← Chapters

အခန်း (၁၂၃၁-၁၂၃၃)

Vol. 83 Ch. 1231-1233

အခန်း (၁၂၃၁-၁၂၃၃)

Vol. 83 Ch. 1231-1233

အခန်း ၁၂၃၁: အပူချိန်ထိန်းမြက်!

(သစ်ပင်: သာမန်)

(သာမန်သစ်ပင်ဖြစ်သည်။ ဘာမှထူးထူးခြားခြားမရှိ!)

(နွယ်ပင်: သာမန်)

(သာမန်နွယ်ပင်ဖြစ်သည်။ ဘာမှထူးထူးခြားခြားမရှိ!)

ချင်လင်ကရှေ့တိုးပြီး သစ်ပင်၊ပန်းပင်များကိုလိုက်ထိကြည့်သည်။ ဂိမ်းလောကဖြစ်သောကြောင့် တစ်ခုပြီးတစ်ခုထိသမျှ မှတ်ချက်များပေါ်လာသည်။

အရိပ်ရနေရာဖြစ်စေ၊ ရေကန်ဖြစ်စေ၊ နေရောင်အောက်ဖြစ်စေ၊ အားလုံး 25° တသမတ်ရှိသည်။ တစ်ခုခုသက်ရောက်မှုရှိနေသည်။

စိုက်ပျိုးရေးမွေးမြူရေးခြံပုံပြင်ဂိမ်းဖြစ်၍ အပင်ကိုသူအရင်ဆုံးတွေးမိသည်။

ဘာပဲဖြစ်ဖြစ် ဂိမ်းထဲမှာထူးထူးဆန်းဆန်းအပင်အများကြီးရှိသည်။

သို့ရာတွင် အခုသူထိလိုက်သမျှ သာမန်သစ်ပင်၊ပန်းပင်များဖြစ်နေသည်။ ပတ်ဝန်းကျင်မှာဒီလိုအရည်အသွေးမျိုးရှိတာမဖြစ်နိုင်။

အဲဒီနောက် …

ထူးဆန်းသောခြုံပုတ်ကို သူအာရုံစိုက်မိသည်။

ခြုံက လိပ်ကျောကုန်းနှင့်တူသည်။

လိပ်ကျောကုန်းမှာ နွယ်တက်နိုင်သောခြုံမျိုးဖြစ်သည်။ အရွက်ပုံစံကထူးဆန်းပြီး အက်ကြောင်းများပါသည်။ လိပ်ကျောကုန်းနှင့်အလွန်တူသောကြောင့် လိပ်ကျောကုန်းဟုခေါ်ခြင်းဖြစ်သည်။

နောက်ပြီး လိပ်ကျောကုန်းပင်စည်က ထူထဲတောင့်တင်းပြီး ဝါယာကြိုးလိုလိမ်နေသောအမြစ်များရှိသည်။ အရွက်ပြားပြားများက တစ်နှစ်ပတ်လုံးစိမ်းလန်းနေ၏။ သူ့ပင်စည်ထူထူကို အိုးအဖြစ်သုံးတတ်ကြသည်။ လိပ်ကျောကုန်းက အပူချိန်လျှော့ချနိုင်သည်ဟုတောင်ပြောကြသည်။

ဘယ်သူမှအတည်ပြုထားခြင်းမရှိ။

လိပ်ကျောကုန်းအိုးကို အသေး၊အလတ်၊အကြီးဟုခွဲခြားနိုင်သည်။

သူမြင်နေရသောခြုံက အလတ်စားလောက်ရှိမည်။

သို့သော် အများကြီးကွာသည်။

ခြုံပုတ်များကတစ်ရောင်တည်းမဟုတ်၊ ပြာလိုက်နီလိုက်နှင့်။

အလွန်ထူးဆန်းသည်။

အပူချိန်ပုံမှန်မဟုတ်တာ ဒါနဲ့ဆိုင်မည်ဟု သူအမှတ်တမဲ့တွေးမိသည်။

ဘာပဲဖြစ်ဖြစ် တမူထူးခြားနေတာ ဒီလိပ်ကျောကုန်းခြုံတွေသာရှိသည်။

ခြုံပုတ်များကိုထိလိုက်သောအခါ မှတ်ချက်ပေါ်လာသည်ကိုချင်လင်တွေ့ရသည်:

(အပူချိန်ထိန်းမြက်: ဆန်းကြယ်!)

