မျိုးစေ့ပျိုးထောင်ခြင်းနှင့် ကျန်းယွင်ထျန်း ဒဏ်ရာရခြင်း
Vol. 4 Ch. 46
ရှောင်းယီသည် ဆလတ်ရွက် အဖတ်များကို ကြက်ခြံထဲသို့ ပစ်ထည့်ပေးလိုက်ရာ ကြက်ကလေးနှစ်ကောင်မှာ နေ့စဉ်စားနေရသည့် ပေါင်မုန့်အစအနများကို ငြီးငွေ့နေပြီဖြစ်၍ အားပါးတရ ဝိုင်းဆိတ်စားကြတော့လေသည်။
ထိုအလုပ်ပြီးနောက် သူသည် မနေ့က ခွာထားသော စတော်ဘယ်ရီသီး အခွံများကို စစ်ဆေးကြည့်လိုက်ရာ ခြောက်သွေ့နေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ သူသည် အစေ့များကို ဂရုတစိုက် ခါချလိုက်သည်။
“ရရှိသောပစ္စည်းများ- စတော်ဘယ်ရီမျိုးစေ့ ၅၀၀၀။”
“ဒီလောက်တောင် များတာလား။”
ရှောင်းယီ အာမေဍိတ်သံဖြင့် ရေရွတ်လိုက်မိ၏။
“အရင်လိုပဲ မြေကြီးထဲ တန်းပစ်ထည့်လိုက်ရင် ရပြီလားမသိဘူး။”
သေချာစေရန်အတွက် သူသည် ယွမ်နွန်ကို မေးကြည့်လိုက်သည်။
“ဦးလေးယွမ် စတော်ဘယ်ရီမျိုးစေ့တွေကို မြေကြီးထဲ တိုက်ရိုက်စိုက်လိုက်လို့ ရမလား။”
“မရဘူး”
ယွမ်နွန်က ချက်ချင်းဆိုသလို အကြောင်းပြန်ပြီး ဗီဒီယိုခေါ်ဆိုမှုတစ်ခု ပေးပို့လာခဲ့၏။ ရှောင်းယီက သူ့ကိုကြည့်ကာ မေးလိုက်သည်။
“တိုက်ရိုက်စိုက်လို့ မရဘူးလား။ ဒါဆို အရင်တစ်ခါက ဘယ်လိုလုပ် အောင်မြင်သွားတာလဲ။”
ယွမ်နွန်က အနည်းငယ် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
“အဲ့ဒါကိုတော့ ငါလည်း မရှင်းပြတတ်ဘူး။ ဒီကမ္ဘာကြီးရဲ့စည်းမျဉ်းတွေကြောင့်ပဲ ဖြစ်ရမယ်။ စမ်းသပ်မှုတစ်ခု လုပ်ကြည့်ရအောင်။ အစေ့တစ်ရာလောက်ကို အရင်အတိုင်း ပစ်ထည့်ကြည့်ပြီး အပင်ပေါက်မပေါက် စောင့်ကြည့်လိုက်ပါ။”
“ကောင်းပါပြီ။”
ရှောင်းယီသည် အစေ့ ၂၀၀ ကို ယူ၍ မြေကြီးထဲသို့ ကျဲချလိုက်ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်လာခဲ့သည်။
ယွမ်နွန်က ဆက်ပြောသည်။
“ငါ့ရဲ့ အရင်က အတွေ့အကြုံအရဆိုရင် အစေ့တွေကို ရေထဲမှာ တစ်ရက်စိမ်ရတယ်။ ပြီးရင် ဆယ့်ငါးရက်လောက် အအေးခံထားရပြီးမှ ရေနွေးနွေးနဲ့ ပြန်စိမ်ရတာ။ အစေ့အများစုက အဖြူရောင် အညှောက်ကလေးတွေ ထွက်လာပြီဆိုရင် ပျိုးထောင်လို့ရပြီ။”
“အဲ့ဒီလောက်တောင် ရှုပ်ထွေးတာလား။”
ရှောင်းယီ ကြောင်အသွား၏။ သာမန်လူတစ်ယောက်အနေဖြင့် ဤအချက်များကို သိရှိနိုင်မည်မဟုတ်ပေ။
ယွမ်နွန်က ရယ်မောလိုက်၏။
