← Chapters

အလုပ်အရမ်းကြိုးစားခဲ့ပါတယ်

Vol. 16 Ch. 159

အလုပ်အရမ်းကြိုးစားခဲ့ပါတယ်

Vol. 16 Ch. 159

၃ရက်ကြာပြီးနောက်တွင်...

အလုပ်သမားခေါင်းဆောင်သည် အိပ်ရာထက်မှ နာကျင်စွာ နိုးထလာခဲ့သည်။ တစ်ညလုံး ကောင်းမွန်စွာ အိပ်စက်အနားယူခဲ့သည့်တိုင်အောင် ကိုက်ခဲနေသော ခြေလက်များက မနေနိုင်အောင် နာကျင်နေဆဲပင်။

ချက်ချင်း ကြေးမုံမှန်သို့ သွားကြည့်လိုက်ရာ နဂို ဝဖိုင့်သော သူ၏မျက်နှာသည်ပင် ၃ဆမက ပိန်သွားခဲ့သည့်အတွက် နာကျင်မှုများကြားမှ တင်းကျပ်စွာ မျက်မှောင်ကြုတ်လိုက်တော့သည်။

"ငါ့ရဲ့ ကုန်ဆုံးသွားတဲ့ ချီစွမ်းအင်နဲ့ သွေးအင်အားကို ဖြည့်တင်းဖို့အတွက် နေ့တိုင်းလည်း ဆေးတွေ မှန်မှန်သောက်နေတာပဲ။ ပြောရမယ်ဆိုရင် ဒီလိုဖြစ်ဖို့ လိုမှမလိုအပ်နေတာ"

ထိုသူ၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်ကိုသာ အဆက်မပြတ် ခံစားနေခဲ့ရသည်။

လက်ညှိုးတစ်ချောင်းဖြင့် အနည်းငယ် လျော့တွဲကျနေသော ပါးတစ်ဖက်ကို အံ့သြမှုတချို့နှင့် ထိုးကြည့်လိုက်လေ၏.. ထိုအချိန်မှသာ လက်တွင် ပေကျံနေသော ထူထဲသည့် ပိုးမျှင်စများကို သတိထားမိသွားခဲ့သည်။

"ဒါက... ဘာတွေဖြစ်နေတာလဲ"

ချက်ချင်းဆိုသလို ခန္ဓာကိုယ်တစ်ခုလုံး ချမ်းစိမ့်မှုကို ခံစားလိုက်ရပြီး ထိုသူ ခပ်တိုးတိုး ရေရွတ်လိုက်တော့သည်။

"ဒီမိုင်းတွင်းက တစ်ခုခု မှားနေတာများလား"

"ဒါလည်း မဟုတ်သေးဘူး။ မနေ့တုန်းက ငါ့ရဲ့လက်အောက်ခံ လူနှစ်ယောက်ကို ခေါ်ပြီးတော့ ချီတရဲ့ အလုပ်လုပ်ပုံကို စောင့်ကြည့်ခိုင်းခဲ့တယ်။ ကျန်တဲ့လူတွေ အဆင်ပြေနေပြီး ငါတစ်ယောက်ပဲ ဘာလို့ ဒီလိုမျိုး ဆိုးရွားနေရတာလဲ"

"သေစမ်း။ ငါ ဒီလိုဖြစ်အောင် တစ်ယောက်ယောက်က မကောင်းတဲ့ အောက်လမ်းပညာနဲ့ ပြုစားထားတာပဲ ဖြစ်ရမယ်”

မူမမှန်သည့် အရှိန်အဝါ အနည်းငယ်ကို ချက်ချင်း ရိပ်စားမိလိုက်သောကြောင့် ထိုဝဖိုင့်ဖိုင့် ကျင့်ကြံသူသည် ချက်ချင်းပင် အကြောက်တရားများ ဖုံးလွှမ်းသွားတော့သည်။

