နို့ညှစ်ခြင်းနည်းစနစ်နှင့် S အဆင့်နို့
Vol. 4 Ch. 54
နှစ်ဆရိတ်သိမ်းခြင်း အကျိုးသက်ရောက်မှုကို အပြည့်အဝ ရယူရန် အာရုံစိုက်နေမိတာကြောင့် နွားတွေအကြောင်းကိုတောင် မေ့လုနီးပါး ဖြစ်သွားခဲ့၏။
ရှောင်းယီသည် ချက်ချင်းပင် အပြင်ဘက် စိုက်ခင်းဆီသို့ ထွက်လာခဲ့သည်။ စိုက်ပျိုးထားသော စားကျက်မြက်များမှာ လုံးဝရင့်မှည့်နေပြီဖြစ်၍ အားလုံးကို ရိတ်သိမ်းလိုက်၏။ ပမာဏ အများကြီးမဟုတ်သော်လည်း အစောပိုင်းက ရိတ်သိမ်းထားသော ဂျုံရိုးများ၊ ပဲရိုးများနှင့် ပေါင်းလိုက်လျှင် နွားများ ဗိုက်ဖြည့်ရန် လုံလောက်ပေသည်။
ရှောင်းယီသည် ရိတ်သိမ်းထားသော မြက်များကို နွားတင်းကုပ်ထဲ ထည့်လိုက်ပြီးနောက် နွား ၄ ကောင်ကို လွှတ်ပေးလိုက်၏။ အစာခွက်ထဲရှိ အစာများကို မြင်လိုက်ရသောအခါ နွား ၄ ကောင်စလုံး အငန်းမရ သွားရောက်စားသောက်ကြတော့သည်။
“သတိပေးချက်- နွားများစားသော အစာအားလုံးမှာ S အဆင့် မဟုတ်ပါ။ ထွက်ရှိလာသော နို့ရည်မှာ အစားအစာ၏ အဆင့်အတိုင်းသာ ဖြစ်ပါလိမ့်မည်။ အကယ်၍ နွားများသည် S အဆင့် အစာကို အချိန်ကြာမြင့်စွာ မစားရပါက ၎င်းတို့၏ ကိုယ်ပိုင်အဆင့်မှာလည်း လျော့ကျသွားမည် ဖြစ်သည်။”
စနစ်၏ သတိပေးချက်ကို ကြားလိုက်ရသောအခါ ရှောင်းယီက မေးလိုက်သည်။
“ငါက နေ့တိုင်း S အဆင့် အစာအချို့ ကျွေးမယ်။ ကျန်တာကိုတော့ အဆင့်နိမ့်တာတွေ ကျွေးမယ်ဆိုရင် နွားတွေရဲ့ အဆင့်က ကျသွားဦးမှာလား။”
“မကျနိုင်ပါဘူး။ ဒါပေမယ့် နို့ရည်အဆင့်ကတော့ လျော့ကျသွားပါလိမ့်မယ်။”
“ဒါဆို တော်သေးတာပေါ့။”
ရှောင်းယီ နောက်ဆုံးတွင် စိတ်အေးသွားခဲ့သည်။ ဤသည်မှာ အကူးအပြောင်း ကာလသာဖြစ်သည်။ S။အဆင့် မြေကြီးများ ပိုရလာပြီဆိုလျှင် စားကျက်မြက်ကို အကြီးအကျယ် စိုက်ပျိုးနိုင်မည်ဖြစ်သည်။
ယခုလောလောဆယ်တွင် နွားများ၏ အဆင့်ကို ထိန်းသိမ်းရန် S အဆင့် မြက်အချို့ကို နေ့စဉ်ကျွေးပေးရုံသာ လိုအပ်၏။ နို့ရည်အဆင့်နှင့် ပတ်သက်၍မူ ရနေသည်ကိုပဲ ကျေးဇူးတင်ရမည်ဖြစ်ပြီး ပိုပြီးတော့ မမျှော်လင့်တော့ပေ။
ယခုတစ်ကြိမ်တွင် စနစ်က ပေးထားသည်မှာ အရွယ်ရောက်ပြီး နွားများဖြစ်ကာ အထီးတစ်ကောင်နှင့် အမသုံးကောင် ပါဝင်သည်။