“တကယ်တော့ အဲ့ဒါက ရိုးရှင်းပါတယ်။ မျိုးစေ့ချပြီးရင် အပူချိန်ကို ပုံမှန်ရှိနေအောင် ထိန်းထားလိုက်ရုံပါပဲ။ အရွက်စစ် ၃ ရွက်ကနေ ၅ ရွက်လောက် ထွက်လာပြီဆိုရင်တော့ တခြားနေရာကို ရွှေ့စိုက်လို့ ရပါပြီ။”
“အဆင့်တွေက များနေတုန်းပဲ...။”
ရှောင်းယီ ကူကယ်ရာမဲ့သွားသည်။
“ဒါပါပဲ။ မင်း တကယ်စိုက်တဲ့အခါကျရင် ငါ့ကို ဆက်သွယ်လိုက်။ ဘာတွေ သတိထားရမလဲဆိုတာ ငါသတိပေးမယ်။”
ယွမ်နွန်က ပြန်ပြောလိုက်သည်။ ရှောင်းယီသည် လေပူတစ်ချက် မှုတ်ထုတ်လိုက်ရင်း ပြောလိုက်၏။
“ဦးလေးယွမ် ကျုပ်ရဲ့ကျွန်းကိုပဲ လာခဲ့လိုက်ပါတော့လား။ နေစရိတ် စားစရိတ် အခမဲ့ပေးပါ့မယ်။”
“ငါလည်း လာချင်တာပေါ့။ ဒါပေမဲ့ ဘယ်သူမှ ကိုယ်ဘယ်ရောက်နေလဲဆိုတာ မသိကြဘူးလေ။”
ယွမ်နွန်က နာကျင်စွာ ရယ်မောရင်း ပြောလိုက်သည်။
အကယ်၍ သူသာ ရှောင်းယီ၏ ကျွန်းသို့ သွားနိုင်ပါက ချက်ချင်းပင် ထွက်လာမိမည်ဖြစ်သည်။
“ကျုပ်ဘာသာပဲ လုပ်ကြည့်ရတော့မှာပေါ့။”
ရှောင်းယီက သက်ပြင်းချရင်း စတော်ဘယ်ရီများကို စိုက်ပျိုးရန် ပြင်ဆင်လိုက်တော့၏။
“ဦးလေးယွမ် A အဆင့် ရေသန့်က အရမ်းအစွမ်းထက်တယ်ဆိုတော့ အဲ့ဒါနဲ့ စမ်းကြည့်ရင်ရော။ အံ့ဩစရာ ရလဒ်တွေ ထွက်လာနိုင်တယ်လေ။”
ရှောင်းယီက ရုတ်တရက် အကြံပြုလိုက်သည် ။ ယွမ်နွန်သည် မျက်တောင်တဖျတ်ဖျတ်ခတ်သွားခဲ့၏။
“ဟုတ်သားပဲ စမ်းသပ်ကြည့်လိုက်ပါ။”
“ဟုတ်ကဲ့ စမ်းကြည့်လိုက်ပါ့မယ်။”
ရှောင်းယီသည် ကျန်ရှိသော အစေ့များကို အုပ်စုနှစ်စုခွဲလိုက်ပြီး တစ်စုကို သာမန်ရေသန့်ဖြင့် စိမ်ကာ နောက်တစ်စုကို A အဆင့်ရေသန့်ဖြင့် စိမ်လိုက်သည်။
“မင်းမှာ အအေးခံစက်ပစ္စည်းတွေ ရှိလား။”
ယွမ်နွန်က မေးလိုက်သည်။
“ရှိပါတယ်။ အအေးခန်း သိုလှောင်ရုံရှိတယ်။”
ရှောင်းယီ ပြန်ဖြေလိုက်သည်။
“ဒါဆိုရင်တော့ လွယ်သွားပြီ။”
ယွမ်နွန် အံ့ဩသွား၏။
ရှောင်းယီမှာ အရာအားလုံး ရှိနေပါရောလား။
မျိုးစေ့များကို ပြုပြင်ပုံ ပြုပြင်နည်းအား လမ်းညွှန်ပေးပြီးနောက် ၂၄ နာရီကြာလျှင် စိမ်ထားသော အစေ့များကို အအေးခန်းထဲသို့ ရွှေ့ထားရန် ယွမ်နွန်က သတိပေးလိုက်သည်။
“ဪ... ဒါနဲ့ ငရုတ်သီးမျိုးစေ့တွေကရော။”
ရှောင်းယီက စတော်ဘယ်ရီစေ့ ဇလုံကို ဘေးတွင် ချထားရင်း မေးလိုက်၏။
“ငရုတ်သီးမျိုးစေ့ ပျိုးထောင်တာကတော့ အဆင့်လေးဆင့် ရှိတယ်။ ရေစိမ်မယ်၊ ရေနွေးဖျောမယ်၊ အညှောက်ဖောက်မယ်၊ ပြီးမှ စိုက်မယ်။”
