← Chapters

ပျောက်သွားပြီ

Vol. 69 Ch. 980

ပျောက်သွားပြီ

Vol. 69 Ch. 980

ဤအခြေအနေကို ရင်ဆိုင်ရသည့်အခါ ယီထျန်းယွမ်သည် အလွန်ပင် အံ့ဩဝမ်းသာသွားခဲ့ရသည်။ သူ အမြဲတမ်း ခေါင်းခဲနေခဲ့သော ပြဿနာမှာ ဤနေရာ၌ အလွယ်တကူပင် ပြေလည်သွားခဲ့ပြီ မဟုတ်ပါလား။ ပြင်းထန်သော ခွန်အားများ မလိုအပ်ဘဲ ဤနေရာ၌ ထိုင်နေရုံဖြင့် သုံးဘုံလောကကို ထိန်းချုပ်နိုင်ကာ မိမိ အလိုရှိရာ နေရာတိုင်းသို့ သွားနိုင်ပေသည်။

“ကောင်းပြီ... အခုပဲ ဒီကနေ ထွက်သွားကြစို့...”

ယီထျန်းယွမ်သည် အခြား ဘာကိုမျှ မတွေးတောတော့ဘဲ သုံးဘုံလောကကို ဤနေရာမှ ထွက်ခွာရန် ချက်ချင်းပင် ထိန်းချုပ်လိုက်သည်။ ဤနေရာ၌ ဆက်လက် နေထိုင်ရန် သူ ဆန္ဒမရှိတော့ချေ။ ယုံမင်နတ်ဆိုးမျိုးနွယ်စုများ မည်သည့်အချိန်တွင် ရောက်ရှိလာမည်ကို သူ မသိရှိသော်လည်း ယခုချက်ချင်း ထွက်ခွာခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

သူသည် မိမိ၏ ကြယ်တာရာစွမ်းအားများကို အဆက်မပြတ် ထည့်သွင်းပေးလိုက်သည့်အခါ သုံးဘုံလောက၏ အပြင်ဘက်တွင် ထူထဲလှသော အကာအကွယ် အလွှာကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူ၏ ခံစားချက်အရ ကောင်းကင်သခင် ရောက်ရှိလာလျှင်ပင် ဤအကာအကွယ်ကို ချေဖျက်နိုင်လိမ့်မည် မဟုတ်ပေ။

ဤသည်မှာ သူ၏ စွမ်းဆောင်ရည်အပေါ် မူတည်၍ ဖြစ်ပေါ်လာခြင်းဖြစ်ရာ သူ၏ ကျင့်စဉ်အဆင့် မြင့်မားလေလေ အကာအကွယ်မှာ ပိုမို သန်မာလေလေပင် ဖြစ်ပေသည်။ ဆိုလိုသည်မှာ ယခုအခါ သူ ကိုယ်တိုင် အပြင်သို့ ထွက်၍ ထိုကျောက်တုံးကြီးများကို ဖျက်ဆီးရန် မလိုတော့ဘဲ ဤနေရာမှ ထွက်ခွာနိုင်ပြီ ဖြစ်ပေသည်။

“တကယ်ကို ကောင်းတာပဲ... ဒါက သုံးဘုံလောက ဝိညာဉ်သင်္ဘောပဲ မဟုတ်လား...”

ယီထျန်းယွမ်သည် အလွန် ဝမ်းသာသွားခဲ့ရသည်။ အကယ်၍ ဤအရာကို ဝိညာဉ်သင်္ဘောဟု ခေါ်ဆိုမည်ဆိုပါက ယင်းမှာ အလွန်ပင် ကြီးမားလှပေသည်။ ကောင်းကင်နှင့် မြေကြီးကိုပင် ထိုးဖောက်နိုင်စွမ်း ရှိပေသည်။ ဤသို့ လုပ်ဆောင်ခဲ့သောသူ၏ လက်ရာမှာ အမှန်တကယ်ပင် ထိတ်လန့်ဖွယ် ကောင်းလှသဖြင့် ဘာကြောင့် ဤသို့ လုပ်ဆောင်ခဲ့သလဲဆိုသည်ကိုမူ သူ မသိရှိချေ။

“ဝိညာဉ်မျိုးနွယ်စုရဲ့ ဇာတိနယ်မြေ... နဝမအဆင့် နတ်ဘုရားအင်းဆရာကြီး... ဒါဆိုရင်...”

