နတ်ဆိုးဂိုဏ်း.. ငါဒီအကြွေးကို တစ်သက် မမေ့ဘူး
Vol. 16 Ch. 156
ပြောပြီးသည်နှင့် ချီယွမ်သည် ထိုနှစ်ယောက် ယုံသည် မယုံသည်ကို ဂရုမစိုက်တော့ဘဲ ကြိုတင်ပြင်ဆင်ထားသော နေရာကူးပြောင်းမန္တာန်စာရွက်ကို အသက်သွင်းကာ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
(ဘယ်လိုပဲဆိုဆို ငါပြောစရာရှိတာ ပြောပြီးသွားပြီ။ ဒီကောင်တွေ နားထောင်တာ နားမထောင်တာ သူတို့ရဲ့ကိစ္စပဲ)
ချီယွမ်သည် အစက သံသယကြီးသော သွေးမိစ္ဆာဝိညာဥ် သတိမထားမိခင်မှာပဲ ထိုနှစ်ယောက်လုံးကို အမြန်ဆုံး ထွက်သွားဖို့ရန် သတိပေးချင်ခဲ့သည်။ ဤနေရာသည် ပြင်ပကမ္ဘာနှင့် ဝေးလံလွန်းသည့်အတွက် လိုင်ဖူနှင့် ရုတ်ချည်း ရင်ဆိုင်ခဲ့ရလျှင် ထိုနှစ်ယောက်အတွက် လွယ်ကူလိမ့်မည် မဟုတ်ချေ။ သို့သော် သတိကြီးလွန်းသော ထူရို့ရှုကို စဥ်းစားမိသောကြောင့် အခွင့်အရေးကြုံလျှင် ထွက်ပြေးနိုင်မည်ဟု ချီယွမ် ယုံကြည်ပေးလိုက်ကာ စိတ်ချလက်ချ ထွက်သွားလိုက်တော့သည်။
(ပြန်လည်ဖန်တီးခြင်း ဒယ်စောက် မရှိတော့တဲ့အတွက် လိုင်ဖူရဲ့သန်မာမှုကလည်း တော်တော်လေး လျော့ကျသွားပြီ။ ပြီးတော့ ကျွမ်းချင်းယွမ်နဲ့ ထူရို့ရှုကလည်း တာအိုသားတော်တွေပဲ။ ထိပ်သီးရင်းမြစ်တွေနဲ့ ရင်သန်ရေးနည်းဗျူဟာတွေကို အသီးသီး ပိုင်ဆိုင်ထားတယ်။ သူတို့တွေ လိုင်ဖူကို မနိုင်ရင်တောင် မသေလောက်ပါဘူး)
ချီယွမ်သည် ဖိအားအနည်းငယ်သော်မျှ မခံစားရဘဲ ကိုယ့်ကိုကိုယ် အလွန်ကြင်နာတတ်သူတစ်ဦးဟု ဆက်လက် ယုံကြည်ရင်း ထိုနေရာမှထွက်ခွာသွားခဲ့လိုက်သည်။
(ငါက အသက်နှစ်ခုကို ကယ်တင်ခဲ့တာတောင် ကျေးဇူးတင်မှု မရခဲ့ဘူး.. ဒါပေမဲ့ ဒါတွေ မလိုပါဘူး။ ကြင်နာတတ်တဲ့သူ ဖြစ်နေတာနဲ့တင် ငါ့အတွက် လုံလောက်ပြီ)
ပြန်တွေးကြည့်ပါက ချီယွမ်သည် ထူရို့ရှုနှင့် ကျွမ်းချင်းယွမ်ကို ပါးနပ်စွာ သတိပေးထားပြီးသားပင်။ တာအိုနတ်ဆိုး၏ ပိုင်ဆိုင်မှုကို လောဘတက်ရင်း ပင်မအဆောက်အဦးအနီးသို့သာ ချဥ်းကပ်သွားလိုက်ပါက သေချာပေါက် လိုင်ဖူနှင့် တွေ့ရနိုင်သည်။ အင်အားကြီးသော ပြိုင်ဘက်ရှေ့တွင် တာအိုသားတော်များ ဖြစ်နေလျှင်တောင်မှ ဘာမှမခုခံနိုင်ဘဲ သေဆုံးရမည်သာ။