ရှောင်းယီ နှုတ်ခမ်းထောင့်များကိုကို တွန့်လိုက်မိပြီး သက်ပြင်းချကာ စိတ်ရှည်လက်ရှည်သာ နားထောင်နေလိုက်သည်။ ရှင်းပြချက်အပြီးတွင် ရှောင်းယီသည် ငရုတ်သီးပျိုးပင်များကို မည်သို့ပျိုးထောင်ရမည်ကို နားလည်သွားခဲ့သည်။
“အာလူးက စိုက်ရတာကမှ အများကြီး ပိုလွယ်သေးတယ်။”
သူက တိုးတိုးလေး ရေရွတ်လိုက်မိ၏။ ထို့နောက် ဦးလေးယွမ်၏ လမ်းညွှန်မှုဖြင့် ငရုတ်သီးမျိုးစေ့များကို စတင်ပြင်ဆင်ပြီး အချို့ကိုလည်း မြေကြီးထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်သည်။
ယွမ်နွန်က ပြုံးလိုက်၏။
“မင်း တတ်သွားပြီဆိုရင် မခက်တော့ပါဘူး။”
ရှောင်းယီက လက်မထောင်ပြလိုက်သည်။
“ဦးလေးက တကယ့် ပညာရှင်ပဲ။ ကျုပ် အစားအစာ သွားပြင်လိုက်ပါဦးမယ်။”
ဖုန်းချပြီးနောက် ရှောင်းယီသည် မှည့်နေသော ငရုတ်သီးအားလုံးကို ခူးယူလိုက်၏။ အချို့ကို ငရုတ်သီးမှုန့်လုပ်ရန် နေလှန်းလိုက်ပြီး ကျန်သည်များကို ဟင်းချက်ရန် ထားလိုက်သည်။
သူသည် ပုံမှန်အတိုင်း ငါးအချို့ကို ကင်ပြီးနောက် တစ်ဖက်သို့ ပို့ပေးလိုက်၏။ ယခုတစ်ကြိမ်တွင်မူ ငရုတ်သီးမပါဘဲ သာမန်အတိုင်းသာ ကင်ထားခြင်းဖြစ်သည်။
ငါးကင်ကို မြိန်ရည်ယှက်ရည် စားရင်း သူသည် A အဆင့်မြေကွက်ဆီသို့ လျှောက်သွားလိုက်၏။ စနစ်၏ အချက်ပေးချက်အရ ဂျုံများသည် နောက်တစ်ရက်ဆိုလျှင် ရိတ်သိမ်းရန် အဆင်သင့်ဖြစ်ပေတော့မည်။
S အဆင့်မြေကွက်တွင်မူ အုန်းပင်မှာ ၃ မီတာခန့် မြင့်နေပြီဖြစ်ပြီး နောက်မှစိုက်သော ပြောင်းဖူးပင်များမှာလည်း မီတာဝက်ခန့် ရှိနေပြီဖြစ်သည်။
ပတ်ပတ်လည်ကို ကြည့်ရှုပြီးနောက် သူသည် ကမ်းခြေဘက်သို့ လျှောက်သွားပြီး အဆုံးမရှိသော ပင်လယ်ပြင်ကို ငေးကြည့်နေမိ၏။
“ဒီ ‘ရှင်သန်ခြင်း အဆင့်မြှင့်တင်မှု’ ဆိုတာက ဘယ်နေရာမှာပါလိမ့်။”
ထိုအချိန်တွင် ကျန်းယွင်ထျန်းသည် ရေထဲမှ တရွတ်တိုက်ဆွဲကာ ကမ်းပေါ်သို့ တက်လာ၏။ သူ၏ ကိုယ်ခန္ဓာတစ်ခုလုံး ရွှဲရွှဲစိုနေပြီး ဘယ်ဘက်ပခုံးတွင် သွားရာများဖြင့် သွေးများ စီးထွက်နေသည်။
ခုနက သူသည် ပုံမှန်အတိုင်းပင် ပိုက်ကွန်ဧရိယာအပြင်ဘက်ရှိ ထောက်ပံ့ရေးသေတ္တာကို သွားယူရန် ရေငုပ်ခဲ့ခြင်းဖြစ်သည်။
တစ်ပတ်လုံး သူသည် ဤနည်းဖြင့် အပိုသေတ္တာများကို စုဆောင်းခဲ့သည်။ ပင်လယ်သတ္တဝါများ ပေါ်လာသောအခါ သူသည် ရေအောက်တွင် သူ၏ဓားမြှောင်ဖြင့် တိုက်ခိုက်ခဲ့သည်။ ၎င်းတို့ကို ဒဏ်ရာရအောင် လုပ်လိုက်ပါက ထွက်ပြေးသွားကြစမြဲပင်။
