ငါက မီးတိုင်းပြည်ရဲ့ မင်းသား(၆) ရှန်အောင်းပဲ
Vol. 1-5 Ch. 51
အခန်း (၅၁) : ငါက မီးတိုင်းပြည်ရဲ့ မင်းသား(၆) ရှန်အောင်းပဲ
သူ ပြောလို့ ပြီးသွားသည်နှင့် ရှန်ထျန်းက သူဌေးစုန့်ကို စိုက်ကြည့်နေလိုက်သည်။ သူဌေးစုန့်၏ ခေါင်းပေါ်ရှိ အစိမ်းနုရောင် ရောင်ဝါစက်ဝန်းက ရုတ်တရက် အရောင် ပြောင်းသွားလေသည်။
ယခုတော့ ရောင်ဝါစက်ဝန်းသည် သက်ဝင်လှုပ်ရှားသည့် အစိမ်းပုတ်ရောင်အဖြစ် ပြောင်းသွားပြီ ဖြစ်သည်။
ရှန်ထျန်းတစ်ယောက် စိတ်သက်သာရာရသွား၏။
သူဌေးစုန့်၏ ရောင်ဝါစက်ဝန်း တိုးတက်လာတာနှင့်ပင် ရှန်ထျန်းမှာ ပျော်နေမိသည်။
သူကတော့ သူ၏ ရောင်ဝါစက်ဝန်း အဖြူရောင် ဖြစ်လာဖို့အတွက် ဦးစားပေးထားဆဲ ဖြစ်သည်။
ဤတူက ဝိညာဉ်ကျောက်တုံးတစ်သောင်း တန်ဖိုးရှိတယ်လို့ သူဌေးစုန့်က ပြောနေသည့်အတွက် သူလည်း သူဌေးစုန့်အပေါ် အခွင့်ကောင်း ယူမနေတော့ပေ။ ထို့ကြောင့် ကျသင့်ငွေကို အကုန်လုံးရှင်းလိုက်သည်။ သူလည်း စွမ်းအင် တိုးမလာစရာ အကြောင်း မရှိပေ။
ရှန်ထျန်းက တူကို ခန်းမင်လက်စွပ်ထဲ ထည့်ကာ တခြားသူတွေ သတ္ထုရိုင်းတုံး ရှာတာကို ဆက်လက် ကူညီပေးနေလိုက်သည်။
ခဏအကြာမှာတော့ သတ္ထုရိုင်းတုံးတစ်ခုထဲမှ ပစ္စည်းကောင်းတစ်ခု ထွက်ပေါ်လာပြန်သည်။ ထိုအရာက အဆုံးမှာ သံလုံးနှစ်လုံးပါသော အနီရောင် တုတ်ချောင်း ဖြစ်၏။ ထိုအရာက ထူးခြားကောင်းမွန်သော လက်နက်တစ်ခု ဖြစ်သည်။
သူဌေးစုန့်က ထိုပစ္စည်းကို ကြည့်ကာ အလယ်အလတ်အဆင့် ဓမ္မအသုံးအဆောင်ပစ္စည်း ဖြစ်ကြောင်းနှင့် တန်ဖိုးက ဝိညာဉ်ကျောက်တုံး ၄ ထောင် ရှိကြောင်း မှန်းဆလိုက်မိသည်။
ဤဓမ္မအသုံးအဆောင်ပစ္စည်းကို ရရှိသွားသော ကံစပ်သူက ရောထွေးသောခံစားချက်များနှင့် ရှန်ထျန်းကို စိုက်ကြည့်နေလေသည်။
နောက်ဆုံးမှာတော့ စိတ်ဆုံးဖြတ်ကာ ပြောလိုက်သည် “ဆရာနတ်မင်း… ကျွန်တော်ဆီမှာ အခု ဝိညာဉ်ကျောက်တုံး ၂ ထောင် မရှိလို့ ဆရာနတ်မင်းရဲ့ ဝေစုကို မပေးနိုင်သေးဘူး ဖြစ်နေပါတယ်”
