သုံးဘုံလောကဝိညာဉ်သင်္ဘောလား
Vol. 69 Ch. 979
မျက်မှောက်ရှိ ကျောက်တိုင်မှာ ထင်ရှားပေါ်လွင်ခြင်း မရှိလှပေ။ အကယ်၍ ကောင်းကင်ယံအထိ ထိုးတက်နေမည်ဆိုပါက သိသာထင်ရှားပေလိမ့်မည်။ သို့သော် ဤကျောက်တိုင်မှာ တစ်ဆယ်မီတာခန့်သာ မြင့်သဖြင့် သိပ်မမြင့်လှသောကြောင့် သူ သတိမထားမိခဲ့ခြင်း ဖြစ်ပေသည်။
သူသည် ဤနယ်မြေကို စူးစမ်းရှာဖွေခဲ့ဖူးသော်လည်း ဝေ့ဝဲကြည့်ရုံမျှသာ ကြည့်ခဲ့ခြင်းဖြစ်ရာ သေသေချာချာ သတိမပြုမိခဲ့ချေ။
မည်သူက အားယားနေသဖြင့် ဤကျောက်တိုင်ကို လာရောက် စူးစမ်းနေပါမည်နည်း။ သို့သော် အဓိကအချက်မှာ ယခုအခါ ၎င်း၏အတွင်းမှ သုံးဘုံလောကဗဟိုချက်၏ စွမ်းအားများ ထွက်ပေါ်နေသည်ကို သူ ခံစားလိုက်ရခြင်းပင် ဖြစ်ပေသည်။ ဤသည်က သူ့ကို အလွန်ပင် တုန်လှုပ်သွားစေခဲ့ရသည်။ ယခင်က သူ၏ အဆင့်မှာ နိမ့်ပါးနေခဲ့သဖြင့် ဤအရာကို ခံစားသိရှိနိုင်စွမ်း မရှိခဲ့ချေ။
ယခုမူ အခြေအနေမှာ ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ကျင့်စဉ်အဆင့်မှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီဖြစ်ရာ အရာများစွာကို သူ ခံစားသိရှိနိုင်ပြီ ဖြစ်ပေသည်။ အထူးသဖြင့် သုံးဘုံလောကဗဟိုချက် တည်ရှိရာနေရာမှ ခုလေးတင် ပြန်လာခဲ့ခြင်းဖြစ်ရာ ပိုမို ခံစားသိရှိနိုင်ခြင်း ဖြစ်ပေသည်။
အကယ်၍ သူသာ ထိုနေရာသို့ မသွားခဲ့ဖူးပါက ဤကျောက်တိုင်၌ ထူးခြားသော စွမ်းအင်တစ်ခု ရှိနေသည်ဟုသာ ထင်မှတ်မိပေလိမ့်မည်။ ဤကဲ့သို့သော ရင်းနှီးသည့် ခံစားချက်မျိုး ရှိနေမည် မဟုတ်ပေ။
“ဒါက ဇာတိနယ်မြေလား...”
ယီထျန်းယွမ်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ ပတ်ဝန်းကျင်တွင် မည်သည့် အဆောက်အအုံမျှ မရှိဘဲ ဤကျောက်တိုင် တစ်တိုင်သာ ရှိနေခြင်း ဖြစ်ပေသည်။ သူသည် ကျေးရွာလေး တစ်ရွာ သို့မဟုတ် အနည်းဆုံးတော့ ပျက်စီးနေသော အိမ်အချို့ ရှိနေမည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုမူ မည်သည့်အရာမျှ မရှိဘဲ မြက်ပင်များအကြား၌ ဤကျောက်တိုင် တစ်တိုင်တည်းသာ ထောင်မတ်နေခြင်း ဖြစ်ပေသည်။
“မှန်ပါတယ်... ကျွန်မတို့ရဲ့ ဇာတိနယ်မြေက ဒီမှာပါပဲ...”
ယီချင်းရွှမ်သည် ကျောက်တိုင်ကို ရိုသေကိုင်းရှိုင်းသော မျက်လုံးများဖြင့် ကြည့်ကာ ဆို၏။
“ဒဏ္ဍာရီအရဆိုရင် ကျွန်မတို့ရဲ့ ဘိုးဘေးတွေ ကွယ်လွန်သွားပြီးနောက် ဒီနေရာမှာ မြှုပ်နှံခဲကြတယ်... မြှုပ်နှံပြီးတဲ့ နောက်မှာတော့ ဒီကျောက်တိုင်က ချက်ချင်း ပေါက်ထွက်လာပြီး တဖြည်းဖြည်း မြင့်တက်လာခဲ့တာပါ...”
