← Chapters

မင်းက သန့်စင်ပြီး ယုံကြည်အားကိုးလို့ရတဲ့ လူကြီးလူကောင်း တစ်ယောက်ပဲ

Vol. 16 Ch. 155

မင်းက သန့်စင်ပြီး ယုံကြည်အားကိုးလို့ရတဲ့ လူကြီးလူကောင်း တစ်ယောက်ပဲ

Vol. 16 Ch. 155

ထိုသို့ဖြင့် သိပ်မကြာခင်မှာဘဲ...

"အထက်ကောင်းကင်ကို ကျုပ် ထူရို့ရှု ကျိန်ဆိုပါတယ်။ တာအိုနတ်ဆိုး ဟန်လဲ့ကို သတ်ပြီးတာနဲ့ ဒီပြန်လည်ဖန်တီးခြင်း ဒယ်စောက်ကို ပြန်လာပေးပါ့မယ်။ ဒီကျိန်ဆိုမှုကို ဖျက်ခဲ့လို့ကတော့ မိုးကြိုးတစ်သောင်းရဲ့ ပြစ်ဒဏ်ကို ခံယူဖို့ ကျုပ် ဆန္ဒရှိပါတယ်"

တည်ငြိမ်စွာ ကျိန်ဆိုပြီးသည်နှင့် ချီယွမ်သည် ခန္ဓာကိုယ်အတွင်းမှ ကောင်းကင်တာအို ဝိညာဉ်သန္ဓေ၏ ထူးခြားဆန်းကြယ်သော အရှိန်အဝါ အနည်းငယ်သော်မျှကို သိမ်မွေ့စွာ ထုတ်လိုက်သည်။

(သရုပ်ဆောင်တယ်ဆိုမှတော့ အပီအပြင် သရုပ်ဆောင်မှပေါ့ မဟုတ်ဘူးလား။ မဟုတ်လို့ တခြားသူက မေးခွန်းထုတ်လာရင် ဘယ်လိုလုပ်မလဲ။ သူ့ရဲ့ဥာဏ်ရည်က နိမ့်တာလည်း မဟုတ်ဘူး)

ထိုသို့ဖြင့် လိုင်ဖူ၏ မျက်လုံးထဲ၌ ကျယ်ပြန့်ကာ သိမ်မွေ့သည့် အရှိန်အဝါတချို့က ကောင်းကင်ထက်မှ ဆင်းသက်လာကာ ချီယွမ်၏ ကျိန်ဆိုမှုကို အပြည့်အဝ သံယောင်လိုက်ပေးသလိုမျိုး ဖြစ်သွားလေသည်။

လိုင်ဖူ၏ နှလုံးသားထဲမှ ကြီးမားသည့် သံသယများအားလုံး ပျောက်ကွယ်သွားကာ အံ့ဩတကြီး ရေရွတ်လိုက်သည်။

"တကယ်ကို မိတ်ဆွေလေးထူက စစ်မှန်တဲ့ လူတစ်ယောက်ပါလား။ သခင့်ရဲ့ ယုံကြည်မှုကို ရခဲ့ပြီး ဒီလိုမျိုး ရတနာတွေအများကြီးရှိတဲ့ နေရာအထိ ပို့ပေးခြင်းခံရတာ မအံ့သြတော့ဘူး"

“ငါအစောက ရလိုက်တဲ့ အရှိန်အဝါက တကယ်ကို ခမ်းနားပြီး နက်နဲတယ်။ သေချာပေါက် ကောင်းကင်တာအိုနဲ့ ဆက်နွှယ်နေတာပဲ။ ဒါ မင်းရဲ့ ကျိန်ဆိုမှုကို ကောင်းကင်က လိုက်လျောတယ်ဆိုတဲ့ သက်သေပဲ။ မင်းသာ ဒါကို ဖောက်ဖျက်လိုက်ရင် ပေးဆပ်ရမယ့် တန်ကြေးက နည်းမှာမဟုတ်ဘူးနော်”

