← Chapters

မင်းရဲ့ရွေးချယ်မှု မှန်ကန်တယ်

Vol. 16 Ch. 157

မင်းရဲ့ရွေးချယ်မှု မှန်ကန်တယ်

Vol. 16 Ch. 157

လီယွမ်သန့်စင်နယ်မြေ၏ တိတ်ဆိတ်ငြိမ်သက်သော အဆောက်အဦးငယ်တစ်ခု အတွင်း၌...

ဘုတ်

ချင်လင်ရှူးသည် နီရဲနေသော မျက်နှာလှလှဖြင့် လက်ထဲရှိစာအုပ်ကို ဖြန်းခနဲ ပိတ်လိုက်သည်။ ပြင်းထန်လှသော ခံစားချက်တချို့ကြောင့် သူမ၏ သွယ်လျသော လက်ချောင်းများက စာအုပ်ကို အနည်းငယ် တင်းကျပ်စွာ ကိုင်ဆောင်ထားမိလေရာ၊ စာအုပ်အဖုံးကိုပင် ဆုတ်ဖြဲလုနီးပါး ရှိနေ၏။

ဝေဝါးနေသော သူမ၏ မျက်လုံးများက စာအုပ်အတွင်းရှိ အဖြစ်အပျက်များကို ပုံဖော်ရင်း နှလုံးသားသည်လည်း တဖြည်းဖြည်း အခုန်မြန်လာတော့သည်။ ထိုသို့ဖြင့် သူမ၏ စိတ်တစ်ခုလုံး ဗြောင်းဆန်နေတော့၏။

"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ထိုက်ရွှမ်းတာအိုသားတော်က ငါ့ကို ဒီလိုအရာတွေ ပေးလိုက်ရလား"

ဒေါသနှင့် အရှက်ရမှုတို့ ရောနှောလာသောကြောင့် ချင်လင်ရှူး၏ ပြစ်ချက်ကင်းသော ကျောက်စိမ်းမျက်နှာသည် မည်းမှောင်လာကာ ထိုသူကို သူမ၏ လက်စွဲတော်ဓားဖြင့် အပိုင်းပိုင်းသာ စုတ်ဖြဲချင်မိတော့သည်။

ချင်လင်ရှူး လျင်မြန်စွာဖြင့် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ပြုလုပ်လိုက်ရသည်။

"ကြည့်ရတာ ငါ စာအုပ်အရွေးမှားသွားတာ နေမယ်၊ တခြားစာအုပ်တွေကတော့ ပုံမှန်ဖြစ်လောက်မှာပါ"

ထိုသို့ဖြင့် သူမသည် နောက်တစ်အုပ်ကို လျင်မြန်စွာ သွားယူရင်း စတင်ဖတ်လိုက်သည်။ သို့သော် တူညီပြီး ပိုမိုပြင်းထန်သော ဇာတ်ကြောင်းကိုသာ တွေ့လိုက်ရလေ၏။

ချက်ချင်းဆိုသလို သူမ၏ သိုလှောင်လက်စွပ်အတွင်းမှ စာအုပ်အားလုံးကို ထုတ်ယူရင်း တစ်ခုချင်းစီ စစ်ဆေးတော့သည်။ သူမ ပိုပြီးကြည့်လေလေ မျက်နှာက ပိုမိုနီရဲလာကာ နောက်ဆုံးမှာတော့ အချက်အလက်တစ်ခုကို အောင်မြင်စွာ အတည်ပြုနိုင်သွားတော့သည်။

တာအိုသားတော် ချီယွမ် ပေးလာတဲ့ စာအုပ်တစ်ခုကမှ ကောင်းတာ ပါမနေပါဘူး...