ထိုအခါ အရိုးမဲ့သန့်စင်နယ်မြေနှင့် ထာဝရရှင်သန်ခြင်းသန့်စင်နယ်မြေ၏ တာအိုသားတော်နှစ်ယောက်လုံးကို တပြိုင်နက်ထဲ ဆုံးရှုံးရကာ စစ်မှန်သော ကျင့်ကြံရေးလောကအတွက် ကြီးမားသော ထိခိုက်မှု ဖြစ်လာနိုင်သည်။
ချီယွမ်သည် အနာဂတ်တွင် ကြုံလာနိုင်သော ကပ်ဘေးကြီးကို တစ်ဦးတည်း ဖြေရှင်းခဲ့လိုက်သော်ငြား ကံဆိုးစွာဖြင့် မျက်မြင်တွေ့ရှိသူ မရှိခဲ့ချေ။
(ဒီလောက်စေတနာအပြည့်နဲ့ စိတ်နှလုံးမျိုး ပိုင်ဆိုင်ထားတဲ့ငါ့ကိုသာ ကြင်နာတတ်တဲ့လူလို့ မပြောရင် လောကမှာ ကြင်နာတတ်တဲ့လူဆိုတာ ရှိပါအုံးမလား)
“ဟူး နောက်ဆုံးတော့ ရောက်ပြီ”
လေဟာနယ် အပြင်ဘက်ကို ရောက်လာမှသာ ချီယွမ် စိတ်သက်သာစွာဖြင့် သက်ပြင်းရှည်ကြီးချလိုက်တော့သည်။
တာအိုနတ်ဆိုး၏ လှိုဏ်ဂူခရီးစဥ်သည် လက်တွေ့မှာ တကယ်အန္တာရယ်များသော ခရီးစဥ်တစ်ခုဖြစ်သည်။ ခြေတစ်လှမ်းမှားသည်နှင့် အသက်ဆုံးရှုံးရနိုင်၏။ လိုင်ဖူကို အလွယ်တကူ လှည့်စားနိုင်ခဲ့တာ မှန်ပါသော်လည်း ထိုအရာက လိုင်ဖူ့အပေါ် တာအိုနတ်ဆိုးဟန်လဲ့ ချန်ထားပေးခဲ့သော အကြောက်တရားတစ်ချို့ကြောင့် ကံကောင်း၍ အောင်မြင်သွားခြင်းသာ ဖြစ်သည်။ တကယ်တော့ ထိုသူ၏ အသက်ရှင်ချင်စိတ်က ပျက်ဆီးမှုကို ကိုယ်တိုင် ဖန်တီးစေလိုက်တာပင်။
(ငါ့ကြောင့်နဲ့ လိုင်ဖူ လောင်းကစားအကြီးကြီး လုပ်ခဲ့ရတယ်။ ဟန်လဲ့ကိုသတ်နိုင်ဖို့ သူ့ကို အသက်ဆက်ပေးထားတဲ့ ပြန်လည်ဖန်တီးခြင်းဒယ်စောက်ကို ထုတ်ပေးလိုက်တယ်မလား။ ဒါပေမဲ့ ဘယ်ရမလဲ။ သူလောင်းကစားလုပ်ခဲ့တဲ့ ပြိုင်ဘက်က ငါဆိုမှတော့ သေချာပေါက် ရှုံးရမှာပဲ)
ကောင်းမွန်သော ရတနာများနှင့် ပြည့်နှက်နေသည့် သိုလှောင်လက်စွပ်ကို ကြည့်နေရင်း ချီယွမ် ရုတ်ချည်းပင် ဤခရီးစဉ်က တော်တော်လေးထိုက်တန်ပါလားဟု တွေးမိသွာခဲ့သည်။
ပြန်လည်ဖန်တီးခြင်း ဒယ်စောက်ကို ဘေးဖယ်ထားလိုက်လျှင်တောင်မှ ထိပ်သီးအဆင့် စိတ်ဝိဉာဉ်ကျောက်တုံး သိန်းချီနှင့်အတူ အရှိန်အဝါကောင်းများ ဖြာထွက်နေသော ပစ္စည်းကောင်းရာချီကိုလည်း ရရှိခဲ့သည်။