"မဖြစ်တော့ဘူး။ ငါ ဒီနေ့ အဲ့ဒီနေရာကို လုံးဝ မသွားတော့ဘူး။ အရမ်းကို ဆိုးရွားလွန်းတာပဲ။ အဲ့ဒီ ချီတက…. ထားပါ သူက သာမန်အလုပ်ကြမ်းလုပ်ရတဲ့ အလုပ်သမား တစ်ယောက်ပဲ။ ငါ ဘာတွေ စိုးရိမ်နေရမှာလဲ။ အချိန်ကျလာရင် သူ့ကို မောင်းထုတ်ပစ်လိုက်လို့ရတယ်"

ထိုဖက်တီး ကျင့်ကြံသူက အကြောက်တရားတချို့ဖြင့် တံတွေးမျိုချပြီးသည်နှင့် လျင်မြန်စွာ မျက်နှာသစ် အဝတ်အစားလဲလိုက်ကာ အထက်ပုဂ္ဂိုလ်ထံ ခွင့်ယူဖို့ သွားလိုက်သည်။

သို့သော် အိမ်မှ ထွက်လာသည်နှင့် ထိုသူ၏ အတွင်းစိတ်သို့ ထူးဆန်းသည့် ခံစားချက်တချို့က ဝင်ရောက်လာခဲ့ပြီး မလိုအပ်ဘဲ အလုပ်စခန်းနေရာသို့ အလိုအလျောက် ဦးတည်မိသွားတော့သည်။

မကြာမီမှာဘဲ...

လူသူကင်းမဲ့သော ထောင့်တစ်ဖက်ခြမ်းတွင်...

ဘန်း ဘန်း ဘန်း ဘန်း

ထိုဖက်တီးကျင့်ကြံသူသည် ဖြူဖျော့နေသောမျက်နှာ၊ တုန်ရီနေသော မျက်နှာထားဖြင့် မောပန်းမှုကို မသိသည့်အတိုင်း လက်ထဲက ပုဆိန်ကို အားနှင့် အဆက်မပြတ် လွှဲယမ်းနေတော့သည်။

ကျန်သော လုပ်သားထိန်း နှစ်ယောက်သည်လည်း တခြားသူများ ဝင်မလာစေရန် ဝင်ပေါက်တွင် နာခံစွာ စောင့်ကြပ်ပေးနေကြ၏။

ထိုနေရာတွင် တည်ငြိမ်စွာ ထိုင်နေသော ချီယွမ်သည် စိတ်ထဲမှ စနစ်၏ ပင်မစာမျက်နှာကို တည်ငြိမ်စွာ ဆင့်ခေါ်လိုက်သည်။

"ပိုင်ရှင်က လျှို့ဝှက်အခြေအနေကို နိုးဆွမိတဲ့အတွက် အရန်တာဝန်တစ်ခု အသက်သွင်းပေးလိုက်ပါတယ်"

"မကြာမီက ပိုင်ရှင်က သေးငယ်တဲ့ သုံးချောင်းထောက် ဒယ်စောက်တစ်ခုကို ဘယ်နေရာကမှန်းမသိ ရုတ်တရက် ကောက်ရခဲ့တယ်။ အဲ့ဒီသေးငယ်တဲ့ သုံးချောင်းထောက် ဒယ်စောက်က တကယ်တော့ ထိပ်သီးအဆင့် အမတ လက်နက်တစ်ခုဖြစ်တဲ့ ပြန်လည်ဖန်တီးခြင်း ဒယ်စောက်ဖြစ်နေတယ်။ အဲ့ဒီပစ္စည်းနဲ့ ထိတွေ့လိုက်တဲ့ အရာအားလုံးကို အရည်ဖျော်ပစ်ပြီး မူရင်းပုံစံအတိုင်း ပြန်လည်ပြုလုပ်ပေးနိုင်မယ်။ ဒါပေမဲ့ အဲ့ဒီဒယ်စောက်က လက်ရှိမှာ တော်တော်လေး ဆိုးရွားစွာ ပျက်စီးနေတယ်။ ဒါကြောင့်မလို့ ဒီဒယ်စောက်ကို ပြန်လည်ပြင်ဆင်ဖို့အတွက် ကမ္ဘာပေါ်မှာ ပြန့်ကြဲနေတဲ့ မသေမျိုး သုံးချောင်းထောက် ဒယ်စောက်ရဲ့ ကျန်တဲ့အစိတ်အပိုင်းတွေကို ရှာဖွေပေးပါ"

