ဝတ်ရုံရှည်၊ အခမဲ့သတင်းနှင့် သတိပေးချက်
Vol. 4 Ch. 60
“ဒီလင်းအင်အားစုက ပင်လယ်ရေကြောင်း စီးပွားရေးလုပ်ငန်းကို စတင်နေပြီဖြစ်လို့ ဘယ်လိုအမျိုးအစားရှိတဲ့ သင်္ဘောထုတ်လုပ်မှုပုံစံကိုမဆို ဝယ်ယူနေပါတယ်။ ဈေးနှုန်းကိုတော့ စိတ်ကျေနပ်စေရမယ်လို့ အာမခံပါတယ်။”
ဤသည်မှာ တိလင်းထျန်းရှား ပို့လိုက်သော မက်ဆေ့ချ်ဖြစ်သည်။
လူတစ်ယောက်တည်းက မက်ဆေ့ချ်များကို ဆက်တိုက်ပို့လျှင် Spam ဖြစ်ပြီး အသံပိတ် (Mute) ခံရနိုင်သောကြောင့် တိလင်းထျန်းရှားအဖွဲ့မှ ခေါင်းဆောင်လေးဦးသည်လည်း ထိုကြေညာချက်ကိုပင် ထပ်ဆင့် ပို့ပေးနေကြ၏။
အခြားသူများသည် ထိုသတင်းကို မြင်သောအခါ ဝိုင်းဝန်းဆွေးနွေးကြတော့သည်။
“ကြည့်ရတာ ဟိုသစ်သားလှေလေး ဆောက်ပြီးလို့ တက်လာတဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အချက်အလက်က တိလင်းထျန်းရှားကို အတွေးသစ်တစ်ခု ပေးလိုက်ပုံပဲ။”
“ဟုတ်တယ်။ ဒါပေမဲ့ သင်္ဘောထုတ်လုပ်မှုပုံစံတွေက ရဖို့ အရမ်းရခဲတယ်။ အခုဆို ဆယ်ရက်ကျော်နေပြီ။ ကျုပ်သိသလောက်တော့ နှစ်ခုပဲ ထွက်သေးတာ။”
“ဖီ... ဒါက မင်းသိသလောက်ပဲလေ။ ဘယ်သူတွေက ဘာတွေ ဖုံးကွယ်ထားလဲဆိုတာ ဘယ်သူသိမှာလဲ။”
“အမှန်ပဲ။ ကျုပ်သာ သင်္ဘောထုတ်လုပ်မှုပုံစံ ရခဲ့ရင် သေချာပေါက် မရောင်းဘူး။”
“ဒါပေါ့... ဘယ်သူက ရောင်းမှာလဲ။ တကယ်သာ တည်ဆောက်နိုင်ရင် ဒါက နောက်ထပ် လွတ်လမ်းတစ်ခုပဲလေ။ အနည်းဆုံးတော့ ကျွန်းနစ်မြုပ်သွားမှာကို စိုးရိမ်စရာ မလိုတော့ဘူး။”
“ဟုတ်တယ်... တခြား သူဌေးကြီးတွေရော လှေဆောက်ပြီးကြပြီလား မသိဘူး။”
“သေချာပေါက် ဆောက်ပြီးလောက်ပြီပေါ့။”
အများသုံးချန်နယ်တစ်ခုလုံး ဆူညံပွက်လောရိုက်နေ၏။ ရှောင်းယီသည်မူ ၎င်းကို ဆက်မကြည့်တော့ဘဲ အပြင်သို့ ထွက်လာခဲ့လိုက်သည်။ ဝမ်ချိုင်သည် ပစ္စည်းသေတ္တာ ရှစ်လုံးကို ကမ်းစပ်သို့ ဆွဲယူလာပြီးလေပြီ။
အားလုံးကို ဖွင့်လိုက်ကြစို့။
“ရရှိသော အရင်းအမြစ်များ - အုတ်မြစ်ကျောက်၂၊ သံ ၄ ...”
“ရရှိသော အရင်းအမြစ်များ - ပလတ်စတစ် ၆၊ အုတ် ၄ ...”