ရှန်ထျန်းက နူးညံ့စွာ ပြောလိုက်သည် “ရပါတယ်။ ကျွန်တော့် ဝန်ဆောင်မှုက အလကားပါခင်ဗျာ။ ဝေစုကို သေချာပေါက် ခွဲပေးရမယ်လို့ မဆိုလိုပါဘူး”
ထိုလူက ခေါင်းယမ်းပြကာ ပြောလိုက်သည်။
“မဟုတ်တာ… ကျွန်တော် ဒီပစ္စည်းကို ရအောင် ဆရာနတ်မင်း ကူညီပေးခဲ့တာလေ။ သေချာပေါက် ပေးရမှာပေါ့…
အင်း… ဒီလိုလုပ်ရင် ဘယ်လိုလဲ။ ဒီအသုံးအဆောင်ပစ္စည်းကို ဆရာနတ်မင်းဆီ (၄၀၀)နဲ့ ပြန်ရောင်းမယ်လေ”
သူက ရှန်ထျန်းကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
ရှန်ထျန်းရဲ့ မျက်နှာစူပုတ်သွားကာ ပြောလိုက်သည်
“ဝိညာဉ်ကျောက်တုံး ၄ ထောင်တန်တဲ့ပစ္စည်းကို ၄၀၀နဲ့ ရောင်းပေးမယ်ဟုတ်လား”
သူက သူဌေးစုန့်နှင့် ထိုလူကို သံသယအကြည့်ဖြင့် ကြည့်လိုက်မိသည်။
သူတို့က ငါ့ကို လှည့်စားဖို့ ကြိုးစားနေကြတာလား… တောက်ပနေတဲ့ တူတောင် ဝိညာဉ်ကျောက်တုံး တစ်သောင်းပဲ တန်တာလေ…
ဒီ ရုပ်ဆိုးပြီး သာမန်လို့ပဲ ထင်ရတဲ့ ဓမ္မအသုံးအဆောင်ပစ္စည်းကျကတော့ ဝိညာဉ်ကျောက်တုံး ၄ ထောင် တန်ကြေးရှိတယ်တဲ့လား…
ငါ့ကို ငတုံးများ ထင်နေကြတာလား…
ငါ့ရဲ့ ဉာဏ်ရည်ကို စမ်းသပ်နေကြတာလား…
ဤသည်က စွန့်စားရမည့် လုပ်ရပ်ဖြစ်တာကြောင့် ရှန်ထျန်း မယူနိုင်ပေ။
ထို့ကြောင့် သူက ခိုင်မာစွာ ပြောလိုက်သည် “ကျွန်တော်က ခင်ဗျားအပေါ် ဒီလိုအခွင့်ကောင်းယူပါ့မလားဗျာ။ ဒါက ခင်ဗျားရဲ့ ကံအပြောင်းအလဲ အခွင့်အရေးပဲလေ။ ခင်ဗျားပဲ သိမ်းထားလိုက်ပါ။ ဘာမှပေးစရာ မလိုပါဘူး။ ကျွန်တော် ယူဖို့ မသင့်တော်ပါဘူးဗျာ”
ထို့နောက် ရှန်ထျန်းက လမ်းလျှောက်ထွက်သွားသည်။
ထိုလူလည်း ထိတ်လန့်သွားသည်။
သူဌေးစုန့်က ခရမ်းရောင် ရွှေတူကို ဈေးချပြီး ရောင်းနိုင်ခဲ့ပေမဲ့ ငါရဲ့ အနီရောင် ဥက္ကာပျံတူကျတော့ ဘာလို့ ရောင်းမရ ရတာလဲ…
ဆရာနတ်မင်းက ငါပေးတဲ့ ပိုက်ဆံကိုတောင် မလိုချင်ဘူးဆိုတော့ သူ ငါ့ကို စိတ်ဆိုးသွားတာများလား…
ငါက ကိုယ့်အခွင့်ရေးကောင်းကို ကိုယ့်ဘာသာကို ဖျက်ဆီးလိုက်မိတာလား… အခု ဆရာနတ်မင်းက ငါ့ကို သဘောမကျတော့ဘူး ထင်တယ်…
