ကျွန်းအထိမ်းအမှတ်ကျောက်တိုင် အရိတ်အမြွတ်စာကို ရောင်းစားခြင်းနှင့် တောယုန်ကင်
Vol. 4 Ch. 59
“ကျုပ် လှေတစ်စင်း တည်ဆောက်လိုက်ပြီ။”
“ဘာ... အစ်ကိုကြီး ခင်ဗျားတကယ်တော်တာပဲ။ လှေငယ်ဆောက်လို့ဪတဲ့ ထုတ်လုပ်မှုပုံစံကို ခင်ဗျားဘယ်ကရတာလဲ။”
“မေးနေစရာ လိုသေးလို့လား။ ပစ္စည်းသေတ္တာထဲကပဲပေါ့။ ကံတရားပဲလေ။”
“အားကျလိုက်တာဗျာ။”
“အားကျနေစရာ ဘာရှိလို့လဲ။ အရင်က တစ်ယောက်ယောက် C အဆင့် ရွက်လှေထုန်လုပ်မှုပုံစံကိုတောင် ရောင်းသွားသေးတာပဲ မဟုတ်ဘူးလား။”
“အဲဒါက အဆင့်မြင့်လွန်းတယ်။ ဝယ်နိုင်ရင်တောင် တကယ်ဆောက်နိုင်ဖို့ ခဲယဉ်းမှာ။”
“ကျုပ်ပြောချင်တာက လှေငယ်လေး ဆောက်ပြီးသွားတော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေ အကြောင်းကြားစာတစ်စောင် တက်လာတယ်။”
“ဘာအကြောင်းကြားစာလဲ။”
အားလုံးက စပ်စုချင်လာခဲ့ကြ၏။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အကြောင်းကြားစာများသည် လူတိုင်းအတွက် ဤကမ္ဘာကြီးကို နားလည်နိုင်ရန် အခွင့်အရေးများဖြစ်သည်။
သို့သော် သစ်သားလှေငယ် ဆောက်လိုက်သည့် ထိုလူမှာ ချက်ချင်း မပြောဘဲ မူနေ၏။
“အကြောင်းကြားစာမှာ ဘာပါလဲ သိချင်ရင် အရင်းအမြစ်တွေနဲ့ လဲလှယ်ကြပါ။”
ထိုလူ၏ အိုင်ဒီမှာ ချင်ယွင်ရှန်းဖြစ်ပြီး သူသည် အများသုံးချန်နယ်တွင် မက်ဆေ့ချ် ပို့လိုက်သည်။
“သောက်ကျိုးနည်း... ဒါကိုတောင် အရင်းအမြစ်နဲ့ လဲချင်သေးတာလား။ မင်းတော့ အရင်းအမြစ်ရူး ရူးနေပြီထင်တယ်။”
“ဟုတ်ပါ့။ နောက်ကျရင် ငါတို့လည်း လှေဆောက်ပြီးတဲ့အခါ သိရမှာပဲကို။”
“ဟုတ်တယ်။ မပြောချင်လည်း နေပါစေ။ အဲဒီသတင်းကြီးကို မင်းလက်ထဲမှာပဲ ပုပ်သိုးတဲ့အထိ ထားလိုက်တော့။”
ခဏအတွင်းမှာပင် ချင်ယွင်ရှန်းဆိုသူကို လူအများက ဝိုင်းဝန်း ကန့်ကွက် ရှုတ်ချကြတော့၏။ ဆုဝမ်သည် ထိုမက်ဆေ့ချ်ကို မြင်လျှင် ရှောင်းယီထံသို့ ချက်ချင်းပင် သီးသန့်စာတို ပေးပို့လိုက်သည်။
“အများသုံးချန်နယ်ကို ကြည့်လိုက်ဦး။ တစ်ယောက်ယောက်က လှေဆောက်လို့ တက်လာတဲ့ အကြောင်းကြားစာကို ရောင်းနေတယ်။”
ရှောင်းယီသည် အနည်းငယ် ကြောင်အသွားပြီးနောက် ချန်နယ်သို့ ပြောင်းကြည့်ကာ စကားပြောမှတ်တမ်းများကို ဖတ်ကြည့်လိုက်ရာ ဘာဖြစ်နေသည်ကို ချက်ချင်းပင် သဘောပေါက်သွားခဲ့လေသည်။
