အချိန်၏ ကွဲပြားမှု
Vol. 69 Ch. 973
ကောင်းကင်သခင် သုံးဦးမှာ ကြက်ကလေး ငှက်ကလေးပမာ အလွယ်တကူ သုတ်သင်ခံလိုက်ရသည်။ ယီထျန်းယွမ်၏ ခံစားချက်အရ ထိုသူတို့မှာ သတ်ဖြတ်ခြင်းနတ်ဘုရားများနှင့် ယှဉ်လျှင် များစွာ ကွာခြားလှပေ၏။ ထိုနတ်ဘုရားစစ်သည်များမှာ ၎င်းတို့ထက် များစွာ ပိုမို သန်မာကြသေး၏။
ထိုစဉ်ကပင် သူသည် ထိုသူများကို အလွယ်တကူ ရှင်းလင်းနိုင်ခဲ့သည်ဖြစ်ရာ ယခုအခါ ကျင့်စဉ်အဆင့် ထိုးဖောက်ထားပြီး ဆန်းကြယ်မှုစနစ်အောက်တွင်မူ ဤသူတို့မှာ အမှိုက်များသာ ဖြစ်ကြပေတော့သည်။
ကောင်းကင်သခင် သုံးဦးကို သတ်ဖြတ်ပြီးနောက် ယီထျန်းယွမ်သည် ကျန်ရှိသော ဘုံဌာနနှစ်ခုသို့ အစွမ်းကုန် အရှိန်ဖြင့် သွားရောက် ကူညီပေးခဲ့ရာ သူ ရောက်ရှိသွားသော နေရာတိုင်း၌ သွေးမြူများမှာ အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်လာခဲ့တော့သည်။
ကောင်းကင်သခင် သုံးဦးလုံး မရှိတော့သဖြင့် ကျန်ရှိနေသော ယုံမင်နတ်ဆိုးမျိုးနွယ်စုများမှာ ခုခံနိုင်စွမ်း လုံးဝ မရှိတော့ဘဲ အလွယ်တကူပင် အားလုံး သုတ်သင်ခံခဲ့ရလေသည်။
- ကစားသမား ‘ယီထျန်းယွမ်’ သည် ဆဋ္ဌမအဆင့် မြေကမ္ဘာအရှင် အဆင့်သို့ အောင်မြင်စွာ ရောက်ရှိပါပြီ။ ယခု အဆင့်မြှင့်တင်မည်လား။
“လောလောဆယ်တော့ မလိုသေးဘူး...”
ယီထျန်းယွမ်အတွက်မူ ယင်းမှာ အံ့ဩစရာ မဟုတ်ချေ။ ဤနေရာ၌ ယုံမင်နတ်ဆိုး အမြောက်အများကို သတ်ဖြတ်လိုက်ရသဖြင့် အဆင့်တက်ရန် လုံလောက်သော အတွေ့အကြုံအမှတ်များ ရရှိသွားခြင်းမှာ မဆန်းလှသောကြောင့် ဖြစ်၏။ အထူးသဖြင့် ပြန်မလာမီကပင် သူသည် အတွေ့အကြုံအမှတ် အမြောက်အများကို စုပ်ယူထားခဲ့ပြီးဖြစ်ရာ ယခုကဲ့သို့ အကြီးအကျယ် သုတ်သင်လိုက်သည့်အခါ အလွယ်တကူပင် အဆင့်တက်သွားခြင်း ဖြစ်ပေသည်။
သူ ပြောခဲ့သည့်အတိုင်းပင် ဤယုံမင်နတ်ဆိုး အုပ်စုမှာ အတွေ့အကြုံအမှတ်များ လာရောက် ပေးအပ်ခြင်းသာ ဖြစ်၏။ တစ်ဖက်လူမှာ အလွန်ပင် သတိကြီးလှသဖြင့် ကောင်းကင်သခင် သုံးဦးကို စေလွှတ်ခဲ့ခြင်း ဖြစ်သော်လည်း လူသားလောကနယ်ပယ်တွင် မြေကမ္ဘာအရှင် ရှိနေရန်မှာ အလွန် ရှားပါးလှသဖြင့် ကောင်းကင်သခင် သုံးဦးမှာ မည်သည့် ဖိအားမှ ရှိလိမ့်မည် မဟုတ်ဟု ယူဆခဲ့ပုံရသည်။