"တာဝန်၏ ခက်ခဲမှု... ကြယ်ငါးပွင့် (အလွန်ခက်ခဲသည်)"

"တာဝန်၏ ဆုလာဘ်... ပြန်လည်ဖန်တီးခြင်း ဒယ်စောက်ကို တစ်ကြိမ်ပြုပြင်နိုင်တိုင်း ဆုလာဘ်အနေနဲ့ ပိုင်ရှင်က ကောင်းကင်တာအို ချီစွမ်းအင်ကို ရရှိမယ်"

"မှတ်ချက်... ဒီတာဝန်က အချိန်အကြာကြီး ပေးအပ်ထားမယ့် တာဝန်တစ်ခု ဖြစ်တဲ့အတွက် အချိန်ကန့်သတ်ချက် မပေးတော့ဘူး။ ကျရှုံးမယ်ဆိုရင်လည်း ဘာပြစ်ဒဏ်မှ ပေးမှာမဟုတ်ဘူး"

မျက်စိရှေ့၌ တောက်ပစွာ လင်းလက်နေသော စာကြောင်းများကို ကြည့်နေရင်း ချီယွမ်၏ မျက်နှာသည် တဖြည်းဖြည်း ရှုပ်ထွေးလာတော့သည်။

သတင်းကောင်းက သူသည် လူပေါင်းများစွာ အိပ်မက်မက်နေသော အမတ လက်နက်တစ်ခုဖြစ်သည့် ထိုထိပ်သီးအဆင့် သုံးချောင်းထောက် ဒယ်စောက်ကို တကယ်ပဲ ရခဲ့ပါသည်။

သတင်းဆိုးကတော့ ထိုဒယ်စောက်ကို ပြန်လည်ပြုပြင်ဖို့ရန် အစိတ်အပိုင်းများကို ရှာဖွေဖို့ မလွယ်ကူနေတာဘဲ။

အရန်တာဝန်အတွင်း၌ အချက်အလက်များလုံလောက်စွာ ဖော်ပြခဲ့သော်ငြား ပျောက်ဆုံးနေသည့် အစိတ်အပိုင်းများ၏ တည်နေရာကို မဖော်ပြခဲ့လေရာ ပင်လယ်ထဲ အပ်ပျောက်ရှာနေရသကဲ့သို့ လွန်စွာ ခက်ခဲတော့မည်ပင်။

ကံကောင်းစွာဖြင့် ထိုတာဝန်သည် အရန်တာဝန် တစ်ခုသာဖြစ်ပြီး အချိန်ကန့်သတ်ချက်လည်း မရှိခဲ့ပေ။ မပြီးမြောက်လျှင်တောင်မှ ဘာမှထိခိုက်မှာ မဟုတ်ဘူး။ ကံကောင်း၍ ပစ္စည်းတချို့ ရှာဖွေတွေ့ရှိခဲ့လျှင်လည်း ကောင်းမွန်သော ဆုလာဘ်ကြီးကို ရရှိနိုင်သည်။

ထို့ကြောင့် ချီယွမ် အတွေးများကို စုစည်းလိုက်ပြီး ဝင်ပေါက်ကို သတိမထားမိစွာ လှမ်းကြည့်လိုက်သည်။

"ဒီအချိန်ကို ကြည့်ရသလောက် လင်လုံ သန့်စင်နယ်မြေက လူတွေ ရောက်နေသင့်ပြီမလား"

ထိုအချိန်မှာပဲ..