“မှန်တာပေါ့... ဒီကျောက်တိုင်က အရင်နှစ်တွေထက်စာရင် မီတာဝက်လောက် ပိုပြီး မြင့်လာတယ်... ကြီးထွားတဲ့နှုန်းက အရင်ကထက် အများကြီး ပိုပြီး မြန်လာတာပဲ...”
ဘေးနားရှိ ဝိညာဉ်မျိုးနွယ်စု ဘိုးဘေးကြီး၏ မျက်လုံးများတွင်လည်း ရိုသေကိုင်းရှိုင်းမှုများ ပြည့်နှက်နေခဲ့သည်။ ဤသည်မှာ ၎င်းတို့၏ ဇာတိနယ်မြေ ဖြစ်ပေသည်။
တိတိကျကျ ပြောရမည်ဆိုလျှင် ဘိုးဘေးများကို မြှုပ်နှံထားသော နေရာဖြစ်ရာ နှစ်စဉ် လာရောက် ဝတ်ပြုကြသည်ဖြစ်ပြီး ယခုနှစ်တွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပေသည်။
“ကြီးထွားနိုင်တဲ့ ကျောက်တိုင်... ဟုတ်လား...”
ယီထျန်းယွမ်သည် ထိုကျောက်တိုင်ကို ကြည့်ရင်း ကောင်းကင်မျက်လုံးဖြင့် အထက်အောက် စစ်ဆေးကြည့်လိုက်သည်။ တစ်စုံတစ်ရာသော သဲလွန်စကို သူ ရှာဖွေလိုသောကြောင့် ဖြစ်ပေသည်။
သို့သော်လည်း ကောင်းကင်မျက်လုံးမှာ ဘာကိုမျှ မြင်တွေ့နိုင်စွမ်း မရှိချေ။ ကြည့်ရသည်မှာ အဆင့်မလုံလောက်သဖြင့် ပိုမိုများပြားသော အရာများကို မမြင်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။
မကြာမီမှာပင် ဝိညာဉ်မျိုးနွယ်စုဝင် အမြောက်အများမှာ စတင် ဝတ်ပြုကြတော့သည်။ အခမ်းအနားမှာ ရိုးရှင်းလှပြီး လှူဖွယ်ပစ္စည်းများကို တင်မြှောက်ကာ အပြင်ဘက်၌ ဝတ်ပြုဆုတောင်းကြခြင်းပင် ဖြစ်ပေသည်။ ဤနေရာ၌ မီးပုံကြီးတစ်ခုကို ဖန်တီးလိုက်ကြပြီး သုံးရက်သုံးညတိုင်တိုင် ဝတ်ပြုရန် ပြင်ဆင်လိုက်ကြသဖြင့် အလွန်ပင် စည်ကားနေခဲ့၏။
ယီထျန်းယွမ်သည် ထူးထူးခြားခြား တစ်စုံတစ်ခုကို လုပ်ဆောင်ရန် မလိုအပ်ဘဲ ၎င်းတို့၏ ကိုယ်စား ရှေ့သို့ထွက်ကာ စကားအချို့ ပြောရုံသာ ရှိပေသည်။ ဝိညာဉ်မျိုးနွယ်စု ဘိုးဘေးကြီးကမူ ယီထျန်းယွမ်သည် ဝိညာဉ်မျိုးနွယ်စုဝင် မဟုတ်သော်လည်း ၎င်းတို့၏ ဝိညာဉ်ဘုရင် ဖြစ်လာခဲ့ပြီး ၎င်းတို့ကို အောင်မြင်မှုဆီသို့ ဦးဆောင်ခေါ်သွားနိုင်သူဖြစ်ကြောင်း ဘေးနား၌ ပြောဆိုနေခဲ့သည်။
အရာအားလုံးမှာ အလွန်ပင် စည်းကမ်းတကျ ရှိလှပေသည်။ ဝတ်ပြုဆုတောင်းမှု အမျိုးမျိုးမှာလည်း စံနှုန်းများနှင့်အညီ ဖြစ်နေသဖြင့် ၎င်းတို့သည် အမှားအယွင်း တစ်စုံတစ်ရာ မရှိစေရန် အလွန်ပင် သတိထားနေကြပေသည်။
ယီထျန်းယွမ်သည် ထိုကျောက်တိုင်ကို ကြည့်ရင်း ရှေ့သို့တိုးကာ ထိတွေ့ရန် ဝန်လေးနေမိသည်။ အကယ်၍ ဘိုးဘေးများကို စော်ကားမိမည်ဆိုပါက အပြစ်တင်ခံရမည် မဟုတ်ပါလား။
ယီချင်းရွှမ်သည် သူ၏ အခြေအနေကို သတိပြုမိသွားသဖြင့် ဘေးနားမှ တိုးတိုးလေး မေးမြန်းလိုက်၏။
“ထျန်းယွမ်... မင်းက ဘိုးဘေးရဲ့ ဂူဗိမာန်ကို ဘာလို့ စိုက်ကြည့်နေတာလဲ...”