သို့သော်လည်း သုံးဘုံလောကကို စောင့်ကြပ်နေသူမှာ သာမန်လူ မဟုတ်ဘဲ ယီထျန်းယွမ် ဖြစ်နေခဲ့သည် မဟုတ်ပါလား။ တိုတောင်းသော အချိန်အတွင်းမှာပင် သူသည် ဆဋ္ဌမအဆင့် မြေကမ္ဘာအရှင်သို့ အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်သဖြင့် သူ့ကို ယှဉ်နိုင်သူမှာ အလွန်ပင် ရှားပါးလှပေသည်။
အကယ်၍ တစ်ဖက်လူက ကောင်းကင်သခင် အထွတ်အထိပ် အဆင့် သို့မဟုတ် နတ်ဘုရားအရှင် အဆင့်ကိုသာ စေလွှတ်ခဲ့မည်ဆိုပါက သူ့အတွက် ရုန်းထွက်ရန် ခက်ခဲပေလိမ့်မည်။ သေချာပေါက်ပင် တစ်ဖက်လူအနေဖြင့် ဤကဲ့သို့ သန်မာလှသော ပုဂ္ဂိုလ်များကို စေလွှတ်လိမ့်မည် မဟုတ်ချေ။ မူလက ကောင်းကင်သခင် သုံးဦးကို စေလွှတ်ခဲ့ခြင်းမှာပင် တစ်ဖက်လူကို အလွန် အထင်ကြီးပေးခဲ့ခြင်း ဖြစ်ရာ နတ်ဘုရားအရှင်ကို စေလွှတ်ရန်မှာမူ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
နတ်ဘုရားအရှင် ဆိုသည်မှာ သာမန် ဟင်းရွက်ကန်စွန်းများ မဟုတ်ကြချေ။ ၎င်းတို့သည် အချိန်များကို ဤကဲ့သို့ ချောင်ကျသော နယ်မြေများတွင် အလဟဿ မကုန်ဆုံးစေလိုကြဘဲ ပို၍အရေးကြီးသော မိမိတို့ လုပ်ဆောင်စရာ ရှိသည်များကိုသာ အာရုံစိုက်တတ်ကြသည်။
သို့သော် ဤကိစ္စ ဖြစ်ပွားပြီးနောက်တွင်မူ တစ်ဖက်လူက နတ်ဘုရားအရှင်ကို စေလွှတ်မည်လား ဆိုသည်မှာ ပြောရန် ခက်ခဲလှသည်။ ကောင်းကင်သခင် သုံးဦးစလုံး ဤနေရာ၌ သေဆုံးသွားခြင်းမှာ ဆုံးရှုံးမှု အလွန်ပင် ကြီးမားလှသည်။
ထိုသို့ဆိုလျှင် နတ်ဘုရားအရှင်ကို စေလွှတ်ကာ လာရောက် ဖိနှိပ်ရပေတော့မည်။ ဤအချိန်တွင်မူ ၎င်းမှာ သုံးဘုံလောက၏ အနှစ်သာရဗဟိုချက် ပြဿနာ မဟုတ်တော့ဘဲ မိမိတို့၏ သိက္ခာပိုင်းဆိုင်ရာ ပြဿနာ ဖြစ်သွားခဲ့ပြီ ဖြစ်၏။
ကျင့်စဉ်အဆင့် မြင့်မားလေလေ မိမိတို့၏ ဂုဏ်သိက္ခာကို ပိုမို အလေးထားလေလေပင် ဖြစ်သည်။ ဤမျှ သန်မာသော သူများကို စေလွှတ်ခဲ့သော်လည်း အားလုံး အသတ်ခံလိုက်ရသဖြင့် ၎င်းတို့အနေဖြင့် ဤအရှက်ရမှုကို မည်သို့မျှ သည်းခံနိုင်လိမ့်မည် မဟုတ်ချေ။
“နောက်တစ်ကြိမ်ဆိုရင်တော့ နတ်ဘုရားအရှင် ဒါမှမဟုတ် ကောင်းကင်သခင် အဆင့်မြင့်သန်မာသူတွေ ရောက်လာနိုင်တယ်...”