ရှောင်းယီက ဆုဝမ်ကို ချက်ချင်း ပြန်စာပို့လိုက်၏။
“အဲဒီသတင်းက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လှေပေါ်ကို ပြောင်းရွှေ့လို့ ရတယ်ဆိုတာပဲ။ ဒါပေမဲ့ တစ်နှစ်မှာ တစ်ကြိမ်ပဲ ပြောင်းလို့ရတယ်။ ထွေထွေထူးထူး မဟုတ်ပါဘူး။ ကြည့်ရုံပဲ ကြည့်ထားလိုက်။”
တစ်ချိန်တည်းမှာပင် သူသည် ထိုသတင်းကို ကျန်းယွင်ထျန်းနှင့် ယွမ်နွန်တို့ထံသို့လည်း ပို့ပေးလိုက်သည်။
ကျန်းယွင်ထျန်းမှာ ရှောင်းယီပေးထားသော လှေငယ်ကိုသုံး၍ ပစ္စသည်းသေတ္တာများ ဆယ်ယူနေသူဖြစ်ပြီး လှေပေါ်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု ရှိနေသည်ကိုလည်း မြင်ဖူးသဖြင့် ရှောင်းယီက ဤသတင်းကို သိနေသည်ကို မအံ့သြသွားခဲ့ပေ။
သို့သော်ဘ ယွမ်နွန်သည်မူ အတော်လေး အံ့သြသွားခဲ့၏။
“ဒါဆိုရင် နောက်ဆိုရင် တချို့လူတွေက လှေပေါ်မှာပဲ အခြေချ နေထိုင်ကြတော့မှာပေါ့။”
“ဟုတ်တယ်။ သူတို့ဆိုရင် အုတ်မြစ်ကျောက်တွေလည်း မလိုတော့သလို အပတ်စဉ် ကျွန်းနစ်မြုပ်မယ့် အန္တရာယ်ကိုလည်း စိုးရိမ်စရာ မလိုတော့ဘူး။ ဒါပေမဲ့ အန္တရာယ်ကတော့ မနည်းဘူးပေါ့။ ပင်လယ်ရေသတ္တဝါတွေရဲ့ ခြိမ်းခြောက်မှုအပြင် မုန်တိုင်း၊ လှိုင်းကြီးတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေတော့ ရှိနေဦးမှာပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ယွမ်နွန်က ခေါင်းညိတ်လိုက်၏။ လူအများစုမှာ ကုန်းမြေပေါ်တွင်သာ နေထိုင်ရန် ရွေးချယ်ကြလိမ့်မည်ဟု သူ ယုံကြည်သည်။
ယခင်ကမ္ဘာမှာပင် ပင်လယ်ထွက် ငါးဖမ်းသူများသည် ပင်လယ်ထဲတွင် အချိန်အတော်ကြာ နေပြီးနောက် ကုန်းပေါ်သို့ တက်၍ အနားယူကြရသည် မဟုတ်ပါလား။
အများသုံးချန်နယ်တွင် လူအများက ကန့်ကွက်နေကြသော်လည်း အချို့မှာမူ ထိုသတင်းကို သိချင်နေကြဆဲဖြစ်သည်။ အကြောင်းမှာ သတင်းအချက်အလက်ကို ကြိုသိထားခြင်းသည် အခြားသူများထက် ခြေတစ်လှမ်း သာသွားစေနိုင်သောကြောင့်ပင်။
“မင်း ဘယ်လို အရင်းအမြစ်တွေ လိုချင်လဲ။”
တိလင်းထျန်းရှားက ချင်ယွင်ရှန်းထံ တိုက်ရိုက် စာပို့လိုက်၏။ ချင်ယွင်ရှန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။