ကျင့်ကြံရေးလောကတွင် ထိပ်သီးအဆင့် စိတ်ဝိဉာဉ်ကျောက်တုံးများကို ကျင့်ကြံမှုအတွက်သာမက ကြီးမားသော အစီအရင်ကြီးများ တည်ဆောက်ရာတွင်လည်း အသုံးပြုသည်။ စိတ်ဝိဉာဉ်သားရဲများကို မှော်ရတနာများနှင့် ပေါင်းစည်းရာတွင်လည်း အသုံးပြုသည့်အတွက် များသောအားဖြင့် အဖိုးမဖြတ်နိုင်သော ရတနာများ အဖြစ် တန်ဖိုးထားကြ၏။
ထိပ်သီးအဆင့် စိတ်ဝိဉာဉ်ကျောက်တုံးတစ်တုံးကို အဆင့်မြင့်စိတ်ဝိဉာဉ်ကျောက်တုံး တစ်ရာနှင့်လဲလှယ်၍ ရနိုင်ပါသော်ငြား တကယ့်တကယ်မှာတော့ သေချာ ရောင်းချလျှင် အဆင့်မြင့်ဝိဉာဉ်ကျောက်တုံး ၁၅ဝနှင့်ပင် လဲလှယ်၍ ရနိုင်လိမ့်မည်။
မှော်ရတနာကတော့ ပြောမနေနှင့်တော့... ချီယွမ်ထံတွင် မှော်ရတနာ အများအပြားရှိနေသော်ငြား ထိုအရာတွေအားလုံးက ထိုက်ရွှမ်းသန့်စင်နယ်မြေဘက်က တာအိုသားတော်ဖြစ်သော သူ့ကိုများစွာ ထောက်ပံ့ပေးထားသောကြောင့်သာ ဖြစ်သည်။ ကျင့်ကြံရေးလောက၌ ဝိဉာဉ်အခြေတည်နယ်ပယ်သို့ ရောက်လာသည့်တိုင်အောင် အဆင့်နိမ့်မှော်ရတနာတစ်ခုကို မတွေ့ဖူးသည့် ကျင့်ကြံသူများပင် ရှိ၏။
ထို့အပြင်တခြားသော ရှားပါးပြီးအဖိုးတန်သည့် ပစ္စည်းများ၊ ဆေးလုံးများနှင့် မန္တာန်စာရွက်များ၊ ကျင့်ကြံရေးစာစဉ်များနှင့် လျှို့ဝှက်သိုင်းကြမ်းများကိုပါ ထည့်ပေါင်းလိုက်ပါက ချီယွမ့်အတွက် ကြီးမားသော ဂိုဏ်းကြီးတစ်ခုတည်ထောင်လို့ ရနေပြီပင်။
ထို့ကြောင့် ခပ်ပြတ်ပြတ်ပြောရလျှင် ချီယွမ်ကို ထိုက်ရွှမ်းသန့်စင်နယ်မြေက မောင်းထုတ်လိုက်လျှင်တောင်မှ တာအိုနတ်ဆိုး၏ အရင်းအမြစ်များနှင့် အမတဘဝရောက်သည်အထိ လုံလောက်စွာကျင့်ကြံနိုင်မည် ဖြစ်သည်။
“ဒီတစ်ခေါက် ငါ အချီကြီးပွသွားတာကိုတော့ ဝန်ခံရမယ်။ ဒါကြောင့် လူတွေက လူသတ်ပြီးလုယူရတဲ့နည်းလမ်းက ချမ်းသာဖို့ အမြန်ဆုံးနည်းလမ်းလို့ ပြောကြတာကိုး.. စောက်ရမ်းမှန်တာပဲ”
“ဒါဆိုရင် အခုငါလုပ်ဖို့ကျန်တာဆိုလို့ ငတုံးစနစ်ရဲ့ အသုံးမကျတဲ့ တာဝန်ပဲ။ ချန်ဟိုင်လည်း စောင့်နေသေးတယ်။ သူက ဒီတစ်ခေါက်တာဝန်ရဲ့ အဓိက ပုဂ္ဂိုလ်ပဲ။ သူ သေသွားလို့ကတော့ အလကားနေ ငါပြဿနာတက်နေဦးမယ်”
ချီယွမ် တစ်ယောက် စိတ်ပျက်စွာ အကြိမ်ကြိမ် ကျွတ်သတ်ပြီးသည်နှင့် သိုလှောင်လက်စွပ်ကို ပြန်သိမ်းလိုက်ပြီး စနစ်၏ပင်မစာမျက်နှာကို ဆင့်ခေါ်လိုက်သည်။
“တာဝန်အသစ် ခန့်အပ်ပြီးပါပြီ...”