လိုင်ဖူ သက်ပြင်းတစ်ချက် ချပြီးနောက်တွင် တွန့်ဆုတ်စွာဖြင့် ခန္ဓာကိုယ်အတွင်းပိုင်းတွင် သိမ်းဆည်းထားသော သေးငယ်သည့် ခြေသုံးချောင်းထောက် ဒယ်အိုးနက်တစ်ခုကို ထုတ်ပေးလိုက်သည်။

ထိုဒယ်စောက်၏ ပုံစံသည် သနားစဖွယ်ကောင်းကာ အသက်မဲ့နေ၏။ မျက်နှာပြင်ထက်တွင် နက်ရှိုင်းကာ ဆန်းကြယ်သော ပုံစံခွက်များကို ခပ်ဖျော့ဖျော့ အလင်းတန်းဖြင့် မြင်နေရသည်။ လေးလံသော အရှိန်အဝါကို ကြည့်လိုက်လျှင် မှန်းဆ၍မရနိုင်သော ရှေး အချိန်ကတည်းက တည်ရှိနေဟန်ရှိ၏။

သို့သော် ဒယ်စောက်သည် မပြီးပြည့်စုံသေးချေ။ မျက်နှာပြင်တွင် အရွယ်အစား မတူညီသော အက်ကွဲကြောင်းမျိုးစုံ ပြည့်နှက်နေသည့်အပြင် အလွန်သိသာသော ချို့ယွင်းချက်တစ်ခုကတော့ ခြေထောက်တစ်ချောင်း ပျောက်ဆုံးနေတာ ဖြစ်သည်။ ပျက်စီးနေသော ဒယ်စောက်ကို မြင်လိုက်ရသည်နှင့် ချီယွမ် နှလုံးတစ်ချက် ခုန်သွားခဲ့သည်။ ပြန်လည်ဖန်တီးခြင်း ဒယ်စောက်၏ အချက်အလက်များကို ချက်ချင်း ပြန်စဥ်းစားလိုက်၏။ ထိုဒယ်စောက်ကို ဟန်လဲ့သည် ပျက်စီးနေသော အယိုအယွင်း အပြိုအပျက်များကြားထဲမှ တွေ့ရှိခဲ့တာဖြစ်ပြီး နဂိုကတည်းက ပျက်စီးနေတာပင်။

ထိုအချိန်တုန်းက ဟန်လဲ့၏ အခြေအနေသည် စိတ်ပျက်မွဲတေဖွယ်ကောင်းကာ ဆင်းရဲသော အလွတ်တမ်း ကျင့်ကြံသူတစ်ဦးသာ ဖြစ်၏။ ထို့ကြောင့် ဘယ်နေရာရောက်ရောက် အပျက်အစီး ပစ္စည်းများအားလုံးကို ယူဆောင်လာလေ့ရှိသည်။ ထိုသို့မှ မဟုတ်လျှင် အခုလို စုတ်ပြတ်သတ်နေသော ဒယ်စောက်ကို ယူဆောင်လာမှာကို မဟုတ်ဘူး။

ဟန်လဲ့သည် ဤပြန်လည်ဖန်တီးခြင်း ဒယ်စောက်ကို ရှေးဟောင်းပစ္စည်း တစ်ခုအနေနှင့် ရောင်းချဖို့ ကြိုးစားခဲ့သော်ငြား ဝယ်ယူသူ မရှိခဲ့ချေ။ ထိုသို့ဖြင့် နောက်ဆုံးမှသာ ဒယ်စောက်၏ ထူးခြားဆန်းကြယ်သည့် အရည်အချင်းများကို ဟန်လဲ့ သိမြင်လာရ၏။

ဘာပစ္စည်းနှင့် ပြုလုပ်ထားမှန်း မသိရသော ပြန်လည်ဖန်တီးခြင်း ဒယ်စောက်က များစွာ အက်ကြောင်းများ ပြည့်နေသော်ငြား ဘယ်လိုမှ ဖျက်ဆီး၍ မရနိုင်ခဲ့ချေ။ တာအိုစုစည်းခြင်းနယ်ပယ် ကျင့်ကြံသူတောင်မှ ဒယ်စောက်ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

