← Chapters

ခေါင်းဆောင်ကို ရန်စတဲ့သူက ဘယ်လိုလုပ် ဇာတ်သိမ်းကောင်းနိုင်မှာလဲ

Vol. 16 Ch. 158

ခေါင်းဆောင်ကို ရန်စတဲ့သူက ဘယ်လိုလုပ် ဇာတ်သိမ်းကောင်းနိုင်မှာလဲ

Vol. 16 Ch. 158

ထိုအချိန်တွင်....

အလွန်မဲမှောင်ပြီး နက်ရှိုင်းသော မိုင်းတွင်းအတွင်း၌ ထောင်ချီသော လုပ်သားများသည် စိတ်ပျက်နေသော မျက်နှာနှင့် ပျက်စီးနေသော အဝတ်များကြားမှ အားအင်အပြည့်ဖြင့် ကျောက်တူးနေကြသည်။

သူတို့အားလုံး၏ ကိုယ်ပေါ်တွင် ကျောက်ထွင်း အက္ခရာများဖြင့် အားဖြည့်ထားသော အထူး အချုပ်အနှောင်များ ရှိနေလေရာ၊ ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူတစ်ဦး ဆိုလျှင်တောင်မှ ထွက်ပြေးဖို့ လွယ်ကူမည်မဟုတ်ချေ။

နေမမြင်ရသော ဤမိုင်းတွင်းအတွင်း၌ ရက်ပေါင်းများစွာ ကုန်ဆုံးခဲ့ရသည့်အတွက် ကျင့်ကြံသူတစ်ဦး ပိုင်ဆိုင်သင့်သော မာနများပင် ပျောက်ဆုံးသွားခဲ့တော့သည်။ မသေမချင်း အလုပ်လုပ်ရတော့မည့်အတွက် ဤကြမ်းတမ်းသော ပတ်ဝန်းကျင်ထဲမှ အသက်ရှင်ချင် စိတ်လေးကိုပင် မနည်းဆွဲထုတ်နေကြရသည်…

“ဖြန်း”

ထိုအချိန်မှာပဲ စိတ်ဝိညာဉ်စွမ်းအင်တချို့ ပါဝင်နေသည့် ရှည်လျားသော ကြာပွတ်ရိုက်ချက်က လုပ်သားတစ်ဦး၏ ခန္ဓာကိုယ်အပေါ်ကို ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။ ထိုသက်လတ်ပိုင်းအရွယ် လုပ်သား၏ နောက်ကျောက ချက်ချင်း ပွင့်ထွက်သွားရင်း နှလုံးကွဲကြေစေသည့် အော်ဟစ်သံကြီး ထွက်လာ၏။

ထိုအော်သံကြောင့် အနီးအနားတွင် အလုပ်လုပ်နေသော ကျင့်ကြံသူများအားလုံး ကြောက်ရွံ့သွားကာ ပိုမိုပြင်းထန်သော အင်အားများဖြင့် ပုဆိန်များကို လွှဲခုတ်လိုက်ကြတော့သည်။

“သေချာ အလုပ်လုပ်ကြစမ်း၊ မင်းတို့ထပ်ပြီး အချောင်ခိုရဲလို့ကတော့ နာကျင်တယ်ဆိုတဲ့ စကားလုံးကိုတောင် မမှတ်မိတော့အောင် ရိုက်ပေးမယ်”

ရည်ရွယ်ရင်းဖြစ်သော လုပ်သားအားလုံး၏ စိတ်ဓာတ်ကို မြှင့်တင်နိုင်သွားသည့်အတွက် အင်အားပြနေသော အစောင့်က ခပ်မဲ့မဲ့ဖြင့် ကြာပွတ်ကို ခါးတွင် ပြန်လည်ချိတ်ဆွဲလိုက်ရင်း အေးစက်စွာ သတိပေးလိုက်သည်။

“သုံးမကျတဲ့ အမှိုက်ကောင်တွေ ဒီနေ့ပြီးရမဲ့ ပမာဏ မပြည့်လို့ကတော့ ဘယ်သူမှ ညစာမစားရဘူးမှတ်။ ပြဿနာ ရှာရဲတဲ့သူတွေအားလုံး အရင်တုန်းကသူတွေအတိုင်း တူညီတဲ့ ကံကြမ္မာကို ကြုံတွေ့ရမယ်”