ယီထျန်းယွမ်၏ မျက်လုံးများ ဝင်းလက်သွားခဲ့သည်။ သူသည် ဖိအားများ တဖြည်းဖြည်း ပိုမို ပြင်းထန်လာသည်ကို ခံစားမိနေ၏။ အကယ်၍ လူအားလုံးကို ပြောင်းရွှေ့ပစ်နိုင်လျှင်မူ ကောင်းမည်ဖြစ်သော်လည်း ယင်းမှာ အလွန်ပင် ခက်ခဲလှပေသည်။
သုံးဘုံလောက တစ်ခုလုံးကို ပြောင်းရွှေ့ရန်မှာမူ ထိုထက်ပင် ပိုမို ခက်ခဲလှရာ နတ်ဘုရားအရှင် ပင်လျှင် ဤအဆင့်အထိ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ဟု သူ ခန့်မှန်းမိသည်။
သုံးဘုံလောကမှာ အခြားသော ကမ္ဘာများနှင့် နှိုင်းယှဉ်လျှင်မူ သိပ်မကြီးမားလှချေ။ သို့သော် ကမ္ဘာတစ်ခုလုံးကို မိမိ၏ ခန္ဓာကိုယ်အတွင်းသို့ သိမ်းဆည်းရန်မှာမူ အခက်အခဲ အလွန် ကြီးမားလှပေသည်။ ယီထျန်းယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ ကမ္ဘာမှာ သုံးဘုံလောကထက် အဆပေါင်းများစွာ ကြီးမားနေလျှင်ပင်...။
ကမ္ဘာတစ်ခုလုံးကို အတင်းအကျပ် ခန္ဓာကိုယ်အတွင်းသို့ သိမ်းဆည်းရန်မှာမူ အခက်အခဲ မသေးလှဘဲ အလွန်ပင် ပြင်းထန်သော ခွန်အားများ လိုအပ်ပေလိမ့်မည်။ အနည်းဆုံးတော့ လက်ရှိတွင် သူ မလုပ်ဆောင်နိုင်သေးချေ။ ကျင့်ကြံသူများကို ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းကမ္ဘာထဲသို့ သိမ်းဆည်းခြင်းမှာသာ အလွယ်ကူဆုံးနှင့် အကောင်းဆုံး နည်းလမ်းပင် ဖြစ်ပေသည်။
သို့သော် ယင်းမှာ သုံးဘုံလောကကို စွန့်ခွာရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော ဇာတိမြေကို ဤအတိုင်းပင် စွန့်လွှတ်ရတော့မည်လား။
“ငါတို့မှာ အမြဲတမ်း ခုခံနေဖို့ပဲ ရှိတာလား... ဒါမှမဟုတ် ယုံမင်နတ်ဆိုးမျိုးနွယ်စုရဲ့ ဇာတိနယ်မြေကို မြေလှန်ပစ်လိုက်မှပဲ ဒီပြဿနာတွေက ယာယီ ငြိမ်သက်သွားမှာလား...”
ယီထျန်းယွမ်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤဖိအားများက သူ့ကို အသက်ရှူပင် ကျပ်လာစေခဲ့၏။
အချိန်မှာ အလွန်ပင် တိုတောင်းလှပြီး ဖိအားများကလည်း ထိတ်လန့်ဖွယ် ကောင်းလှရာ ခဏတာ ပုန်းကွယ်နေနိုင်လျှင်ပင် သူ များစွာ ဝမ်းသာမိပေလိမ့်မည်။
သူ ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ သုံးဘုံလောက၏ အတွင်းပိုင်းသို့ အကြည့်များကို လွှဲပြောင်းလိုက်ရာ ချက်ချင်းပင် မျက်လုံးများ ဝင်းလက်သွားခဲ့၏။
“ဗဟိုချက်...”
