လျင်မြန်စွာ ကျယ်ပြန့်လာသော နယ်နိမိတ်နှင့် ဆင့်ကဲပြောင်းလဲမှုကို ကိုယ်တိုင်လမ်းညွှန်ခြင်း
Vol. 4 Ch. 52
ရှင်သန်ကျန်ရစ်သူများ မည်သည့်အရာများ လိုအပ်နေသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီက ဤသို့တွေးလိုက်မိ၏။
“ဒါ အခွင့်အရေးကောင်းပဲ။”
သူသည် ဈေးကွက်ခန်းမတွင် ပစ္စည်းများကို ချက်ချင်း စာရင်းတင်သွင်းလိုက်သည်။
“【ဆားဖျော်ရည်】 ၅၀ မီလီလီတာ ကို 【အုတ်မြစါကျောက်】 ၂ တုံး သို့မဟုတ် 【သတ္တုအပိုင်းအစ】 ၅ ခုဖြင့် လဲလှယ်မည်။”
ဆားရည်သည် ယခုအချိန်တွင် အသက်ကယ်ဆေးကဲ့သို့ ဖြစ်နေသဖြင့် ရှောင်းယီသည် ဈေးနှုန်းကို ယခင်ကထက် များစွာမြှင့်တင်ထားခဲ့သည်။
သူ စာရင်းတင်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် အများသုံးချန်နယ်တစ်ခုလုံး ရူးသွပ်သွားတော့၏။
“တစ်ယောက်ယောက်က ဆားဖျော်ရည် တင်လိုက်ပြီဟ။ သူ ဆား ဘယ်ကရတာလဲ။”
“ဘယ်ကရရ ဘာဂရုစိုက်နေတာလဲ။ မြန်မြန်လဲ၊ မဟုတ်ရင် ကုန်သွားလိမ့်မယ်။”
“ဒါပေမဲ့ ကျုပ်မှာ အုတ်မြစ်ကျောက်မရှိဘူး။ ရရချင်း ကျွန်းကို ချဲ့လိုက်တာလေ။”
“ဒါဆို သတ္တုအပိုင်းအစတွေနဲ့ လဲလေ။”
“အဲ့ဒါလည်း မရှိဘူး။”
“ဒါဆိုရင်တော့ ထိုင်ပဲကြည့်နေလိုက်ပေါ့။”
“သူဌေးကြီး၊ ဆားဖျော်ရည်လေး နည်းနည်းလောက် ပေးပါလား။ ကျုပ် သစ်သား ၁၀၀ နဲ့ ကျောက်တုံး ၁၀၀ ပေးပါ့မယ်။”
“အိပ်မက်မက်မနေနဲ့။ သူဌေးကြီးက မင်းရဲ့ သစ်သားနဲ့ ကျောက်တုံးကို ဘာလုပ်ရမှာလဲ။”
“တော်သေးတာပေါ့။ အရေးပေါ်သုံးဖို့ အုတ်မြစ်ကျောက်တချို့ ချန်ထားမိလို့။”
“ကျုပ်မှာ သတ္တုပြား ၂ ခုပဲ ရှိတယ်။ သူဌေး အပိုင်းလိုက်လဲလို့ရမလား။”
“အပိုင်းလိုက်လဲလှယ်ခြင်း” ဆိုသည်မှာ ရှောင်းယီ သတ်မှတ်ထားသော အချိုးအစားအတိုင်း သတ္တုပြား ၂ ခုပေးလျှင် ဆားရည် ၂၀ မီလီလီတာ ရရှိခြင်းကို ဆိုလိုခြင်းဖြစ်သည်။
ထိုတောင်းဆိုချက်ကို မြင်သောအခါ ရှောင်းယီသည် အပိုင်းလိုက် လဲလှယ်နိုင်ရန် ချက်ချင်းပင် ပြင်ဆင်ပေးလိုက်၏။
“ကျေးဇူးပါ သူဌေး။ နောက်ဆုံးတော့ ဆားဖျော်ရည် ရပြီ။”
ထိုလူသည် ချက်ချင်းပင် လဲလှယ်မှုကို အပြီးသတ်လိုက်သည်။
ဆားဖျော်ရည်များ မရပ်မနား ရောင်းထွက်နေသည်ကို ကြည့်ရင်း ရှောင်းယီက တွေးလိုက်မိသည်
“ကြည့်ရတာ လူအများစုက အုတ်မြစ်ကျောက်အပိုတွေကို ချန်ထားကြတာပဲ။”
