← Chapters

ဆင့်ကဲပြောင်းလဲမှုက ထင်ထားတာထက် ပိုမြန်နေတယ်

Vol. 4 Ch. 56

ဆင့်ကဲပြောင်းလဲမှုက ထင်ထားတာထက် ပိုမြန်နေတယ်

Vol. 4 Ch. 56

ရှောင်းယီ၏ မြင်ကွင်းထဲသို့ ငါးမီတာ၊ ခြောက်မီတာခန့် မြင့်မားသော တောင်ကုန်းငယ်တစ်ခု ရောက်ရှိလာခဲ့သည်။ ၎င်းကို မနေ့က ဤမျှအထိ မပုံရသေးကြောင်း သူသေချာပေါက် သိနေ၏။ ထို့အပြင် ထိုတောင်ကုန်းငယ်ပေါ်တွင် အစိမ်းရောင်အပင်အချို့ပင် ပေါက်ရောက်နေပြီဖြစ်သည်။

“လူလုပ်တဲ့ စွက်ဖက်မှုတွေက ဆင့်ကဲပြောင်းလဲမှုကို တကယ် လွှမ်းမိုးနိုင်တာပဲ။”

ရှောင်းယီက စိတ်လှုပ်ရှားစွာ ရေရွတ်ရင်း ဆွဲလာသော သဲနှင့် မြေကြီးများကို တောင်ထိပ်ပေါ်သို့ တိုက်ရိုက်ပုံချလိုက်သည်။

တောင်ထိပ်ပေါ်မှ ရပ်ကြည့်လိုက်သောအခါ နောက်ဘက်ရှိ သစ်တောမှာ သစ်ပင်သစ်ကိုင်းများ ဝေဆာနေသဖြင့် ရှောင်းယီသည် အမြင့်တွင် ရှိနေသော်လည်း တောထဲက အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ မနေ့က အသစ်တိုးချဲ့ထားသော နေရာတွင်လည်း သစ်ပင်နှင့် ကျောက်တုံးအချို့ ခပ်ကျဲကျဲ ထွက်ပေါ်နေပြီဖြစ်သည်။

ရှောင်းယီသည် ထိုအရာများကို တစ်ချက်ကြည့်ပြီးနောက် ပြန်ဆင်းလာခဲ့၏။ ယနေ့ သူ့တွင် လုပ်စရာများ အများကြီးရှိနေပြီး အဓိကမှာ အရူးအမူး ပေါက်ရောက်နေသော မြက်ခင်းပြင်ကို ဖြေရှင်းရန် ဖြစ်သည်။

ပထမဆုံးအနေဖြင့် သူသည် S အဆင့်မြေဆီလွှာ ပန်းခုံကို စစ်ဆေးကြည့်လိုက်၏။ မြက်ပင်များက မြေပြင်တစ်ခုလုံးကို လွှမ်းမိုးထားသော်လည်း အုန်းပင်နှင့် ပြောင်းဖူးပင်များ၏အမြစ်များက ပိုမိုသန်မာသောကြောင့် မြက်ပင်များက ၎င်းတို့ကို မထိခိုက်စေနိုင်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် အုန်းပင်နှင့် ပြောင်းဖူးပင်များအနားရှိ မြက်ပင်များမှာ သိပ်မသန်စွမ်းလှပေ။အပင်များကို မထိခိုက်သဖြင့် ရှောင်းယီသည် သိပ်စိတ်မပူတော့ဘဲ ဒီအတိုင်းသာ ထားလိုက်သည်။

သူသည် S အဆင့်မြက်များကို ရိတ်သိမ်းပြီး နွားတင်းကုပ်ထဲသို့ ပစ်ထည့်ပေးလိုက်၏။ ထို့နောက် ယခင်က သူစိုက်ပျိုးထားသော စတော်ဘယ်ရီ၊ ငရုတ်သီး၊ အာလူးနှင့် ခရမ်းချဉ်သီး ပျိုးပင်လေးများကို လိုက်လံရှာဖွေကြည့်လိုက်သည်။