သူသည် သုံးဘုံလောက၏ ဗဟိုချက်ကို သတိရသွားသည်။ ရန်သူများက သုံးဘုံလောကကို သိမ်းပိုက်လိုခြင်းမှာ သုံးဘုံလောက၏ ဗဟိုချက်ကို လိုချင်သောကြောင့်သာ ဖြစ်၏။ အကယ်၍ သူသာ ဗဟိုချက်ကို ထုတ်ယူကာ အခြားဂြိုဟ်တစ်ခုအတွင်း၌ ထည့်သွင်းနိုင်မည်ဆိုပါက ယင်းမှာ ပြောင်းရွှေ့လိုက်ခြင်းနှင့် မတူနိုင်ပါသလား။
အရာအားလုံးမှာ ဤဗဟိုချက်ပေါ်၌သာ မူတည်နေသည်။ ဗဟိုချက်ကို ပြောင်းရွှေ့နိုင်သရွေ့ အရာအားလုံးမှာ ပြဿနာ ရှိတော့မည် မဟုတ်ချေ။
“ကောင်းပြီ... ဒါဆို ခဏနေရင် ဗဟိုချက်ရဲ့ အခြေအနေကို သွားကြည့်ရမယ်...”
ယီထျန်းယွမ်သည် ရှီရွှေယွမ်၏ ဘေးနားသို့ ပြန်လည် ပျံသန်း ဆင်းသက်လာခဲ့ပြီးနောက် သူမကို လက်လှမ်း၍ ဖက်လိုက်ကာ နှစ်သိမ့်လိုက်သည်။
“မင်းကို ထိတ်လန့်သွားစေမိပြီ...”
“မဖိနဲ့ဦး...”
ရှီရွှေယွမ်က သူ့ကို အသာအယာ တွန်းဖယ်လိုက်ပြီး သူမ၏ ဝမ်းဗိုက်ကို မကျေမနပ် ပွတ်သပ်လျက် ဆိုသည်။
“သိပ်ပြီး အားမထည့်နဲ့ဦး... ကလေးကို ဖိမိကုန်ပါဦးမယ်...”
ယီထျန်းယွမ်သည် ရှီရွှေယွမ်၏ ဖောင်းကြွနေသော ဝမ်းဗိုက်ကို မြင်သည့်အခါ ချက်ချင်းပင် အံ့ဩဝမ်းသာသွားခဲ့ရ၏။
“ဒါ... ဒါက ငါတို့ရဲ့ ကလေးလား...”
“အပိုတွေ ပြောမနေနဲ့... မင်းရဲ့ ကလေးမဟုတ်ရင် ဘယ်သူ့ကလေး ဖြစ်ရမှာလဲ...”
ရှီရွှေယွမ်က သူ့ကို တစ်ချက် စောင်းကြည့်လိုက်သည်။
“ဒါက...”
ယီထျန်းယွမ်က ခေါင်းကို ကုတ်လိုက်မိသည်။ အခြေအနေမှာ ရုတ်တရက် ဆန်လွန်းလှသဖြင့် သူ တကယ်ပင် သတိမထားမိခဲ့ချေ။
“ဒါနဲ့... ကိုယ်ဝန်ရှိတာ ဘယ်လောက်တောင် ကြာပြီလဲ... ကြည့်ရတာ သိပ်ပြီးတော့ မကြီးသေးသလိုပဲ...”
ရှီရွှေယွမ်၏ ဝမ်းဗိုက်မှာ သိပ်မကြီးလှဘဲ အနည်းငယ်မျှသာ ဖောင်းကြွနေခြင်း ဖြစ်သဖြင့် သိပ်ပြီး မသိသာလှချေ။
“ကိုယ်ဝန်ရှိတာ ဆယ်နှစ်လောက် ရှိပြီ...”
