စိတ်ချောက်ခြားခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားနှင့် ငါးမန်းနှစ်ကောင်နှင့် ပြင်းထန်သောတိုက်ပွဲ
Vol. 4 Ch. 48
“ဘာ...တစ်ယောက်ယောက်က သင်္ဘောကြီးတစ်စင်း တွေ့လိုက်တယ် ဟုတ်လား။ ဒါဆို ကျုပ်တို့ကို လာကယ်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်ဘူးလား။”
“သင်္ဘောကို မြင်တဲ့လူ မြန်မြန်ပြောပါဦး။ အခြေအနေက ဘယ်လိုလဲ။”
“သင်္ဘောအစစ်ကြီးပါဗျ။ ကျုပ် အကူအညီလှမ်းတောင်းကြည့်လိုက်ဦးမယ်။ သူတို့ လာကယ်မလားလို့။ ခဏနေရင် ပြန်ပြောမယ်။”
ထိုအချိန်တွင် အများသုံးချန်နယ်တစ်ခုလုံး တိတ်ဆိတ်သွား၏။ လူတိုင်းသည် ထိုသူထံမှ သတင်းစကားကို စောင့်မျှော်နေကြသည်။
“သေစမ်း... ကျုပ် အာခေါင်ခြစ်ပြီး အော်လိုက်တာ အသံတောင် နာနေပြီ။ သူတို့က လုံးဝ တုံ့ပြန်မှု မရှိဘူး။ မီးပုံရှို့ပြီး အချက်ပြဖို့ သစ်သားရှာဖို့ ငုံ့ကြည့်လိုက်တာ။ ပြန်လည်းမော့ရော သင်္ဘောကြီးက ပျောက်သွားပြီ။”
“သွားပြီ။ မင်းတော့ ဗိုက်အဆာလွန်ပြီး မျက်စိမှားသွားတာ သေချာတယ်။”
“ဟုတ်တယ်။ ဒီလို အဆုံးမရှိတဲ့ သမုဒ္ဒရာကြီးထဲမှာ သင်္ဘောကြီးက ဘယ်ကလာမှာလဲ။”
“ကျုပ် အခုလေးတင် ပေါင်မုန့်တစ်လုံး စားထားတာပါဆို။ ဗိုက်ဆာလို့ မျက်စိမှားတာ ဟုတ်မလား။ ယုံချင်ယုံ မယုံချင်နေ၊ ဘယ်သူမှ အတင်းမယုံခိုင်းဘူး။”
အများသုံးချန်နယ်ရှိ လူအများစုက ထိုသူ သင်္ဘောကြီး မြင်သည်ကို မယုံကြသော်လည်း ရှောင်းယီကမူ ယုံကြည်၏။ အကြောင်းမှာ တစ်စုံတစ်ယောက်သည် လှေငယ်တစ်စင်းဖြင့် သူ၏ကျွန်းသို့ပင် ရောက်လာခဲ့ဖူးသောကြောင့်ပင်။
“တစ်ယောက်ယောက်က သင်္ဘောကြီးတစ်စင်း တည်ဆောက်ပြီး ပင်လယ်ထဲကို ထွက်နေပြီလား။”
ရှောင်းယီ တစ်ယောက်တည်း တွေးနေမိ၏။
“ဒီ အရှိန်အဟုန်က ငါ့ထက်တောင် မြန်နေပါလား။ ငါလည်း ပိုကြိုးစားပြီး ဖွံ့ဖြိုးအောင် လုပ်ရတော့မှာပဲ။”