"ဒါက လုံးဝကို မဖြစ်နိုင်တာပဲ"

ဒေါသကြောင့် ချင်လင်ရှူး၏ မျက်ခုံးနှစ်ဖက်က စုကျုံ့လာရင်း စာအုပ်အားလုံးကို ချက်ချင်းပင် ဖျက်ဆီးချင်သွားသည်။

ထိုအချိန်မှာပဲ တံခါးအပြင်ဘက်က နူးညံ့ကာ သာယာနာပျော်ဖွယ်ကောင်းသော မိန်းကလေးအသံတစ်ခုကို ကြားလိုက်ရ၏။

"ရှူအာ အထဲမှာရှိလား၊ ဆရာ လာတယ်"

ထိုအသံကြောင့် ချင်လင်ရှူး ထိတ်လန့်သွားတော့သည်။ စာအုပ်အားလုံးကို အဝေးပို့ရင်း သူမကိုယ်သူမ အရင်ဦးဆုံး သပ်ရပ်အောင် ရှင်းလင်းပြီးမှ အပြင်ထွက်ကာ အပြစ်ရှိစိတ်တချို့ဖြင့် နှုတ်ဆက်လိုက်၏။

သူမ ဒီလိုမျိုး မသင့်တော်သည့် စာအုပ်တွေ ဖတ်နေမှန်း ဆရာသာ သိသွားလို့ကတော့ သေချာပေါက် စိတ်ပျက်သွားမှာပင်။

မသက်မသာ ခံစားနေရသောကြောင့် ချင်လင်ရှူး၏ အသက်ရှူသံပင် အနည်းငယ် မူမမှန်တော့ချေ။

ထိုအချိန်တွင် တံခါးပေါက်၌ ခမ်းနားသော ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် ကျော့ရှင်းသော မိန်းကလေးတစ်ယောက် ရပ်နေခဲ့သည်။ သူမ၏ မျက်နှာက ပွင့်အာနေသော ကြာပွင့်တစ်ခုလိုမျိုး လှပကာ ရေစီးကြောင်းလို ကြည်လင်သော မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသည်။ ဂုဏ်သရေရှိ ရုပ်ရည်က အင်အားကြီးသော ဓားအရှိန်အဝါနှင့် ပေါင်းစည်းလိုက်သောကြောင့် လီယွမ်သန့်စင်နယ်မြေ၏ အဆင့်မြင့်အကြီးအကဲ ချိုးလန်ကျွင်း ပီသပါပေသည်။

လှပသော မိန်းကလေးကို မြင်သည်နှင့် ချင်လင်ရှူး လျင်မြန်စွာ ရှေ့တစ်လှမ်းတိုးပြီး လေးစားစွာ အရိုအသေ ပေးလိုက်သည်။

"ဆရာ့ကို တပည့် နှုတ်ဆက်ပါတယ်၊ ဆရာ ဘာကြောင့် ရောက်လာတာလဲ"

တစ်စုံတစ်ခု လွဲမှားနေမှန်း သတိထားမိသောကြောင့် ချိုးလန်ကျွင်းက တပည့်ဖြစ်သူကို အပေါ်အောက် စစ်ဆေးရင်း နူးညံ့စွာ မေးခွန်းထုတ်လိုက်သည်။

"ရှူအာ၊ မင်း ဆရာ့ကို တစ်ခုခု ဖုံးကွယ်ထားတာလား"

ချင်လင်ရှူး နှလုံးတစ်ချက် ဆောင့်ခုန်သွားကာ မျက်နှာထားပင် မူမမှန်တော့ချေ။

"မဟုတ်…မဟုတ်ပါဘူး၊ တပည့် ဒီအတိုင်း စာအုပ်တချို့ ဖတ်နေတာပါ"

သူမသည် လိမ်ညာရာမှာ မတော်သောကြောင့် အကန့်အသတ်ဖြစ်သော စာအုပ်ဖတ်နေသည် အထိသာ ပြောပြလိုက်သည်။

"စာအုပ်ဖတ်နေတယ် ဟုတ်လား"

ချိုးလန်ကျွင်း၏ နူးညံ့သော မျက်ခုံးက အနည်းငယ် စုကျုံ့သွားရင်း ချင်လင်ရှူးကို သံသယတချို့ဖြင့် ကြည့်လိုက်သည်။