ယီထျန်းယွမ်သည် ဤကိစ္စကို တွေးမိသည့်အခါ သူ၏ရင်ထဲ၌ တုန်လှုပ်သွားခဲ့ရသည်။ ဝိညာဉ်မျိုးနွယ်စုသည် ထိုနဝမအဆင့် နတ်ဘုရားအင်းဆရာကြီး၏ မျိုးဆက်များ ဖြစ်ရန် အလွန်ပင် ဖြစ်နိုင်ခြေ ရှိပေသည်။ ၎င်းတို့၏ ထိတ်လန့်ဖွယ်ကောင်းသော ပါရမီကို တွေးကြည့်မည်ဆိုပါက နတ်ဘုရားနယ်မြေမှ သန်မာသူများနှင့် ရင်ဆိုင်ရလျှင်ပင် ယီချင်းရွှမ် ပေးအပ်ခဲ့သော ပါရမီမှာ အသုံးဝင်နေဆဲပင် ဖြစ်၏။

တွေးကြည့်ရုံနှင့်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။ ဤအချက်များအားလုံးမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသဖြင့် ၎င်းတို့အကြား ပတ်သက်မှု ရှိနေနိုင်ပေသည်။

သူသည် အကြမ်းဖျင်းသာ ခန့်မှန်းကြည့်ခြင်းဖြစ်ပြီး အမှန်တကယ် အခြေအနေမှာ မည်သို့ရှိသည်ကိုမူ သူ သေသေချာချာ မသိရှိချေ။ မည်သို့ပင်ဖြစ်စေ ယခုအခါ သုံးဘုံလောကကို ရွှေ့လျားနိုင်ပြီ ဖြစ်သဖြင့် အလွန်ပင် ဝမ်းသာစရာ ကောင်းလှပေသည်။

ထို့နောက် သူသည် အပြင်ဘက်ရှိ ကျောက်တုံးကြီးများဆီသို့ တိုက်ရိုက် ဦးတည်လိုက်ရာ ကြီးမားလှသော အကာအကွယ် အလွှာကြီးမှာ ထိုကျောက်တုံးကြီးများကို မှုန့်မှုန့်ညက်ညက် ကြေမွသွားစေခဲ့သည်။ သူသည် သုံးဘုံလောကကို လူသူအရောက်အပေါက် နည်းပါးသော နေရာဆီသို့ ဦးတည် ပျံသန်းစေလိုက်တော့သည်။

သုံးဘုံလောကအတွင်းရှိ ကျင့်ကြံသူ အမြောက်အများမှာမူ သုံးဘုံလောကကြီးမှာ အရှိန်အဟုန်ဖြင့် ရွှေ့လျားနေသည်ကို မသိရှိကြချေ။ ၎င်းတို့မှာ မည်သည့် ခံစားချက်မျှ မရှိကြသောကြောင့် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သုံးဘုံလောက၏ ပျံသန်းနှုန်းမှာ အလွန်ပင် တည်ငြိမ်လှသလို အပြင်ဘက်၌လည်း ထူထဲသော အကာအကွယ် အလွှာကြီး ရှိနေသဖြင့် အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းသော ကျောက်တုံးကြီးများ သို့မဟုတ် အခြားဂြိုဟ်တစ်ခုခုနှင့် တိုက်မိခြင်း မရှိသရွေ့ သုံးဘုံလောကမှာ ဘေးကင်းနေမည် ဖြစ်ပေသည်။

“ကြည့်ရတာ စိုးရိမ်စရာ ကိစ္စတွေကတော့ ယာယီအားဖြင့် တစ်ဝက်လောက် ပြေလည်သွားပြီပဲ...”

