အခွင့်အရေးလော၊ ကပ်ဘေးလော(၂)။
Vol. 36 Ch. 410
ရိုးရိုးသားသား ပြောရလျှင် သူသည် ဤဝိညာဉ်သန္ဓေသား ကျင့်ကြံသူများကို လောလောဆယ် လွတ်မြောက်ခွင့် မပေးလိုပေ။
မည်သို့ပင်ဆိုစေ ယခု သူသည် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းရန် နီးကပ်နေပြီ ဖြစ်သည်။
အကယ်၍ သူတို့သာ အမှန်တကယ် ထွက်ပြေးလွတ်မြောက်သွားပါက သူ၏ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းခြင်းကို ထိခိုက်စေနိုင်သည်။
ဤဘိုးဘေးအိုကြီးများ လှုပ်ရှားလာမည့်အချိန်ကို ထိုင်စောင့်နေမည့်အစား ကိုယ်ကဦးအောင် လက်ဦးမှုရယူခြင်းက ပိုကောင်းပေမည်။
ပဉ္စမအဆင့် အောက်ခြေအဆင့် ရီမုမြှုပ်နှံခြင်းအစီအရင်၏ စွမ်းအားကို အသုံးပြု၍ ဤဝိညာဉ်သန္ဓေသား အဘိုးကြီးများကို ယာယီ ပိတ်လှောင်ထားရပေမည်။
မိမိ ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းပြီးမှ ဤဝိညာဉ်သန္ဓေသား အဘိုးကြီးများကို ပြန်လွှတ်ပေးလိုက်လျှင်လည်း နောက်ကျမည် မဟုတ်ပေ။
ဤအကြောင်း တွေးမိပြီးနောက် အတွေးတစ်ချက်ဖြင့် 'အစီအရင်နှလုံးသားကူ'ကို အမိန့်ပေးလိုက်တော့သည်။
ဘုန်း…။
ထိုအချိန်တွင် ရီမုမြှုပ်နှံခြင်းအစီအရင်သည် စတင်လှုပ်ရှားလာပြီး၊ မည်မျှကြာအောင် သေဆုံးနေခဲ့မှန်းမသိသော အစီအရင်သည် ယခုအခါ အစီအရင်စိတ်ဝိညာဉ်တစ်ကောင် မွေးဖွားလာသကဲ့သို့ စတင်လည်ပတ်လာတော့သည်။
၎င်း၏ အစီအရင်ဆုံမှတ်အသီးသီးရှိ အစီအရင်အလံများ စတင် အသက်ဝင်လာပြီး အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာကာ၊ အစီအရင်ကြီးတစ်ခုလုံးမှ အဆုံးမဲ့အစီအရင်စွမ်းအားများ ပေါ်ထွက်လာပြီး အစိမ်းရောင်မြူခိုးများ ထွက်ပေါ်လာကာ ကျွန်းတစ်ကျွန်းလုံးကို ဖုံးလွှမ်းသွားချေသည်။
ဤမြင်ကွင်းသည် ဝူကျိတာအိုအရှင်နှင့် အခြားသူများကို အလိုအလျောက် မှင်တက်သွားစေခဲ့သည်။
"ဟဟ... ပဉ္စမအဆင့်အစီအရင်လေးပါကွာ… ငါတို့ ချိုးဖျက်နိုင်တော့မယ်…"
"ရှေးဟောင်း နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းဆိုရင်တောင်မှ ငါတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး…"
"ငါတို့ ဒီပိတ်လှောင်ခြင်း အစီအရင်ကို ဘယ်လို ချိုးဖျက်မလဲဆိုတာ ကြည့်ထားလိုက်…"
စိတ်ခံစားမှုခုနစ်ပါး မိစ္ဆာဘုရင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အလွန်ပျော်ရွှင်နေသည်။
အစီအရင်ချိုးဖျက်နိုင်မည့် အလင်းရောင်ကို မြင်တွေ့လိုက်ရသဖြင့် ဝမ်းသာအားရ ဖြစ်နေခြင်းပင်။
ဟူးလား…။