“ပိုင်ရှင်ကမြေအောက်လှိုဏ်ဂူတစ်ခုတူးပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးစတေးမှုကို ကာကွယ်နိုင်ခဲ့တယ်။ အပြစ်မရှိတဲ့ မြို့သူမြို့သား အများကြီးကိုလည်း ကယ်တင်နိုင်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီမကောင်းတဲ့ နတ်ဆိုးစွမ်းအင်တွေက ပိုင်ရှင့်ရဲ့ကိုယ်မှာ ကပ်ငြိသွားပြီးတော့ ကျင့်ကြံမှုမှာ အများကြီး ထိခိုက်လာခဲ့တယ်။ တစ်မြို့လုံးကို ဖျက်ဆီးခဲ့တဲ့ နတ်ဆိုးကျင့်ကြံသူ ထွက်သွားတဲ့အချိန်မှာ ပိုင်ရှင်က မြေအောက်က ပြန်ထွက်လာခဲ့ပေမဲ့ တစ်မြို့လုံး စုတ်ပြတ်သတ်နေတဲ့အပြင် ကိုယ့်ခန္ဓာကိုယ် အခြေအနေကိုလည်း သတိထားမိသွားတာပေါ့။ အဲ့ဒီအချိန်မှာပဲ မြို့ထဲက အရှုတ်အထွေးတွေကို ရှင်းလင်းဖို့ ရောက်လာတဲ့ နတ်ဆိုးကျင့်ကြံသူငယ် ချန်ဟိုင်နဲ့ တွေ့ဆုံခဲ့တယ်”
“ နဂိုတည်းက ခန္ဓာကိုယ်ထိခိုက်ထားတဲ့ ပိုင်ရှင်က အချိန်ခဏပဲ ခုခံနိုင်ခဲ့ပြီး အဖမ်းခံလိုက်ရတာပေါ့။ ဒါပေမဲ့ သူက ပိုင်ရှင့်ကို မသတ်ပစ်ခဲ့ဘူး။ အဲ့ဒီအစား နတ်ဆိုးဂိုဏ်းရဲ့လက်အောက်က မိုင်းတွင်းမှာ လုပ်သားအဖြစ် ပို့လိုက်တယ်။ ရက်စက်တဲ့ ကျင့်ကြံရေး လောကကြီးမှာ အထောက်အပံ့မရှိရင် အရင်းအမြစ်ရှာဖို့ မပြောနဲ့၊ အသက်ရှင်ဖို့တောင် မလွယ်ကူမှန်း ပိုင်ရှင် နားလည်သွားတော့တယ်။ အများကြီး ကြုံတွေ့လိုက်ရတော့ စိတ်ပျက်စရာ အခြေအနေကနေ ကိုယ့်ဘဝကိုယ် တိုးတက်စေချင်ရင် လူကောင်းဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်မှဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်တော့တယ်”
“ တာဝန်အကြောင်းအရာ- နှစ်လအတွင်း နတ်ဆိုးဂိုဏ်းရဲ့ မိုင်းတွင်းမှာ လုပ်သားထိန်းခေါင်းဆောင်ရဲ့ ထောက်ခံချက် ရအောင်လုပ်ရမယ်။ ဒါဆိုရင် နတ်ဆိုးဂိုဏ်းရဲ့ အပြင်တပည့်တစ်ယောက် ဖြစ်လာနိုင်ပြီ”
“တာဝန်၏ ခက်ခဲမှု... ကြယ်သုံးပွင့် (အလယ်အဆင့်)”
“တာဝန် ဆုလာဘ်... အမှတ်နှစ်ထောင်၊ ထိပ်သီးအဆင့်ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူတစ်ဦးရဲ့ သိုင်းတစ်ခုဖြစ်တဲ့ (၉ကြိမ်မြောက် တော်လှန်ရေးရွှေဆေးလုံး) သိုင်းပညာကိုရရှိမယ်။ ပြီးတော့ စနစ်ရဲ့ ကိုယ်ပိုင်နေရာကိုလည်း စတုရန်းမီတာတစ်ထောင်အထိ တိုးမြှင့်ပေးမယ်။ ပြီးတော့ ဝေးကွာတဲ့နေရာတွေကို နေရာကူးပြောင်းနိုင်တဲ့ လုပ်ဆောင်ချက်လည်း ပွင့်လာမယ်။”