“အဲဒါက... ဒီကျောက်တိုင်က အနည်းငယ် ထူးဆန်းနေသလိုပဲ၊ ဒါကြောင့် ကိုယ် စစ်ဆေးကြည့်ချင်လို့ပါ...”
ယီထျန်းယွမ်သည် ဖုံးကွယ်ထားခြင်း မပြုချေ။ အကယ်၍ ယခု မရလျှင်ပင် ၎င်းတို့ ထွက်ခွာသွားပြီးနောက် သူ တစ်ကိုယ်တည်း ပြန်လာကာ စုံစမ်းစစ်ဆေးမည်သာ ဖြစ်ပေသည်။
“ဒါက ဘိုးဘေးရဲ့ ဝိညာဉ်ခန္ဓာကနေ ပေါက်ထွက်လာတာဆိုတော့ ထူးဆန်းနေမှာပါပဲ... ဒါပေမဲ့ မင်း ထိတွေ့ပြီး စစ်ဆေးနိုင်ပါတယ်... ဒါက ပြဿနာ မဟုတ်ပါဘူး... ခဏနေရင် ကျွန်မတို့အားလုံးက ဘိုးဘေးဆီကနေ ကောင်းချီးတောင်းတဲ့အနေနဲ့ တစ်ယောက်ချင်းစီ လာပြီး ထိတွေ့ကြရမှာပါ...”
ယီချင်းရွှမ်က ဘေးနားမှ တိုးတိုးလေး ပြောပြလိုက်သည်။
ယီထျန်းယွမ်က ခေါင်းညိတ်ပြလိုက်သည်။ ထိုသို့ဆိုလျှင်မူ အားနာနေစရာ မလိုတော့ချေ။
ဝတ်ပြုဆုတောင်းမှုများ ပြီးဆုံးသွားသည့်အခါ ဝိညာဉ်မျိုးနွယ်စု ဘိုးဘေးကြီးက ယီထျန်းယွမ်ကို အချက်ပြလိုက်၏။
“ကျွန်ုပ်တို့ရဲ့ ဘုရင်... ကျွန်ုပ်တို့ကို ဦးဆောင်ပြီး ဘိုးဘေးရဲ့ ဝိညာဉ်စွမ်းအားတွေကို ခံယူပေးပါဦး...”
ယီထျန်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီး ထိုကျောက်တိုင်ရှေ့သို့ လျှောက်လှမ်းသွားခဲ့သည်။ ကျောက်တိုင်မှာ သိပ်မမြင့်သော်လည်း အတော်လေး တုတ်ခိုင်လှပေသည်။ အနည်းဆုံး မီတာ သုံးလေးမီတာခန့် တုတ်ခိုင်သဖြင့် တောင်ကုန်းလေးတစ်ခုအလား ထင်မှတ်ရပေသည်။
သူသည် လူအုပ်ကြီးကို ဦးဆောင်ကာ ကျောက်တိုင်ရှေ့သို့ ရောက်ရှိသွားပြီးနောက် လက်ကို ဆန့်ထုတ်ကာ ကျောက်တိုင်ပေါ်သို့ တင်လိုက်သည်။ သူ၏ ကြယ်တာရာစွမ်းအားများကို အတွင်းသို့ ထည့်သွင်းလိုက်သည့်အခါ ဝုန်းခနဲ အသံနှင့်အတူ တစ်တိုင်လုံးမှ စူးရှတောက်ပသော အလင်းတန်းများ ထွက်ပေါ်လာခဲ့တော့သည်။
ယီထျန်းယွမ်နှင့်အတူ ကျောက်တိုင်ကို ထိတွေ့ရန် ပြင်နေသော လူအုပ်ကြီးမှာ ယီထျန်းယွမ် ထိတွေ့လိုက်သည်နှင့် ဤကဲ့သို့သော အလင်းတန်းများ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါ တစ်ယောက်ပြီး တစ်ယောက် ဒူးထောက် ဝတ်ပြုလိုက်ကြတော့သည်။
“နတ်ဘုရားရဲ့ တန်ခိုးတော်ပါလား... ဘိုးဘေးတွေက တန်ခိုးပြလိုက်တာပဲ...”