ထိုစကားကြောင့် များစွာသော လုပ်သားအားလုံး မရည်ရွယ်ဘဲ အပေါ်ကို မော့ကြည့်လိုက်ကြသည်။

အဝတ်ဖြူစများဖြင့် အထပ်ထပ် ပတ်ထားသော အလောင်းများစွာက လေထဲတွင် ချိတ်ဆွဲထားကာ လေတိုက်တိုင်း လှုပ်ယမ်းနေသည့်အတွက် ပတ်ဝန်းကျင်တစ်ခုလုံးကို ပုပ်သိုးသိုးအနံ့များ ထွက်ပေါ်နေစေသည်။

ကျင့်ကြံသူအားလုံး၏ မျက်လုံးထဲသို့ ပြင်းထန်သော စိတ်ပျက်မှုနှင့် ဝမ်းနည်းမှုများ ချက်ချင်း ဝင်ရောက်လာတော့သည်။

( ဒီနေရာကတကယ်ကိုငရဲပဲ )

မိုင်တွင်း၏ နောက်ထပ် အကန့်ခွဲတစ်ခုအတွင်းတွင်….

ဘန်း ဘန်း ဘန်း

သပ်ရပ်စွာ ဝတ်ဆင်ထားသော အလုပ်သမား ခေါင်းဆောင်က ချွေးအပြည့်ဖြင့် ပေါက်တူးကို အဆက်မပြတ် လှုပ်ယမ်းနေခဲ့သည်။

အင်အားအပြည့်ဖြင့် အားကုန် ကြိုးစားထားသောကြောင့် ထိုသူ၏ ခြေထောက်အောက်၌ များစွာသော သွေးနီရောင်ကျောက်တုံးများ အပုံလိုက် ရှိနေပြီပင်။ အရွယ်အစား ကွဲပြားသော ထိုကျောက်တုံးများက ဖျော့တော့သော အလင်းတချို့ ထုတ်ပေးနေသည်။

ထိုသူ၏အနောက်မှာတော့ စုတ်ပြဲနေသောဝတ်စုံနှင့် ချိန်းကြိုး တပ်ခံထားရသော လူငယ်တဦးက သက်သာစွာ ထိုင်နေလေ၏။

အမှန်ဆို သန်မာသော လုပ်သားခေါင်းဆောင်က ရပ်ကြည့်နေသင့်ပြီး အလုပ်သမားက အလုပ်လုပ်ရမည်ဆိုသော်ငြား ဘာကြောင့်ရယ်မသိ.. အခြေအနေသည် ပြောင်းပြန်ဖြစ်နေကာ ထူးဆန်းသော မြင်ကွင်းမျိုး ဖြစ်ပေါ်စေသည်။ ထိုလူငယ်၏နာမည်က ချီယွမ်ပင်။ ချီယွမ့်ကို အလယ်အဆင့် စိတ်ဝိညာဥ်ကျောက်တုံး ငါးရာဖြင့် ချန်ဟိုင်က ရောင်းချခဲ့တာဖြစ်သည်။

ချီယွမ်လိုမျိုး ငယ်ရွယ်ပြီး သန်မာသည့် အခြေခံ တည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးသည် မိုင်တွင်း၌ စျေးကောင်းရနိုင်သည်။

သို့သော် ချီယွမ်သည် အရှုတ်အထွေးများမှ ရှောင်ကြဥ်နိုင်ရန်အတွက် မျက်နှာပြောင်းလဲခဲ့သည့်အပြင် သူ၏ ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေနိုင်သော နာမည်တု ချီတကို ပြန်လည် အသုံးပြုခဲ့သည်။