“ဒါပေမယ့် မှတ်သားထားပါ။ ဒီတာဝန်က မဖြစ်မနေလုပ်ဆောင်ရမယ့် တာဝန်တစ်ခုဖြစ်တယ်။”
သိပြီးသား အကြောင်းအရာများ ဖြစ်သော်လည်း ချီယွမ်၏.မျက်နှာထက်က ပျော်ရွှင်မှုများအားလုံး ပျောက်ကွယ်သွားကာ စိတ်ပျက်မှုများသာ ဝင်ရောက်လာတော့သည်။
( ဒါဘယ်လိုငရဲလဲ)
(အစေခံတပည့်တစ်ယောက်ဖြစ်တာ မကြာသေးဘူး။ အခုတော့ နတ်ဆိုးဂိုဏ်းရဲ့ မိုင်းလုပ်သားတဲ့လား.. စနစ်ရဲ့ ဒီဇာတ်လိုက်က အဆင့်ကော ရှိသေးရဲ့လား)
(ထားပါ.. မိုင်းလုပ်သားကို လက်ခံပေးလို့ရပါသေးတယ်။ ဒါပေမဲ့.ဘာကိစ္စ နတ်ဆိုးဂိုဏ်းရဲ့ အပြင်တပည့်လဲ။ ငါချီယွမ်က ဂုဏ်သိက္ခာကြီးတဲ့ ထိုက်ရွှမ်းသန့်စင်နယ်မြေက တာအိုသားတော်ပဲ။ ငါ့လို ဖြော့င်မတ် မှန်ကန်တဲ့ ရည်မှန်းချက်တွေနဲ့ လူတစ်ယောက်က ငါ့ရဲ့ကောင်းမွန်နေတဲ့ အနာဂတ်ကို စွန့်လွှတ်ပြီး ဘာကြောင့် နတ်ဆိုးဂိုဏ်းထဲ ဝင်ရမှာလဲ)
(ငတုံးစနစ်.. မင်းကငါပျော်နေတာကို မကြည့်နိုင်လို့ သေချာလုပ်နေတာမလား။ ငါ့ရဲ့ ကောင်းမွန်နေတဲ့ဘဝကို သေချာ လာဖျက်ဆီးနေတာ။ ငြိမ်းချမ်းနေတဲ့ငါ့ဘဝကို ခက်ခဲအောင်လို့ မင်းသက်သက် ယုတ်မာနေတာ)
(အမှိုက်စနစ်၊ အသုံးမကျတဲ့စနစ်)
ဒေါသတကြီးဆဲရေးပြီးနောက်မှသာ ချီယွမ် လူသတ်ချင်စိတ်များကို အတင်းအကြပ်ဖိနှိပ်လိုက်ပြီး အလင်းတန်းအသွင်ဖြင့် နေရာမှ ချက်ချင်း ထွက်သွားခဲ့သည်။
အချိန်အကြာကြီးနေပြီးနောက်တွင်...
ဟူး ဟူး
အလင်းတန်းနှစ်ခုသည် လေဟာနယ်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး နောက်တစ်စက္ကန့်မှာပဲ စိတ်ပျက်နေသော မျက်နှာနှင့် လူနှစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုနှစ်ဦးကတော့ တာအိုနတ်ဆိုး၏ လှိုဏ်ဂူမှ လက်ဗလာဖြင့် ထွက်လာရသော ကျွမ်းချင်းယွမ်နှင့် ထူရို့ရှုပင်။
နှစ်ယောက်လုံး၏.မျက်နှာသည် ဖြူဖတ်နေရုံသာမက အရှိန်အဝါလည်း လျော့နည်းနေ၏။ ထို့အပြင် စုတ်ပြဲနေသော ကောင်းကင်နှင့်မြေကြီးအကာအကွယ် ဝတ်စုံကို ကြည့်လိုက်လျှင် သေချာပေါက် ပြင်းထန်သော တိုက်ပွဲကြီးနှင့် ကြုံတွေ့ခဲ့ရဟန် ရှိသည်။
“အကိုထူ...”