၎င်းတို့သည် ဒူးထောက်လိုက်ကြပြီး အလင်းထွက်နေသော ကျောက်တိုင်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။ ၎င်းတို့သည် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။ ၎င်းတို့ မည်သို့ပင် ထိတွေ့ပါစေဦးတော့ ဤကဲ့သို့ ဖြစ်ပေါ်လာခြင်း မရှိခဲ့ချေ။
ယီချင်းရွှမ်နှင့် အခြားသူများမှာလည်း မှင်တက်မိသွားကြသည်။ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
ထိုအချိန်မှာပင် ယီထျန်းယွမ်သည် ထိုကျောက်တိုင်အတွင်းသို့ စိမ့်ဝင်သွားခဲ့ပြီး အထက်မှနေ၍ အောက်ခြေအထိ ရောက်ရှိသွားခဲ့သည်။ ခဏအကြာတွင် သူ၏ ပုံရိပ်မှာ ဝင်းခနဲ ဖြစ်သွားပြီး မူလနေရာမှ ပျောက်ကွယ်သွားကာ လူတိုင်း၏ ရှေ့မှ အပြီးအပိုင် ပျောက်ကွယ်သွားခဲ့တော့သည်။
“ဒါ ဘယ်လိုဖြစ်တာလဲ... ဝိညာဉ်ဘုရင် ပျောက်သွားပြီ...”
ယီချင်းရွှမ်နှင့် အခြားသူများမှာ အလျင်အမြန် ထလာခဲ့ကြပြီး ကျောက်တိုင်ဘေးသို့ ရောက်ရှိသွားသည့်အခါ ယီထျန်းယွမ်မှာ အမှန်တကယ်ပင် မရှိတော့ဘဲ မည်သည့်နေရာသို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်ကို မသိရှိကြချေ။
ဝိညာဉ်မျိုးနွယ်စု ဘိုးဘေးကြီးက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် သံသယဖြင့် ဆို၏။
“နေရာရွှေ့ပြောင်းခြင်း ခံလိုက်ရတာ ဖြစ်ရမယ်... ဘိုးဘေးရဲ့ ကျောက်တိုင်က လူတွေကို နေရာရွှေ့ပေးနိုင်တာလား...”
၎င်းတို့သည် တွေးတော၍ မရနိုင်ဘဲ ရှိနေကြသည်။ တစ်ခါမျှ မကြုံဖူးသော ကိစ္စရပ်မှာ ၎င်းတို့၏ မျက်မှောက်၌ပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်ပေသည်။
ယီထျန်းယွမ် ပျောက်ကွယ်သွားပြီးနောက် ပြန်လည် ပေါ်ထွက်လာချိန်တွင်မူ ထူးဆန်းသော ဟင်းလင်းပြင်တစ်ခုအတွင်းသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ မြင်ကွင်းထဲ၌ ကျယ်ဝန်းလှသော ခန်းမဆောင်ကြီးတစ်ခု ရှိနေပြီး ရှေ့တည့်တည့်တွင်မူ ကြီးမားလှသော ကုလားထိုင်တစ်လုံး ရှိနေကာ ထိုအရာမှအပ အခြား မည်သည့်အရာမျှ မရှိချေ။
“ဒါက ကျောက်တိုင်အတွင်းက ဟင်းလင်းပြင်လား...”