ယီထျန်းယွမ်၏ မျက်လုံးများ ဝင်းလက်သွားခဲ့သည်။ ကျန်ရှိသော နောက်ထပ် တစ်ဝက်မှာမူ ယုံမင်နတ်ဆိုးမျိုးနွယ်စု၏ ဇာတိနယ်မြေကို မြေလှန်ပစ်ရန်ပင် ဖြစ်ပေသည်။ ယင်းမှာ သူ သေချာပေါက် လုပ်ဆောင်ရမည့် ကိစ္စပင် ဖြစ်၏။ ယခုအခါ သုံးဘုံလောကကို ယာယီအားဖြင့် ပြောင်းရွှေ့လိုက်ပြီ ဖြစ်သဖြင့် သုံးဘုံလောကမှာ ဘေးကင်းသွားပြီ ဖြစ်ပေသည်။

ဤနေရာကို ယုံမင်နတ်ဆိုးများက သိရှိထားပြီးဖြစ်သဖြင့် အပြင်ဘက်တွင် မည်မျှပင် ထင်ယောင်ထင်မှား အစီအရင်များ ချမှတ်ထားပါစေဦးတော့ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ အလွန် ခိုင်မာလှသော အကာအကွယ် အစီအရင်ကြီးများ သို့မဟုတ် သန်မာသော ကျင့်ကြံသူများ စောင့်ကြပ်နေခြင်း မရှိပါက ယုံမင်နတ်ဆိုးများသည် သေချာပေါက် အမြဲတမ်း လာရောက် ကျူးကျော်နေကြပေလိမ့်မည်။

*** ***

ယုံမင်နတ်ဆိုမျိုးနွယ်...

တစ်ချိန်တည်းမှာပင် ယုံမင်နတ်ဆိုးမျိုးနွယ်စု၏ ဇာတိနယ်မြေဘက်တွင်မူ ကောင်းကင်သခင် သုံးဦး သေဆုံးသွားကြောင်း သိရှိလိုက်ရသည့်အခါ တစ်မျိုးနွယ်စုလုံးမှာ ပေါက်ကွဲထွက်မတတ် ဒေါသထွက်သွားကြရသည်။

“ဘာ... ရှိကျား ညီအစ်ကို သုံးယောက်လုံး သေသွားပြီ ဟုတ်လား...”

ဤသတင်း ပျံ့နှံ့သွားသည့်အခါ လူအမြောက်အများမှာ မယုံကြည်နိုင် ဖြစ်နေကြရသည်။ ကောင်းကင်သခင် သုံးဦးအထိ စေလွှတ်ခဲ့သော်လည်း လူသားလောကနယ်မြေမှ အင်အားစုတစ်ခုက တောင့်ခံနိုင်လိမ့်မည်ဟု မည်သူ ထင်မှတ်ထားပါမည်နည်း။ အဆင့်မြင့် ပုဂ္ဂိုလ်များမှာမူ ဒေါသတကြီး ဖြစ်နေကြရသလို ယုံမင်နတ်ဆိုးမျိုးနွယ်စု၏ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်ကြီးမှာလည်း ဤကိစ္စအပေါ် ကျေနပ်ခြင်း မရှိချေ။

“အရှင်သခင်... ကျွန်ုပ်တို့ စေလွှတ်လိုက်တဲ့ ကောင်းကင်သခင် သုံးဦးလုံး သေဆုံးသွားပါပြီ...”