သူသည် ယခင်က သတ္တုပြားများကို အလုံးအရင်းနှင့် ဝယ်ယူခဲ့သဖြင့် လူအများစုတွင် သတ္တုပြားများ ပြတ်လပ်နေကြ၏။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် လူအများစုသည် အုတ်မြစ်ကျောက်ဖြင့် ပေးချေကြပြီး လူအနည်းငယ်သာ သတ္တုပြားများကို အသုံးပြုကြသည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ သတိပေးချက်အရ တစ်ပတ်လျှင် အုတ်မြစ်ကျောက်တစ်ခုသာ ရေထဲသို့ နစ်မြှုပ်ပစ်မည်ဖြစ်၏။
ကျွန်းကျယ်လေ၊ ရိတ်သိမ်းရတာ ပိုများလေဆိုသည့်အချက်မှာလည်း သက်သေမပြရသေးသဖြင့် အသက်ရှင်သန်ကျန်ရစ်သူများသည် ကျွန်းကို အစွမ်းကုန် မတိုးချဲ့ကြဘဲ အုတ်မြစ်ကျောက်အချို့ကို အရံသိမ်းထားကြခြင်းဖြစ်သည်။
ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်သူတိုင်းမှာ အရံပစ္စည်းများ ချန်ထားရမည်ကို သိလောက်အောင် သတိရှိကြသူများဖြစ်ကြ၏။
တစ်မိနစ်အတွင်းမှာပင် ဆားဖျော်ရည် အစု ၅၀ လုံး ရောင်းကုန်သွားခဲ့သည်။
“ဈေးကွက်က မရိုးသေးဘူးပဲ။ နောက်ထပ် တင်ဦးမှပဲ။”
ရှောင်းယီက ရေရွတ်ရင်း နောက်ထပ် အစု ၅၀ ကို တင်လိုက်ပြန်သည်။
တိလင်းထျန်းရှားသည် အသစ်တင်လိုက်သော စာရင်းကို မြင်လိုက်ရသောအခါ အံ့သြသွားခဲ့သည်။
“ဒီလူက ဘယ်သူလဲဟ။ ငါတို့ လိုအပ်နေတာမှန်သမျှ သူ့ဆီမှာ အမြဲရှိနေတယ်ပဲ။”
သူကိုယ်တိုင်ပင် အစုတစ်ခု လဲလှယ်လိုက်၏။ ပူပြင်းလှသော အပူရှိန်ကြောင့် ရေဓာတ်ဖြည့်ရန်မှာ မဖြစ်မနေ လိုအပ်နေသည်။
ရှောင်းယီသည် ရေကို ဆက်တိုက် ကျိုချက်နေခဲ့သည်။ ပင်လယ်ဆား အနည်းငယ်ထည့်ပြီး ပုလင်းထဲထည့်ကာ ရောင်းချလိုက်၏။
နောက်ဆုံး အစု ၅၀ မှာ ၁၀ မိနစ်ကြာသည်အထိ မကုန်သေးသောအခါ ဝယ်လိုအား ပြည့်သွားပြီဖြစ်ကြောင်း သူ သိလိုက်လေသည်။ ထိုအခါ ရရှိလာသော ပစ္စည်းများကို သူ စစ်ဆေးကြည့်လိုက်၏။
“ရရှိသော ပစ္စည်းများ- အုတ်မြစ်ကျောက် ၁၀၀၀၊ သတ္တုပြား ၂၅၀။”
“နှစ်ဆရိတ်သိမ်းခြင်း အကျိုးသက်ရောက်မှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ - အုတ်မြစ်ကျောက် ၂,၀၀၀၊ သတ္တုပြား ၅၀၀။”
“ရှယ်ပဲ”
တစ်နေကုန် ရေကျိုနေရသမျှ ပင်ပန်းမှုအားလုံး ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။ ဤသည်မှာ “နှစ်ဆပွားခြင်း” စွမ်းရည်ကို အသုံးချသည့် နည်းလမ်းပင်ဖြစ်သည်။
ကျွန်းကို ချဲ့မယ်။ အကုန်လုံးကို ကျွန်းချဲ့တဲ့နေရာမှာ သုံးမယ်။
“ချဲ့ထွင်မည့် နေရာကို ရွေးချယ်ပါ။”