ထို့အပြင် ဒယ်စောက်ကို အနီးတွင် ထားထားပါက ကျင့်ကြံမှုသည် အနည်းဆုံး တစ်ဝက်ခန့် ပိုမို မြင့်တက်လာခဲ့သည်။

ထို့ကြောင့်ပင် ဟန်လဲ့၏ ကျင့်ကြံမှုက ပိုမိုသန်မာလာတော့၏။ ထို့ကြောင့် ပထမဦးဆုံး ဝိညာဉ်အခြေတည်နယ်ပယ်သို့ အဆင့်တက်ချိန်မှာပင် အနန္တ နတ်မိုးကြိုးကို ဆင့်ခေါ်နိုင်ခဲ့သည်။ ထိုသို့ဖြင့် နတ်အသွင်ပြောင်းခြင်း နယ်ပယ်သို့ပါ အဆင့်တက်နိုင်ခဲ့ပြီး ကျင့်ကြံမှုက မထင်ထားလောက်အောင် မြင့်မားလာခဲ့တာပင်။

သို့သော် ဟန်လဲ့ ဝိညာဉ်အခြေတည်နယ်ပယ်သို့ အဆင့်တက်ချိန်တွင် ကောင်းကင်တာအို ချီစွမ်းအင်ကို ရသွားခဲ့သေးသည်။ သို့သော် ထို့နောက်ပိုင်းတွင် ဒယ်အိုးထံမှ ကောင်းကင်တာအို ချီစွမ်းအင်များ ကုန်ခန်းသွားဟန်ရှိ၏။ ထို့ကြောင့် ဝိညာဉ်အခြေတည်နယ်ပယ် ပြီးနောက်တွင် အနန္တ နတ်မိုးကြိုးကို မဆင့်ခေါ်နိုင်တော့ချေ။

သို့တိုင်အောင် တာအိုအခြေခံကို သန်မာစေပြီး ကျင့်ကြံမှုနှုန်းကို လွန်စွာ မြန်ဆန်စေသော ပြန်လည်ဖန်တီးခြင်း ဒယ်စောက်၏ စွမ်းဆောင်မှုများကြောင့် ဟန်လဲ့၏ တိုးတက်မှုက မြင့်မားလာကာ ကမ္ဘာ့နံပါတ်၁ အလွတ်တမ်း ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။

ချီယွမ်လည်း ထိုဒယ်စောက်ကို မြင်သည်နှင့် မြင်ရသည်ထက် ပိုမိုစွမ်းအားကြီးမည်ဟု ထင်ရသော ခံစားချက်တစ်ခုကို ဝေဝါးစွာ ခံစားလိုက်ရ၏။

ပြန်လည်ဖန်တီးခြင်း ဒယ်စောက်ကို ပေးလိုက်သည်နှင့် လိုင်ဖူ၏ အရှိန်အဝါသည်လည်း ချက်ချင်းပင် ထိုးကျသွားကာ ဗလာသန့်စင်ခြင်းနယ်ပယ် အလယ်ပိုင်းသို့ ရောက်သွားတော့သည်။ နဂို ဖြူဖွေးသောမျက်နှာက အပြာရောင် သန်းလာပြီး မျက်လုံးထဲရှိ ကျောချမ်းဖွယ် အရှိန်အဝါကလည်း ချက်ချင်းဆိုသလို လျော့ပါးသွားလေတော့၏။

"မိတ်ဆွေလေးထူ၊ ဒီပြန်လည်ဖန်တီးခြင်း ဒယ်စောက်ကို မင်းဆီကို ယာယီပေးထားမယ်။ သခင့်ကို ဖျက်ဆီးပြီးတာနဲ့ မင်း အမြန်ဆုံး ငါ့ကို ပြန်လာပေးမှရမယ်"