မဟုတ်ပါက အကယ်၍ သူသည် သင်္ဘောကြီးတစ်စင်းနှင့် အမှန်တကယ်ဆုံခဲ့လျှင် ရှောင်းယီမှာ တစ်ယောက်တည်း ဖြစ်နေသေးသည်။ သူ့ဆီတွင် S အဆင့်ခွေးတစ်ကောင်ရှိနေသော်လည်း တစ်ဖက်တွင် လူအများကြီး ရှိနေပါက သူ သေချာပေါက် ရှုံးနိမ့်သွားနိုင်ပေလိမ့်သည်။ သင်္ဘောကြီးတစ်စင်းဆိုသည်မှာ တစ်ဦးတစ်ယောက်တည်း မောင်းနှင်နိုင်သည့်အရာ မဟုတ်ပေ။
ဤသည်ကို တွေးမိပြီးနောက် ရှောင်းယီသည် သူဖမ်းမိထားသော ပင်လယ်ငါးများကို ဈေးကွက်ခန်းမတွင် ချက်ချင်း တင်လိုက်၏။ သူသည် အရေးပေါ်အတွက်အကောင် ၂၀ သာ ချန်ထားပြီး ကျန်သည့်ငါးများအားလုံးကို အခြေခံပစ္စည်းများ ဝယ်ယူရန် အသုံးပြုလိုက်သည်။ သူသည် ဈေးနှုန်းကိုလည်း လက်ရှိပေါက်ဈေးအတိုင်းသာ သတ်မှတ်ထား၏။ ၎င်းမှာ ရေရှည်ဝယ်ယူမှုဖြစ်၍ တစ်နေ့လျှင် မည်မျှ အရောင်းအဝယ်ဖြစ်သည်ကို သူ ဂရုမစိုက်ပေ။
“ငါတို့တွေ ငါးဖမ်းရတာ ခက်တယ်လို့ ပြောနေတုန်းရှိသေးတယ်။ အခု ဈေးကွက်ခန်းမမှာ ဆရာကြီးတစ်ယောက်က ပင်လယ်ငါးတွေနဲ့ အခြေခံပစ္စည်းတွေကို အများကြီး လဲနေပြီ။”
“တကယ်လား။ ကျုပ် သွားကြည့်ဦးမယ်။”
“တကယ်ပဲဗျ။ ဒီဆရာကြီးကတော့ အံ့ဩစရာပဲ။ ပင်လယ်ငါးတွေ အများကြီးကို တစ်ခါတည်း တင်ထားတာ။ ဘယ်ပစ္စည်းနဲ့မဆို လဲလို့ရတယ်။”
“အားလုံးပဲ မလန့်ကြပါနဲ့။ ဟိုတစ်ခါ သတ္တုပြားကိစ္စကို မှတ်မိကြသေးရဲ့လား။”
“ဟုတ်တယ်၊ ဟုတ်တယ်။ တစ်ယောက်ယောက်က ပစ္စည်းတွေကို ဒီလို အကြီးအကျယ် လိုက်ဝယ်နေပြီဆိုရင် နောက်ကွယ်မှာ ပြဿနာတစ်ခုခု ရှိနေလို့ပဲ။”
“ချီး... မင်းတို့မှာ ဦးနှောက်ရော ရှိကြရဲ့လား။ သူက ပစ္စည်းတစ်မျိုးတည်းကိုပဲ လိုက်ဝယ်နေတာဆိုရင်တော့ မင်းတို့ပြောတာက ယုံစရာရှိပါတယ်။ အခုက အခြေခံပစ္စည်း အကုန်လုံးကို ဝယ်နေတာလေ။ နောက်ဆို ဘာပစ္စည်းမှ ထွက်မလာတော့ဘူးလို့ မင်းတို့က ပြောချင်တာလား။”
“နောက်ပြီး အဲ့ဒီဆရာကြီး ဝယ်နေတဲ့ထဲမှာ သစ်သားနဲ့ ကျောက်တုံးတွေလည်း ပါတယ်။ အဲ့ဒီအရာတွေက ကိုယ့်ကျွန်းပေါ်မှာ နေ့တိုင်း ပြန်ထွက်နေတာပဲ။ အခုဆို တစ်ခုမကတောင် ထွက်နေတာ။ မင်းတို့ မျက်စိကန်းနေတာလား။ မျက်စိဆရာဝန် သွားပြကြဦး။”
“တစ်ခုမကဘူး ဟုတ်လား။ အပေါ်ကလူက စကားကို လျှောက်ပြောနေတာပဲ။ ကျုပ်ဆီမှာတော့ အပင်တစ်ပင်နဲ့ ကျောက်တုံးတစ်တုံးပဲ ထွက်နေတုန်းပဲ။ ဘယ်မှာလဲ အပိုတွေ။”