“သူဌေးကြီး တိလင်း ကျုပ်ကို ရေနဲ့ အစားအစာ နည်းနည်း ပေးရင် ရပါပြီ။ ပြီးတော့ ကျုပ် သူဌေးတို့ အဖွဲ့ထဲကို အခမဲ့ ဝင်ခွင့်ရဖို့ မျှော်လင့်ပါတယ်။”
“ရေသန့် ၅၀၀ မီလီလီတာ၊ ပေါင်မုန့် ၂၀၀ ဂရမ်၊ အဖွဲ့ထဲကို အခမဲ့ ဝင်စေမယ်။ အဖွဲ့ဝင်ဖြစ်ပြီးရင် အပတ်တိုင်း ပေးသွင်းရမယ့် အရင်းအမြစ်ကို ထက်ဝက် လျှော့ပေးမယ်။”
တိလင်းထျန်းရှားက ပြောလိုက်သည်။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေး။”
ချင်ယွင်ရှန်းက ဆက်ပြောလိုက်သည်။
“သတင်းကတော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လှေပေါ် ပြောင်းလို့ရတယ်ဆိုတာပါ။ တစ်နှစ်မှာ တစ်ခါပဲရတယ်။”
တိလင်းထျန်းရှားက မျက်မှောင်ကျုံ့လိုက်၏။
“ပြောင်းလို့ရတယ်ဟုတ်လား။ ဒါဆို ပြောင်းဖို့ ရွေးချယ်လိုက်ရင် အုတ်မြစ်ကျောက်တွေ လုံးဝ မလိုတော့ဘူးပေါ့။”
“ဟုတ်ကဲ့။ ကျုပ်တော့ လှေပေါ်မှာပဲ နေဖို့ ဆုံးဖြတ်လိုက်ပြီ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ပြောင်းလိုက်တာနဲ့ ကျုပ်ရဲ့ကျွန်းက နစ်မြုပ်သွားပြီး အုတ်မြစ်ကျောက်တချို့ကို ပြန်ရလိမ့်မယ်။”
ချင်ယွင်ရှန်းက ရှင်းပြလိုက်သည်။
“အင်း... သိပြီ။”
တိလင်းထျန်းရှားသည် ပစ္စည်းများကို လဲလှယ်ပေးလိုက်ပြီးနောက် သူ့လက်အောက်ရှိ တိလင်းချင်းလုံကို ချင်ယွင်ရှန်း အဖွဲ့ဝင်ဖြစ်လာခြင်းနှင့် ပတ်သက်၍ အထူးညွှန်ကြားချက် ပေးလိုက်၏။
“ဟေ့ ကောင်လေး သတင်းကို ရောင်းလိုက်ပြီလား။”
ချန်နယ်၌ တစ်ယောက်က လှမ်းမေးလိုက်သည်။
“ဘယ်သူက ဝယ်မှာလဲ။ အသုံးမဝင်နိုင်တဲ့ သတင်းအတွက် အရင်းအမြစ်တွေ ပေးမယ်ဆိုရင် အဲ့လူက ပိုက်ဆံတွေ ပေါနေတဲ့ ငတုံးပဲ ဖြစ်လိမ့်မယ်။”
ထိုစကားကို မြင်လျှင် ချင်ယွင်ရှန်းက ချက်ချင်း တုံ့ပြန်လိုက်၏။
“သူဌေးကြီး တိလင်းက ကျုပ်ဆီကနေ အခုလေးတင် ဝယ်သွားတယ်။ မင်းက သူဌေးကြီးတိလင်းကို ငတုံးတစ်ယောက်လို့ ပြောချင်တာလား။”
“ဟမ် ဧကရာဇ်က ဝယ်သွားတာလား။ ဒါဆို ဒီသတင်းက တကယ် တန်ဖိုးရှိတာပဲ။ ငါလည်း ဝယ်ချင်တယ်။”
‘ပိုက်ဆံပေါနေတဲ့ ငတုံး’ ဟု ပြောခဲ့သူမှာ ချက်ချင်းပင် လူရာမဝင်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။ သူသာ ဆက်ပြောနေလျှင် တိလင်းအဖွဲ့ဝင်များ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။