သို့သော် ထိုအချိန်မှာပင် ရီမုမြှုပ်နှံခြင်းအစီအရင်တစ်ခုလုံး ကမ္ဘာမြေတုန်ဟီးစေနိုင်လောက်ေသာ ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာပြီး၊ အစီအရင်ဆုံမှတ်အများအပြား စတင်ရွေ့လျားလာကာ ဟင်းလင်းပြင်အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး ဟင်းလင်းပြင်ဝင်္ကပါတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ရှိသည်။
တစ်ခဏချင်းတွင် အစီအရင်သည် အဆပေါင်းရာချီ ပိုမို ရှုပ်ထွေးသွားသည်။
ဤအချိန်တွင် ရှိနေသော ဝိညာဉ်သန္ဓေသား အဘိုးကြီးများသည် မည်သည့်အစီအရင်ဆုံမှတ်ကိုမျှ အာရုံမခံနိုင်တော့ပေ။
"သေစမ်း... ဒါက ဘယ်လို ဖြစ်ရတာလဲ…"
"ဒီပဉ္စမအဆင့်အစီအရင်က အသက်ဝင်လာသလိုပဲ… တစ်ယောက်ယောက်က ဒါကို ထိန်းချုပ်နေတာ…"
"ချီး... ကုယုံဂိုဏ်းက ပျောက်ကွယ်သွားတာ နှစ်သောင်းချီနေပြီ မဟုတ်လား… ဘယ်လိုလုပ် အသက်ရှင်နေတဲ့လူ ရှိနေနိုင်မှာလဲ…"
ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်နှာများ အလွန်အမင်း ဆိုးရွားသွားကြသည်။
သူတို့သည် အခြေအနေ၏ လေးနက်မှုကို ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက် ထိန်းချုပ်ထားသော ပဉ္စမအဆင့်အစီအရင်နှင့် ထိန်းချုပ်သူမရှိသော ပဉ္စမအဆင့်အစီအရင်သည် လုံးဝ ကွဲပြားခြားနားသော ကိစ္စနှစ်ခု ဖြစ်သောကြောင့်ပင်။
စွမ်းအား (၁၀)ဆမက ပိုမိုအားကောင်းလာပေမည်။
ထိန်းချုပ်ထားသူ မရှိပါက သူတို့၏ နည်းလမ်းပေါင်းစုံဖြင့် ပဉ္စမအဆင့်အစီအရင်ကြီးကို ချိုးဖျက်နိုင်ကောင်း ချိုးဖျက်နိုင်ပေမည်။
သို့သော် ယခုအခါ တစ်စုံတစ်ယောက်က ဤပဉ္စမအဆင့်အစီအရင်ကို ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။
ရန်သူ၌ မကောင်းသော ရည်ရွယ်ချက်သာ ရှိပါက သူတို့အားလုံး ဤနေရာတွင် သေဆုံးသွားရပေလိမ့်မည်။
"သေစမ်းကွာ... ငါတို့ အလှည့်စားခံလိုက်ရပြီ… ဒီ နတ်ဘုရားအသွင်ပြောင်းအဆင့် အပျက်အစီးက ထောင်ချောက်ပဲ…"
"တစ်ယောက်ယောက်က ငါတို့ကို အကွက်ချနေတာ…"
ထျန်းဆွမ်းတာအိုအရှင်နှင့် အခြားသူများ၏ မျက်နှာများ လေးနက်သွားကြသည်။
တစ်စုံတစ်ယောက်က သူတို့ကို အကွက်ချ ကြံစည်နေသည်မှာ သေချာသည်ဟု သူတို့ ခံစားလိုက်ရသည်။
ထိုသို့မဟုတ်ပါက အဘယ်ကြောင့် အပြင်စည်းအစီအရင်ကို ချိုးဖျက်စဉ်က အသက်ဝင်ခြင်းမရှိဘဲ၊ ပင်မနယ်မြေ အစီအရင်ကို စတင်ချိုးဖျက်မှသာ အသက်ဝင်လာရသနည်း။
တစ်စုံတစ်ယောက်က အမှောင်ထဲမှ သူတို့ကို ချောင်းမြောင်းကြည့်ရှုနေပြီး အချိန်မရွေးလုပ်ကြံရန် ကြံစည်နေကြောင်း ထင်ရှားနေချေသည်။
ယခုအခါ သူတို့သည် ရန်သူ၏ ထောင်ချောက်ထဲသို့ အမှန်တကယ် ကျရောက်သွားပြီးပြီ ဖြစ်ရာ ဘာမှ မတတ်နိုင်တော့ပေ။