“အဲ့ဒါက မင်းက သောက်သုံးမကျလို့ပေါ့ကွ။ မင်းကျွန်းက အကျယ် ၄ စတုရန်းမီတာ ရှိသေးရဲ့လား။ ဒါမှမဟုတ် ၃ ဖြစ်သွားပြီလား။ ကျွန်းက နည်းနည်းလေး ပိုကျယ်လာတာနဲ့ ပစ္စည်းတွေက တစ်ခုမက ထွက်လာတာကွ။ ငါ့ကျွန်းက ၉ စတုရန်းမီတာ ရှိတယ်။ ဒီနေ့ သစ်ပင်နှစ်ပင်နဲ့ ကျောက်တုံးတစ်တုံး ထပ်ထွက်လာတယ်။”
“ဪ... ဒါဆို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ပြောတဲ့ ‘ကျွန်းကျယ်လေလေ၊ ထွက်ရှိမှု များလေလေ’ ဆိုတာ ဒါကို ပြောတာပေါ့။”
“ဖြစ်နိုင်တယ်။”
“ဒါဆို ကျုပ်တို့ ဘာစောင့်နေဦးမှာလဲ။ ကျွန်းကို တိုးချဲ့ဖို့ ထောက်ပံ့ရေးသေတ္တာတွေကို မြန်မြန် ဆယ်ကြစို့လေ။”
“အခုက ညနေစောင်းနေပြီ။ သေတ္တာတွေက မျောကုန်ပြီ။ ပင်လယ်ငါး ဖမ်းတာကမှ ပိုပြီး သေချာဦးမယ်။”
“ဒါပေမဲ့ ငါးမိဖို့ကလည်း အရမ်းခက်တာပဲ။ ကျုပ်လက်မောင်းတွေတောင် နာနေပြီ။”
“ဒါဆိုလည်း ခဏနားပြီးမှ ဆက်လုပ်ပေါ့။ မဟုတ်ရင် ဗိုက်ဆာလာလိမ့်မယ်။ ဒါမှမဟုတ်လည်း ဆရာကြီး တင်ပေးထားတဲ့ ငါးတွေကိုပဲ လဲလိုက်ကြတော့။”
လူတိုင်းသည် ငါးဖမ်းပိုက်ကို ကိုယ်တိုင် ပစ်နေရခြင်းဖြစ်၏။ အကြိမ်အနည်းငယ် ပစ်ပြီးလျှင် အားကုန်၍ အနားယူကြရသည်။ ထို့ပြင် အချိန်ကြာလာသည်နှင့်အမျှ ပစ်သည့်ပုံစံမှာလည်း မမှန်ကန်တော့ဘဲ ငါးဖမ်းမိနိုင်ခြေမှာ ပို၍ပင် နည်းသွားတော့သည်။ ရှောင်းယီ၏ အလိုအလျောက်ငါးဖမ်းပိုက်နှင့် လုံးဝမတူပေ။ ၎င်းသည် လူအင်အားမလိုဘဲ အလိုအလျောက် အလုပ်လုပ်ပြီး အကြိမ်တိုင်းတွင် စံချိန်စံညွှန်းမီစွာ ပစ်ပေးနိုင်သည်။
အများသုံးချန်နယ်ရှိ စကားဝိုင်းများကို ကြည့်ပြီးနောက် ဆုဝမ်နှင့် ကျန်နှစ်ယောက်မှာ ရှောင်းယီသည်လည်း နေ့တိုင်း ဤသို့ပင် ပင်ပင်ပန်းပန်း ငါးဖမ်းပိုက်ပစ်နေရမည်ဟု ထင်မိသွားကြ၏။ မဟုတ်ပါက သူ၏ ပင်လယ်ငါးများက ဘယ်က ရောက်လာမည်နည်း။
“ရှောင်းယီက အရမ်း ကြိုးစားတာပဲ။”
ဆုဝမ်က စိတ်မကောင်းစွာဖြင့် ရေရွတ်လိုက်၏။
“မဖြစ်ဘူး၊ ငါလည်း ဆက်ပြီး ကြိုးစားရမယ်။”
