စားကျက်မြေ၊ နွားတင်းကုပ်နှင့် ပူပြင်းသော ရာသီဥတု
Vol. 4 Ch. 51
“ရရှိသော ထောက်ပံ့ရေးပစ္စည်းများ- အုတ်မြစ်ကျောက် ၂၊ စားကျက်စေ့ (S အဆင့်) ၁၀၊ နွားတင်းကုပ် ထုတ်လုပ်မှုပုံစံ (A အဆင့်) ၁၊ ပေါင်မုန့် ၅၀၀ ဂရမ်။”
“နှစ်ဆရိတ်သိမ်းခြင်း အကျိုးသက်ရောက်မှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော ပစ္စည်းများ - အုတ်မြစ်ကျောက် ၄၊ စားကျက်စေ့ (S အဆင့်) ၂၀၊ နွားတင်းကုပ် ထုတ်လုပ်မှုပုံစံ (A အဆင့်) ၂၊ ပေါင်မုန့် ၁၀၀၀ ဂရမ်။”
ဤထောက်ပံ့ရေးသေတ္တာတစ်လုံးတည်းဖြင့် ရှောင်းယီ စိုးရိမ်နေသမျှ ပြဿနာအဝဝကို ဖြေရှင်းပေးသွားခဲ့ပြီဖြစ်၏။
နွားတွေအတွက် အစာရော၊ နေစရာပါ ရပြီ။
မစားရသည်မှာ ကြာပြီဖြစ်သော ပင်လယ်စာမဟုတ်သည့် အစားအစာကိုပင် ထောက်ပံ့ရေးသေတ္တာထဲမှ ရလိုက်သေးသည်။
“နှစ်ပေါင်းများစွာ ကံဆိုးမဲမှောင်ကျခဲ့ပြီးမှ အခုတော့ ကံကောင်းခြင်းတွေ ငါ့ဆီ ရောက်လာပြီထင်တယ်။”
ရှောင်းယီက စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး ထုန်လုပ်မှုပုံစံကို ကြည့်လိုက်သည်။
“【နွားတင်းကုပ် ထုတ်လုပ်မှုပုံစံ】 (A အဆင့်)- သစ်သားပြား ၂၈၊ သံ ၆။”
ရှောင်းယီသည် သူ၏ပစ္စည်းများကို စစ်ဆေးကြည့်လိုက်ရာ လုံလောက်မှုရှိနေသဖြင့် ချက်ချင်းပင် စတင်တည်ဆောက်လိုက်၏။
ပစ္စည်းများ ပျောက်ကွယ်သွားပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ဆောက်လုပ်ရေးနေရာလွတ်တွင် နွားတင်းကုပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ကျေးဇူးပြု၍ ထားရှိမည့်နေရာကို ရွေးချယ်ပါ။”
ရှောင်းယီသည် နွားတင်းကုပ်ကို ၅၀ စတုရန်းမီတာရှိသော စိုက်ပျိုးမြေဘေးတွင် နေရာချထားလိုက်သည်။
ထိုနေရာတွင် သစ်ပင်များနှင့် ကျောက်တုံးများလည်း အလိုအလျောက် ပေါက်ရောက်နေကြပြီဖြစ်ရာ နွားတင်းကုပ်ချရန်အတွက် သူကိုယ်တိုင်သွား၍ ရှင်းလင်းလိုက်ရ၏။
သစ်သား၊ သစ်ရွက်၊ သစ်ခေါက်နှင့် ကျောက်တုံးများအားလုံးကို နှစ်ဆစီ ရရှိခဲ့သည်။