“ဒီမိုင်းတွင်းရဲ့ အကြီးအကဲ စစ်ထူယွင်က ကျိအိမ်တော်ရဲ့ အကွက်ဆင်တာ ခံလိုက်ရမယ်လို့ ငါထင်မထားမိဘူး။ ဒီတာဝန်က ငါထင်ထားတာထက် လွယ်နေတာပဲ။ ကျိချန်အာ‌ပေးထားတဲ့ တံဆိပ်ပြားကို ပြလိုက်တာနဲ့ ငါ့ရဲ့ဒီစိတ်ပျက်ဖို့ကောင်းတဲ့ အခြေအနေကနေ အမြန်ဆုံး လွတ်မြောက်လာလိမ့်မယ်”

“နေအုံး၊ ကျိအိမ်တော်ကို အသုံးပြုလို့ရတယ်ဆိုပေမဲ့ စစ်ထူယွင်ရဲ့ လက်ခံမှုကို ရဖို့ကတော့ လွယ်ဦးမှာမဟုတ်ဘူး။ စစ်ထူယွင်က ငတုံးမှမဟုတ်တာ၊ ရန်သူရဲ့ ဘက်တော်သားကို လက်ခံပါ့မလား.. အပြင်ဘက်က လက်ခံလိုက်ရင်တောင်မှ စိတ်ထဲမှာ မုန်းတီးနေမှာပဲ။ ငါအလောတကြီး လှုပ်ရှားလိုက်ရင် မလိုအပ်ဘဲ တာဝန်ကျရှုံးသွားနိုင်တယ်”

ချီယွမ်သည် တွေးစစဖြင့် မေးစေ့ကို ပွတ်သပ်လိုက်ရင်း ခပ်တိုးတိုးပြောလိုက်သည်။

“ကံကောင်းလို့ ငါ ဒုတိယ အစီအစဉ်တစ်ခု ပြင်ဆင်လာခဲ့တယ်။ ဒါကြောင့် တစ်ခါတစ်လေကျရင် ကြမ်းတမ်းတဲ့ အင်အားကို မသုံးဘဲ ဦးနှောက်ကို အသုံးပြုတာ ပိုသင့်တော်တယ်လို့ လူတွေပြောကြတာကိုး”

အချိန်ကျပြီ ဖြစ်သောကြောင့် ချီယွမ်သည် သက်သာစွာဖြင့် ထရပ်လိုက်ကာ ဖုန်ခါလိုက်သည်။ ထို့နောက်တွင် အလုပ်လုပ်နေသော လုပ်သားခေါင်းဆောင်ထံသို့ လျှောက်သွားရင်း လက်ထဲမှ ပုဆိန်ကို လုယူလိုက်သည်။

“မှတ်ထား မင်းက လုပ်သားအသစ် ချီတကို မကြိုက်လို့ ဒီနေရာကို သီးခြားခေါ်လာပြီး သူ့ကို ခက်ခဲအောင် လုပ်ခဲ့တာပဲ”

“မင်းရဲ့တင်းကျပ်တဲ့ သင်ပြမှုကြောင့် ချီတက နာခံစွာနဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့တယ်။ မင်းတော်တော်လေး ကျေနပ်သွားပြီး မနက်ဖြန်လည်း ဒီလိုမျိုး ဆက်လုပ်လိမ့်မယ်”

ချီယွမ်၏ မျက်လုံးအတွင်း၌ ဆွဲဆောင်မှုရှိသော အရှိန်အဝါများ ကပ်ငြိနေသည့် ခရမ်းရောင်အလင်းတချို့ ဖြတ်ပြေးသွားခဲ့သည်။

ကျိချန်အာသာ အနားမှာရှိနေပါက ထိုသူ အသုံးပြုခဲ့သော ထူးခြားသည့် စွမ်းအင်က သူမ၏ ပုံရိပ်တစ်ထောင် နတ်ဆိုးမျက်လုံးဆိုတာ ချက်ချင်း သဘောပေါက်မှာပင်။

ချီယွမ်၏ စကားကို ကြားသည်နှင့် ထိုသန်မာသော လုပ်သားခေါင်းဆောင်က ကြောင်အစွာ ခေါင်းညိတ်လိုက်ရင်း စက်ရုပ်တစ်ခုလိုမျိုး ဖြေကြားလိုက်သည်။

“ဟုတ်တယ် ချီတ အလုပ်လုပ်တာကို ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့ရတယ်.....”