မြက်ပင်များ၏ သောင်းကျန်းမှုကြောင့် ထိုပျိုးပင်လေးများမှာ အာဟာရချို့တဲ့နေသကဲ့သို့ ညှိုးနွမ်းနေကြလေသည်။

ရှောင်းယီ သက်ပြင်းချလိုက်ရင်း ပတ်ဝန်းကျင်ရှိ စတုရန်းမီတာ ၁၀၀ ခန့်ကို ရှင်းလင်းလိုက်ပြီး မနေ့ညက လဲလှယ်ထားသော မြေဆီလွှာအဆင့်မြှင့်တင်ခြင်းကတ်ကို အသုံးပြုလိုက်၏။ ထို့ကြောင့် စိုက်ပျိုးနိုင်သော မြေကွက်နှစ်ကွက် ထပ်တိုးလာခဲ့သည်။

ဤမြေကွက်သုံးကွက်မှာ နှစ်မီတာခန့်စီ ကွာဝေးသည်။ မြက်စေ့များ လေထဲမှတစ်ဆင့် အခြားမြေကွက်များသို့ မရောက်ရှိသွားစေရန် ရှောင်းယီသည် သစ်သားပြားများဖြင့် လုံခြုံသော ခြံစည်းရိုးတစ်ခုခတ်ကာ မြက်ခင်းမြေကို အလုံပိတ်ထားလိုက်၏။

သူသည် ပျိုးပင်လေးများကို အသစ်ရရှိသော မြေကွက်ထဲသို့ ဂရုတစိုက် ပြောင်းရွှေ့စိုက်ပျိုးပြီးနောက် A အဆင့်ရေသန့်အနည်းငယ်ဖြင့် လောင်းပေးလိုက်သည်။ ဤအပင်များဖြင့်ပင် မြေကွက်သစ် နှစ်ကွက်လုံး ပြည့်လုနီးပါး ဖြစ်သွားခဲ့လေသည်။

စိုက်ပျိုးပြီးနောက် ပိုလျှံနေသော မြက်များကို ရိတ်ကာ နွားတင်းကုပ်ထဲ ထည့်ပေးရာ နွားလေးကောင်မှာ တစ်ညလုံး ဆာလောင်နေသဖြင့် အားရပါးရ စားသောက်ကြတော့၏။ အလုပ်များပြီးစီးချိန်တွင် နာရီကြည့်လိုက်ရာ ရှစ်နာရီသာ ရှိနေသေးသည်။

“ဒီကြက်ဖကတော့ တွန်တာအရမ်းစောတာပဲ။”

ရှောင်းယီက ခေါင်းခါရင်း မနက်စာ ပြင်ဆင်လိုက်၏။

မြက်ခင်းကို စစ်ဆေးစဉ်က ပန်းခုံရှိ ပြောင်းဖူးများ ရင့်မှည့်နေသည်ကို သူသတိထားမိခဲ့သည်။ ရှောင်းယီသည် ပြောင်းဖူးနှစ်ဖူးကို ချိုးယူကာ အိုးထဲတွင် ထည့်ပြုတ်လိုက်လေသည်။

ထို့နောက် သူတူးထားသော ငါးကျင်းထဲမှ ငါးဆယ်ကောင် ဖမ်းကာ သန့်စင်ပြီးနောက် ကင်ထားလိုက်သည်။

သူ့တွင်ရှိသော ဟင်းခတ်အမွှေးအကြိုင်မှာ ဆားနှင့် ငရုတ်သီးမှုန့်သာ ရှိသဖြင့် သူညည်းတွားလိုက်မိ၏။

“ဇီယာစေ့လိုမျိုး တခြားအမွှေးအကြိုင်တွေ ရှိရင် တော်တော်ကောင်းမှာပဲ။”