ရှင်းလင်းပြီးနောက် သူနေရာချလိုက်ရာ အလွန်လက်ရာမြောက်သော သစ်သားနွားတင်းကုပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“နွားတင်းကုပ် (A။အဆင့်)- နွား (၃) ကောင် ထားရှိနိုင်သည်။ သန့်ရှင်းသပ်ရပ်ပြီး ဆေးကြောရလွယ်ကူသည်။ နွားများ၏ ကြီးထွားမှုနှင့် ထုတ်လုပ်နိုင်စွမ်းကို ၈၀% မြှင့်တင်ပေးသည်။ ပုံမှန်သန့်ရှင်းရေးလုပ်ရန် လိုအပ်သည်။”
“၃ ကောင်ပဲ ဆံ့တာလား။”
ရှောင်းယီက အံ့သြစွာ ပြောလိုက်မိ၏။
“ကံကောင်းလို့ ငါ့မှာ ထုတ်လုပ်မှုပုံစံနှစ်ခုဖြစ်နေတာ။ မဟုတ်ရင် လက်မှတ်ထိုးဝင်လို့ရထားတဲ့ နွား ၄ ကောင်အတွက် နေရာလောက်မှာ မဟုတ်ဘူး။”
သူသည် ကျန်သည့် နွားတင်းကုပ်တစ်ခုကိုပါ တည်ဆောက်လိုက်ပြီး ပထမတစ်ခု၏ ဘေးတွင် ကပ်၍ နေရာချလိုက်သည်။
နေရာချပြီးနောက် ရှောင်းယီသည် စားကျက်စေ့များကို ချက်ချင်းလေ့လာတော့လေသည်။
“စားကျက်စေ့ (S အဆင့်)- အလွန်လျှင်မြန်စွာ ကြီးထွားပြန့်ပွားနိုင်သော စားကျက်မြက်ဖြစ်သည်။ ၈ နာရီအတွင်း တစ်ရာသီစာ ရင့်မှည့်သည်။ သာမန်မြေကြီးပေါ်တွင် စိုက်ပျိုးနိုင်သော်လည်း မြက်၏အဆင့်မှာ လျော့ကျသွားမည် ဖြစ်သည်။”
“သတိပေးချက်- ဤမြက်ပင်သည် တောထသကဲ့သို့ အလွန်အမင်း ပေါက်ရောက်မည်ဖြစ်ရာ အခြားကောက်ပဲသီးနှံများကို မထိခိုက်စေရန် ဂရုပြုပါ။”
စနစ်၏ သတိပေးချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီ အလွန်ဝမ်းသာသွား၏။
“သာမန်မြေပေါ်မှာ စိုက်လို့ရတာ ကံကောင်းတယ်။ မဟုတ်ရင် S အဆင့်မြေကြီးတွေ ဘယ်ကသွားရှာရမှာလဲ။”
သာမန်မြေပေါ်တွင် စိုက်ပျိုး၍ရသော်လည်း S အဆင့် အစေ့အချို့ကိုတော့ သူချန်ထားချင်သေးသည်။
ခဏမျှ စဉ်းစားပြီးနောက် ရှောင်းယီသည် S အဆင့် စားကျက်စေ့ ၅ စေ့ကို ဂိုဒေါင်ထဲတွင် သိမ်းထားလိုက်၏။ ကျန် ၅ စေ့ကို S အဆင့်မြေရှိသော ပန်းခုံတွင် စိုက်ပျိုးပြီး ကျန် ၁၀ စေ့ကိုမူ သာမန်မြေကြီးပေါ်တွင် ကြဲပက်လိုက်သည်။
“ပထမတစ်သုတ် ရင့်မှည့်လာမှပြ နွားတွေကို လွှတ်ပေးတော့မယ်။”
ရှောင်းယီက တွေးလိုက်၏။
စနစ်၏အာကာသထဲတွင် အချိန်မှာ ရပ်တန့်နေသကဲ့သို့ ဖြစ်နေသဖြင့် နွားများ အငတ်ဘေးဆိုက်မည်ကို စိုးရိမ်စရာမလိုပေ။