အရွယ်ရောက်ပြီး နွားမများဖြစ်၍ ၎င်းတို့ကို မည်သို့မှန်ကန်စွာ နို့ညှစ်ရမည်ကို ကျွမ်းကျင်သူထံ မေးမြန်းရန် လိုအပ်လာခဲ့ပြန်၏။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားပြီး ရှောင်းယီသည် ယွမ်နွန်ထံ မက်ဆေ့ခ်ျပို့ရန် ပြင်လိုက်သည်။ သို့သော် ယွမ်နွန်က အရင်ဆုံး လဲလှယ်မှုတောင်းဆိုချက်တစ်ခု ပေးပို့လာခဲ့သည်။
“【အုတ်မြစ်ကျောက်】 ၂၊ 【သံလိုက်】 ၂၊ 【သံ】၃၊... အခမဲ့ လဲလှယ်မည်။”
လဲလှယ်မှုကို လက်ခံလိုက်၏။
“နှစ်ဆရိတ်သိမ်းခြင်း အကျိုးသက်ရောက်မှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ - အုတ်မြစ်ကျောက် ၄၊...”
“ဘာမှပြန်ပို့ပေးစရာ မလိုဘူး။ ငါ့မှာ အဲ့ဒါတွေ မလိုဘူး။”
“ဟုတ်ကဲ့ပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဦးလေးယွမ် နွားတွေက ဘယ်အချိန်မှာ နို့ထွက်တာလဲ။ နို့ညှစ်တဲ့အခါ ဘာတွေ သတိထားရမလဲ။”
ရှောင်ယီ၏ မေးခွန်းကို မြင်လိုက်သောအခါ ယွမ်နွန် မှင်တက်သွား၏။ ရှောင်းယီတွင် နွားများ အမှန်တကယ်ရှိနေသည်ကို သူ မယုံနိုင်အောင် ဖြစ်သွားခဲ့ရသည်။
သူကိုယ်တိုင်ပင်လျှင် ထောက်ပံ့ရေးသေတ္တာများထဲက သက်ရှိတစ်ကောင်မှ မရသေးပေ။
ရှောင်းယီက ဒီတိရစ္ဆာန်တွေကို ဘယ်ကရလာတာလဲ။ အံ့သြနေသော်လည်း မေးခွန်းကိုတော့ ဖြေပေးရပေမည်။
“ယေဘုယျအားဖြင့် ပြောရရင် နွားမတစ်ကောင်ရဲ့ နို့ထွက်နှုန်းက ၁၀ လ ကြာတတ်တယ်။ ပထမတစ်ကြိမ် သားပေါက်ပြီးနောက်မှာ ထပ်ပြီး သားမစပ်ဘူးဆိုရင်လည်း နို့ဆက်ထွက်နိုင်သေးတယ်။ ဒါပေမဲ့ နို့အထွက်ဆုံးအချိန်ကတော့ ၃ လပဲ ရှိတယ်။ ၃ လကျော်ရင်တော့ တဖြည်းဖြည်း လျော့သွားလိမ့်မယ်။”
ယွမ်နွန်က နွားများနှင့် ပတ်သက်သော ဗဟုသုတများကို စတင်ရှင်းပြတော့သည်။
ရှောင်းယီမှာ နားထောင်ရင်း အတော်လေး ခေါင်းနောက်သွားသော်လည်း ကြိုးစားသင်ယူရုံမှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။ လောလောဆယ်တွင် သူ့အတွက် မည်သူမှ လာမွေးပေးနိုင်သည်မဟုတ်။
“နို့မညှစ်ခင် လက်ကို သေချာဆေးရမယ်။ အထူးသဖြင့် လက်သည်းတွေ မရှည်အောင် သတိထားရမယ်။ ပြီးရင် နွားရဲ့နို့အုံကို ရေနွေးနဲ့ ဆေးပေးပြီး သေချာနှိပ်ပေးရမယ်။ နို့အုံမှာ ရောင်ရမ်းတာ ဒါမှမဟုတ် အဖုအကျိတ်တွေ ရှိ၊ မရှိ စစ်ဆေးပြီးမှ စညှစ်။ အသုံးအများဆုံး နည်းလမ်းကတော့ လက်သီးဆုပ်ပြီး ညှစ်တဲ့နည်းပဲ...”