ထိုအချိန်မှာပဲ အေးစက်ကာ အမြဲလိုလို တစ်သီးတစ်ခြား နေတတ်သည့် သူမ၏တပည့်က မတူညီသော လူတစ်ဦးနှယ် ပြောင်းလဲနေမှန်း သတိထားမိသွား၏။ ချင်လင်ရှူး၏ မျက်နှာထားက အနည်းငယ် နီရဲနေကာ တောက်ပနေသော မျက်လုံးများထဲမှ အသက်ဝင်လှုပ်ရှားသော စွမ်းအင်တချို့ကို ထုတ်ပေးနေသည်။

သေချာစွာ ခဏမျှ စစ်ဆေးပြီးနောက်တွင် ချိုးလန်ကျွင်း မနေနိုင်စွာဖြင့် စိတ်အားထက်သန်စွာ ပြောလိုက်တော့သည်။

"ရှူအာ မင်း ဘာလို့ ဒီလိုမျိုး ဖြစ်နေလဲ ဆရာမသိဘူး၊ ဒါပေမယ့် မင်းရဲ့ ရွေးချယ်တဲ့နည်းလမ်းက မှန်ကန်တယ်"

"လီရွှမ်းဓားက ထုတ်ပေးတဲ့ ခံစားချက် အေးခဲမှုကြောင့် တပည့် ဒုက္ခရောက်နေမှန်း ဆရာလည်း သတိထားမိတယ်၊ တပည့်လည်း ခံစားချက်မဲ့တဲ့လမ်းကို လျှောက်နေတဲ့ သက်ရှိအလောင်းကောင်တစ်ခုလိုမျိုး ဖြစ်မလာချင်ဘူးဆိုတာ ဆရာ နားလည်ပါတယ်၊ ဒါပေမဲ့ ခံစားချက် နိုးကြားလာဖို့ နည်းလမ်းတွေ အများကြီး ကြိုးစားခဲ့တယ်မလား၊ အစကတော့ ဆရာ စိတ်ပူနေခဲ့တာ၊ ဒီလိုမျိုး ဖြစ်သွားမယ်ဆိုရင် မင်းရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆရာ တော်တော်လေး တွေးပူနေခဲ့ပေမဲ့ အခုကြည့်ရတာ မင်းက ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုကို ရွေးချယ်သွားနိုင်တဲ့ပုံပဲ၊ အကျိုးထူးတယ် သိလား"

"ဟမ်"

ချင်လင်ရှူး လုံးဝ ထိတ်လန့်သွားတော့သည်။ သူမသည် မူလက ချိုးလန်ကျွင်းထံ အကုန်လုံး ဝန်ခံပြီး အဆူခံဖို့ပင် ပြင်ဆင်ထား၏။

သို့သော် မထင်မှတ်ထားစွာပင် ဆရာဖြစ်သူက မေးခွန်းမထုတ်သည့်အပြင် သူမကို အားပေးလာလေသည်။

[ဘာတွေ ဖြစ်နေတာလဲ]

အနည်းငယ် ရှက်ရွံ့နေသော ချင်လင်ရှူးကို ကြည့်လိုက်ရင်း ချိုးလန်ကျွင်း အပြုံးတစ်ခုနှင့် ခေါင်းညိတ်လိုက်ကာ စိတ်အားထက်သန်စွာ ပြောလိုက်သည်။