အရာအားလုံး စီစဉ်ပြီးနောက် သူသည် ရရှိထားသော ပေါင်မုန့်ကို ချေမွပြီး ငါးမှုန့်နှင့် ရောကာ ကြက်ခြံထဲ ထည့်ပေးလိုက်သည်။ အစာများ ပေါမြားနေပြီဖြစ်ရာ သူတို့ကို ခပ်များများ ကျွေးလိုက်ခြင်းဖြစ်ပေသည်။
“များများစားပြီး ဥ မြန်မြန်ဥကြတော့။ ငါ မစောင့်နိုင်တော့ဘူး။”
ရှောင်းယီက ကြက်နှစ်ကောင်ကို ကြည့်ရင်း ပြောလိုက်၏။ အစာကျွေးပြီးနောက် ရှောင်းယီသည် သူ အစောပိုင်းက စိုက်ပျိုးထားသော သီးနှံများကို သွားကြည့်လိုက်သည်။
ပန်းသီးပင်များတွင် အသီးများ စတင်သီးနေပြီဖြစ်ပြီး ဂျုံများမှာလည်း ရင့်မှည့်နေပြီဖြစ်သည်။ ပဲပိစပ်များမှာလည်း အသီးတောင့်များ ထွက်နေပေပြီ။ အုန်းပင်များမှာမူ အလွန်မြင့်မားစွာ ကြီးထွားနေသော်လည်း အသီးသီးမည့် အရိပ်အယောင် မရှိသေးပေ။
“လောင်ယွမ်ကို ဂရုစိုက်ရမယ့် အချက်တွေ မေးကြည့်ရမယ်။”
ရှောင်းယီသည် တိုက်ခန်းဆီသို့ ပြန်လျှောက်လာရင်း ရေရွတ်လိုက်၏။
“ဦလေးယွမ် ပန်းသီး၊ ဂျုံနဲ့ ပဲပိစပ်တွေအတွက် မျိုးစေ့ချန်တဲ့အခါ အထူးဂရုစိုက်ရမှာတွေ ရှိလား။”
ရှောင်းယီက ယွမ်နွန်ထံသို့ မက်ဆေ့ခ်ျ ပို့လိုက်သည်။
“အဲ့ဒါတွေက အဆင်ပြေပါတယ်။ ပန်းသီးစေ့က အထဲက အဆန်မှာရှိတယ်။ ကျန်တဲ့ နှစ်ခုကတော့ သူတို့ရဲ့ အသီးကပဲ မျိုးစေ့ပဲလေ။ နောက်ပြီး မင်းဆီမှာ အပင်ပေါက်အားကောင်းစေတဲ့ A အဆင့်ရေသန့် ရှိနေတာပဲ။ ဘာမှ စိတ်ပူစရာမရှိပါဘူး။”
ယွမ်နွန်က ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့”
ယွမ်နွန်က ဆက်ပြောသည်။
“ဒါနဲ့၊ အဲဒီအပင်တွေရဲ့ ပင်စည်နဲ့ အရွက်တွေကို တိရစ္ဆာန်စာအဖြစ် သုံးလို့ရတယ်။ အလဟဿ မဖြစ်စေနဲ့ဦး။”
ရှောင်းယီ ခဏမျှ ကြောင်အသွားပြီးနောက် ပြန်ဖြေလိုက်၏။
“ဦးလေး မပြောရင် ကျုပ် မေ့တော့မလို့ပဲ။ ဟုတ်ကဲ့ပါ။”
ရှောင်းယီသည် ကိရိယာပုံးကို သယ်ကာ ရင့်မှည့်နေသော ဂျုံခင်းဆီသို့ ထွက်လာခဲ့လိုက်သည်။ ရိတ်သိမ်းသည့်ကိရိယာကို ထုတ်ကာ မြေကြီးနှင့် ကပ်၍ ရိတ်သိမ်းလိုက်၏။
ထို့နောက် ဂျုံနှံများကို ဖယ်ထုတ်ကာ ကျန်ရှိသော ကောက်ရိုးများကို နွားတင်းကုပ်ထဲသို့ ယူသွားလိုက်သည်။