"ငါတို့ကို အကွက်ချတဲ့သူရဲ့ စွမ်းအားက ငါတို့လောက် မကောင်းတာ သေချာတယ်…"
"မဟုတ်ရင် ဒီလို ယုတ်မာတဲ့ လှည့်ကွက်တွေကို သုံးစရာ ဘယ်လိုပါ့မလဲ…"
"ပြဿနာက ကုယုံဂိုဏ်း ပျက်စီးသွားတာ နှစ်သောင်းချီနေပြီလေ… ဘယ်လိုလုပ် လူတစ်ယောက်က အသက်ရှင်နေနိုင်မှာလဲ… နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတောင်မှ ဒီလောက်အကြာကြီး အသက်မရှင်နိုင်ဘူး…"
"ရှေးဟောင်းခေတ် ကုယုံဂိုဏ်းက ကျင့်ကြံသူ မဟုတ်ဘဲ… ကုယုံဂိုဏ်းရဲ့ ပညာရပ်တွေကို ဆက်ခံထားတဲ့ တပည့်တစ်ယောက် ဖြစ်နိုင်တယ်… အမှောင်ထဲက အဲ့ဒီကျင့်ကြံသူက ကုယုံဂိုဏ်းရဲ့ အမွေအနှစ်ကို ရရှိထားပြီးတော့…
ကုယုံဂိုဏ်း နတ်ဘုရားအသွင်ပြောင်းအဆင့် အပျက်အစီး ပေါ်လာတဲ့အချိန်မှာ ကျွန်းပေါ်တက်ပြီး ဒီနေရာက တားမြစ်အစီအရင်တွေကို ထိန်းချုပ်လိုက်တာ ဖြစ်နိုင်တယ်… ငါတို့က ခဏတာ ပေါ့ဆမိလို့ ရန်သူရဲ့ အကွက်ထဲ ဝင်သွားတာပဲ…"
"ငလူးပါကွာ… တစ်သက်လုံး ငန်းရိုင်းပစ်လာပြီးမှ ငန်းရိုင်းအကောင်ပေါက် အဆိတ်ခံလိုက်ရသလို ဖြစ်နေပြီ…"
"ငါကျိန်ဆိုတယ်… မင်းကို ငါ ရှာမတွေ့စေနဲ့… တွေ့လို့ကတော့ ငါမင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး…"
ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် မဟာကျင့်ကြံသူများသည် ဒေါသကြောင့် သေလုနီးပါး ဖြစ်နေကြပြီး အဆုတ်ပင် ပေါက်ကွဲထွက်မတတ် ဖြစ်နေကြသည်။
ခဏတာပေါ့ဆမှုကြောင့် ရန်သူ၏ ထောင်ချောက်ထဲသို့ ကျရောက်ပြီး သေရေးရှင်ရေးအခြေအနေ ကြုံတွေ့ရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
သို့သော် သူတို့လည်း ဘာမှ မတတ်နိုင်ကြပေ။
ပဉ္စမအဆင့်အစီအရင်ကြီး၏ စွမ်းအားကို ရင်ဆိုင်ရသောအခါ သူတို့လည်း လက်မှိုင်ချရုံသာ ရှိသည်။
ဟူးလား…။
ပင်မနယ်မြေတင် မကဘဲ ကျွန်းတစ်ကျွန်းလုံးလည်း အလားတူပင် ဖြစ်ပြီး အဖြူရောင်မြူခိုးလွှာတစ်ခုဖြင့် ဖုံးလွှမ်းသွားသည်။
မူလက ပျက်စီးနေသောအစီအရင်သည် ယခုအခါ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနေသည်။
ရီမုမြှုပ်နှံခြင်းအစီအရင်၏ စွမ်းအားအပြည့်အဝ ထွက်ပေါ်လာပြီး ကျွန်းတစ်ကျွန်းလုံးကို ရစ်ပတ်ထားလိုက်တော့သည်။
မူလက ကျွန်းပေါ်တွင် ရှိနေကြသော ကျင့်ကြံသူအများအပြားသည် ခြွင်းချက်မရှိ ဤနယ်မြေအတွင်း၌ ပိတ်မိသွားကြသည်။
အပြင်ဘက်မှ ဝင်ရောက်လိုသော ကျင့်ကြံသူများအတွက်မူ အစီအရင်တားမြစ်ချက် အလွှာလိုက်က ပိတ်ဆို့ထားသည်။ ကျွန်းကို အကာအရံသုံးလွှာဖြင့် ဖုံးလွှမ်းထားပြီး မည်သည့်ကျင့်ကြံသူမျှ အတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိတော့ပေ။