ထိုသူ အရင်တုန်းက ယခုလောက်အထိ နောင်တမရဖူးပေ။
ကံကောင်းသူ နံပါတ်(၂)က သူ့ကို ကြည့်ကာ ကျောက်စိမ်းပေလွှာစာရွက်နှင့် ဖောင်တိန်ကို တိတ်တိတ်လေး ထုတ်လိုက်သည်။
ထို့နောက် တစ်စုံတစ်ခုကို စတင်ရေးတော့သည်။
ဆရာနတ်မင်းနှင့် ကံအပြောင်းအလဲအခွင့်အရေးတစ်ဝက်ကို မျှပေးခြင်း - သက်ရောက်မှု အားပျော့၏။ အနေအထား - သက်တမ်းရှိ
ဆရာနတ်မင်းရဲ့ခြေထောက်ကို ပြေးဖက်ရင်း အရမ်းလွမ်းနေတာလို့ ပြောခြင်း - သက်ရောက်မှု ကောင်း၏။ အနေအထား - သက်တမ်းကုန်ဆုံး
ကံအပြောင်းအလဲအခွင့်အရေးကို ဆရာနတ်မင်းဆီသို့ ဈေးနည်းနည်းဖြင့် ရောင်းခြင်း - သက်ရောက်မှု အရမ်းကောင်း၏။ အနေအထား - သက်တမ်းကုန်ဆုံး
အနှစ်ချုပ်……
ဆရာနတ်မင်းကို ကျေနပ်အောင် လုပ်ပေးမယ့်နည်းလမ်းက ဆန်းသစ်နေရမယ်။
တခြားသူလုပ်တာကို လိုက်လုပ်လျှင် မကောင်းတဲ့ သက်ရောက်မှု ဖြစ်တတ်တယ်။
ဆရာနတ်မင်းက အကျိုးအမြတ် နည်းတာကို မကြိုက်ဘူး။ အကျိုးအမြတ်များတာကိုပဲ ယူတယ်။
ဤအရာတွေကို ရေးချပြီးနောက်မှာတော့ ကံကောင်းသူနံပါတ်(၂)က ပေလွှာစာရွက်ကို ဂရုတစိုက်ပြန်သိမ်းကာ သက်ပြင်းချလိုက်သည်။
“သူဌေးစုန့်က ဒီလောက်ထိ တော်မယ်ဆိုတာ ဘယ်သူသိမှာလဲ။ ငါ ဘာဖြစ်လို့များ ဒီလောက်ကောင်းတဲ့ အကြံကို မစဉ်းစားမိရတာပါလိမ့်။ အခုတော့ အဲဒီနည်းလမ်းက သုံးစားလို့ မရတော့တဲ့ပုံပဲ။ ဟင်း… သူဌေးစုန့်ကို ငါ့နေရာမှာ လွယ်လွယ်နှင့် အစားထိုးပစ်မယ်မှန်းသိရင် ဒီနေရာကို မလာခဲ့သင့်ဘူး”
ကံကောင်းသူနံပါတ်(၁)နှင့် ရှုန်းမုန့်က ကံကောင်းသူနံပါတ်(၂)နှင့် သူဌေးစုန့်ကို လေးစားအားကျသည့် အကြည့်ဖြင့် ကြည့်နေကြသည်။
သူတို့နှစ်ယောက် အရင်တုန်းက ကျင့်ကြံရေး ကျောင်းတော်ကိုများ အတူတူ တက်ခဲ့ဖူးလားမသိဘူး… သူတို့က ဘာလို့ အဲဒီလောက်တောင် လိမ္မာပါးနပ်နေရတာလဲ…
“အစ်ကို… အဲလောက်လည်း စိတ်ပူမနေပါနဲ့။ နောက်ထပ် အကြံဉာဏ်ကောင်းတွေ ထွက်လာမယ်ဆိုတာ ယုံကြည်ပြီးသားပါ။ ကျုပ်တို့လည်း အကျိုးအမြတ် ရနိုင်သရွေ့ ကျုပ်တို့က အစ်ကို ဘာပဲပြောပြော နားထောင်မှာဗျ”