“ရရှိသော အရင်းအမြစ်များ - လီနက်အဝတ် ထုတ်လုပ်မှုပုံစံ ၁ ...။”
သေတ္တာ ရှစ်လုံးဖွင့်ရာတွင် အစားအစာနှင့် ရေ တစ်စက်မျှ မပါလာခဲ့ပေ။ အုတ်မြစ်ကျောက် ၆ ခုနှင့် အခြေခံပစ္စည်းများသာ ရခဲ့သော်လည်း လီနင်အဝတ်အစားထုတ်လုပ်မှုပုံစံက ရှောင်းယီ၏အာရုံကို အဖမ်းစားနိုင်ဆုံးဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူသည် ဤဝတ်စုံကိုပင် ဝတ်လာသည်မှာ ဆယ်ရက်ကျော်နေပြီ မဟုတ်ပါလား။
[လီနင်အဝတ်အစား ထုတ်လုပ်မှုပုံစံ]: ပိတ်ချောစ ၄။
လက်ထဲတွင် အရင်းအမြစ်များ လုံလောက်စွာ ရှိနေသဖြင့် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြု၍ ချက်ချင်းပင် ထုတ်လုပ်လိုက်သည်။
ပိတ်ချောအဝတ်အစား: ဝတ်စုံရှည်။ အသားကြမ်းသော်လည်း အရေပြားနှင့် ထိတွေ့လျှင် နူးညံ့သည်။ အပူဒဏ်ခံနိုင်စွမ်း နည်းပါးသည်။
ရှောင်းယီ ဝတ်ကြည့်လိုက်ရာ တော်တော်လေး အဆင်ပြေလှ၏။ ရှေးခေတ် ရှားနိုင်ငံ၏ ပညာရှိတစ်ဦး၏ ဝတ်စုံနှင့် တူသော်လည်း အနည်းငယ်တော့ နွမ်းဖတ်နေသည်။
“အခုတော့ ငါက သမ္မတနိုင်ငံခေတ်က ပညာတတ်တစ်ယောက်နဲ့တောင် တူသွားပြီ။”
ရှောင်းယီသည် ထိုသို့ရေရွတ်ရင်း အလိုအလျောက် ငါးဖမ်းပိုက်ကို ကျပန်းဖမ်းခြင်းစနစ်သို့ ပြောင်းကာ တိုက်ခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။
“ငါ အရင်းအမြစ်တွေနဲ့ လဲထားတဲ့ သတင်းကို အားလုံးအတွက် အလကား မျှဝေပေးမယ်။”
‘ကောင်းကင်အောက်က အရာအားလုံး’ ဟု အမည်ရသော အသုံးပြုသူတစ်ဦးက ချန်နယ်တွင် ရုတ်တရက် ပြောလိုက်၏။ ထိုမက်ဆေ့ချ်ကို မြင်လျှင် ချင်ယွင်ရှန်းက ပြန်၍အော်ဟစ်တော့လေသည်။
“မင်း သစ္စာတရား မရှိတဲ့ကောင်။”
“သစ္စာတရားလား။ လူတွေ ပိုပြီး အသက်ရှင်နိုင်ဖို့ ငါ ဒါကို လုပ်ရတာပဲ။”
ကောင်းကင်အောက်က အရာအားလုံးက ပြန်ဖြေလိုက်၏။
“တောက်... ဘယ်က ငတုံးလဲ မသိဘူးကွာ။”
ချင်ယွင်ရှန်း ကျိန်ဆဲလိုက်သည်။ သူသည် ထိုသတင်းကို သုံး၍ အရင်းအမြစ်များ ထပ်မံ ညှစ်ယူရန် ကြံစည်ထားသော်လည်း ‘ကောင်းကင်အောက်က အရာအားလုံး’ က အကုန်ဖွင့်ချလိုက်ပြီဖြစ်သည်။
ချင်ယွင်ရှန်း မည်မျှပင် ဒေါသထွက်နေပါစေ ‘ကောင်းကင်အောက်က အရာအားလုံး’ ကမူ သူရထားသော သတင်းများကို ချန်နယ်တစ်ခုလုံး သိအောင် ကြေညာပေးလိုက်လေပြီ။
ချင်ယွင်ရှန်းသည် လူတိုင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သင်္ဘောပေါ် ပြောင်းရွှေ့ခြင်းနှင့် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ပျော်ရွှင်စွာ ဆွေးနွေးနေကြသည်ကို ဒေါသတကြီးသာ ကြည့်နေခဲ့ရ၏။