လိုင်ဖူသည် အလွန်မျှော်လင့်ချက် ပြည့်ဝနေသော လေသံကြီးဖြင့် ချီယွမ်ကို ပြောဆိုနေရင်း ပြန်လည်ဖန်တီးခြင်း ဒယ်စောက်ကို တွန့်ဆုတ်စွာ ကမ်းပေးလိုက်သည်။

သူ့အတွက်တော့ သခင် အသက်ရှင်နေသေးသည်ဟူသော သတင်းက ကြည်လင်နေသော ကောင်းကင်ထက်မှ ရုတ်တရက် ပစ်ချလာသော မိုးကြိုးတစ်ခုနှယ် ရည်မှန်းချက် အားလုံးကို အပိုင်းပိုင်း ဖျက်ဆီးပစ်လိုက်ပြီး အကြောက်တရားနှင့် မသက်မသာရှိမှုကိုသာ ခံစားရစေသည်။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေဆဲဖြစ်သော သွေးမိစ္ဆာ စိတ်ဝိညာဥ် အမှတ်အသားကြောင့် သူသည် ဤလိုဏ်ဂူအတွင်းမှ ထွက်သွားခွင့် မရသေးချေ။

(ပြန်လည်ဖန်တီးခြင်း ဒယ်စောက်က သွေးအမှတ်အသားကို ဖျက်ပေးနိုင်တယ်ဆိုပေမဲ့ အချိန်က အရမ်းကြာဦးမှာ။ ဘယ်သူသိမှာလဲ။ အဲ့ဒီအချိန်အတွင်းမှာ ငါ့ရဲ့ ရက်စက်တဲ့ သခင်ဆိုတဲ့လူက ပြန်ရောက်လာပြီး ငါ့ကို အဆုံးမရှိတဲ့ ငရဲတောထဲ ပြန်ခေါ်သွားရင်ရော...)

ထိုခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရသောအခါမှာ ဟန်လဲ့၏ လက်ရှိတည်နေရာကို သိထားသော သူစိမ်း ကျင့်ကြံသူကိုသာ ယုံကြည်ဖို့ လိုင်ဖူ တတ်နိုင်တော့သည်။

"စိတ်မပူပါနဲ့ သခင်ကြီး။ ကျုပ် ထူရို့ရှုက အမြဲတမ်း စကားတည်တဲ့သူပါ။ ကျုပ်က အမြဲတမ်း သန့်စင်ပြီး ရိုးသားတဲ့ လူငယ်တစ်ယောက်ပဲ။ ရိုးသားမှုကို ဘဝစံနှုန်းတစ်ခုလို တန်ဖိုးထားတယ်"

ချီယွမ် အပြုံးတစ်ခုနှင့် ပြန်လည်ဖန်တီးခြင်း ဒယ်စောက်ကို လက်ခံလိုက်သည်။ ရတနာသိုက် တစ်ခုလုံးကို နှံ့စပ်စွာ ရှာဖွေပြီးနောက်မှသာ တည်ငြိမ်စွာဖြင့် ထွက်ခွာသွားလေ၏။

ချီယွမ် ထွက်မသွားခင်မှာ အပြင်ဘက်ရှိ သွေးမိစ္ဆာ အစီအရင်ကို ပိတ်ချရင်း သူပြန်အလာကို တည်ငြိမ်စွာ စောင့်ဆိုင်းဖို့ပင် မှာကြားသွားသေး၏။

ထိုအချိန်တွင်...

လိုဏ်ဂူအပြင်ဘက်၌...

"ဟူး တဲ၂၇ခုလည်း ဆောက်ပြီးသွားပြီ။ အစီအရင် ၁၀ထပ်လည်း ချပြီးသွားပြီ"

ပင်ပန်းစွာ ကြိုးစားပြီးနောက်တွင် ကျွမ်းချင်းယွမ် အသက်လုရှူရင်း ထူရို့ရှုကို လှမ်းမေးလိုက်သည်။

"အကိုထူ၊ ကျွန်တော်တို့ ဘာဆက်လုပ်ကြမှာလဲ"

ထူရို့ရှုက မီးခိုးရောင် ကောင်းကင်ကို မော့ကြည့်ရင်း ခဏမျှ စဥ်းစားလိုက်သေးသည်။ ထို့နောက်တွင် နက်ရှိုင်းသော လေသံဖြင့်...