ရှီရွှေယွမ်က သူ့ကို တစ်ချက် စောင်းကြည့်ကာ ဆိုလိုက်၏။
“ငါတို့ရဲ့ ကလေးက တကယ့်ကို ထူးခြားတာပဲ... ဆယ်နှစ်ရှိတာတောင် မမွေးသေးဘူး...”
“ဆယ်နှစ်တောင် ရှိပြီလား...”
ယီထျန်းယွမ်သည် ဤစကားကို ကြားသည့်အခါ မှင်တက်မိသွားခဲ့ရသည်။ ကိုယ်ဝန်ရှိပြီး ဆယ်နှစ်အထိ မမွေးနိုင်သေးသည်ကို သူ တစ်ခါမျှ မကြားဖူးခဲ့ချေ။ ကိုယ်ဝန် ဆယ်လရှိလျှင် မွေးဖွားသည်ဟုသာ သူ ကြားဖူးခဲ့ပြီး ရှီရွှေယွမ်မှာမူ ဆယ်နှစ်အထိ ရှိနေသော်လည်း မမွေးနိုင်သေးခြင်းမှာ အလွန်ပင် ထူးဆန်းလှပေသည်။
“မှန်တယ်... ဒါပေမဲ့ ကလေးက အလွန် ဘေးကင်းစွာ ကြီးထွားနေတယ်ဆိုတာကို ငါ ခံစားနေရတယ်... သူက ငါ့ရဲ့ ဝိညာဉ်စွမ်းအင်တွေကို အဆက်မပြတ် စုပ်ယူနေတာ... လိုအပ်ချက်ကလည်း အတော်လေး များတယ်... ဝိညာဉ်ဆေးပင်တွေနဲ့ ဆေးလုံးတွေ အများကြီး စားခဲ့ရတယ်၊ ကလေးရဲ့ ဗိုက်ဆာမှုကို မနည်း ဖြည့်ဆည်းပေးခဲ့ရတာ...”
ရှီရွှေယွမ်သည် ဝမ်းဗိုက်ကို ပွတ်သပ်ကာ သူမ၏ မျက်လုံးများတွင် ချစ်ခင်ကြင်နာမှုများ ပြည့်နှက်နေခဲ့သည်။
“ဒါ... ဒါတွေက ငါ့ဆီမှာ ရှိပါတယ်... မစိုးရိမ်ပါနဲ့...”
ယီထျန်းယွမ်သည် သူ၏ သိုလှောင်လက်စွပ်ကို အလျင်အမြန်ပင် ပေးအပ်လိုက်ပြီးနောက် ဆိုလိုက်၏။
“ဒါတွေက မင်းတို့အတွက် ငါ ပြင်ဆင်ထားခဲ့တာ... လိုသလောက် အသုံးပြုလိုက်ပါ...”
ရှီရွှေယွမ်က လက်စွပ်ကို လှမ်းယူလိုက်ပြီး ၎င်းကို တစ်ချက် စောင်းကြည့်ကာ စစ်ဆေးကြည့်လိုက်သည့်အခါ အတွင်းရှိ များပြားလှသော ဝိညာဉ်ဆေးပင်များနှင့် ကြယ်တာရာကျောက်တုံးများကို မြင်တွေ့လိုက်ရသဖြင့် ချက်ချင်းပင် မှင်တက်မိသွားခဲ့ရ၏။ ထိုအထဲတွင် သူမ တစ်ခါမျှ မမြင်ဖူးသော အရာများစွာလည်း ပါဝင်နေပေသည်။
“အထဲကအရာတွေက အများကြီးပါလား... မင်းအတွက် နည်းနည်းလောက် မချန်ထားဘူးလား...”
ရှီရွှေယွမ်မှာ ယီထျန်းယွမ်ထံမှ တစ်စုံတစ်ခုကို လိုချင်နေခြင်း မဟုတ်ဘဲ သူ၏ ဂရုစိုက်မှုကိုသာ ရယူလိုခြင်း ဖြစ်ပေသည်။
“ရပါတယ်... ဒါတွေအားလုံးကို မင်းပဲ ယူထားလိုက်ပါ... ငါ့ဆီမှာ ကျန်ပါသေးတယ်...”