“ဒါပေမဲ့ ပင်လယ်ထဲမှာ လှေပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ။”
“အမ်... ကုန်းပေါ်တက်ပြီး ပြင်ရမှာပေါ့။”
“ကုန်းမြေကို ရှာမတွေ့ရင်တော့ ငါတို့ သေပြီပေါ့ ဟုတ်လား။”
“အဲဒါတော့ သေချာသလောက်ပဲ။”
“ဒါဆိုရင်တော့ ကျုပ် ကျွန်းပေါ်မှာပဲ ဆက်နေတော့မယ်။ လှေနဲ့ သွားရတာ အရမ်း အန္တရာယ်များတယ်။ တစ်သက်လုံး မျောနေရမှာကို ကျုပ် မခံနိုင်ဘူး။”
“လှပတဲ့ မမလေးတစ်ယောက်သာ ကျုပ်နဲ့အတူ ရွက်လွင့်မယ်ဆိုရင်တော့ တစ်မျိုးပေါ့။”
“လှပတဲ့ မမလေး +၁”
စကားလမ်းကြောင်း လွဲသွားသည်ကို မြင်သောအခါ ရှောင်းယီက ဝင်ပြောလိုက်သည်။
“စိတ်မပူကြပါနဲ့။ ပင်လယ်ထဲမှာ လှေပျက်ရင် လှေပေါ်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သုံးပြီး အဲဒီနေရာမှာတင် ပြန်ပြင်လို့ရပါတယ်။ လိုအပ်တဲ့ အရင်းအမြစ်တွေကို စုဆောင်းပြီး ချက်ချင်း ပြင်လိုက်ရုံပါပဲ။”
ထိုစကားကြောင့် လူတိုင်း မှင်သက်သွားကြ၏။
“ဒါက ဘယ်သူလဲ။ သူက ဘယ်လိုလုပ် သိတာလဲ။ လျှောက်ပြောနေတာလား။”
ချင်ယွင်ရှန်းက ယီရန်ပင်းဆိုသည့် ID ကို မြင်သောအခါ ရေရွတ်လိုက်သည်။
“သူက ငါ့ဆီကနေ သတင်းကို မလဲသွားပါဘူး။ ဘယ်လိုလုပ် သိနေတာလဲ။ သူက လှေဆောက်ပြီးသား သူဌေးကြီးတစ်ယောက်များလား။”
“ကောင်းကင်အောက်က အရာအားလုံး” သည် ရှောင်းယီ၏ မက်ဆေ့ချ်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အော်ဟစ်တော့လေသည်။
“တောက်... ချင်ယွင်ရှန့်း မင်း ငါ့ကို သတင်းတွေ ဖုံးထားတာပဲ။ ဒါကို ဘာလို့ မပြောတာလဲ။”
ချင်ယွင်ရှန်ူ ပြန်မဖြေနိုင်မီမှာပင် တိလင်းထျန်းရှားက “မင်း ဒါကို သိလား။” ဟု လှမ်းမေးလာခဲ့သည်။
“ကျုပ် တကယ် မသိတာပါ။ ကျုပ် ဒီနေ့မှ လှေပေါ် စတက်တာ။ လှေလည်း မပျက်သေးတော့ ဘယ်လိုလုပ် သိမှာလဲ။”
ချင်ယွင်ရှန်းမှာ ရှင်းပြရ ခက်နေခဲ့၏။
“အင်း... သိပြီ။”
တိလင်းထျန်းရှားသည် ချင်ယွင်ရှန်း သူ့ကို လိမ်ရဲမည်မဟုတ်ကြောင့် ယုံကြည်သည်။
ချင်ယွင်ရှန်းသည် ချန်နယ်တွင် ချက်ချင်းပင် စာရိုက်လိုက်၏။
“ကျုပ်လည်း ဒါကို မသိပါဘူး။ ကျုပ်ကို လာမစွပ်စွဲကြနဲ့။ ကျုပ် ဒီနေ့မှ လှေပေါ် ရောက်တာကို။ ဘယ်လိုလုပ် သိမှာလဲ။”
ထိုသို့ ရှင်းပြလိုက်သောအခါမှ ယခုလေးတင် စကားပြောသွားသော ယီရန်ပင်းမှာ သေချာပေါက် ထိပ်တန်း ရှင်သန်ကျန်ရစ်သူတစ်ဦးဖြစ်မှန်း အားလုံး သိသွားကြတော့သည်။
“ဆရာကြီး၊ ဆရာကြီးက သင်္ဘောပေါ်မှာ နေဖို့ ရွေးချယ်လိုက်တာလား။”
“ဟုတ်ပါတယ် ဆရာကြီး။ ဆရာကြီးရဲ့ သင်္ဘောက ဘယ်လို အမျိုးအစားလဲ။”