“ကျုပ်လည်း အတူတူပဲ”
ထိုစကားတွေကို ကြားပြီး ဆရာနတ်မင်းကတော့ ပျော်ရွှင်ပုံမပေါ်ပေ။
ထိုကံစပ်သူက အခုတော့ သူ၏ အနီရောင် ဥက္ကာပျံတူကို သူဌေးစုန့်ဆီ ရောင်းချပြီး ဝိညာဉ်ကျောက်တုံး ၂ ထောင်ကို ရှန်ထျန်းဆီသို့ ပေးလိုက်သည်။
သူက တောင်းပန်သောအနေဖြင့် ရှန်ထျန်းကို ၄ ထောင်လုံး ပေးမည်ဟု ဆုံးဖြတ်ထားသော်လည်း ရှန်ထျန်းက အကျိုးအမြတ် တစ်ဝက်ထက် ပိုပြီးမယူချင်ဘူးဟု ပြောတာကြောင့် နောက်ဆုံးမှာတော့ ၂ ထောင်သာ ပေးခဲ့ရသည်။
ဆရာနတ်မင်း သူ့ကို စိတ်ဆိုးမှာကို သူ စိုးရိမ်နေဆဲ ဖြစ်သည်။
သူက ငါတောင်းပန်တာကိုတောင် လက်မခံဘူး… သူ အခု အရမ်းဒေါသထွက်နေလို့ပဲ ဖြစ်ရမယ်…
ငါ ဘာလုပ်သင့်လဲ… ကယ်ကြပါဦး…
ကျေးဇူးပြုပြီး… အကူအညီ အရမ်းလိုအပ်နေလို့ပါ…
ဘယ်သူမှ သူ့ကို မကူညီကြပေ။
လူတိုင်းက အမှားလုပ်မိသောသူက သူတို့မဟုတ်သည်ကိုပင် ဝမ်းသာနေကြသည်။ သူတို့သာ အမှားလုပ်မိပါက ဆရာနတ်မင်းနှင့် ဘယ်တော့မှ ကံစပ်မည် မဟုတ်တော့ပေ။
သူတို့ ဒီလိုမျိုး ဘယ်တော့မှ မဖြစ်ချင်ပေ။
ရှန်ထျန်းကတော့ သူတို့ ဒီလိုမျိုးတွေ စဉ်းစားနေမှန်း သတိပင် မထားမိချေ။
သူ့အလုပ်က သတ္ထုရိုင်းတုံးတွေ တစ်ခုပြီးတစ်ခု ရွေးပေးရုံသာဖြစ်ပြီး ကံအပြောင်းအလဲ အခွင့်အရေးကိုတော့ သူတို့ကိုယ်တိုင် ဖော်ထုတ်စေသည်။
ရှန်ထျန်းက သူ၏ ရောင်ဝါစက်ဝန်း ပိုမိုလင်းလက်လာသည်ဟု ခံစားရတာကြောင့် မှန်ထုတ်ကာ ကြည့်လိုက်သည်။ ထိုအခါ သူ၏ ရောင်ဝါစက်ဝန်းလည်း ပိုမိုသန့်စင်လာတာကို တွေ့လိုက်ရသည်။
အနက်ရောင် အကွက်လေးတစ်ခုနှင့် ဘေးမှာ အနက်ရောင်မြူထု အလွှာပါးပါးလေးသာ ရှိတော့သည်။
သုံးရက်မြောက်နေ့ ရောက်လာသည့်အခါ သူ၏ ရောင်ဝါစက်ဝန်း အဖြူရောင်သို့ ပြောင်းလဲသွားမည်ဟု သူက တထစ်ချ ယုံကြည်ထားသည်။
ကောင်းကင်ဝိညာဉ်ပြခန်းမှာ ကံအပြောင်းအလဲ အခွင့်အရေးကို ရရှိမည့်သူတွေကလည်း သူတို့နှင့် သက်ဆိုင်ရာပစ္စည်းတွေကို ရရှိပြီးပြီ ဖြစ်၏။