ရှောင်းယီသည် ဂျုံနှံများကို နေလှန်းရန် မြေကွက်လပ်တစ်ခုသို့ ယူလာခဲ့လိုက်၏။ နေရောင်ကို ကြည့်ရင်း သူ ရေရွတ်လိုက်မိသည်။
“ပိုပိုပြီး ပူလာသလိုပဲ။”
နာရီအနည်းငယ်အတွင်းမှာပင် ဂျုံနှံများမှာ လုံးဝ ခြောက်သွေ့သွားသည်ကို ရှောင်းယီ တွေ့လိုက်ရ၏။အနည်းငယ်မျှ ပွတ်လိုက်ရုံဖြင့် ဂျုံစေ့များ အကုန်ထွက်ကျလာခဲ့သည်။
“ပူပြင်းတဲ့ ရာသီဥတုကလည်း ကောင်းသားပဲ။ အကြာကြီး စောင့်နေစရာ မလိုတော့ဘူး။”
ရှောင်းယီက ရေရွတ်ရင်း ဂျုံစေ့များကို A အဆင့်မြေရှိသော ပန်းခုံတွင် ထပ်မံစိုက်ပျိုးကာ A အဆင့်ရေ အနည်းငယ် လောင်းပေးလိုက်၏။
ခဏမျှ အလုပ်လုပ်လိုက်သည်နှင့် ရှောင်းယီသည် ချွေးများဖြင့့် စိုရွှဲနေပြီဖြစ်သည်။ သူ တိုက်ခန်းထဲ ပြန်ဝင်ကာ A အဆင့်ရေသန့် တစ်ဖန်ခွက်ကြီး မော့သောက်လိုက်၏။
“ဒီလောက် ပူနေမှတော့ နေ့လယ်ပိုင်း အလုပ်လုပ်လို့ မရနိုင်တော့ဘူး။”
ရှောင်းယီသည် ရေချိုးခန်းထဲ အပြေးဝင်ကာ ရေပူဖြင့် ချိုးလိုက်သည်။ သူသည် ရေအေးဖြင့် မချိုးချင်၍မဟုတ်ဘဲ ရေကန်ထဲရှိ ရေများမှာ နေပူရှိန်ကြောင့် အလိုအလျောက် ပူနေခြင်းဖြစ်သည်။
ရေချိုးပြီးနောက် သူသညါ အိပ်ခန်းထဲသို့ သွားကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ အများသုံးချန်နယ်ကို ကြည့်လိုက်၏။
“ပူလိုက်တာ။ ကျုပ်တော့ အရေခွံတွေတောင် လန်ထွက်တော့မယ်။”
“ဟုတ်တယ်။ ပိုက်ကွန်တောင် မပစ်နိုင်ဘူး။ ထောက်ပံ့ရေးသေတ္တာတွေ မျောသွားတာကို ဒီအတိုင်း ထိုင်ကြည့်နေရတယ်။”
“မင်းတို့က အခွင့်အရေးကို ဖြုန်းတီးနေကြတာပဲ။ ငါသာဆိုရင် ဒီနေပူထဲမှာတောင် သေတ္တာသွားဆယ်ဦးမှာ။”
“အပေါ်ကလူ လျှောက်ပြောမနေနဲ့။ ဒီလိုနေပူကြီးထဲမှာ နာရီဝက်လောက်ပဲ အလုပ်လုပ်ကြည့်စမ်းပါ။ ရေဓာတ်ခန်းခြောက်ပြီး သေသွားလိမ့်မယ်။”
“ငါ အရင်က နေပူထဲမှာ အုတ်သယ်ခဲ့တာပဲ။ ဘာမှမဖြစ်ပါဘူး။”
“ဒါနဲ့ ဆောက်လုပ်ရေးဆိုဒ်နဲ့ တူမလားဗျ။ ဆောက်လုပ်ရေးဆိုဒ်မှာ အုတ်သယ်ရတာကမှ တော်သေးတယ်။ အနည်းဆုံးတော့ သောက်စရာရေနဲ့ စားစရာရှိသေးတယ်။”