ကောင်းမွန်စွာ အလုပ်လုပ်နေသော သန်မာသည့် လုပ်သားခေါင်းဆောင်သည် ရုတ်ချည်း သွေးတစ်ဗွက် အန်ထွက်လိုက်ကာ မြေပြင်ပေါ်တွင် အသံတစ်ချက်မှ မထွက်တော့ဘဲ လဲကျသွားလေ၏။

ထိုမြင်ကွင်းကြောင့် ချီယွမ်သည် မျက်နှာထားတစ်ချက် မပြောင်းလဲဘဲ ခေါင်းကို စိတ်ပျက်စွာ ခါယမ်းလိုက်သည်။

"ဒီကောင့်ကို ကြည့်ရတာ လူကောင်ကြီးပြီး သန်မာမလိုနဲ့ တကယ်တော့ စောက်ရူးပါလား။ တစ်ရက်ပဲ ရှိသေးတယ်.. မောပြီး သေသွားရတယ်လို့။ နတ်ဆိုးဂိုဏ်းရဲ့ လူတွေက ကျင့်ကြံမှု မရှိကြဘူးနဲ့ တူပါတယ်"

ထိုလုပ်သားခေါင်းဆောင် သေသွားသည့်အတွက် ချီယွမ် ဘာကိုမှ မခံစားရပါချေ။ ဤနေရာရှိ လုပ်သားခေါင်းဆောင်တိုင်းသည် သွေးစွန်းနေသူများ ဖြစ်ကြပြီး အကြိမ်ရာချီမက သေဖို့ ထိုက်တန်ကြလေ၏။

အကယ်၍ ချီယွမ်သာ အခြေခံတည်ထောင်ခြင်း နယ်ပယ် သာမန်ကျင့်ကြံသူတစ်ဦး ဖြစ်နေပါက သူလည်းပဲ မောပန်း၍ သေဆုံးသွားနိုင်သည်။

"မင်းတို့နှစ်ယောက် ဒီကို ခဏလာကြစမ်း"

ထိုအချိန်မှာပဲ ချီယွမ်က ပုံမှန်လိုမျိုး ကျန်လုပ်သားခေါင်းဆောင် နှစ်ယောက်ကို ခေါ်လိုက်ပြီး ဂရုမစိုက်စွာ ပြောလိုက်သည်။

"မင်းတို့ရဲ့ ခေါင်းဆောင်က အလုပ်အရမ်းကြိုးစားပြီးတော့ မောပြီး သေသွားပြီ။ မင်းတို့နှစ်ယောက် သူ့ကိုယ်စား နေရာတစ်ခုရှာပြီး မြှုပ်ပေးလိုက်စမ်းပါ"

"ဟုတ်ကဲ့ပါ"

အပြင်ဘက်မှ လျင်မြန်စွာ ဝင်လာခဲ့သော ပုံရိပ်တစ်ထောင် နတ်ဆိုးမျက်လုံး၏ လွှမ်းမိုးခြင်းခံနေရသည့် ကျန်လုပ်သားခေါင်းဆောင် နှစ်ယောက်သည် ချီယွမ်၏ အမိန့်ကို ကြားသည်နှင့် လဲကျနေသော ဖက်တီး၏ အလောင်းကို မ,ယူရင်း စက်ရုပ်ဆန်စွာ လမ်းလျှောက်ထွက်သွားခဲ့သည်။

မကြာမီမှာဘဲ အပြင်ဘက်မှ ဆူညံသံများစွာကို ကြားလိုက်ရ၏။

မိုင်းတွင်း၌ နေ့စဥ်ရက်ဆက် လုပ်သားများ သေဆုံးနေရသော်ငြား ကြာပွတ်ဖြင့် အမိန့်ပေး ခိုင်းစေရန်သာ လိုအပ်သည့် လုပ်သားခေါင်းဆောင် သေဆုံးခြင်းကိုတော့ မကြုံတွေ့ဖူးကြချေ။

"ဘာလဲ။ ဒီလုပ်သားခေါင်းဆောင်က အလုပ် အလွန်အကျွံလုပ်ပြီး သေသွားတာလား"

"ဘာဖြစ်ကြတာလဲ။ လုပ်သားခေါင်းဆောင်တွေတောင် အလုပ် အရမ်းလုပ်နေကြပြီလား"

"နှစ်ကုန်တော့မှာဆိုတော့ ကြည့်ရတာ ငါတို့ရဲ့ လုပ်သားခေါင်းဆောင်က ဆုလာဘ် ရချင်တာနေမယ်။ အလုပ်တွေ အရမ်းကြိုးစားပြီး သေသွားရတယ်လို့ကွာ"