သူဌေးစုန့်က ပြုံးရွှင်စွာဖြင့် သူတို့ကို ပြန်လိုက်ပို့သည်။
သူက သူတို့အတွက် သတ္ထုရိုင်းတုံးတွေကို အခမဲ့ ဖွင့်ပေးခဲ့သော်လည်း ကြီးကြီးမားမား ဆုံးရှုံးသွားသည်ဟု မခံစားရပေ။
သူ ရရှိလိုက်သော ဝိညာဉ်ကျောက်တုံး ၅ ထောင်သည် သတ္ထုရိုင်းတုံး ဖြတ်ပေးလျှင် ရမည့် ပိုက်ဆံထက် များပြားသောကြောင့် ဖြစ်လိမ့်မည်။
ထို့အပြင် ခရမ်းရောင် ရွှေတူကို ဈေးချရောင်းလိုက်သည့်အတွက် ဆရာနတ်မင်း၏ သဘောကျမှုကိုလည်း ရရှိပြီးပြီ ဖြစ်သည်။
အနာဂတ်မှာ ဆရာနတ်မင်းနှင့် ထပ်ပြီး ကံစပ်ဦးမည်ဆိုတာ သေချာသလောက် ရှိသည်။
သူတို့နှစ်ယောက်သာ ထပ်ပြီး ကံစပ်လာရင် သူ လွယ်လွယ်လေးနှင့် ချမ်းသာလာမှာပဲ…
ထိုအတွေးတွေကို သူဌေးစုန့်က တွေးနေခြင်းဖြစ်၏။
“တွေ့လား… အဲဒါ ထက်မြက်တာလို့ ခေါ်တယ်” သူဌေးစုန့်က သူ့သားကို ရိုက်ရင်း ပြောလိုက်သည် “မင်းနဲ့ ဆရာနတ်မင်းနဲ့က သက်တူရွယ်တူပဲကို… မင်းကိုလည်း ကြည့်လိုက်ဦး။ ဘာတွေများ အောင်မြင်မှုရထားလဲ။ အေး… မင်းကို တစ်ခါထဲ သတိပေးထားမယ်နော်။
နောက်တစ်ခါ အပြင်ထွက်ရင် ပြဿနာရှာမလာခဲ့နဲ့။ မဟုတ်ရင် မင်းခြေထောက်တွေကို ရိုက်ချိုးပစ်မယ် ကြားလား”
သူဌေးလေးစုန့်ကတော့ ဘာမှပြန်မပြောနိုင်ဘဲ ဆွံ့အနေမိသည်။
ထို့နောက် ကောင်းကင်ဝိညာဉ်ပြခန်းသို့ ယောက်ျားတစ်ယောက် ရောက်ရှိလာပြန်သည်။
အဖြူရောင်နဂါးပုံပါသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးမှာ ကျောက်စိမ်းခါးပတ်ကို ပတ်ထားသည်။
သူ့ကို ကြည့်ရတာ ချောမောသော လူချမ်းသာ တစ်ယောက်အသွင်ကို ဆောင်နေသည်။
သူဌေးစုန့်က သူ့အနားသို့ မြန်မြန် ချဉ်းကပ်သွားလိုက်သည်။
“မင်္ဂလာပါ ကြွပါခင်ဗျာ … ဒီက လူကြီးမင်းကို ဘယ်လိုခေါ်ရမလဲခင်ဗျာ။ လိုချင်တာ တစ်ခုခုများရှိပါသလား”
ထိုလူက သူဌေးစုန့် သူ့ကို ဆက်ဆံပုံကို ကြည့်ပြီး အရမ်းကျေနပ်နေသည်။
သူ ခေါင်းညိတ်ပြကာ ပြောလိုက်သည် “ငါက မီးတိုင်းပြည်ရဲ့ မင်းသား(၆) ရှန်အောင်းပဲ”