ယွမ်နွန်က သရုပ်ပြရင်း ပြောပြလိုက်၏။ ရှောင်းယီသည် အလွန်အာရုံစိုက်ကာ နားထောင်လိုက်သည်။ ဤနည်းစနစ်မှာ အလွန်အရေးကြီးပေသည်။
“နောက်ဆုံးအနေနဲ့ နွားရဲ့ နို့သီးခေါင်းတွေကို ဆေးရည်နဲ့ ဆေးပေးဖို့ လိုတယ်။ ဒါပေမဲ့ အခုအခြေအနေက အကန့်အသတ်ရှိနေတော့... ငါ့အမြင်အရတော့ A အဆင့်ရေသန့်နဲ့ ဆေးပေးရင်လည်း အဆင်ပြေလောက်ပါတယ်။”
ယွမ်နွန်က နောက်ဆုံးတွင် ပြောလိုက်၏။ ရှောင်းယီက ခေါင်းငြိမ့်ကာ ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့ နားလည်ပါပြီ။ သွားစမ်းကြည့်လိုက်ပါဦးမယ်။”
ပြောပြောဆိုဆိုနှင့် ရှောင်းယီသည် သစ်သားပုံးငယ်တစ်ခုကို ပြုလုပ်ကာ ယွမ်နွန်သင်ပေးသည့်အတိုင်း နွားတင်းကုပ်ဆီသို့ လျှောက်သွားလိုက်သည်။
ဖျစ်...ဖျစ်
သူသည် နို့ညှစ်ခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့၏။ ထို့ပြင် ဤနွားများမှာ အလွန်ယဉ်ပါးလှပြီး နို့အထွက်နှုန်းမှာလည်း အလွန်ကောင်းလှသည်။ ခဏအတွင်းမှာပင် သူသည် နို့ပုံးတစ်ဝက်ခန့် ညှစ်ပြီးသွားခဲ့သည်။
“ရရှိသောပစ္စည်း - 【နွားနို့】 (S အဆင့်) ၅ ကီလိုဂရမ်။”
“နှစ်ဆရိတ်သိမ်းခြင်း အကျိုးသက်ရောက်မှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်း- နွားနို့ (S အဆင့်) ၁၀ ကီလိုဂရမ်။”
နှစ်ဆရိတ်သိမ်းခြင်း အကျိုးသက်ရောက်မှု ရှိနေသေးသည်ကို သိလိုက်ရသဖြင့် ရှောင်းယီသည် ပုံးတစ်ဝက်ခန့်သာ ညှစ်သော်လည်း ပုံးအပြည့် ရရှိခဲ့ခြင်းဖြစ်သည်။
နွားနို့မှာ S အဆင့် ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ နွားများမှာ S အဆင့်အစာကို အပြည့်အဝ မစားရသေးသဖြင့် ဤသည်မှာ စနစ်ကပေးသော အစဦးအကျိုးခံစားခွင့် ဖြစ်နိုင်၏။
နို့ရည်များစွာ ကျန်နေသေးသော်လည်း ရှောင်းယီတွင် ရေရှည်သိမ်းဆည်းရန် နည်းလမ်းမရှိသေးသဖြင့် နို့ညှစ်ခြင်းကို ရပ်တန့်လိုက်ရသည်။
သူသည် နွား၏နို့အုံများကို A အဆင့်ရေသန့်ဖြင့် ဆေးကြောပေးပြီးနောက် နို့ပုံးကို မီးဖိုဆီသို့ စိတ်လှုပ်ရှားစွာ သယ်သွားလိုက်၏။
သူသည် နို့မညှစ်တတ်သော်လည်း လတ်လတ်ဆတ်ဆတ် ညှစ်ထားသော နို့ကို တိုက်ရိုက်သောက်၍မရဘဲ အရင်ကြိုရမည်ကိုတော့ သိထားပေသည်။