ယခုအချိန်တွင် ဤနတ်ဘုရားအသွင်ပြောင်းအဆင့် အပျက်အစီးသည် ကျင့်ကြံသူများကို ချုပ်နှောင်ထားသော လှောင်အိမ်တစ်ခု ဖြစ်လာပြီး လူကို ဝါးမြိုမည့် မကောင်းဆိုးဝါးတစ်ကောင်နှင့် တူနေသည်ဟု ဆိုနိုင်သည်။
"မဆိုးဘူး... မဆိုးဘူး... ဒီနည်းနဲ့ဆို ဒီ နတ်ဘုရားအသွင်ပြောင်းအဆင့် အပျက်အစီးက ငါ့အပိုင်လုံးလုံး ဖြစ်သွားပြီ…"
အင်မော်တယ်ရှားတောင်ထွတ်တွင် ရှိနေသော ကျိုးစွေ့က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အလွန်တရာ ပျော်ရွှင်နေသည်။
အခြားကျင့်ကြံသူများသည် ဤနတ်ဘုရားအသွင်ပြောင်းအဆင့် အပျက်အစီးကို သတိကြီးစွာဖြင့် စူးစမ်းရှာဖွေနေကြပြီး အတွင်းမှ ရတနာအချို့ရရှိရန် မျှော်လင့်နေကြသည်။
သို့သော် သူကမူ ထိုမျှ ဒုက္ခခံစရာ မလိုပေ။
'အစီအရင်နှလုံးသားကူ'၏ စွမ်းအားကို တိုက်ရိုက်အသုံးပြုပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် အပျက်အစီးတစ်ခုလုံး၏ တားမြစ်အစီအရင်များကို မိမိနှင့် တစ်သားတည်းဖြစ်စေကာ ကျွန်းတစ်ကျွန်းလုံးကို သိမ်းယူလိုက်ခြင်း ဖြစ်သည်။
ဤနည်းအားဖြင့် ဤနတ်ဘုရားအသွင်ပြောင်းအဆင့် အပျက်အစီးပေါ်ရှိ ရတနာများကို မည်သူမျှ သူနှင့်ပြိုင်၍ လုယူနိုင်တော့မည် မဟုတ်ပေ။
"ချမ်းသာပြီကွ... ဒီတစ်ခါတော့ တကယ် ချမ်းသာပြီ…"
"ဒီပဉ္စမအဆင့်ကျွန်းကြီးနဲ့ ပဉ္စမအဆင့် ဝိညာဉ်သွေးကြော ရှိနေမှတော့… နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်ဖို့ မျှော်လင့်ချက် ရှိပြီ…"
ကျိုးစွေ့ အလွန် စိတ်လှုပ်ရှားနေသည်။
ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းခြင်းမှာ သေချာသလောက် ရှိနေပြီ ဖြစ်သော်လည်း လူဆိုသည်မှာ အမြော်အမြင် ရှိရပေမည်။
ယခု သူသည် နတ်ဘုရားအသွင်ပြောင်းအဆင့်ကိစ္စကိုပင် စတင် စီစဉ်နေပြီ ဖြစ်သည်။
ချန်လန်ပင်လယ်ဒေသသည် ကြီးမားကျယ်ပြန့်သော်လည်း နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ မရှိချေ။
အကြောင်းရင်းမှာ ပဉ္စမအဆင့် ဝိညာဉ်သွေးကြော မရှိသောကြောင့် ဖြစ်သည်။
ဤအချိန်တွင် ကုယုံဂိုဏ်း နတ်ဘုရားအသွင်ပြောင်းအဆင့် အပျက်အစီး ပေါ်ထွက်လာခြင်းသည် ကြီးမားသော အရင်းအမြစ်များကို ပြန်လည် သယ်ဆောင်လာရုံသာမက၊ ပဉ္စမအဆင့် ဝိညာဉ်သွေးကြောကိုလည်း ပြန်လည် သယ်ဆောင်လာသဖြင့် နတ်ဘုရားအသွင်ပြောင်းအဆင့် အခွင့်အလမ်းကို ပြန်လည်သယ်ဆောင်လာခြင်းနှင့် တူညီသည်။
သူ့အတွက်မူ ဤသည်မှာ ကြီးမားသော အခွင့်အရေးတစ်ခုပင်။