၎င်းတို့သည် ဤကိစ္စကို ပြောပြနေချိန်တွင်ပင် မှင်တက်မိနေကြရဆဲ ဖြစ်ပေသည်။ ဤကဲ့သို့သော ကိစ္စမျိုးကို မည်သို့မျှ မယုံကြည်နိုင်သောကြောင့် ဖြစ်၏။ ကောင်းကင်သခင် သုံးဦးမှာ လူသားလောကနယ်မြေမှ အင်အားစုတစ်ခုကို မသုတ်သင်နိုင်ဘဲ ရှိနေခြင်းမှာ ပြောလျှင်ပင် အရှက်ရစရာ ကောင်းလှပေသည်။

အထူးသဖြင့် ယင်းမှာ ပထမဆုံးအကြိမ် ရှုံးနိမ့်ခြင်း မဟုတ်ဘဲ အကြိမ်ကြိမ် ရှုံးနိမ့်နေခြင်းဖြစ်ရာ တကယ့်ကို အရှက်ရစရာပင် ဖြစ်ပေသည်။

နတ်ဘုရားနယ်မြေမှ အင်အားစုတစ်ခုနှင့် လူသားလောကနယ်မြေမှ အင်အားစုတစ်ခု၊ ထိုနှစ်ခုလုံးမှာ မိုးနှင့်မြေကဲ့သို့ ကွာခြားလှသော်လည်း ရှုံးနိမ့်ခဲ့ရခြင်းမှာ မယုံကြည်နိုင်စရာ ကောင်းလှသော်လည်း ဤသည်မှာပင် အမှန်တရား ဖြစ်နေပေသည်။

“ဒါက ဘယ်လိုဖြစ်ရတာလဲ... တကယ်ပဲ တစ်စုံတစ်ယောက်က အဲဒီနေရာကို သိမ်းပိုက်ထားတာလား...”

ဘေးနားရှိ သန်မာသူတစ်ဦးက ရှေ့သို့ထွက်ကာ ခန့်မှန်းလိုက်သည်။

လူတိုင်းမှာ ခေါင်းညိတ်လိုက်ကြသည်။ ထိုသို့ မဟုတ်ပါက လူသားလောကနယ်မြေတွင် ဤမျှ သန်မာသော အင်အားစု ရှိနေရန်မှာ မဖြစ်နိုင်ကြောင်း ၎င်းတို့ တွေးတောမိသောကြောင့် ဖြစ်၏။ ဖြစ်နိုင်ခြေ တစ်ခုတည်းမှာမူ သန်မာသော နတ်ဘုရားနယ်မြေမှ အင်အားစုတစ်ခုက သိမ်းပိုက်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။

“ဒီအချက်ကို အရင်ကတည်းက ခန့်မှန်းခဲ့ကြတာပဲ မဟုတ်လား... ဒါပေမဲ့ ငါတို့က ကောင်းကင်သခင် သုံးဦးအထိ စေလွှတ်ခဲ့တာပဲ... တကယ်လို့ အခြားအင်အားစုတစ်ခုခု ရှိနေတာကို တွေ့ခဲ့ရင်တောင်မှ မယှဉ်နိုင်ရင် ပြန်လာခဲ့သင့်တာပေါ့...”

“ဖြစ်နိုင်တာက တစ်ဖက်လူက တိုက်ရိုက် ဖိနှိပ်လိုက်လို့ ထွက်ပြေးဖို့ အခွင့်အရေး မရခဲ့တာလည်း ဖြစ်နိုင်ပါတယ်...”

၎င်းတို့သည် မိမိတို့၏ အခြေအနေကို သိရှိထားကြသည်။ ကျင့်ကြံသူ အမြောက်အများသည် ၎င်းတို့ကို အလွန်ပင် ရွံရှာမုန်းတီးကြပေသည်။ ထို့ကြောင့် ၎င်းတို့ကို ဖယ်ကြဉ်ကြခြင်းမှာ မဆန်းလှချေ။

“တော်တော့...”