သူသည် နို့အိုးကြီးတစ်လုံးကို ၅ မိနစ်ခန့် ပွက်ပွက်ဆူအောင် ကြိုလိုက်ပြီးနောက် သောက်ရန်သင့်တော်သော အပူချိန်အထိ အအေးခံထားလိုက်သည်။
ရှောင်းယီသည် မစောင့်နိုင်တော့ဘဲ တစ်ငုံသောက်ကြည့်လိုက်၏။ နို့၏ရနံ့မှာ ပါးစပ်ထဲသို့ ပျံ့နှံ့သွားပြီး လည်ချောင်းထဲသို့ စီးဆင်းသွားခဲ့သည်။
နို့ရည်များ ဗိုက်ထဲသို့ ရောက်ရှိသွားသည်နှင့် နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခုသည် ခြေလက်များဆီသို့ စီးဆင်းသွား၏။ ဤခံစားချက်မှာ A အဆင့်ရေသန့်ကို ပထမဆုံးအကြိမ် သောက်သုံးခဲ့စဉ်ကထက်ပင် ပို၍ နေလို့ကောင်းနေခဲ့သည်။
“ရှယ်ပဲ”
ရှောင်းယီသည် နို့တစ်ဝက် (၅၀၀ ဂရမ်) ခန့်ကို တစ်ခါတည်း သောက်လိုက်ပြီးနောက် သူ၏ ဖောင်းကားနေသော ဗိုက်ကို ပွတ်သပ်ရင်း ကုတင်ပေါ်တွင် လှဲလျောင်းလိုက်၏။ သူ၏ မျက်လုံးများမှာမူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ အများသုံးချန်နယ်ဆီသို့ ရောက်ရှိနေဆဲပင်။
“ညဘက်မှာတောင် ဘာလို့ ဒီလောက် ပူနေရတာလဲ။”
အများသုံးချန်နယ်တွင် တစ်စုံတစ်ယောက်က ညည်းတွားနေ၏။
“ဟုတ်ပါ့၊ ပြီးခဲ့တဲ့ အပတ်ကထက် အများကြီး ပိုပူတယ်။”
ပြီးခဲ့သည့်အပတ်က နေ့ဘက်တွင် ပူသော်လည်း ညဘက်တွင် အေးမြမှုရှိခဲ့သည်။ ရှောင်းယီသည် အင်္ကျီကို ချွတ်ထားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် အပေါ်ပိုင်းဗလာနှင့် ထိုင်ကာ လူတိုင်း၏ ညည်းတွားသံများကို ကြည့်နေလိုက်သည်။
“ပူလိုက်တာ။”
ရာသီဥတုကလည်း ပူသည့်အပြင် S အဆင့်နို့ကို သောက်ထားသဖြင့် ရှောင်းယီ၏ ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း ပူတက်လာ၏။
“ဘာလို့ ဒီလောက်တောင် ပူနေရတာလဲ။”
ရှောင်းယီ အမှန်တကယ် မခံနိုင်တော့ဘဲ ရေချိုးခန်းထဲ အပြေးဝင်ကာ ပူလောင်နေသော ခန္ဓာကိုယ်ကို ရေပန်းဖြင့် တောက်လျှောက် လောင်းချလိုက်သည်။
“S အဆင့် နို့က အာဟာရဓာတ် အရမ်းများတယ်။ သောက်တာလည်း နည်းနည်းများသွားလို့ အခုလို ဖြစ်တာနေမယ်။”