ယီထျန်းယွမ်က အပြစ်ကင်းစွာ ပြုံးလိုက်ပြီး ရှီရွှေယွမ်၏ ဝမ်းဗိုက်ကို အသာအယာ ပွတ်သပ်လိုက်၏။
“နောင်ဆိုရင် ကိုယ် ခဏခဏ ပြန်လာပါ့မယ်... အားဆေးတွေလည်း အများကြီး ယူလာပေးမယ်...”
“မင်းရဲ့ ပုံစံကို ကြည့်ဦး... ပြောရက်တယ်နော်... ဆယ်နှစ်တောင် ကုန်ဆုံးသွားခဲ့ပြီ... ငါ... ငါဆိုရင် မင်း ပြန်မလာတော့ဘူးလို့တောင် ထင်မိခဲ့တာ...”
သူမ၏ မျက်ဝန်းအိမ်တွင် မျက်ရည်များ ပြည့်လျှံလာခဲ့သည်။ ရှေ့တွင် သူမ ထိုကဲ့သို့ အမှန်တကယ်ပင် ထင်မှတ်ခဲ့မိသောကြောင့် ဖြစ်၏။
“ဘာ... ဆယ်နှစ်တောင် ရှိပြီလား...”
ယီထျန်းယွမ်က မျက်မှောင်ကြုတ်လိုက်မိ၏။
“ကိုယ် မှတ်မိသလောက်ဆိုရင် နှစ်နှစ် သုံးနှစ်လောက်ပဲ ရှိသေးတာကို... ဘယ်လိုဖြစ်ပြီး ဆယ်နှစ်တောင် ကုန်သွားရတာလဲ...”
“ငါက မင်းကို လိမ်ပြောနေမယ် ထင်လို့လား...”
ရှီရွှေယွမ်က သူ့ကို စိုက်ကြည့်လိုက်သည်။
“ထူးဆန်းတာပဲ...”
ယီထျန်းယွမ် ခေတ္တ စဉ်းစားလိုက်ပြီးမှ လက်ခုပ်တီးလိုက်၏။
“ကိုယ် သိပြီ... အချိန်နဲ့ ဟင်းလင်းပြင် ပြဿနာပဲ ဖြစ်ရမယ်... နတ်ဘုရားနယ်မြေမှာ အချိန်ကုန်ဆုံးတာက နှေးကွေးနေပြီး ဒီဘက်မှာ အချိန်ကုန်ဆုံးတာက မြန်ဆန်နေလို့ ဒီလို အခြေအနေမျိုး ပေါ်ပေါက်လာတာ ဖြစ်ရမယ်...”
သူသည် ယခင်က ဖတ်ဖူးခဲ့သော အကြောင်းအရာများကို သတိရသွားသည်။ နတ်ဘုရားနယ်မြေမှာ ကောင်းမွန်သော နေရာတစ်ခု ဖြစ်ရခြင်းမှာ ကြယ်တာရာစွမ်းအား သိပ်သည်းရုံတင်မကဘဲ အချိန်ကြောင့်လည်း ဖြစ်ပေသည်။ တစ်ဆနှင့် ငါးဆ အချိုးအစားရှိသော အချိန်ကုန်ဆုံးမှုနှုန်းမှာ နတ်ဘုရားနယ်မြေတွင် တစ်နှစ် ကုန်ဆုံးပါက ပြင်ပနယ်မြေတွင် ငါးနှစ် ကုန်ဆုံးခြင်းပင် ဖြစ်၏။
ဆိုလိုသည်မှာ နတ်ဘုရားနယ်မြေတွင် နေထိုင်ခြင်းက အသက်ကို ပိုမို ရှည်ကြာစေခြင်းပင် ဖြစ်ပေသည်။။
အခန်း ၉၇၃ ပြီးပါပြီ။။