"အလောတကြီး မလုပ်နဲ့ဦး။ တာအိုသားတော်ချီ ပြန်ရောက်လာတာကို စောင့်ရအောင်။ အကိုတို့ လျှောက်မလုပ်သင့်ဘူး။ ဒီနေရာမှာရှိတဲ့ ပတ်ဝန်းကျင်က တော်တော်လေး ဆိုးရွားနေတယ်ဆိုပေမဲ့ လေထဲမှာ စိတ်ဝိညာဥ် အငွေ့အသက်လေး နည်းနည်းရှိတယ်။ ဆိုလိုရင်းက ဒီနေရာမှာ စိတ်ဝိညာဉ် စမ်းချောင်းတစ်ခု ရှိနေရမယ်။ အကိုတို့သာ အဲ့ဒီစမ်းချောင်းကို ရှာနိုင်မယ်ဆိုရင် စိတ်ဝိညာဥ် ဆေးပင်တွေကို စိုက်ပျိုးလို့ရတော့မယ်..."

"နေဦး။ အကို ဆိုလိုတာက ဒီနေရာမှာ အပင်စိုက်စားမလို့လား"

ကျွမ်းချင်းယွမ်၏ မျက်နှာထားသည် အလွန်ရှုပ်ထွေးလာတော့သည်။

"ဒါက အချိန်ဖြုန်းနေတာပဲ မဟုတ်ဘူးလား"

ထူရို့ရှု ခေါင်းယမ်းလိုက်ကာ တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်၏။

"ညီလေးကျွမ်း၊ ဒီနေရာက စုတ်ပြတ်သတ်နေတဲ့ တိုက်ပွဲကွင်းပြင်တစ်ခုဆိုတာ ညီလေး နားလည်ရမယ်။ ကိုယ့်ဘက်က ဝမ်းရေးဖြည့်တင်းနိုင်သွားပြီဆိုရင် စစ်ပွဲမှာ ဘာကိုမှ စိတ်ပူစရာ မလိုတော့ဘူး"

"ဒီနေရာမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်က တော်တော်လေး နည်းပါးတယ်။ ပြန်လည်သက်သာခြင်း ဆေးလုံးတွေကို လုံလောက်အောင် ယူခဲ့တယ်ဆိုပေမဲ့ ထိုင်နေပြီး ဘာမှမလုပ်ဘဲ စောင့်နေလို့ကတော့ အကိုတို့ရဲ့ အရင်းအမြစ်တွေ ကုန်သွားမှာပေါ့။ ဒါကြောင့် စိတ်ဝိညာဥ် ဆေးပင်တွေကို ရင့်မှည့်စေနိုင်တဲ့ အထူးရတနာတစ်ခုကို အကို ယူလာခဲ့တယ်။ အကိုတို့သာ အပင် စိုက်ပျိုးမယ်ဆိုရင် ဆက်တိုက်ရလာမယ့် အထောက်အပံ့တွေကို ရိတ်သိမ်းရုံပဲ။ ရေရှည်နေရမယ့် အခြေအနေတစ်ခုအတွက် ဒါက တစ်ခုတည်းသော အာမခံချက်နော်"

ကျွမ်းချင်းယွမ် ချက်ချင်း သဘောပေါက်သွားကာ လေးစားစွာဖြင့် ပြောလိုက်သည်။

"ဪ ကျွန်တော် သိပြီ။ အကို့ရဲ့ လမ်းပြပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် သွားပြင်ဆင်လိုက်မယ်"

ထိုအချိန်မှာပဲ အလွန်လျှင်မြန်သော နှုန်းထားဖြင့် ပြေးလာနေသော အလင်းတန်းတစ်ခုကို အဝေးမှ လှမ်းမြင်လိုက်ရသည်။