နောက်တစက္ကန့်မှာပဲ ထိုသူက ကြမ်းတမ်းစွာ တုန်ယင်သွားခဲ့ပြီး မျက်လုံးနှစ်လုံးက ရုတ်ချည်း ကြည်လင်သွားခဲ့သည်။

တူရွင်းကိုင်ပြီး ရပ်နေသော ချီယွမ်ကို မြင်သည်နှင့် ထိုသူက မဲ့ရွဲ့လိုက်ရင်း အေးစက်စွာပြောလာ၏။

“မင်း ဒီနေရာမှာ ဘာကိစ္စရပ်နေတာလဲ။ အချောင်ခိုဖို့ ကြိုးစားနေတာလား”

ထိုသို့ဖြင့် မုန်းတီးမှုများ ပြည့်နှက်နေသောမျက်နှာဖြင့် ထိုသူက ခါးမှာ ချိတ်ဆွဲထားသော ကြာပွတ်ကို ဖြုတ်ယူပြီး လက်တဖက်မြောက်ကာ ရိုက်ဖို့ ပြင်လိုက်လေ၏။

“နေဦး”

ချီယွမ်က တည်ငြိမ်စွာဖြင့် ပုဆိန်ကို ပခုံးပေါ် ထမ်းတင်လိုက်ပြီး အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

“ကျွန်တော် အ‌ချောင်ခိုနေတာ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် ကျွန်တော့်ရဲ့ ဒီနေ့အလုပ်တာဝန်ကို ပြီးသွားပြီ။ရွှေနီကျောက်တုံးတွေက ဆယ်ပေါင်ထက်တောင် ပိုနေသေးတယ်မလား။ တွက်ချက်မှုအရဆိုရင် ကျွန်တော်ပြန်သွားပြီး အနားယူလို့ရပြီ.. မှန်တယ်မလား”

ထိုဖက်တီး လုပ်သားခေါင်းဆောင်သည် အခြေခံတည်ထောင်ခြင်း နယ်ပယ် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သန်မာ ထွားကြိုင်းပုံရကာ ကျယ်ပြန့်သော ပုခုံးနှစ်ခုနှင့် ကောင်းမွန်သည့် စိတ်ဝိညာဥ်စွမ်းအင်ကြောင့် တစ်နေ့လျှင် ရွှေနီကျောက်တုံးရိုင်း ဆယ်ပေါင် ထုတ်ယူခြင်းက ထိုသူ့အတွက်တော့ ပြဿနာမရှိပါချေ။

( ဆယ်ပေါင်ဟုတ်လား )

ထိုသူက အနည်းငယ် အံ့ဩသွားပြီး မြေကြီးကို ငုံ့ကြည့်လိုက်လေ၏..

မြေပေါ်တွင် ရှိနေသော ပုံမှန်ထက် ဆယ်ဆလောက် ကြည်လင်နေသည့် ရွှေနီကျောက်တုံးရိုင်းများက သေချာ ချိန်ကြည့်လိုက်လျှင် ဆယ်ပေါင်ထပ် ပိုနိုင်ပါသည်။

( သာမန် လုပ်သားတစ်‌ယောက်ဆိုရင် တစ်နေ့လုံး လုပ်တာတောင်မှ နည်းနည်းပဲပြီးတာ။ ဒါပေမယ့် ဒီလူသစ်က ချွေးတစ်စက်တောင် မထွက်ပဲနဲ့ ဆယ်ပေါင်လောက်ကို ထုတ်နိုင်တယ်ဆိုတော့ တော်တော်လေး ကိုက်ညီတဲ့သူပဲ )

နောက်တစက္ကန့်မှာပဲ ထိုသူက အနည်းငယ် သံသယဝင်လာတော့သည်။

အထက်လူကြီး တစ်ယောက်ဖြစ်သော သူ၏အလုပ်သည် လက်အောက် ငယ်သားကို ကြာပွတ်နှင့် ခိုင်းစေရပြီး လွယ်ကူသည့် အလုပ်ဖြစ်ရမှာပင်......