ကျွမ်းချင်းယွမ်သည် စွဲငြိနေသော အကြောက်တရား တချို့ဖြင့် ဝင်ပေါက်ကို လှမ်းကြည့်လိုက်သည်။
“တာအိုသားတော်ချီ ပြောတာ မှန်တယ်။ အထဲမှာ တကယ်ကို ကြောက်စရာကောင်းတဲ့ သတ္တဝါကြီး တစ်ကောင်ရှိနေတာ… အဟွတ် အဟွတ်”
ထူရို့ရှုက အရင်ဦးဆုံး ခန္ဓာကိုယ်ကို ဖြောင့်မတ်လိုက်ပြီးမှ အနည်းငယ် ရှုတ်ထွေးနေသော မျက်နှာဖြင့် ပြောလာ၏။
“ တခုခုတော့ မှားနေပြီ.. တာအိုနတ်ဆိုးရဲ့ လှိုဏ်ဂူအကြောင်းကို ထာဝရ ရှင်သန်ခြင်း သန့်စင်နယ်မြေရဲ့ ကောင်းကင်နဲ့မြေကြီးကြားက တာအိုတည်ရှိပုံအကြောင်း နှံ့နှံ့စပ်စပ် နားလည်တဲ့ အကြီးအကဲတွေအများကြီး အတည်ပြုပေးခဲ့တာပဲ။ ဒီလှိုဏ်ဂူက ဝိညာဥ်အခြေတည်နယ်ပယ် ကျင့်ကြံသူ သုံးဦးကိုပဲ အတိအကျ လက်ခံနိုင်တော့တယ်။ ဒါပေမဲ့ အခု ဗလာသန့်စင်ခြင်းနယ်ပယ် နတ်ဆိုးကျင့်ကြံသူက ရှိနေတာဆိုတော့… ကျွမ်းကျင်အကြီးအကဲတွေ တွက်ချက်မှု မှားခဲ့တာများလား”
“ ပြီး အကိုတို့ ကိုယ့်ကိုယ်ကို မိတ်ဆက်တုန်းကလည်း အဲ့ဒီနတ်ဆိုးကျင့်ကြံသူရဲ့ တုံ့ပြန်မှုက မူမမှန်ဘူး။ ထူရို့ရှုဆိုတဲ့ နာမည်ကြားတာနဲ့ အရူးတစ်ယောက်လို တိုက်ခိုက်တော့တာပဲ။ အဲ့ဒီလူက ထာဝရရှင်သန်ခြင်း သန့်စင်နယ်မြေနဲ့ အငြိုးတရားတွေ ရှိနေတာလား”
“ဒါဆို ကျွန်တော်တို့က ဘာဆက်လုပ်တော့မှာလဲ အကိုထူ”
ကျွမ်းချင်းယွမ် အလိုမကျ ဖြစ်လာခဲ့သည်။
“ မျက်စိရှေ့မှာမြင်နေတဲ့အရာကို ဒီတိုင်း လက်လျော့ရမှာလား။ လှိုဏ်ဂူထဲက ရတနာတွေအားလုံးကို.အဲ့ဒီ မကောင်းတဲ့ နတ်ဆိုးကျင့်ကြံသူ ယူပစ်လိုက်ပြီပေါ့..”
ထူရို့ရှု စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။
“ အကိုတို့ဘာမှ မတတ်နိုင်တော့ဘူး.. အကိုတို့ နှစ်ယောက်ပေါင်းတိုက်ရင်တောင်မှ မနိုင်လောက်ဘူး.. နှစ်ယောက်မပြောနဲ့၊ တာအိုသားတော်ချီနဲ့ သုံးယောက်ပေါင်းတိုက်ရင်တောင် မနိုင်ဘူး။ ပြီးတော့ တာအိုနတ်ဆိုးရဲ့ လှိုဏ်ဂူက ပြင်ပကမ္ဘာနဲ့ အရမ်းဝေးလွန်းတယ်။ ထာဝရရှင်သန်ခြင်းသန့်စင်နယ်မြေဘက်က လူတောင်းရင်တောင်မှ အချိန်တိုအတွင်း ရောက်ဖို့ မလွယ်ဘူး။ အကိုတောင်းပန်ပါတယ်ကွာ.. အကို သေချာ မပြင်ဆင်ခဲ့လို့ မင်းနဲ့ တာအိုသားတော်ချီ အကျိုးမရှိဘဲ ပြန်သွားလိုက်ရတယ်”
ကျွမ်းချင်းယွမ် ခေါင်းရမ်းရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“ အကိုထူ အဲ့လိုမပြောပါနဲ့ဗျာ။ အကို့ကျေးဇူးကြောင့်သာ ကျွန်တော်တို့ အများကြီး ပြင်ဆင်နိုင်ခဲ့တာ။ အကိုပြောခဲ့သလို တဲ ၂၇ တဲ နဲ့ အကာအကွယ် အစီအရင် ဆယ်ခု မချထားရင် ကျွန်တော်တို့ သေနေတာ ကြာလောက်ပြီ”
ကျွမ်းချင်းယွမ် တစ်ယောက် ပြောနေရင်းဖြင့် အစောပိုင်းက အဖြစ်အပျက်များကို ပြန်တွေးမိသွားပြီး မုန်းတီးစွာ ဆက်ပြောလိုက်သည်။
“ နတ်ဆိုးဂိုဏ်း… ငါဒီအကြွေးကို လုံးဝ မမေ့ဘူး”