"တပည့်၊ ဆရာတို့ ကျင့်ကြံသူတွေက ကမ္ဘာပေါ်က စိုးရိမ်မှုတွေကနေ လွတ်မြောက်မှုကို ရှာဖွေချင်ကြတယ်၊ ဒါပေမဲ့ တပည့်ရဲ့ စိတ်ဝင်စားမှုကို နှိုးဆွနိုင်တဲ့ တစ်စုံတစ်ခုကို ရှာတွေ့လို့ကတော့ တခြားသူရဲ့အမြင်ကို ဂရုစိုက်မနေပါနဲ့၊ တပည့်ရဲ့ နှလုံးသားဆန္ဒနောက်ကိုသာ လိုက်ပါ၊ ဒါပေမဲ့ မမေ့နဲ့၊ လီရွှမ်းဓားက မှန်ကန်တဲ့ ဓားတစ်ခုပဲ၊ သာမန်လက်နက်တစ်ခု မဟုတ်ဘူး၊ ဒါပေမဲ့ ဓားတစ်လက်က လူတစ်ယောက်ရဲ့ ခံစားချက်အားလုံးကို အလုံးစုံ လွှမ်းမိုးနိုင်ပ့ါမလား၊ တပည့်ကို အသက်ရောက်နိုင်ဆုံးက တပည့်ကိုယ်တိုင်ပါ"

ထိုသို့ဖြင့် ချိုးလန်ကျွင်းသည် စိတ်ရှုပ်နေသော ချင်လင်ရှူးကို ထားရစ်ရင်း နေရာမှ လှည့်ထွက်သွားလိုက်သည်။

အချိန်အကြာကြီး နေပြီးနောက်မှသာ ချင်လင်ရှူး နောက်ဆုံးသော အံ့ဩနေရာမှ ရုန်းထွက်နိုင်ခဲ့ပြီး ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။

"ဆရာ ပြောတာက... ငါ့ကို ကြိုးစားကြည့်ဖို့လား"

ထိုစာအုပ်များကို ဆက်လက်ဖတ်ကြည့်ဖို့ တွေးတောလိုက်မိသည်နှင့် ချင်လင်ရှူး ချက်ချင်းပင် ရှက်သွေးဖြာသွားတော့သည်။

သို့သော်ငြား ပြန်စဉ်းစားကြည့်ပါက ထိုတားမြစ်ထားသော ပြင်းထန်သည့် အချစ်ဝတ္ထုများသည် သူမတစ်ခါမှ မကြုံတွေ့ဖူးသော အရာများပင်...

ထိုသို့ဖြင့် လဝက်ခန့် ကြာပြီးနောက်တွင်...

အနောက်ဘက် နတ်ဆိုးနယ်မြေ၏ မိုင်းတွင်းနေရာ၌...

ချောက်နက်ကြီးတစ်ခုလုံးက စိတ်ပျက်ဖွယ်ကောင်းနေကာ တူးထုတ်ထားသော ကျောက်တုံးရိုင်းများသည်လည်း ထူးဆန်းစွာဖြင့် နီညိုရောင် ဖြစ်နေသည်။ ထိုအရာသည် မြေကြီးပဲလား.. သွေးများဖြင့် ဖုံးလွှမ်းနေခြင်းပဲလား ဝေခွဲ၍ မရနိုင်တော့ချေ။

ထိုချောက်နက်၏ အလယ်တည့်တည့်တွင် အောက်ခြေကို မမြင်နိုင်သော မြေအောက် အက်ကွဲကြောင်းတစ်ခု ရှိနေသည်။

မသိသာသော ရွှေရောင်အရှိန်အဝါတချို့ ထိုအက်ကွဲကြောင်းမှ ထွက်နေသည့်အပြင် ကျောချမ်းဖွယ်ကောင်းသော လေတိုက်သံတချို့ကြောင့် ချမ်းစိမ့်နေသည့် လေထုက လူတစ်ဦး၏ ကျောရိုးအထိ ချမ်းစိမ့်ကာ ကြောက်မက်ဖွယ် ကောင်းစေဖို့ လုံလောက်ပါသည်။