သို့သော် အကြောင်းအရင်းမသိ သူသည် ချွေးများရွဲနစ်‌နေ၏။ ခန္ဓာကိုယ်တစ်ခုလုံးက ကိုက်ခဲနေကာ မြေကြီးကျွင်းပေါင်း များစွာ တူးထားသကဲ့သို့ ခံစားနေရသည်။ ထူးဆန်းစွာဖြင့် ကြာပွတ်ကိုပင် မဖို့ အင်အားမရှိတော့လေရာ ချီယွမ်ကို မရိုက်နိုင်ခဲ့ချေ။

“ဒါမဖြစ်နိုင်ဘူး”

သို့သော် အလွန် ရှုပ်ထွေးနေသော ထိုသူက ရက်ပေါင်းများစွာ အပျော်အိမ်သွားခဲ့သည့်အတွက် အားနည်းလာခြင်းဟုသာ အလွယ် ယူဆခဲ့လိုက်သည်။

ခဏမျှ စဉ်းစားပြီးနောက်တွင် ထိုသူက စိတ်မရှည်စွာ လက်တစ်ဖက်ယမ်းပြလိုက်ပြီး အဖက်မလုပ်စွာဖြင့် ပြောလိုက်၏။

“မင်း ပြန်သွားလို့ရပြီ။ ဒါပေမယ့် မနက်ဖြန် ပြန်လာရမယ်။ မင်း အချောင်ခိုနေတာ တွေ့လို့ကတော့ ငါ လွှတ်ပေးမှာမဟုတ်ဘူး”

ထိုနေရာမှ ထွက်လာပြီးသည်နှင့် တခြားသော ရင်းနှီးသည့် လုပ်သားခေါင်း များစွာသည် ထိုဖက်တီး အနားသို့ ရောက်လာကာ ဝိုင်းဝန်း မေးခွန်းထုတ်ကြတော့သည်။

“ခေါင်းဆောင်၊ ဒီကောင်လေးကို ကိုယ်တိုင် အပြစ်ပေးမလို့ဆို.. ဒါပေမယ့် သူ့ရဲ့ပုံစံက ကြည့်ရတာ တော်တော်လေး အဆင်ပြေနေတယ်နော်။ အဲ့မှာကြည့်လိုက်အုံး လမ်းလျှောက်နေတာတောင်မှ ဟိတ်ဟန်နဲ့”

ထိုဖက်တီးက အေးစက်စွာဖြင့် ခပ်မဲ့မဲ့ ပြန်ပြောလိုက်သည်။

“မင်းတို့ မြင်နေရတာက အပေါ်ယံလေးပါကွာ။ အဲ့ဒီကောင်လေးက တကယ်တော့ အတင်းအားတင်းပြီး လမ်းလျှောက်နေရတာ.. သူ ဒီနေ့ ဆယ်ပေါင်တောင် တူးထုတ်ခဲ့တယ်။ အဲ့ဒါကို ငါကိုယ်တိုင် ထိုင်ကြည့်နေတာ။ ဒီတစ်ခေါက် သူ သေမတတ် မောပန်းသွားခဲ့တာကွ”

“ငါ မနက်ဖြန်ကျရင်လည်း ဒီကောင့်ကို နောက်ထပ် ဆယ်ပေါင်တူးခိုင်းဦးမယ်။ ဒီနှုန်းနဲ့ဆိုရင် ရက်အနည်းငယ် အတွင်းမှာပဲ မောပြီး သေသွားမှာပဲ။ ငါတို့ ထိန်းကျောင်းရ သက်သာတာပေါ့ ဟ ဟ”

အနီးအနားရှိ ကျန်သော သူများအားလုံး အခြေအနေကို သဘောပေါက်သွားကြကာ လက်မထောင်ရင်း အားပေးအားမြောက် ပြုလိုက်တော့သည်။

“တကယ်ကို တော်လိုက်တာဗျာ။ ကျွန်တော်သိနေတယ်လေ။ ခေါင်းဆောင်ကို ရန်စတဲ့ ဘယ်ကောင်ကများ အေးအေးဆေးဆေး အဆုံးသတ်ဖူးလို့လဲ”

All Chapters