ယီထျန်းယွမ်သည် မှင်တက်မိသွားခဲ့ရသည်။ ဤနေရာမှ စွမ်းအင်လှုပ်ခတ်မှုမှာ သိသိသာသာ ကွဲပြားနေသည်ကို သူ ခံစားလိုက်ရသည်။ ကြည့်ရသည်မှာ ဤဂူဗိမာန်ဆိုသည်မှာ အစစ်အမှန် မဟုတ်ဘဲ အမှန်တကယ် အခြေအနေမှာ အောက်ဘက်၌ နန်းတော်တစ်ခု ရှိနေခြင်းသာ ဖြစ်ပေသည်။ သို့သော် ဘာအတွက် အသုံးပြုသလဲဆိုသည်ကိုမူ သူ မသိရှိချေ။
ထို့နောက် သူသည် ထိုထိုင်ခုံဆီသို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့ပြီး ထိုင်လိုက်သည်။ သူ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ထူးခြားသော စွမ်းအင်တစ်ခုမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာခဲ့တော့သည်။
သူ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီးနောက် သူ၏ ဝိညာဉ်အသိစိတ်မှာ ပတ်ဝန်းကျင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသည်။ သူသည် မိမိ၏ အသိစိတ်မှာ ဤကမ္ဘာကြီးနှင့် ချက်ချင်းပင် ဆက်သွယ်သွားကြောင်း ခံစားလိုက်ရပေသည်။
လူသားလောကမှ စတင်ကာ ကောင်းကင်လောကနှင့် မင်လောကအထိ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ခဏအကြာတွင် သူသည် သုံးဘုံလောက၏ အရပ်မျက်နှာအနှံ့သို့ အပြီးအပိုင် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်ပေသည်။
မည်သည့် ထောင့်စွန်း၌မဆို သူ ခံစားသိရှိနိုင်ပေသည်။ အစွန်အဖျားရှိ ပုရွက်ဆိတ်တစ်ကောင်၏ လှုပ်ရှားမှုကိုပင် သူ ခံစားသိရှိနိုင်သလို ပုရွက်ဆိတ်၏ အသက်ရှူသံကိုပင် သူ သေသေချာချာ ကြားနိုင်ပေသည်။
ယခုအခါ သူသည် သုံးဘုံလောက၏ စစ်မှန်သော အုပ်ချုပ်သူအဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေပြီး ဤနေရာရှိ အရာအားလုံးကို ထိန်းချုပ်နိုင်ကာ သူ အလိုရှိရာကို လုပ်ဆောင်နိုင်ပေသည်။ သို့သော် ဤသည်မှာ အဓိကအချက် မဟုတ်ချေ။ စစ်မှန်သော အဓိကအချက်မှာ သုံးဘုံလောက တစ်ခုလုံးကို သူ ထိန်းချုပ်နိုင်ပြီဟု ခံစားလိုက်ရခြင်းပင် ဖြစ်ပေသည်။
ဤနေရာ၌ ထိန်းချုပ်နိုင်သည်ဆိုသည်မှာ ကျင့်ကြံသူတစ်ဦးဦးကို ခန္ဓာကိုယ် ပေါက်ကွဲစေခြင်း သို့မဟုတ် တောင်တန်း၊ ပင်လယ်ကို လှန်ပစ်ခြင်း မဟုတ်ဘဲ သုံးဘုံလောက တစ်ခုလုံးကို ဝိညာဉ်သင်္ဘော တစ်စင်းအလား ရှေ့သို့ ရွှေ့လျားစေနိုင်ခြင်းပင် ဖြစ်ပေသည်။
“ဒါက ထိန်းချုပ်ခန်းပဲ...”
ယီထျန်းယွမ်သည် တုန်လှုပ်သွားခဲ့ရသည်။ ဤနေရာမှာ ထိန်းချုပ်ခန်း ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ၊ ဆိုလိုသည်မှာ သုံးဘုံလောကသည် ဝိညာဉ်သင်္ဘောတစ်စင်းကဲ့သို့ ဖြစ်နေပြီး စိတ်ကြိုက် ရွှေ့လျားနိုင်ခြင်းပင် ဖြစ်ပေသည်။
သူသည် သုံးဘုံလောကကို မည်သို့ ရွှေ့လျားရမည်နည်းဟု အမြဲ တွေးတောနေခဲ့ပြီး နောက်ပိုင်းတွင်မူ သုံးဘုံလောကကို ရွှေ့လျားရန် မဖြစ်နိုင်ကြောင်း သူ တွေ့ရှိခဲ့ရသည်။ သို့သော် ယခု ဤနေရာသို့ ရောက်ရှိချိန်တွင်မူ ထိန်းချုပ်ခန်းတစ်ခုကို တွေ့ရှိခဲ့ရပြီး သူသည် သုံးဘုံလောကကို ယခုပင် ရွှေ့လျားနိုင်ပြီ ဖြစ်ပေသည်။
အခန်း ၉၇၉ ပြီးပါပြီ။