လက်ပြတ်ဝတ်စုံများဖြင့် ဗလပြနေသော နတ်ဆိုးကျင့်ကြံသူတစ်အုပ်သည် အချိန်တစ်ခုကြာပြီးတိုင်း ချောက်နက်၏ အရှေ့အနောက် သွားလာနေရင်း အထဲမှ လုပ်သားများ ထွက်ပြေးခြင်း မရှိအောင် စောင့်ကြပ်နေကြသည်။ ထို့အပြင် အပြင်ဘက် ကျင့်ကြံသူများထံမှ သူတို့၏ အဖိုးထိုက်သော ရွှေနီကျောက် သွေးကြောကိုလည်း ကာကွယ်နေကြ၏။

နက်ရှိုင်းသော မြေအောက်၏ ခမ်းနားစွာ ပြင်ဆင်ထားသော အခန်းငယ်တစ်ခုအတွင်းတွင် အနက်ရောင်ဝတ်စုံ၊ ရွှေခါးပတ်နှင့် ကြောက်မက်ဖွယ် အရှိန်အဝါထုတ်ပေးနေသော သက်လတ်ပိုင်းအရွယ် လူတစ်ဦးက ထိပ်ဆုံးထိုင်ခုံတွင် ထိုင်နေပြီး လက်အောက်ခံများ၏ တင်ပြချက်ကို နားထောင်နေသည်။

"လုပ်သားထိန်း စစ်ထူကို တင်ပြပါတယ်၊ ဒီလရဲ့ အဆင့်မြင့် ရွှေနီကျောက်တုံး ထုတ်လုပ်မှုက ၁၃၇၀၀၀ ပေါင်ရှိပြီး လုပ်သား ၂၈ ယောက် သေသွားပါတယ်"

စကားပြောသူသည် ကြည့်လိုက်သည်နှင့် စိတ်ပျက်ဖွယ်ကောင်းသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့် အသားမည်းမည်းနှင့် အဖိုးကြီးပင်။ သူ၏ရုပ်အသွင်က အထက်လူများအတွက် သာယာနာပျော်ဖွယ် မရှိသောကြောင့် ထိုသူသည် ကိုယ့်ကိုယ်ကိုသိရှိစွာ မြေပြင်ပေါ်တွင် ဒူးထောက်ထားရင်း ခေါင်းမဖော်ခဲ့ချေ။

ထိုနံပါတ်ကို ကြားသည်နှင့် မိုင်းတွင်းတစ်ခုလုံးအတွက် တာဝန်ယူရသော အကြီးအကဲ စစ်ထူယွင်သည် ချက်ချင်း မျက်မှောင်ကြုတ်သွားကာ အေးစက်စွာ ပြောလိုက်တော့သည်။

"အသုံးမကျတဲ့ အမှိုက်အုပ်စုပဲ၊ ဒီလိုသေးငယ်တဲ့ ကိစ္စလေးကိုတောင် မကိုင်တွယ်နိုင်ဘူးလား၊ မကြာခင် နှစ်ကုန်တော့မယ်၊ဂိုဏ်းရဲ့ နှစ်စဉ်လိုအပ်ချက်ကို မမှီလို့ကတော့ မင်းနဲ့ငါ နှစ်ယောက်လုံး ကိုယ့်အလောင်းကိုယ် ပြင်ဆင်ထားရမှာနော်"