သူမသည်လည်း ပင်လယ်ငါးများဖမ်းရန် ကြိုးစားခဲ့ဖူးသော်လည်း တစ်ကောင်မှ မမိခဲ့ပေ။ ယွမ်နွန်သည်လည်း ငါးဖမ်းရန် စတင်ကြိုးစားနေပြီ ဖြစ်သည်။
တစ်ဖက်တွင်မူ ကျန်းယွင်ထျန်းသည် သူ၏ လှေငယ်လေးပေါ်တွင် ရှိနေပြီး စောစောက သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့သော ပစ္စည်ူသေတ္တာရှိရာသို့ လှော်ခတ်သွားနေခဲ့သည်။ သူ သေတ္တာအနီးသို့ ရောက်သောအခါ ဒဏ်ရာရထားသော ငါးမန်းနှစ်ကောင်မှာ ထွက်မသွားသေးသည်ကို တွေ့လိုက်ရလေသည်။ ၎င်းမှာ သူ မျှော်လင့်ထားသည်ထက် ပိုနေ၏။ ယခင်က သူ ဒဏ်ရာရအောင် လုပ်လိုက်လျှင် ပင်လယ်သတ္တဝါများမှာ ထွက်ပြေးသွားကြစမြဲပင်။
ကျန်းယွင်ထျန်းသည် မျက်မှောင်ကျုံ့ကာ သံလှံကို တင်းတင်းဆုပ်ကိုင်ရင်း ပြောလိုက်သည်။
“မင်းတို့က မထွက်သွားဘူးဆိုရင်လည်း ဒီမှာပဲ အပြီးအပိုင် နေလိုက်ကြတော့။”
လူတစ်ယောက် ချဉ်းကပ်လာသည်ကို သိလိုက်သည်နှင့် ငါးမန်းနှစ်ကောင်သည် လှေငယ်လေးဆီသို့ ချက်ချင်းပင် ဦးတည်လာကြတော့၏။
“လာစမ်းပါ”
ကျန်းယွင်ထျန်း ဟစ်အော်လိုက်ပြီး သံလှံကို ပင်လယ်ထဲသို့ အားကုန် ထိုးချလိုက်တော့သည်။
ဇွီ
ကျန်းယွင်ထျန်း သူ ထိသွားပြီမှန်း သိလိုက်၏။
ငါးမန်းမှာ ပြင်းထန်စွာ ရုန်းကန်နေသည်။ ကျန်းယွင်ထျန်းသည် သံလှံကို အတင်းဆွဲထားသဖြင့် လှေငယ်မှာလည်း ပြင်းထန်စွာ လှုပ်ခါနေတော့သည်။ လှေထဲတွင် ကျွင်းကျွင်းမှာမူ ငြိမ်ငြိမ်ပင် မထိုင်နိုင်တော့ပေ။
“ဒီလိုဆို မဖြစ်တော့ဘူး။”
ကျန်းယွင်ထျန်း တွေးလိုက်ပြီး သံလှံကို ငါးမန်းကိုယ်ထဲမှ အတင်း ဆွဲထုတ်လိုက်၏။
စွက်
သွေးများ ပန်းထွက်လာခဲ့သည်။
ဤလူသား၏လက်ချက်ဖြင့်ပင် နှစ်ကြိမ်တိုင်တိုင် ဒဏ်ရာရသွားသော ငါးမန်းမှာ ကြောက်ရွံ့သွားခဲ့၏။ ၎င်းသည် လှေအနားသို့ ထပ်ပြီးမချဉ်းကပ်ရဲတော့ဘဲ အဝေးသို့ ကူးခတ်ပြေးသွားကာ ပျောက်ကွယ်သွားတော့သည်။
ဒုန်း
လှေငယ်မှာ ပြင်းထန်စွာ လှုပ်ခါသွား၏။ ကျန်းယွင်ထျန်း လဲကျမသွားအောင် လှေဘေးကို အလျင်အမြန်ဖမ်းကိုင်လိုက်ရသည်။ နောက်ထပ် ငါးမန်းတစ်ကောင်က တစ်ဖက်မှ လှေကို ဝင်တိုက်လိုက်ခြင်းဖြစ်သည်။
ဂျွတ်!