များစွာသော လုပ်သားများစွာသည် အချင်းချင်း ကြည့်လိုက်ကြပြီး စိတ်ပျက်နေသော မျက်နှာထားများက ပိုမို ဆိုးရွားသွားလေတော့သည်။

(သေစမ်း။ ဒီနေရာက ဘယ်လိုတောင် လူမဆန်တဲ့ နေရာလဲ။ လုပ်သားခေါင်းဆောင်တောင်မှ အလုပ် အလွန်အကျွံလုပ်ပြီး သေသွားတယ်ဆိုမှတော့ ငါတို့ အလုပ်သမားတွေက ဘာကို မျှော်လင့်ရတော့မှာလဲ)

ထိုအချိန်တွင် မိုင်းတွင်းနှင့် မိုင်ပေါင်း ရာချီမက ဝေးကွာသော နက်နဲသည့် တောနက်အတွင်း၌...

ဟူး ဟူး ဟူး

တည်ငြိမ်နေသော ပတ်ဝန်းကျင်သည် ရုတ်တရက် လှုပ်ရှားလာကာ နေရာကူးပြောင်းနိုင်သော လေဟာနယ် ဝင်ပေါက်တစ်ခု ပေါ်လာခဲ့သည်။

နောက်တစ်စက္ကန့်မှာပဲ ထိုဝင်ပေါက်အတွင်းမှ ဆယ်ယောက်ကျော်သော ပိန်ပါးကာ ကျက်သရေရှိသည့် ပုံရိပ်များစွာသည် အသီးသီး ထွက်လာကြ၏။

ထိုအမျိုးသမီး ကျင့်ကြံသူများသည် ခါးနားတွင် အတွန့်များနှင့် အလှဆင်ထားသော အောက်ထိ ဝဲကျနေသည့် တူညီသည့် ဂါဝန်များကို ဝတ်ဆင်ထားသည်။ အသက်အရွယ်နှင့် ရုပ်အသွင် ကွဲပြားကြသော်ငြား ဝတ်စုံတိုင်းတွင် ပန်းထိုးထားသည့် လင်လုံသန့်စင်နယ်မြေ၏ အမှတ်အသားများကြောင့် လင်လုံသန့်စင်နယ်မြေ၏ တပည့်မများမှန်း သိသာပါသည်။

ထိုအုပ်စုကို ဦးဆောင်သော အမျိုးသမီး ကျင့်ကြံသူသည် အသက်၂၀ ဝန်းကျင်သာ ရှိသေးပြီး ဆံထုံးနှစ်ခုနှင့် ချစ်စရာကောင်းသော အသွင်အပြင် ရှိသည်။ သူမ၏ ပုံစံက နူးညံ့ကာ ရွေ့လျားလိုက်တိုင်း အလှဆင််ထားသော ဖဲကလစ်များသည် လေမှာ ဝေ့ဝဲသွားသောကြောင့် လွတ်လပ်ပြီး ပေါ့ပါးသော ခံစားချက်ကို ပေးစွမ်းနိုင်သည်။

ထိုငယ်ရွယ်သော အမျိုးသမီး ကျင့်ကြံသူသည် ချစ်ဖို့ကောင်းသော်ငြား ရှိန်စေလောက်သည့် အရှိန်အဝါ ရနေသောကြောင့် ဝိညာဉ်အခြေတည်နယ်ပယ် ထိပ်သီးအဆင့် အင်အားကြီး ကျင့်ကြံသူတစ်ဦးမှန်း သိသာပါ၏။

သူမနောက်တွင် လိုက်ပါလာသော ကျန်သည့် အမျိုးသမီး ကျင့်ကြံသူများလည်း အသီးသီး သန်မာကြသည်။ ထိုအထဲမှ အားအနည်းဆုံး သန်မာသူကို ပြောပါဆိုလျှင် ဝိညာဉ်အခြေတည် နယ်ပယ် အစောပိုင်းအဆင့် တစ်ဦးသာ ရှိလေ၏။

"ညီအမတို့..."