အသားမည်းမည်း အဘိုးအိုက ချက်ချင်းပင် တုန်ယင်သွားရင်း လျင်မြန်စွာ ပြောလိုက်သည်။

"သခင် သိတဲ့အတိုင်းပဲ အရင်လတုန်းက မြေအောက်အနက်ပိုင်းထဲကနေ ရွှေစားတဲ့ သားရဲတွေ ရုတ်တရက်ကြီး ထွက်လာခဲ့တယ်၊ သူတို့တွေကို အမြန်ဆုံး ရှင်းလိုက်နိုင်တယ်ဆိုပေမဲ့လုပ်သားတစ်ရာကျော်တောင် သေသွားတာလေ၊ ကျွန်တော်တို့ဘက်က လူအင်အား နည်းနေပြီ... ပြီးတော့ ဒီရက်ပိုင်း ထုတ်လုပ်မှုကို တိုးမြှင့်ထားရတဲ့အတွက် ပြင်းထန်တဲ့ဒဏ်ကို မခံနိုင်လို့ လုပ်သားတချို့လည်း ထပ်သေသွားရသေးတယ်၊ ဒါကြောင့် မြေအောက်ဈေးကွက်တိုင်းကိုလည်း ကျွန်တော် သတိပေးထားပြီးပါပြီ၊ ကျွန်တော်တို့ မိုင်းတွင်းက လုပ်သားတွေကို အဆင့်မြင့်‌ဈေးနဲ့ ပေးဝယ်နေတယ်၊ ဒါကြောင့် ဖမ်းမိတဲ့ ကျင့်ကြံသူတွေအားလုံးကို မသတ်ပစ်ဘဲ ဒီနေရာမှာ စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံး နှစ်ရာနဲ့ လဲလှယ်လို့ရမယ်ဆိုပြီး ကျွန်တော် ကြေညာထားပြီးပါပြီ၊ အဲ့ဒါကတော်တော်လေး အကျိုးထူးတယ်ဆိုပေမဲ့ ကျွန်တော်တို့ လိုချင်တဲ့ ပမာဏကို မရသေးပါဘူး၊ ဒါကြောင့်မလို့ ထပ်ရောက်လာမဲ့ လူတွေနဲ့ဆိုရင် နောက်လ အထွက်နှုန်းကတော့ သခင် လိုချင်တဲ့ နှုန်းထားနဲ့ ကိုက်ညီမယ်လို့ ကျွန်တော် ယူဆရပါတယ်"

ရွှေနီကျောက်တုံးများသည် မှော်လက်နက်များကို သန့်စင်ရန်အတွက် အခြေခံကျသော ပစ္စည်းများဖြစ်သည်။ ကျောက်သွေးကြော အများစုက အလွန်နက်ရှိုင်းသော မြေအောက်နေရာ၌ တည်ရှိတတ်ကြပြီး အလွန်မာကျောသောကြောင့် ထိုပြင်းထန်သော အခြေအနေများကို သာမန်လုပ်သားများ တောင့်မခံနိုင်ပါချေ။

ထို့ကြောင့် မိုင်းတွင်း၌ ကျင့်ကြံသူအများစုသည် လုပ်သားအဖြစ် အလုပ်ဝင်ရသည်။ ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူ အများစုဆိုသော်ငြား အခြေခံတည်ဆောက်ခြင်းနယ်ပယ် ကျင့်ကြံသူတချို့လည်း ရှိပါသေး၏။ ထို့ထဲက အများစုသည် ယင်ရှဂိုဏ်းသားများ ဖမ်းဆီးလာသော စစ်မှန်ဂိုဏ်း၏ ကျင့်ကြံသူများ ဖြစ်ကြပြီး အလွတ်တန်း ကျင့်ကြံသူတချို့လည်း ပါဝင်ကာ တချို့သော ယင်ရှဂိုဏ်း၏ အပြစ်ကျူးလွန်သော အပြစ်သားများလည်း ဝင်ရောက်လုပ်ကိုင်ကြရသည်။

"ကောင်းပြီ"

ထိုအာမခံချက်ကို ကြားရမှသာ စစ်ထူယွင်၏ မျက်နှာထားက အနည်းငယ် ပြေလျော့သွားရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

"ယင်ရှဂိုဏ်းက အသုံးမကျတဲ့သူတွေကို ဘယ်လိုအပြစ်ပေးလဲ မင်းလည်း ကောင်းကောင်း သိမှာပါ၊ ဝိညာဉ်သန့်စင်ခြင်း လိုဏ်ဂူထဲကို မဝင်ချင်ဘူးဆိုရင် မင်းလည်း ကောင်းကောင်း အလုပ်လုပ်မှ ရမယ်၊ အခုကစပြီး လုပ်သားတွေအားလုံးရဲ့ အလုပ်လုပ်ချိန်ကို တစ်နာရီ တိုးမြှင့်မယ်၊ ထပ်သေတယ်ဆိုတဲ့ အကြောင်း ငါလုံးဝ မကြားချင်ဘူး၊ ရွှေနီကျောက်တုံးတွေ လုံလောက်တဲ့ပမာဏကို ရပြီဆိုရင် ပြဿနာရှာတဲ့ လူတွေအားလုံးကို သတ်သာသတ်၊ နားလည်လား"