အသစ်ရောက်လာသူကို မြင်သည်နှင့် ကျွမ်းချင်းယွမ် မျက်လုံးများ ဝင်းလက်သွားကာ တလေးတစား အော်ဟစ်တော့သည်။

"အကိုထူ၊ အကို ခန့်မှန်းတာ မှန်ပြန်ပြီ။ ကြည့်လိုက်၊ တာအိုသားတော်ချီ ပြန်ရောက်လာပြီ"

ထူရို့ရှု အနည်းငယ် မျက်မှောင်ကြုတ်သွားကာ စဥ်းစားလိုက်သည်။

"တာအိုသားတော်ချီရဲ့ မျက်နှာထားက နည်းနည်းလေး ပျော်နေတဲ့ပုံပဲ။ သူ့ရဲ့ပုံစံက လောနေတယ်နဲ့တူတယ်။ မထင်ထားတဲ့ အရာတစ်ခုခု ဖြစ်လာခဲ့တာများလား"

ထိုအချိန်မှာပဲ သူတို့နှစ်ယောက်စလုံးက ချီယွမ်ကို သွားနှုတ်ဆက်လိုက်သည်။

"တာအိုသားတော်တို့၊ ခဏလေးပဲ ရှိသေးတာကို မင်းတို့က စခန်းတောင် ချပြီးသွားပြီလား"

မျက်စိရှေ့က များစွာသော တဲများစွာကို ကြည့်နေရင်း ချီယွမ် ထူးဆန်းစွာ ပြောလိုက်သည်။

"အမှန်အတိုင်းပြောရမယ်ဆိုရင် လိုဏ်ဂူထဲမှာ တကယ်ကို ကြောက်ဖို့ကောင်းတဲ့ သတ္တဝါတစ်ကောင် ရှိနေတယ်။ အဲ့ဒီကောင်က ဒီနေရာကို ကျွမ်းကျင်နေတဲ့အတွက် ကျွန်တော်တို့ တိုက်ရိုက်ရင်ဆိုင်ပြီး တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ အမြန်သွားမှရတော့မယ်"

"ပြီးတော့ တာအိုနတ်ဆိုး နေခဲ့တဲ့ လိုဏ်ဂူရဲ့ ပင်မခန်းမ တစ်ခုလုံးက လုံးဝကို ဗလာဖြစ်နေပြီ။ ကျွန်တော်တို့အနေနဲ့ ဖမ်းဆုပ်စရာ ဘာအခွင့်အရေးမှ မရှိတော့ဘူး။ ဒီနေရာမှာ နေနေလို့ကတော့ အချိန်ဖြုန်းနေတာပဲ"

ချီယွမ်သည် တာအိုနတ်ဆိုး၏ ရတနာအားလုံးကို သိမ်းယူပြီးသည့်အတွက် အထဲတွင်ရှိနေသော ဗလာသန့်စင်ခြင်းနယ်ပယ် သွေးမိစ္ဆာ စိတ်ဝိညာဥ်နှင့် မတိုက်ခိုက်ချင်တော့ပါချေ။

ထို့ကြောင့် အနည်းငယ် အသိတရားရှိစွာဖြင့် ရူးမိုက်စွာ သတိကြီးနေကြသော ထိုငမိုက်သားနှစ်ကောင်ကို ဤနေရာတွင် ဆက်လက် အချိန်မဖြုန်းစေရန် လာရောက်သတိပေးခြင်းဖြစ်သည်။

(ကြောက်မက်ဖွယ် သတ္တဝါတစ်ကောင် ဟုတ်လား။ ပြီးတော့ နေရာတစ်ခုလုံးက ဗလာဖြစ်နေတာလား)

ထူရို့ရှုနှင့် ကျွမ်းချင်းယွမ် အချင်းချင်း အကြည့်ဖလှယ်လိုက်ကြတော့သည်။

All Chapters