“အားလုံးပဲ။ ကျုပ်တို့မှာ လှေရှိရင် တခြားလူတွေရဲ့ ကျွန်းကို ရှာတွေ့နိုင်ပြီး အတူတူ ဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ရပြီပေါ့နော်။”
“ဟုတ်တယ်၊ ဟုတ်တယ်။ ကျွန်းပေါ်မှာ တစ်ယောက်တည်း နေရတာ ပျင်းစရာကြီး။ နှစ်ယောက်ဆိုရင် အနည်းဆုံးတော့ စကားပြောလို့ရတာပေါ့။”
“အပေါ်ကလူ မင်းရဲ့ကျွန်းကို လာတွေ့မယ့်သူက ဆန့်ကျင်ဘက် လိင် ဖြစ်မယ်လို့ ဘယ်သူက အာမခံနိုင်လို့လဲ။”
“ဘယ်သူက ဆန့်ကျင်ဘက် လိင်မှ ဖြစ်ရမယ် ပြောလို့လဲ။ လိင်တူချင်းကလည်း စစ်မှန်တဲ့ အချစ်ပဲလေ။”
နက်တဇန် (Netizen)များ၏ စကားလမ်းကြောင်း လွှဲနိုင်စွမ်းမှာ အံ့မခန်းပင်။
ရှောင်းယီသည် သူတို့၏စကားများကို ကြည့်ပြီး ခေါင်းခါယမ်းကာ သူ့ဘာသာ ရေရွတ်လိုက်၏။
“အတူတူ ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဟုတ်လား။ ဒီကမ္ဘာမှာ ဖြစ်နိုင်ခြေ အရှိဆုံးကတော့ မင်းကိုသတ်ပြီး မင်းရဲ့ အရင်းအမြစ်တွေကို လုယူသွားဖို့ပဲ။ အပိုလူတစ်ယောက် ရှိလာတာက စားသုံးမှု ပိုများလာတာပဲ။ ဒါပေမဲ့ ရိတ်သိမ်းမှု ပိုများလာမယ်လို့တော့ အာမမခံနိုင်ဘူး။”
ထို့နောက် ရှောင်းယီသည် တိုက်ခန်းထဲမှ ထွက်လာကာ အာလူးများကို ဆက်၍ ရေလောင်းပေးလိုက်သည်။ နောက်တစ်ကြိမ် ရေလောင်းရန်မှာ သန်းခေါင်ယံမှ ဖြစ်ပေလိမ့်မည်။
ရေလောင်းပြီးနောက် မြက်များကို ရိတ်ကာ နွားတင်းကုပ်ထဲသို့ ပို့ပေးလိုက်၏။
သူသည် နေပူလွန်းသဖြင့် နေ့လယ်စာပင် မစားရသေးပေ။ ယခုမှ အရင်က အဆင်သင့် ပြင်ထားသော တောယုန်သားကို မီးကင်ရန် ပြင်ဆင်ရတော့သည်။
“ဆီမရှိတာ နှမြောစရာပဲ။”
ရှောင်းယီ ညည်းတွားလိုက်မိသည်။ အရင်က ရိတ်သိမ်းထားသော ပဲပိစပ်များကို မျိုးစေ့အဖြစ် ပြန်စိုက်ထားရသဖြင့် ဆီထုတ်ရန် ပဲမရှိသေးပေ။
ရက်ပေါင်းများစွာ လေ့ကျင့်ထားသဖြင့် ရှောင်းယီ၏ အသားကင်စကေးမှာ အလွန် ကျွမ်းကျင်နေပြီ ဖြစ်၏။ မကြာမီ တောယုန်သားမှာ အပြင်ဘက်တွင် ရွှေအိုရောင် သန်းကာ ကျွတ်ရွလာပြီး အတွင်းသားမှာ နူးညံ့သွားခဲ့သည်။ ထို့နောက် ဆားအနည်းငယ် ဖြူးကာ အတုံးလေးများ တုံးလိုက်၏။ ပန်းသီးနှစ်လုံး ခူးကာ ဆေးကြောပြီးနောက် အစိတ်လေးများ စိတ်ကာ ဆုဝမ်နှင့် အခြားသူများထံ ပို့ပေးလိုက်တော့သည်။