ထုံးစံအတိုင်းပင် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အလယ်ဗဟိုတွင် ထားကာ အပြင်ဘက်သို့ လေးထောင့်စတုရန်းပုံစံအတိုင်း ချဲ့ထွင်လိုက်၏။ နေရာရွေးပြီးသည့်နောက် ရှောင်းယီသည် ယုံကြည်မှုအပြည့်ဖြင့် အတည်ပြုခလုပ်ကို နှိပ်လိုက်လေသည်။
“ခရက်”
တိုက်ခန်း၏ အနောက်ဘက်မှ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသဖြင့် သူ လန့်ဖျန့်သွားခဲ့၏။
“ဘာဖြစ်တာလဲ။”
ကျွန်းကို ချဲ့ထွင်ပြီးနောက် လေရဟတ်ရေစုပ်စက်မှာ အသစ်ပေါ်လာသော ကျောက်တုံးကြောင့် ကြေမွသွားခဲ့ခြင်းဖြစ်သည်။
လေရဟတ်မှာ ကမ်းခြေတွင် ရှိနေခြင်းဖြစ်ပြီး ၎င်း၏ ဒလက်များမှာ ရေထဲသို့ နစ်ကာ ရေတင်ပေးနေခြင်းဖြစ်သည်။ ရုတ်တရက် စတုရန်းမီတာ ၂,၀၀၀ ခန့် ကျယ်ပြန့်လာသောကြောင့် လေရဟတ်ရှိသောနေရာမှာ ကမ်းခြေ မဟုတ်တော့ပေ။ ၎င်းမှာ ယခုအခါ ကုန်းတွင်းပိုင်းတွင် ဖြစ်သွားပြီဖြစ်သည်။
“တောက် ဒီကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကတော့ကွာ။”
ရှောင်းယီ ကျိန်ဆဲလိုက်မိ၏။
ကြိုပြီး သတိပေးလို့ မရဘူးလား။
သို့သော်လည်း သူသည် ပျက်စီးသွားသော လေရဟတ်ကို မည်သို့ပြင်ရမည်နည်းဟု ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ရှာဖွေကြည့်လိုက်သည်။
“ပျက်စီးနေသော လေရဟတ်ရေစုပ်စက်ကို ပြုပြင်ရန်လိုအပ်သည့်ပစ္စည်းများ - သစ်သားပြား ၆၊ သံ ၂။”
သူ့တွင် ပစ္စည်းတွေ ရှိသော်လည်း ပြန်ပြင်ပြီးလျှင် မည်သည့်နေရာတွင် ထားရမည်နည်း။
“မြောင်းကို လက်နဲ့ပဲ တူးရမှာလား။”
သူသည် ရေမြောင်းကို အဆုံးမရှိအောင် ဆက်မသွားချင်ပေ။
“ငါသာ မြောင်းတစ်ခု တူးလိုက်ရင် အဲဒါက တဖြည်းဖြည်းနဲ့ ရေချိုမြစ်တစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲသွားလောက်မလား။”
သူ၏မျက်လုံးများ တောက်ပသွားခဲ့သည်။
အကယ်၍ ထိုသို့သာ ဖြစ်နိုင်လျှင် သူသည် ကျွန်း၏ ဆင့်ကဲပြောင်းလဲမှုကို စိတ်ကြိုက် လမ်းညွှန်နိုင်မည်ဖြစ်သည်။
“စမ်းကြည့်ရအောင်။ သူ့အလိုလို ဖြစ်လာမယ့် ရေချိုမြစ်သာ ရရင်တော့ ထီပေါက်တာပဲ။”
သူ ဆုံးဖြတ်လိုက်၏။
ရေချိုမြစ်များသည် ကုန်းမြင့်များမှ စတင်လာခြင်းဖြစ်သည်။ မိုးရေနှင့် နှင်းရည်များ စုစည်းကာ ပင်လယ်ထဲသို့ စီးဝင်သွားပြီးနောက် အငွေ့ပျံကာ တိမ်ဖြစ်ပြီး မိုးအဖြစ် ပြန်ရွာချ၏။ ဤသည်မှာ သဘာဝ၏သံသရာစက်ဝန်းဖြစ်သည်။