ထိုဓားမြှောင်မှာ ဒုတိယမြောက်နေ့က သေတ္တာထဲမှ သူရရှိခဲ့သော B အဆင့်ဓားမြှောင်ဖြစ်ပြီး အလွန်ထက်မြက်၏။ ဤနေရာသို့ မရောက်မီက ကျန်းယွင်ထျန်းသည် ဓားမြှောင်ကျွမ်းကျင်သူ တစ်ဦးဖြစ်ခဲ့သဖြင့် ဤလက်နက်မှာ သူ့လက်ထဲတွင် အံကိုက်ဖြစ်နေခဲ့သည်။
သို့သော် ယနေ့တွင်မူ ထိုသေတ္တာအနီး၌ ငါးမန်းနှစ်ကောင် ဝိုင်းရံနေခဲ့သည်။ လွန်ခဲ့သော တစ်ပတ်အတွင်းက သေတ္တာတစ်ခုလျှင် သတ္တဝါတစ်ကောင်သာ စောင့်နေတတ်ခြင်းဖြစ်၏။
ကျန်းယွင်ထျန်းသည် ငါးမန်းတစ်ကောင်ကို ဒဏ်ရာရအောင် လုပ်ပြီးနောက် သူ၏ကျွန်းဘက်သို့ အလျင်အမြန် ကူးခတ်လာခဲ့သော်လည်း ဒုတိယတစ်ကောင်က သူ့ကို တိုက်ခိုက်ပြီး ဘယ်ဘက်ပခုံးကို ကိုက်ခဲလိုက်သည်။
သူသည် ညာဘက်လက်ရှိ ဓားမြှောင်ဖြင့် ငါးမန်း၏မျက်လုံးကို ထိုးစိုက်လိုက်ရာ နာကျင်မှုကြောင့် ငါးမန်းသည် သူ့ကို လွှတ်ပေးလိုက်ရ၏။ ထိုအခွင့်အရေးကို အသုံးချကာ သူသည် အသက်လု၍ ထွက်ပြေးလာခဲ့ရခြင်းဖြစ်ပေသည်။
ကမ်းပေါ်ရောက်သောအခါ သူသည် အင်္ကျီကို ဆွဲဖြဲလိုက်ရာ ကြွက်သားများဖြင့် ဖုထွက်နေသော လက်မောင်းတွင် နက်ရှိုင်းသော သွားပေါက်ဒဏ်ရာများကို တွေ့လိုက်ရလေသည်။
သူသည် ရှောင်းယီဆီမှ လဲလှယ်ထားသော တစ်ရှူးလိပ်နှစ်ရွက်ကို ဆွဲဖြဲပြီး ဒဏ်ရာပေါ်သို့ ပြင်းပြင်းထန်ထန် ဖိထားလိုက်၏။
“ဟစ်...”
သူသည် နာကျင်မှုကြောင့် အသက်ပြင်းပြင်းရှူလိုက်ရင်း ပူစပ်ပူလောင် ခံစားချက်ကို ခံစားနေရသည်။
“ဒီစက္ကူက တကယ် ပိုးသတ်ပေးနိုင်တာပဲ။ ဟူး... ကံကောင်းလို့ ဒါရှိနေတာ။ မဟုတ်ရင် ဒဏ်ရာကို မီးနဲ့ပဲ မြှိုက်လိုက်ရမလား မသိဘူး။”
ဒဏ်ရာပေါ်တွင် စက္ကူကို ဖိထားရင်း သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ လျှောက်သွားလိုက်သည်။
“သတိထား။ ထောက်ပံ့ရေးသေတ္တာတွေနားမှာ ပင်လယ်သတ္တဝါတွေ ပိုများလာပြီ။”
သူက ရှောင်းယီထံသို့ မက်ဆေ့ခ်ျ ပို့လိုက်သည်။
ရှောင်းယီသည် ထိုစာကို မြင်မြင်ချင်း ကြောင်အသွားခဲ့ပြီး ချက်ချင်းပင် ဗီဒီယိုခေါ်ဆိုမှုတစ်ခု ပေးပို့လိုက်၏။
ကျန်းယွင်ထျန်းမှာ ကျောက်တိုင်နားက မခွာသေးသဖြင့် ဖုန်းမှာ ချက်ချင်းပင် ဆက်သွယ်မိသွားခဲ့သည်။
ကျန်းယွင်ထျန်း၏ ပခုံးတွင် သွေးများ စိမ့်ထွက်နေသော စက္ကူအား ဖိထားသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီ မျက်မှောင်ကျုံ့သွား၏။
“မင်း ဒဏ်ရာရသွားတာလား။ ဘာဖြစ်တာလဲ။”
သူက စိုးရိမ်တကြီး မေးလိုက်သည်။