“ဆရာကြီး စားစရာနဲ့ ရေ ပိုနေရင် ညီမလေးကို နည်းနည်းလောက် ပေးပါလား။ ဒီမှာ ဗိုက်ဆာပြီး ရေငတ်လို့ သေတော့မယ်။”
“နေဦးလေ။ ဆရာကြီးရဲ့ ပစ္စည်းတွေက မိုးပေါ်က ကျလာတာ မဟုတ်ဘူး။ လိုချင်ရင် အရင်းအမြစ်နဲ့ လဲပေါ့။ အလကား လာမတောင်းကြနဲ့။”
“ဟုတ်တယ်။ ဆရာကြီးဆီကနေ တခြား သတင်းတွေနဲ့ ရှင်သန်ရေး နည်းလမ်းလေးတွေ မျှဝေပေးဖို့ပဲ မျှော်လင့်ပါတယ်။”
“ဒါကမှ တကယ့် အရေးကြီးတဲ့ အရာပဲ။”
ရှင်သန်ရေး နည်းလမ်းများအား တောင်းဆိုနေကြသည်ကို မြင်သောအခါ ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ကျုပ်မှာ ထွေထွေထူးထူး နည်းလမ်းတော့ မရှိပါဘူး။ ပစ္စည်းသေတ္တာတွေကိုသာ များများဆယ်ကြပါ။ ဒါပေမဲ့ တခြား အချက်အလက်တစ်ခုကိုတော့ အခမဲ့ မျှဝေပေးနိုင်ပါတယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု နောက်ထပ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုရဲ့ လက်အောက်ခံ ဖြစ်သွားနိုင်ပါတယ်။”
ထို့နောက် သူသည် သတိပေးချက်တစ်ခု ထပ်ဖြည့်ပေးလိုက်၏။
“တစ်ယောက်ယောက်ကို အသေအချာ ယုံကြည်ရတဲ့ အခြေအနေမျိုး မဟုတ်ရင် ဘယ်သူ့ကိုမှ မယုံကြပါနဲ့။ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးကြပါ။ ဒါက ဥပဒေမဲ့တဲ့ ကမ္ဘာကြီးပဲ။ အားလုံးပဲ ကံကောင်းကြပါစေ။”
အမှန်စင်စစ် ဤအချက်မှာ လူချင်းတွေ့ကြလျှင် အလိုလို သိသွားကြမည့် အရာဖြစ်သဖြင့် အထူးလျှို့ဝှက်ချက်တော့ မဟုတ်ပေ။
“ဘာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က လက်အောက်ခံ ဖြစ်သွားနိုင်တယ် ဟုတ်လား။”
“ဒါဆိုရင် ဆရာကြီးမှာ လက်အောက်ခံ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု ရှိနေပြီပေါ့။”
“ဒါက ဘယ်လို အခြေအနေမျိုးလဲ။ တခြားလူက သူ့ကို အညံ့ခံလိုက်တာလား။”
“ကျုပ်တော့ အဲ့လိုမထင်ဘူး။ ဆရာကြီးက ဘယ်သူ့ကိုမှ မယုံနဲ့လို့ ပြောထားတာဆိုတော့ ဟိုလူ့ကို သတ်ပစ်လိုက်တာပဲနေမယ်။”
“အဲဒီလောက်တောင် ရက်စက်တာလား။ အားလုံး အဆင်ပြေပြေ နေလို့ မရဘူးလား။”
“ဟင်း... ဒီကမ္ဘာမှာ ဥပဒေ မရှိဘူး။ မင်းက ကြင်နာတတ်ပေမယ့် တခြားလူတွေကရော ကြင်နာမယ်လို့ မင်း အာမခံနိုင်လား။”
“အမှန်ပဲ... ဆရာကြီးရဲ့ သတိပေးချက်ကို အားလုံး မှတ်ထားသင့်တယ်။”
ရှောင်းယီသည် အများသုံးချန်နယ်တွင် နောက်ထပ် ဘာမှ မပြောတော့ပေ။ သူ ပေးနိုင်သမျှ သတိပေးချက်များကို အဆုံးအစွန်အထိ ပေးခဲ့ပြီးပြီဖြစ်ရာ ကျန်တာကတော့ သူတို့ဘာသာ ဆုံးဖြတ်ရုံသာ ရှိတော့သည်။