ထိုသံသရာအတိုင်းဖြစ်လာရန် သူသည် တိုက်ခန်း၏ အနောက်ဘက်တွင် မြောင်းတစ်ခုနှင့် သဲဆန်သော မြေဆီလွှာတစ်ခု လိုအပ်သည်။ ၎င်းကို တောင်ကုန်းငယ်တစ်ခုအဖြစ် ပြောင်းလဲသွားရန် သူမျှော်လင့်မိသည်။
တိုက်ခန်းသည် နေရောင်ခြည်ရရန် တောင်ဘက်သို့ မျက်နှာမူထားပြီး အိမ်အနောက်ဘက် (မြောက်ဘက်) တွင် တောင်ကုန်းရှိခြင်းက ဆောင်းရာသီ၏ အေးစက်သော လေများကို ကာကွယ်ပေးနိုင်ကာ နွေးထွေးစေမည်ဖြစ်သည်။
ကျောဘက်တွင် တောင်ရှိခြင်းမှာ နောက်ခံရှိခြင်း ဖုန်းရွှေအရလည်း ကောင်းမွန်ပေသည်။
စတုရန်းမီတာ ၂၃၃၂ ဆိုသည်မှာ ကြီးမားသည်ဟု ထင်ရသော်လည်း ၅၀ မီတာ ပတ်လည်ရှိသော စတုရန်းတစ်ခုပင် ၂,၅၀၀ စတုရန်းမီတာ ရှိသည်။ထို့ကြောင့် ကျွန်း၏ အလယ်ဗဟိုမှ ကမ်းခြေအထိ မြောင်းတူးရန်မှာ ၂၅ မီတာပင် မပြည့်ပေ။
သူသည် ကိရိယာပုံးထဲမှ ဂေါ်ပြားတစ်ခုကို ထုတ်ယူကာ တိုက်ခန်းမှ ကမ်းခြေသို့ ဦးတည်၍ မြောင်းစတူးတော့သည်။
“ဒီကျွန်းက သဲတွေက ထင်ထားတာထက် တူးရတာ ပိုလွယ်သားပဲ။”
သူက ရေရွတ်လိုက်၏။ A အဆင့်ရေသန့်ကို အမြဲသောက်နေသဖြင့် သူ၏ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ သာမန်စစ်သားများထက် သာလွန်နေပြီး အထူးတပ်ဖွဲ့ဝင်များကိုပင် ကျော်လွန်နေပြီဖြစ်သည်။
ခွန်အားနှင့် ထက်မြက်သော ဂေါ်ပြားကြောင့် သူသည် မကြာမီမှာပင် အနံ ၂ မီတာ၊ အနက် ၁ မီတာရှိသော မြောင်းတစ်ခုကို တူးနိုင်ခဲ့၏။
သူသည် တူးလိုက်သမျှ မြေကြီးများကို တိုက်ခန်း၏ အနောက်ဘက်တွင် စုပုံထားလိုက်သည်။ ထို့နောက် အောက်ခြေတွင် ကျောက်တုံးများကို အလွှာလိုက်ခင်းကာ တောင်ကုန်းပုံစံ ဖော်လိုက်သည်။ ကျောက်တုံးတစ်လွှာ၊ မြေကြီးတစ်လွှာဖြင့် သူသည် မြင့်တက်လာအောင် တည်ဆောက်လိုက်၏။
မြောင်းကို သပ်ရပ်အောင် ပြုပြင်ပြီးနောက် သူသည် ကမ်းခြေနှင့် နံရံတစ်ခုသာ ခြားတော့သည့် နောက်ဆုံးအပိုင်းကို ဖောက်ထုတ်လိုက်သည်။
ဝေါ....
ပင်လယ်ရေများ ဝေါခနဲ စီးဝင်လာပြီး မြောင်းတစ်ခုလုံးကို လျင်မြန်စွာ ဖြည့်တင်းလိုက်၏။ သို့သော် ၎င်းမှာ ရေပြည့်သွားရုံသာဖြစ်ပြီး စီးဆင်းမှု မရှိပေ။
“အခုတော့ ကျွန်းက ဘယ်လို ပြောင်းလဲမလဲဆိုတာ စောင့်ကြည့်ရုံပဲ။”
သူသည် ထိုသို့ရေရွတ်လိုက်ကာ ရေတိုင်ကီထဲသို့ ရေပုံးများဖြင့် ရေခပ်ထည့်တော့သည်။ ရေစီးဆင်းမှု မရှိသေးသဖြင့် လေရဟတ်မှာ အသုံးမဝင်သေးပေ။ လောလောဆယ်တွင် လက်ဖြင့်သာ ခပ်ရပေတော့မည်။