ရေပန်းအောက်တွင် ရပ်နေရင်း ရှောင်းယီ ခန့်မှန်းလိုက်၏။ နာရီဝက်ခန့် ရေချိုးပြီးနောက် သူ၏ခန္ဓာကိုယ်မှာ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ နေပူထဲတွင် ညိုသွားခဲ့သော အသားအရေမှာ ပြန်လည် နူးညံ့ဖြူစင်လာပြီး ကိုယ်လုံးကိုယ်ပေါက်မှာလည်း ပို၍ ကြည့်ကောင်းလာခဲ့သည်။ ကြွက်သားအဖုကြီးများ မရှိသော်လည်း ရှောင်းယီသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကြီးမားသော ခွန်အားကို ခံစားနေရ၏။
“အနည်းဆုံးတော့ အရင်ကထက် ခန္ဓာကိုယ် ကြံ့ခိုင်မှုက ၅ ဆလောက် ဖြစ်သွားပြီ။”
ရှောင်းယီသည် သူ၏ ခွန်အားကို စမ်းသပ်ရင်း တွေးလိုက်မိသည်။
နို့မသောက်ခင်ကပင် သူသည် အထူးတပ်ဖွဲ့စစ်သားတစ်ယောက်၏ ကြံ့ခိုင်မှုကို ရရှိထားပြီးဖြစ်သည်။ ယခုမူ သူသည် အထူးတပ်ဖွဲ့ဝင်များထက်ပင် သာလွန်သွားပြီမှာ သေချာ၏။ နှိုင်းယှဉ်စရာ မရှိသဖြင့် မည်သည့်အဆင့်အထိ ရောက်နေသည်ကိုမူ သူ မသိပေ။
စဉ်းစားပြီးနောက် ရှောင်းယီသည် နို့ ၅၀ ဂရမ်စီပါသော ဝေစု ၄ ခုကို ပြင်ဆင်ကာ ဆုဝမ်နှင့် အခြားသူများထံသို့ လဲလှယ်၍ လက်ဆောင်ပေးလိုက်သည်။ လူတိုင်း၏ ကြံ့ခိုင်မှု တိုးတက်လာမှသာ သူတို့ ပိုမိုရှင်သန်နိုင်မည်ဖြစ်သည်။ အနာဂတ်တွင် အကူအညီ လိုအပ်လာပါက ဤရင်းနှီးသော သူငယ်ချင်းများအပေါ်တွင်သာ မူတည်နေမည် ဖြစ်သည်။
“【နွားနို့】 (S အဆင့်) ၅၀ ဂရမ် - အခမဲ့လဲလှယ်မည်။”
“ခုနက ကြိုထားတဲ့ နို့နွေးလေးတွေပါ။ အာနိသင် အရမ်းပြင်းလို့ တဖြည်းဖြည်းချင်း သောက်ကြပါ။ မဟုတ်ရင် ခန္ဓာကိုယ်က ပိုပြီး ပူလာလိမ့်မယ်။”
ကျန်းယွင်ထျန်းထံသို့ ဝေစု ၂ ခု ပို့ပေးလိုက်ပြီး အထူးမှာကြားလိုက်၏။
“ကလေးတွေ တိုက်ရိုက်သောက်ဖို့ သင့်တော်၊မတော် မသိလို့ အခြေအနေကြည့်ပြီး နည်းနည်းချင်း အရင်တိုက်ကြည့်ဖို့ အကြံပေးချင်တယ်။”
“ကောင်းပြီ ကျေးဇူးအများကြီးတင်ပါတယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ဆုဝမ်မှာမူ နို့နွေးလေးကို ကိုင်ထားရင်း ဘာတွေတွေးနေမှန်းမသိဘဲ ငိုင်နေမိ၏။
ယွမ်နွန်ကတော့ တီးတိုးရေရွတ်လိုက်မိသည်။
“ဒီကောင်လေးရဲ့ သင်ယူနိုင်စွမ်းက တကယ် မြန်တာပဲ။ ထွက်ကုန်ကိုတောင် ချက်ချင်း ထုတ်နိုင်သွားပြီ။”
နို့ညှစ်ခြင်းနည်းစနစ် ဆိုသည်မှာ သူတို့အတွက်တော့ လွယ်ကူသော ကိစ္စတစ်ခုသာ ဖြစ်သည်မဟုတ်ပါလား။