အထက်တွင် ထိုင်နေသော ယုံမင်နတ်ဆိုးဘုရင်သည် မည်သည့် အမူအရာမျှ မရှိဘဲ တည်ငြိမ်နေသော်လည်း ယင်းမှာ ပို၍ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။

ဘေးနားရှိ သန်မာသူများမှာ ဘေးသို့ ဆုတ်ခွာသွားကြပြီး စကားတစ်ခွန်းမျှ မဆိုရဲဘဲ တိတ်ဆိတ်စွာပင် နေလိုက်ကြတော့သည်။

“နတ်ဆိုးမီးလျှံ နတ်ဘုရားအရှင်ကို ထွက်ခွာခိုင်းလိုက်... ထပ်ပြီးတော့ ကောင်းကင်သခင် နှစ်ဦးကိုလည်း အတူ လိုက်ပါသွားစေ... ပြီးတော့ သူတို့ကို နေရာရွှေ့ပြောင်းခြင်း နတ်ဘုရားအင်းကိုပါ ပေးလိုက်ပါ... တကယ်လို့ မယှဉ်နိုင်ရင် ချက်ချင်း ပြန်လာပြီး ငါ့ကို အစီရင်ခံပါ...”

ယုံမင်နတ်ဆိုးဘုရင်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

“အမိန့်အတိုင်းပါ...”

ယုံမင်နတ်ဆိုး အမြောက်အများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ လက်ရှိတွင် ဤသို့သာ လုပ်ဆောင်ရပေတော့မည်။ မဟုတ်ပါက ကောင်းကင်သခင်များကို မည်မျှပင် စေလွှတ်ပါစေဦးတော့ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ ၎င်းတို့၏ ဘုရင်မှာ အမှန်တကယ်ပင် ဒေါသထွက်နေခဲ့ပြီ ဖြစ်သည်။ ယခင်က ကောင်းကင်သခင် သုံးဦးကို စေလွှတ်ကာ တစ်ပြိုင်နက်တည်း ဖိနှိပ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်လည်း အချည်းနှီး ဖြစ်ခဲ့ရရုံတင်မကဘဲ ကောင်းကင်သခင် သုံးဦးလုံး သေဆုံးသွားခဲ့သဖြင့် ယုံမင်နတ်ဆိုးဘုရင်မှာ များစွာ ဒေါသထွက်နေရခြင်း ဖြစ်သည်။ ယခုအခါတွင်မူ နတ်ဘုရားအရှင်ကို တိုက်ရိုက် စေလွှတ်လိုက်ခြင်းမှာ တွေးကြည့်ရုံနှင့်ပင် မှင်တက်မိစရာ ကောင်းလှပေသည်။

လူသားလောကနယ်မြေမှ အင်အားစုတစ်ခုကို ဖိနှိပ်ရန်အတွက် နတ်ဘုရားအရှင်ကို စေလွှတ်ခြင်းမှာ ရူးသွပ်နေခြင်းလား သို့မဟုတ် တစ်စုံတစ်ခု မှားယွင်းနေခြင်းလား။ မြေကမ္ဘာအရှင် အဆင့်ရှိသူကို စေလွှတ်လျှင်ပင် အလွယ်တကူ ဖိနှိပ်နိုင်ရမည် ဖြစ်သော်လည်း ယခုမူ နတ်ဘုရားအရှင်အဆင့်ကို အသုံးပြုနေခြင်းပင် ဖြစ်၏။

သို့သော် အမှန်တရားမှာမူ နတ်ဘုရားအရှင်ကို အသုံးပြုမှသာ ဖိနှိပ်နိုင်မည့် အခြေအနေ ဖြစ်နေခြင်းမှာ တကယ့်ကို ထိတ်လန့်စရာ ကောင်းလှပေသည်။

“အမြန်ဆုံး သွားကြစမ်း... ငါ ဒီသတင်းကို ခပ်မြန်မြန် သိချင်တယ်...”

ယုံမင်နတ်ဆိုးဘုရင်က အေးစက်စွာ ပြောလိုက်သည်။

“အမိန့်အတိုင်းပါ...”