လှေငယ်၏ ခံနိုင်ရည်မှာ မမြင့်မားလှသဖြင့် ငါးမန်းမှ တိုက်ခိုက်လိုက်သော တိုက်ခတ်မှုဒဏ်ကြောင့် သစ်သားပြားတစ်ခု ကျိုးပဲ့သွားသည်။ ကျန်းယွင်ထျန်း ချက်ချင်းပင် အခြားတစ်ဖက်သို့ ကူးသွားပြီး သံလှံဖြင့် ထိုးချလိုက်၏။
သို့သော် ယခုတစ်ကြိမ်တွင် ငါးမန်းမှာ ပို၍ လည်သွားပြီဖြစ်သည်။ ၎င်းသည် ရေအောက်သို့ အလျင်အမြန်ငုပ်ဆင်းသွားပြီး လှေအောက်သို့ ရောက်သွားခဲ့သည်။
ကျန်းယွင်ထျန်းသည် လှေပတ်ပတ်လည်ကို ဂရုတစိုက် စောင့်ကြည့်နေလိုက်၏။ ငါးမန်း ဝင်တိုက်သွားသော နေရာမှ ရေများ စိမ့်ဝင်နေပြီဖြစ်သည်။
ထိုစဉ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အချက်ပေးချက် ထွက်ပေါ်လာ၏။
“နောက်တစ်နာရီအတွင်း လှေနစ်မြုပ်ပါတော့မည်။”
ဒုန်း
လှေပေါ်တွင် ကျန်းယွင်ထျန်း ယိုင်နဲ့သွားသည်။ ငါးမန်းသည် လှေဘေးမှ မတိုက်ဘဲ လှေအောက်ခြေမှ တိုက်လိုက်ခြင်း ဖြစ်၏။ ထိုတိုက်ချက်ကြောင့် လှေမှာ ယိမ်းထိုးသွားခဲ့သည်။
ကျန်းယွင်ထျန်း ပတ်ဝန်းကျင်ကို ပတ်ကြည့်လိုက်၏။ ဒဏ်ရာရထားသော ငါးမန်းမှာ ပြန်ပေါ်မလာတော့ပေ။ သူသည် သွားကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။
“ကျွင်းကျွင်း လှေထဲမှာ ငြိမ်ငြိမ်ထိုင်နေနော်။ လုံးဝမလှုပ်နဲ့။”
သူသည် သူ၏ ဓားမြှောင်ကို ဆွဲထုတ်ပြီး ပင်လယ်ထဲသို့ ချက်ချင်း ခုန်ချလိုက်တော့၏။
လှေအောက်ရှိ ငါးမန်းသည် တစ်စုံတစ်ယောက် ရေထဲကျလာသည်ကို သိလိုက်သည်နှင့် ချက်ချင်း ပြေးဝင်လာခဲ့သည်။ ကျန်းယွင်ထျန်းသည် ရေထဲတွင် ပင်လယ်သတ္တဝါများနှင့် တိုက်ခိုက်ဖူးသည်မှာ တစ်ကြိမ်မကတော့ပေ။ အတွေ့အကြုံရှိပြီး တည်ငြိမ်လှသော သူသည် ငါးမန်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်တော့၏။
ကျန်းယွင်ထျန်းသည် ဤငါးမန်းကိုလည်း ယခင်က ဒဏ်ရာရအောင် လုပ်ခဲ့ဖူးသည်။ ရန်သူချင်း ပြန်လည်ဆုံတွေ့ကြသောအခါ မျက်လုံးများထဲ၌ အမုန်းတရားများ ပြည့်နေတော့သည်။
ငါးမန်းသည် ကျန်းယွင်ထျန်းကို မြင်သည်နှင့် သူ၏သွေးပျက်ဖွယ် ပါးစပ်ကြီးကို ဟကာ ကိုက်ရန် ပြေးဝင်လာခဲ့သည်။ ကျန်းယွင်ထျန်းမှာမူ ရေထဲမှ ငါးတစ်ကောင်လိုပင်။ ငါးမန်း ပြေးဝင်လာချိန်၌ သူသည် ဘေးသို့ ပါးနပ်စွာ ရှောင်တိမ်းလိုက်ပြီး လက်ထဲရှိ ဓားမြှောင်ဖြင့် ငါးမန်း၏ ကိုယ်ပေါ်တွင် နောက်ထပ် ဒဏ်ရာတစ်ခု ပေးအပ်လိုက်လေသည်။
ငါးမန်းသည် မြီးဖျားကို ပြင်းထန်စွာ ခါယမ်းပြီး အဝေးသို့ ထွက်ပြေးသွားတော့၏။ ကျန်းယွင်ထျန်းနှင့် ဆက်၍ မရင်ဆိုင်ရဲတော့ပေ။
ကျန်းယွင်ထျန်းသည် ရေပေါ်သို့ ချက်ချင်းပင် ပြန်တက်လာပြီး ထောက်ပံ့ရေးသေတ္တာကို ဆွဲယူကာ ကျွန်းဘက်သို့ လှော်ခတ်သွားခဲ့သည်။
ကျွန်းသို့ ပြန်ရောက်သောအခါ ကျန်းယွင်ထျန်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြု၍ သစ်သားပြား ၂ ခုနှင့် ကြေးနီ ၁ ခုကို သုံးကာ ပျက်စီးနေသော လှေ၏အစိတ်အပိုင်းကို ပြုပြင်လိုက်လေသည်။
သူ၏ ဒဏ်ရာမှ ပင်လယ်ရေများကို တစ်ရှူးဖြင့် သုတ်လိုက်ရင်း ကျန်းယွင်ထျန်းမှာ အတွေးနက်သွားခဲ့တော့သည်။