အကယ်၍ အခြားရှင်သန်ကျန်ရစ်သူများသာ ဤစကားကို ကြားလျှင် ရှောင်းယီမှာ ကြွားဝါနေသည်ဟု သေချာပေါက် ပြောကြပေလိမ့်မည်။

အခြားသူများမှာ တစ်ခုခုစားရလျှင်ပင် ကံကောင်းလှပြီဖြစ်သော်လည်း သူကမူ ဆားနှင့် ငရုတ်သီးရှိနေသည်ကိုပင် အားမရနိုင်ဘဲ အမွှေးအကြိုင်များ ထပ်လိုချင်နေသေး၏။

ပြောင်းဖူးနူးသောအခါ ၎င်းကို တစ်ဝက်စီချိုးပြီး ငါးကင်များနှင့်အတူ ဆုဝမ်နှင့် အခြားသူများထံ ပို့ပေးလိုက်သည်။

【ငါးကင်】 ၁.၅ ကီလိုဂရမ်၊ [ပြောင်းဖူးပြုတ်] (

S အဆင့်) ၂၀၀ ဂရမ်၊ 【ရေသန့်】 ၅၀၀ မီလီလီတာ - အခမဲ့လဲလှယ်မည်။”

“မကြာသေးခင်က ပင်လယ်ငါးတွေ အများကြီး ရထားတယ်။ ဗိုက်ဆာရင် ပြောကြပါ။ ကျုပ်တစ်ယောက်တည်းလည်း အကုန်မစားနိုင်သလို အကုန်လည်း မရောင်းနိုင်ဘူး။ ပြီးတော့ ပြောင်းဖူးစားပြီးရင် အဆံတွေကို ကျုပ်ဆီပြန်ပို့ပေးပါ။ နွားစာကျွေးလို့ရတယ်။”

သူတို့သုံးယောက်လုံးထံ မက်ဆေ့ချ်ချန်ထားခဲ့လိုက်၏။ ရှောင်းယီ၏ ကမ်းလှမ်းမှုကို ကြည့်လိုက်ပြီးနောက် သူတို့သုံးယောက်မှာ အံ့သြမနေတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် လက်ခံလိုက်ကြသည်။

ထိုအရာများသည် ရှောင်းယီအတွက် ပုံမှန်အလုပ်တွေသာ ဖြစ်သည်။

လဲလှယ်မှုပြီးနောက် ဆုဝမ်သည် ပြောင်းဖူးကို တစ်ကိုက် ကိုက်ကြည့်လိုက်၏။ ချိုမြိန်မွှေးပျံ့ကာ နူးညံ့လွန်းလှပြီး အလွန်အရသာရှိလှသည်။

ယခင်က မနက်စာအတွက် ပြောင်းဖူးပြုတ် နေ့တိုင်းဝယ်စားဖူးသော်လည်း ယခုလောက် အရသာရှိသော ပြောင်းဖူးကိုမူ သူမ တစ်ခါမျှမစားဖူးခဲ့ပေ။ စားရင်းနှင့်ပင် ဆုဝမ်မှာ ပျော်ရွှင်လွန်းသဖြင့် မျက်ရည်များပင် ဝဲတက်လာခဲ့ရသည်။

ယွမ်နွန်ကလည်း ကြွယ်ဝလှသော မနက်စာကို ကြည့်ရင်း သက်ပြင်းချကာ ရေရွတ်မိလိုက်၏။

“ပြောင်းဖူးမစားရတာ ကြာပြီပဲ။ ဟုတ်သားပဲ အာလူးအကြောင်း ရှောင်းယီကို သတိပေးရဦးမယ်။”

ဤနေရာ၏ ကြီးထွားမှုနှုန်းအရ အာလူးများမှာ မကြာမီ ပန်းပွင့်လာတော့မည်ဖြစ်ရာ ထိုအချိန်တွင် အထူးဂရုစိုက်ရန် လိုအပ်သည်။