အကယ်၍ သူသည် ဤကျွန်းကို သိမ်းယူနိုင်ပြီး သူ၏ အခြေစိုက်စခန်းအဖြစ် ပြုလုပ်နိုင်ပါက၊ အနာဂတ်တွင် သူ နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်လာရန် မျှော်လင့်ချက်များစွာ ရှိပေလိမ့်မည်။
"ဒီကျွန်းရဲ့ အချင်းက ကီလိုမီတာ တစ်သန်းခြောက်သိန်းရှစ်သောင်းတောင် ရှိတာပဲ…"
"အပြင်စည်း ဧရိယာက ဝိညာဉ်သန္ဓေသားအဆင့် ဆေးဥယျာဉ် (၁၀၈) ခု၊ ရွှေအမြုတေအဆင့် ဆေးဥယျာဉ် (၃၆၀) ခု၊ အခြေတည်အဆင့် ဆေးဥယျာဉ် (၁၀၂၄) ခု ရှိတယ်… အများစုက ပျက်စီးနေတဲ့ အခြေအနေမှာ ရှိနေပေမယ့် ဝိညာဉ်ဆေးမြစ် မျိုးစေ့အများအပြား ကျန်ရစ်နေသေးတယ်…"
"ငါသာ 'ဆေးဝါးကူ'ကို သန့်စင်နိုင်မယ်ဆိုရင် ကုယုံဂိုဏ်းရဲ့ ဆေးဥယျာဉ်တွေလည်း လူ့လောကထဲ ပြန်လည် ပေါ်ထွက်လာနိုင်လိမ့်မယ်…"
"ရှေးဟောင်း ဝိညာဉ်ဆေးမြစ် အများအပြားကိုတောင် ပြန်အသက်သွင်းနိုင်လိမ့်မယ်…"
ကျိုးစွေ့၏ မျက်လုံးများ ချက်ချင်းဆိုသလို တောက်ပလာချေသည်။
ဤကုယုံဂိုဏ်း၏ ယခင်ကျွန်းကြီးသည် သူ၏ အနာဂတ်အခြေခံအုတ်မြစ် တည်ရှိရာနေရာ ဖြစ်သည်ဟု သူ ခံစားလိုက်ရသည်။
"နေဦး... တစ်ခုခု မှားနေတယ်…"
"ဒီကျွန်းရဲ့ ပင်မနယ်မြေ အတွင်းပိုင်းထဲမှာ မိစ္ဆာတစ်ကောင်ကို ပိတ်လှောင်ထားပုံ ရတယ်…"
"ပြီးတော့ နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာပဲ…"
ထိုအချိန်၌ ကျိုးစွေ့၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။ သူ၏ နတ်ဘုရားအာရုံသည် 'အစီအရင်နှလုံးသားကူ'၏ စွမ်းအားနောက်သို့ လိုက်ပါပြီး အစီအရင်၏ ပင်မအတွင်းပိုင်းနေရာသို့ စိမ့်ဝင်သွားသည်။ ၎င်းသည် ကုယုံဂိုဏ်း အပျက်အစီး၏ ပင်မနယ်မြေလည်း ဖြစ်၏။
၎င်းသည် ကြီးမားသော တောင်ကြားတစ်ခု ဖြစ်ပုံရပြီး ပတ်ဝန်းကျင်တွင် တားမြစ်အစီအရင်များ ပြည့်နှက်နေသည်။
သို့သော် ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ် မိစ္ဆာချီများ ဖုံးလွှမ်းနေပြီး အသက်ဝင်နေသကဲ့သို့ ရှိကာ ဤနေရာရှိ တားမြစ်အစီအရင်များကို အဆက်မပြတ် တိုက်စားနေချေသည်။
တောင်ကြားအတွင်းမှ ကြောက်မက်ဖွယ် မိစ္ဆာသတ္တဝါကြီးသည် အချိန်မရွေး ထွက်ပြေးလာတော့မည့်အလား ဖြစ်နေသည်။
တောင်ကြားအနီးတွင်မူ အရိုးစုများ၊ အလောင်းကောင်များ ပြည့်နှက်နေသည်။
သူတို့သည် ကုယုံဂိုဏ်း၏ ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
ထင်ရှားသည်မှာ သူတို့သည် ကုယုံဂိုဏ်းမှ ကျင့်ကြံသူများ ဖြစ်ကြပြီး ရှေးဟောင်းခေတ်တွင် သေဆုံးကာ ဤနေရာတွင် ကြွေလွင့်ခဲ့ကြခြင်း ဖြစ်သည်။
ရှေးဟောင်းခေတ်က ဤတိုက်ပွဲသည် မည်မျှ ပြင်းထန်ခဲ့ကြောင်း မှန်းဆကြည့်နိုင်သည်။
အခြေခံအားဖြင့် ကုယုံဂိုဏ်းမှ ကျင့်ကြံသူအားလုံး ဤနေရာတွင် သေဆုံးခဲ့ရလေသည်။