ထိုသူ၏ အသံက ခက်ထန်ကာ လူသတ်လိုစိတ်များ ပြင်းထန်နေသည်။

ထိုအမိန့်သာ သတ်မှတ်လိုက်ပါက လုပ်သားများ၏ ရှင်သန်ရေး အခြေအနေက ပိုမိုဆိုးရွားလာတော့မှာ သေချာပါသည်။ များစွာသော သူများအားလုံး သေဆုံးရတော့မည်ပင်။ သို့သော် လူတွေ၏ အသက်ကို ထိုမျှ ဂရုစိုက်နေပါက သူတို့ကို ယင်ရှဂိုဏ်းဟု ခေါ်ဆိုပါဦးမလား....

"ကျွန်တော် နာခံပါတယ်"

အသားမည်းမည်း အဘိုးအိုက နဖူးပြင်ရှိ ချွေး‌စေးများကို သုတ်လိုက်ရင်း လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

ထိုသူ ထွက်သွားသည်နှင့် စစ်ထူယွင်၏ မျက်နှာထားက ချက်ချင်း နက်မှောင်လာ၏။

ဖြစ်နိုင်မည်ဆိုလျှင် သူသည် ဤနေရာ၌ အကြီးအကဲ မဖြစ်ချင်ပါချေ။ ဤချောက်နက်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်က လွန်စွာနည်းပါး၏။ ထို့အပြင် ပြဿနာပေါင်း ရာချီပြီး ရှိသည်။ ကျင့်ကြံရေးပတ်ဝန်းကျင်က ဆိုးရွားကာ အရာအားလုံး သာမန်ဖြစ်မနေသောကြောင့် အမှားအယွင်းတစ်ခု ဖြစ်သည်နှင့် အဆုံးမရှိသော အပြစ်တင်မှုများ ရရှိလိမ့်မည်။

စစ်ထူမိသားစု၏ အကြီးအကဲ၏ တိုက်ရိုက်မျိုးဆက်ဖြစ်သော သူသည် ပြစ်ချက်တစ်ခုမှ မရှိပါဘဲ ဤမျှ ဝေးလံခေါင်ဖျားသော နေရာကို ကျိမျိုးရိုးခေါင်းဆောင်၏ အမိန့်တစ်ခုတည်းနှင့် ရောက်ရှိခဲ့ရခြင်းပင်။

သို့သော် ကံဆိုးစွာဖြင့် ကျိအိမ်တော်အကြီးအကဲသည် မဟာယနနယ်ပယ်သို့ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့သည့်အတွက် ဂိုဏ်းအတွင်းတွင် ပိုမိုသန်မာလာတော့၏။ ထို့ကြောင့် သူ့အနေနှင့် အံကြိတ်ကာ ဒေါသများကို သည်းခံခဲ့ရသည်။

"စစ်ထူအကြီးအကဲလည်း မကြာခင်မှာ ရှန်အကြီးအကဲနဲ့ အောင်မြင်စွာ ပူးပေါင်းပြီး ကျိမျိုးရိုးကို ဖြိုဖျက်နိုင်ဖို့ ငါ တကယ်ပဲ ဆုတောင်းတယ်၊ ဒါဆိုရင် ဒီနေရာမှာ ထပ်ပြီး အရှက်ကွဲဖို့ လိုအပ်တော့မှာ မဟုတ်ဘူး"

စစ်ထူယွင် စိတ်ပျက်စွာ သက်ပြင်းချလိုက်ပြီး ဆက်လက်ကျင့်ကြံနေလိုက်တော့သည်။

All Chapters