ထိုအမျိုးသမီး ကျင့်ကြံသူက မိုင်းတွင်း တည်နေရာကို တည်ငြိမ်စွာ ကြည့်လိုက်ရင်း နူးညံ့စွာဖြင့် ပြောလိုက်သည်။

"ဒီတစ်ခေါက် ဂိုဏ်းကနေ အမိန့်ပေးထားတာက နတ်ဆိုးဂိုဏ်းရဲ့ ဒီရွှေနီမိုင်းတွင်းကို ဖျက်ဆီးပြီး အထဲက လုပ်သားတွေကို ကယ်တင်ဖို့ပဲ။ ဒီနေရာမှာရှိတဲ့ အသန်မာဆုံး ကျင့်ကြံသူက ထိပ်သီးအဆင့် ဝိညာဉ်အခြေတည်နယ်ပယ် နတ်ဆိုးကျင့်ကြံသူ တစ်ယောက်ပဲ။ သူ့ရဲ့နာမည်က စစ်ထူယွင်လို့ခေါ်တယ်။ ဂိုဏ်းခေါင်းဆောင်ရဲ့ အမိန့်အရ အဲ့ဒီလူ့ကို အသက်ရှင်လျက် ဖမ်းမိမှဖြစ်မယ်။ သေချာပေါက် သူ့ရဲ့အသက်ကို ထိခိုက်စေလို့ မရဘူးနော်။ ကျန်တဲ့ ကျင့်ကြံသူတွေကတော့ တိုက်ခိုက်မယ့် အရိပ်အယောင် မြင်တာနဲ့ တစ်ယောက်မှ အရှင်မထားနဲ့။ သတ်သာသတ်"

"ဟုတ်ကဲ့ အမိန့်နာခံပါ့မယ်"

လင်လုံ သန့်စင်နယ်မြေ၏ အမျိုးသမီး ကျင့်ကြံသူများအားလုံး ချက်ချင်း ကိုယ်ကို ဖြောင့်မတ်လိုက်ကြပြီး လျင်မြန်စွာ ဖြေကြားလိုက်ကြသည်။

သူမတို့အတွက်တော့ ဤတာဝန်သည် ဂိုဏ်းမှ စေခိုင်းသော သာမန်တာဝန်တစ်ခု မဟုတ်ပါချေ။ စစ်မှန်ဂိုဏ်းများနှင့် နတ်ဆိုးဂိုဏ်းများကြားတွင် စစ်ပွဲကြီး မဖြစ်ပေါ်တာ အချိန်အကြာကြီး ကြာမြင့်နေပြီဆိုသော်ငြား သေးငယ်သော တိုက်ပွဲများကတော့ အဆက်မပြတ် ဖြစ်ပေါ်နေဆဲပင်။

နတ်ဆိုးနယ်မြေ ၅ခုနှင့် စစ်မှန်ဂိုဏ်းများ၏ကြားတွင် တည်ရှိနေသော ဤမိုင်းတွင်းက နတ်ဆိုးဂိုဏ်း၏ သေးငယ်သော ပိုင်ဆိုင်မှုတစ်ခုသာဖြစ်သည်။ ထို့ကြောင့် ဤနေရာကို ဖျက်ဆီးလိုက်လည်း ပြဿနာ အကြီးကြီး တက်လာမှာ မဟုတ်ဘူး။

"မှတ်ထား။ ဒီတစ်ခေါက် တာဝန်ရဲ့ အဓိက ရည်ရွယ်ချက်က မိုင်းတွင်းအကြီးအကဲကို အသက်ရှင်လျက် ဖမ်းမိဖို့ပဲ"

ထိုမိန်းကလေး ကျင့်ကြံသူက ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ ငါတို့ အမြန်လုပ်မှရမယ်။ ဒါမှ တခြားနေရာက သတိထားမိပြီး တပ်ကူတွေ လွှတ်မလာမှာ"

ပြောပြီးသည်နှင့် သူမသည် အလင်းတန်းအဖြစ် ပျောက်ကွယ်ကာ မိုင်းတွင်းရှိရာသို့ ပျံသန်းသွားလိုက်သည်။

"ဟုတ်ကဲ့"

ကျန်သော အမျိုးသမီး ကျင့်ကြံသူများလည်း မနှောင့်နှေးရဲစွာဖြင့် ချက်ချင်း လိုက်သွားကြ၏။

All Chapters