“ရှောင်းယီ စိုက်ထားတဲ့ အာလူးတွေကို ဂရုစိုက်လိုက်ဦး။ ပန်းငုံတွေ မြင်ရပြီဆိုရင် အာဟာရ အများကြီး လိုအပ်နေပြီ။ အဲ့ဒါကြောင့် ပန်းငုံတွေကို အမြန်ဖယ်ပေးရမယ်။ ဖယ်တဲ့အခါမှာလည်း ပင်စည်နဲ့ အရွက်တွေကို မထိခိုက်စေနဲ့။”

“ပန်းပွင့်ချိန်က အာလူးဥတွေ ကြီးထွားတဲ့အချိန်မို့လို့ ရေလောင်းဖို့လည်း သတိထားဦး။ ပန်းငုံစထွက်ချိန်မှာ တစ်ခါ၊ ပြီးရင် ဆယ်ရက်ခြားတစ်ခါ... မဟုတ်ဘူး။ ဒီက အချိန်နဲ့ဆိုရင် ၇ နာရီမဟုတ်ရင် ၈ နာရီခြားတစ်ခါ၊ စုစုပေါင်း သုံးကြိမ်လောက် လောင်းပေးရမယ်။”

“အာလူးက အေးတာကြိုက်တယ်။ အခုတလော ပူနေတာဆိုတော့ အရိပ်လုပ်ပေးဖို့လည်း မမေ့နဲ့ဦး။”

ယွမ်နွန်သည် ညွှန်ကြားချက်များပေးလိုက်ပြီးနောက် သူ၏မနက်စာကို စားသုံးတော့လေသည်။

ရှောင်းယီသည် ထိုမက်ဆေ့ချ်ကို ဖတ်လိုက်ပြီး စိတ်ထဲ၌ တွေးလိုက်မိ၏။

‘ဦးလေးယွမ်သာ ငါ့ကျွန်းကို ရောက်လာရင် တော်တော်ကောင်းမှာပဲ။’

“ဟုတ်ကဲ့၊ မှတ်ထားလိုက်ပါ့မယ်။”

သူက ပြန်စာပို့ကာ အာလူးများ ပန်းငုံထွက်၊ မထွက် သွားကြည့်လိုက်သည်။ တိုက်ခန်းတံခါးဝသို့ ရောက်သောအခါ ဝမ်ချိုင်ကို မတွေ့ရပေ။

“ဟော... ဝမ်ချိုင် ဘယ်ရောက်သွားပါလိမ့်။”

ယခင်ကဆိုလျှင် သူသည် ထမင်းစားချိန်တိုင်း တံခါးဝတွင် အမြဲရှိနေတတ်၏။

“ဝမ်ချိုင်”

ရှောင်းယီ လှမ်းခေါ်လိုက်သည်။

“ဝုတ် ဝုတ်”

ဝမ်ချိုင်၏ အသံက ဘေးဘက်ရှိ တောအုပ်ထဲမှ ထွက်လာခဲ့၏။ ရှောင်းယီ တောစပ်သို့ သွားကြည့်ရာ ခဏအကြာတွင် ဝမ်ချိုင်သည် တောယုန်တစ်ကောင်ကို ပါးစပ်ဖြင့် ကိုက်ချီကာ ထွက်လာသည်ကို တွေ့လိုက်ရလေသည်။ ရှောင်းယီ၏ မျက်လုံးများ ပြူးကျယ်သွားတော့၏။

“တောထဲမှာ သတ္တဝါလေးတွေတောင် ပေါ်လာနေပြီလား။”

ဝမ်ချိုင်သည် ယုန်ကို ကိုက်သတ်ပြီးနောက် ရှောင်းယီ၏ ခြေရင်းတွင် ချပေးရင်း အမြီးနန့်နေသည်မှာ ဆုလာဘ်တောင်းနေသကဲ့သို့ပင်။

