင်မှာပဲ အရင်လိုမျိုး အင်အားကြီးတဲ့ တာအိုနတ်ဆိုးတစ်ယောက် ဖြစ်လာနိုင်တာပဲ မဟုတ်လား။ အခုငါက ဟန်လဲ့ရဲ့အမိန့်နဲ့ ဒီနေရာကို ပစ္စည်းလာရှာပေးတယ်ဆိုမှတော့ လိုင်ဖူ ငါ့ကိုသံသယဝင်စရာ မလိုအပ်တော့ဘူး။ ပြီးတော့ ငါ့ကိုမလိုအပ်ဘဲ တိုက်ခိုက်မှာမဟုတ်ဘူး။ ဒါကတွက်ချက်ထားတဲ့ လှုပ်ရှားမှုပဲ )