“လူတိုင်းကို အကြံပေးချင်ပါတယ်။ အရဲမစွန့်စားကြပါနဲ့။ ဒီနေရာမှာ အပူလျှပ်ရင် သေဖို့ပဲ ရှိတယ်။”
လူတိုင်း၏ ပြောစကားများကို ကြည့်ခြင်းအားဖြင့် ဤအပူဒဏ်မှာ ဒေသအလိုက် မဟုတ်ဘဲ တစ်ကမ္ဘာလုံး အနှံ့ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ရှောင်းယီ သိလိုက်ရ၏။
“ဒါကလည်း အဆင့်မြှင့်တင်ဖို့အတွက် စမ်းသပ်ချက်တစ်ခု ဖြစ်နိုင်တယ်။”
သူ တွေးလိုက်မိသည်။ ထို့ကြောင့် သူသည် ဆုဝမ်နှင့် အခြားနှစ်ဦးထံ ထပ်မံ၍မက်ဆေ့ခ်ျ ပို့လိုက်သည်။
“အပူမလျှပ်အောင် ဂရုစိုက်ကြဦး။ ရေများများသောက်။ ကျုပ် ရေထဲမှာ ဆားနည်းနည်း ထည့်ပေးထားတယ်။”
“【ဆားဖျော်ရည်】 ၂ လီတာ - လဲလှယ်မှုတန်ဖိုးမရှိ။”
သူတို့ သုံးယောက်စလုံး ချက်ချင်းပင် လက်ခံလိုက်ကြ၏။
“မင်းဆီမှာ ဆားရှိလို့ တော်သေးတာပေါ့။ မဟုတ်ရင် ဒီလောက် ချွေးထွက်နေတာက အရမ်းအန္တရာယ်များလိမ့်မယ်။”
ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါက စမ်းသပ်ချက်တစ်ခု ဖြစ်နိုင်တယ်။ နေ့လယ်ပိုင်းမှာ ဘာမှမလုပ်ဘဲ တဲထဲ ဒါမှမဟုတ် သစ်သားတဲအောက်မှာပဲ အနားယူကြပါ။”
“နားလည်ပြီ။”
သူတို့ သုံးယောက်စလုံး ပြန်ဖြေလိုက်ကြသည်။
ရှောင်းယီသည် ကုတင်ပေါ်တွင် ဘေးတစောင်းလှဲရင်း ပြတင်းပေါက်မှတစ်ဆင့် သူ၏ကျွန်းပေါ်ရှိ စိမ်းလန်းနေသော သစ်ပင်များကို ကြည့်နေလိုက်၏။ သူ့ကျွန်းပေါ်တွင်မူ ထိုမျှလောက် မပူသလို သူ ခံစားရသည်။
သူ အိပ်မောကျသွားပြီး ပြန်နိုးလာသောအခါ ညနေ ၄ နာရီ ရှိနေပြီဖြစ်သည်။။ယခုအချိန်တွင်မှ ရှင်သန်ကျန်ရစ်သူများ အပြင်ထွက်လှုပ်ရှားနိုင်တော့၏။
ရှောင်းယီသည် အများသုံးချန်နယ်ကို ကြည့်လိုက်ရာ ညည်းတွားသံများဖြင့် ပြည့်နှက်နေလေသည်။
“ငါတော့ သေတော့မယ်။ သောက်စရာရေ ရှိတဲ့လူရှိလား။ သတ္တုအပိုင်းအစတွေနဲ့ လဲပါ့မယ်။”
“မရတော့ဘူး။ ကျုပ် အရမ်းပင်ပန်းနေပြီ။ အန်လည်းအန်နေတယ်။ တစ်ယောက်လောက် ကူညီကြပါဦး။”
“ကျုပ်လက်ထဲမှာ အုတ်မြစ်ကျောက်ရှိတယ်။ ရေလိုချင်တယ်။ ရေအများကြီးလိုချင်တယ်။ ဆားဖျော်ရည်ဆိုရင် ပိုကောင်းတယ်။ အရမ်း အရေးတကြီးနေလို့ပါ။”