၎င်းတို့သည် ချက်ချင်းပင် စတင် ပြင်ဆင်ကြတော့သည်။ နတ်ဆိုးမီးလျှံ နတ်ဘုရားအရှင်သည် မည်သည့် လက်အောက်ငယ်သားကိုမျှ ခေါ်ဆောင်သွားခြင်း မရှိဘဲ သန်မာသူ အနည်းငယ်နှင့်အတူ အထက်တန်းအဆင့် ပြန်လည်မွေးဖွားခြင်းအဆင့် ဝိညာဉ်သင်္ဘောကို အသုံးပြုကာ သုံးဘုံလောကဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားခဲ့တော့သည်။

နတ်ဆိုးမီးလျှံ နတ်ဘုရားအရှင်၏ ထိန်းချုပ်မှုအောက်တွင် အရှိန်မှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှပြီး ယခင်က ကောင်းကင်သခင်များ၏ အရှိန်ထက် အဆပေါင်း ဆယ်ဂဏန်းမက ပိုမို မြန်ဆန်နေခဲ့သည်။

“တစ်လအတွင်းမှာ အဲဒီ လူသားလောကနယ်မြေက အင်အားစုဆီကို သေချာပေါက် ရောက်ရမယ်...”

နတ်ဆိုးမီးလျှံ နတ်ဘုရားအရှင်က သူ၏ လက်အောက်ငယ်သားများကို အေးစက်စွာ ပြောလိုက်သည်။

၎င်းတို့မှာ အလွန်ပင် မကျေမနပ် ဖြစ်နေကြရသည်။ မူလက နတ်ဘုရားနယ်မြေမှ အင်အားစုများကို တိုက်ခိုက်ရမည် ဖြစ်သော်လည်း ယခုအခါ လူသားလောကနယ်မြေသို့ သွားရောက်ရန် အမိန့်ပေးခံရသဖြင့် မည်သို့လျှင် ကျေနပ်နိုင်ပါမည်နည်း။ အထူးသဖြင့် တစ်ဖက်လူက မိမိတို့၏ လူအမြောက်အများကို သတ်ဖြတ်ခဲ့သဖြင့် နတ်ဆိုးမီးလျှံ နတ်ဘုရားအရှင်သည်လည်း ဤအရှက်ရမှုကို မည်သို့မျှ သည်းခံနိုင်လိမ့်မည် မဟုတ်ချေ။

နတ်ဆိုးမီးလျှံ နတ်ဘုရားအရှင်၏ ထိန်းချုပ်မှုအောက်တွင် မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ တစ်လတိုင်တိုင် ရူးသွပ်စွာ ပျံသန်းပြီးနောက် ဝိညာဉ်သင်္ဘောတစ်စင်းမှာ ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ကျောက်တုံးကြီးများကို ထိုးဖောက်၍ ရှေ့သို့ တိုးဝင်သွားခဲ့သည်။

“ရည်မှန်းချက်ဆီကို ရောက်ပြီ... အချိန်မရွေး တိုက်ခိုက်ဖို့ ပြင်ထားကြ...”

နတ်ဆိုးမီးလျှံ နတ်ဘုရားအရှင်က ဝိညာဉ်သင်္ဘောကို ကြမ်းတမ်းစွာ ထိန်းချုပ်ကာ အောက်သို့ ဆင်းသက်စေလိုက်သည်။ ၎င်းတို့ အားလုံးက အသန်မာဆုံးသော လက်နက်များကို ထုတ်ယူကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြချိန်တွင်မူ ရှေ့ရှိ မြင်ကွင်းကြောင့် အားလုံး မှင်တက်မိသွားခဲ့ကြရသည်။

ထိုနေရာတွင် မည်သည့်အရာမျှ မရှိတော့ချေ။

“ဒါ ဘယ်လိုဖြစ်တာလဲ... အဲဒီဂြိုဟ်ကမ္ဘာက ဘယ်ရောက်သွားတာလဲ...”

နတ်ဆိုးမီးလျှံ နတ်ဘုရားအရှင်မှာ မှင်တက်မိသွားခဲ့ရသလို အခြားသော လက်အောက်ငယ်သားများမှာလည်း ထပ်တူပင် မှင်တက်မိသွားခဲ့ကြရသည်။ ကြီးမားလှသော ဂြိုဟ်ကြီးမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီ မဟုတ်ပါလား။

အခန်း ၉၈၀ ပြီးပါပြီ။

All Chapters