ရှောင်းယီသည် ၎င်း၏ခေါင်းကို ပွတ်ပေးရင်း ပြောလိုက်၏။

“တော်တယ်။ နေ့လယ်ကျရင် ယုန်ကင် စားကြတာပေါ့။ မင်းရဲ့ မနက်စာက တံခါးဝမှာရှိတယ်။ သွားစားတော့။”

ဝမ်ချိုင်မှာ ပျော်ရွှင်စွာ ပြေးထွက်သွားတော့သည်။ ရှောင်းယီသည် လေးပေါင်ခန့်ရှိသော ယုန်ကို သယ်ဆောင်လာခဲ့သည်။ အာလူးများမှာ အမှန်တကယ်ပင် ပန်းငုံများထွက်နေပြီ ဖြစ်ရာ သူသည် ပန်းငုံများကို ဖယ်ရှားကာ ရေလောင်းပေးလိုက်ပြီး နေဒဏ်မှ ကာကွယ်ရန် အမိုးငယ်တစ်ခု ပြုလုပ်ပေးလိုက်၏။ ထို့နောက် ယုန်ကို စတင်ပြင်ဆင်တော့လေသည်။

“ဒီကျွန်းရဲ့ ဆင့်ကဲပြောင်းလဲမှုက ငါထင်ထားတာထက်တောင် ပိုမြန်နေပြီ။”

ရှောင်းယီက ရေရွတ်လိုက်၏။

“အချိန်ရရင် တိုက်ခန်းဘေးမှာ ခြံစည်းရိုးခတ်ထားရမယ်။ မဟုတ်ရင် တောရိုင်းသတ္တဝါတွေက ငါ့စိုက်ခင်းကို လာပြီးဖျက်ဆီးကုန်လိမ့်မယ်။”

ယုန်ကို ပြင်ဆင်ပြီးနောက် သူသည် ကုန်လှောင်ရုံထဲမှ သစ်သားပြားများကို ထုတ်ယူကာ တိုက်ခန်း၊ စိုက်ခင်း၊ ကြက်ခြံ၊ နွားတင်းကုပ်နှင့် ရေကန်တို့ကို ပါဝင်အောင် ခြံစည်းရိုး ခတ်လိုက်သည်။

ထိုသို့ပြုလုပ်ပြီးနောက် သစ်သားများ ကုန်လုနီးပါး ဖြစ်သွားသဖြင့် ဈေးကွက်တွင် ပင်လယ်စာနှင့် သစ်သားများကို လဲလှယ်လိုက်လေသည်။

“[ပင်လယ်ငါး] ၁၀၀ ဂရမ် လဲလှယ်မည် [သစ်သား] ၂၀၀ ။ (အနည်းငယ်စီလည်း လဲလှယ်နိုင်သည်။)”

ရှောင်းယီတွင် စားစရာများ ပိုလျှံနေသော်လည်း အခြားသူများမှာမူ ပစ္စည်းသေတ္တာထဲရှိ အစာကိုပင် ခက်ခဲစွာ စားနေရဆဲ ဖြစ်သည်။ ထို့ကြောင့် ဤဈေးနှုန်းမှာ အလွန်တန်လှ၏။

“ ဆုလာဘ်နှစ်ဆအခြေအနေလေးသာ ရရင် တော်တော်ကောင်းမယ်။”

ရှောင်းယီ ထိုသို့တွေးနေစဉ် လဲလှယ်မှုများ တစ်ခုပြီးတစ်ခု အောင်မြင်နေခဲ့သည်။

“ဟုတ်သားပဲ။ ဒီနေ့အတွက် လက်မှတ်ထိုးမဝင်ရသေးဘူး။”

ရှောင်းယီ ရုတ်တရက် သတိရသွား၏။

“စနစ် လက်မှတ်ထိုးဝင်မယ်။”

All Chapters