“[တောယုန်ကင်] ၃၀၀ ဂရမ်၊ [ပန်းသီး] (A အဆင့်) ၁၀၀ ဂရမ်၊ [ရေနွေး] ၅၀၀ မီလီလီတာ - အခဲမဲ့လဲလှယ်မည်။”
“ဒီနေ့ နေ့လယ်စာကို ငါးမစားဘဲ အရသာ ပြောင်းစားကြရအောင်။ ပန်းသီးအစေ့တွေကိုတော့ ပြန်သိမ်းထားပေးပါ။ အစေ့ကို ပြန်စိုက်လို့ ရ၊ မရ စမ်းကြည့်ချင်လို့။”
ရှောင်းယီက မှာလိုက်၏။
“တောယုန်သားလား။ တောယုန်က ဘယ်က ရတာလဲ။”
ဆုဝမ်က အံ့အားသင့်စွာ မေးလိုက်သည်။
“ဒါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အကြောင်းကြားစာမှာ ပါတဲ့အတိုင်းပဲ။ ကျွန်းဧရိယာ ကျယ်လာလေ ရနိုင်တဲ့ အရင်းအမြစ်တွေက ပိုများလာလေပဲ။ ငါ့ရဲ့ကျွန်းမှာ တောအုပ်တစ်ခု ပေါ်လာပြီး အဲဒီတောထဲမှာ သတ္တဝါလေးတွေ ရှိနေပြီ။”
ရှောင်းယီက ရှင်းပြလိုက်၏။
“တကယ် အံ့သြဖို့ကောင်းတာပဲ။”
ဆုဝမ်က ပြောလိုက်သည်။
“ဒါပေမဲ့ တောယုန်တွေက အရမ်းမြန်တာကို ဘယ်လိုဖမ်းလိုက်တာလဲ။”
“ငါဖမ်းတာ မဟုတ်ဘူး။ ဝမ်ချိုင် ဖမ်းတာ။”
“ဝမ်ချိုင်လား။ နင့်ရဲ့ကျွန်းမှာ တခြားလူတွေ ရှိသေးတာလား။”
ဆုဝမ်က ပို၍ပင် အံ့သြသွား၏။
“ဝမ်ချိုင်ဆိုတာက ခွေးတစ်ကောင်ပါ။”
ရှောင်းယီက ကူကယ်ရာမဲ့စွာဖြင့် ပြနဖြေလိုက်သည်။
“နင့်မှာ အိမ်မွေးတိရစ္ဆာန်တောင် ရှိတယ်လား။”
ဆုဝမ်သည် ရှောင်းယီက သူမကို အမြဲ အံ့သြအောင် လုပ်နိုင်သည်ဟု ခံစားလိုက်ရသည်။
“အင်း... ရိုးရိုးတရုတ်ကျေးလက်ခွေးလေးပါပဲ။”
“ကောင်းပါတယ်။ အနည်းဆုံးတော့ အဖော်ရတာပေါ့။ မပျင်းရတော့ဘူး။”
ဆုဝမ်က အားကျစွာ ပြောလိုက်၏။
“ကဲ... မြန်မြန်စားကြတော့။ စားပြီးရင် ပစ္စည်းသေတ္တာဆယ်ဖို့ အခွင့်အရေးရှိသေးလား ကြည့်လိုက်ဦး။”
“အင်း”
ရှောင်းယီသည် ယုန်ခြေထောက်တစ်ဖက်ကို ကောက်ယူကာ အားရပါးရ ကိုက်စားလိုက်သည်။
“ဝုတ် ဝုတ်”
ဘေးမှ ဝမ်ချိုင်မှာမူ သွားရည်များ တစက်စက် ကျနေတော့လေသည်။
“အော်... မေ့လို့၊ မင်းအတွက်လည်း ပါပါတယ်ကွ။”
ရှောင်းယီသည် အသားကင်ထဲမှ အသားတုံးကြီး တစ်တုံးကို ဖဲ့၍ ပစ်ပေးလိုက်၏။ ဝမ်ချိုင်သည် ၎င်းကို လေထဲတွင်ပင် ဖမ်းယူလိုက်ကာ အားရပါးရ စားသောက်တော့လေသည်။
ရှောင်းယီ ယုန်သားစားနေရင်း အများသုံးချန်နယ်ကို တစ်ချက် ကြည့်လိုက်ရာ မက်ဆေ့ချ် တစ်စောင် တက်လာခဲ့၏။
“တိလင်းအင်အားစုသည် ပင်လယ်ရေကြောင်း စီးပွားရေးလုပ်ငန်းကို စတင်တော့မည် ဖြစ်ကြောင်း...”