(အထူးမြက်အုပ်စုမျိုးဖြစ်သည်။ နတ်ဘုရားမတောင်ပေါ်နေဖူးသောလူမျိုးစုတစ်စုက သူတို့လူမျိုးစုအတွက်ပိုကောင်းသောပတ်ဝန်းကျင်ဖြစ်ပါစေဟုဆုတောင်းခဲ့သောကြောင့် မျိုးပြောင်းသွားသောလိပ်ကျောကုန်းမျိုးဖြစ်သည်။ အန္တရာယ်မရှိ!)

(အထူးအာနိသင်: တသမတ်အပူချိန် +၂၊ နေရာတစ်နေရာကို အပူချိန်တစ်ခုအတွင်းထိန်းထားနိုင်သည်။ သင့်တော်သောအပူချိန် ၂၂-၂၈ ဒီဂရီ!၊ ကြီးထွားနှုန်း +၂)

ချင်လင်ကမှတ်ချက်ဖတ်ပြီး ပတ်ပတ်လည်အပူချိန်ကိုအကြမ်းဖျင်းသိလိုက်သည်။

အပူချိန်ထိန်းမြက်၏ +၂ ကြောင့်ဖြစ်မည်။

ဒါကြောင့် ပတ်ဝန်းကျင်အပူချိန်နိမ့်နေသည်။

နောက်ပြီး အရည်အသွေးက နည်းနည်းထူးခြားသည်။

အပူချိန်ကို ၂၂-၂၈ အတွင်း အတိအကျထိန်းထားနိုင်သည်။

ဒါလူတွေနေဖို့အသင့်တော်ဆုံးအပူချိန်မလား?

အဲဒါထက် ဒီအပူချိန်က အပူချိန်ထိန်းမြက်နှင့်အဆင်အပြေဆုံးအပူချိန်ဖြစ်မည်။

နောက်ပြီး အပူချိန်ထိန်းမြက်က လိပ်ကျောကုန်းလိုအကြီးမြန်သည်။

လိပ်ကျောကုန်းမှမျိုးပြောင်းလာသောကြောင့်ပင်။

ချင်လင်ကတွေးတောပြီး သာမိုမီတာများပြန်ယူကာ လမ်းလျှောက်ထွက်လာသည်။

အပူချိန်ထိန်းမြက်မရှိသောနေရာတွင် သူစမ်းကြည့်သည်။ အပူချိန်ထူးခြားခြင်းမရှိ။

မယုံနိုင်စရာပင်။

ဘာပဲဖြစ်ဖြစ် လူသားတွေကအပူချိန်ထိန်းဖို့ အဆင့်မြင့်နည်းပညာများကိုအားကိုးရသည်။ ပူသောနေ့၊အေးသောနေ့များတွင် အပူချိန်ထိန်းရန်လေအေးပေးစက်၊အနွေးပေးစက်များကို အားထားနေရဆဲပင်။

အခုအပူချိန်ထိန်းမြက်က ဒီလိုလုပ်နိုင်သည်။

ချင်လင်ကတွေးတောရင်း လာလမ်းအတိုင်းပြန်လာပြီး တောင်တက်လမ်းရောက်လာသည်။

သူကအတွေးနှင့်ဂိမ်းထဲမှထွက်လိုက်သည်။

ရုံးခန်းထဲပြန်ရောက်သောအခါ အပြင်တန်းထွက်ပြီး ပန်းအိုးအလွတ်များ၊ရွှေ့စိုက်သည့်ကိရိယာများယူပြီး အပန်းဖြေစံအိမ်အတွင်းဘက်အလုပ်ခန်းထဲဝင်လာသည်။

တံခါးလော့ချပြီးနောက် အခန်းအပူချိန်တိုင်းရန် ချင်လင်ကသာမိုမီတာယူလိုက်သည်။

ရုံချန်းရာသီဥတုပြောင်းပြီး နွေမှာအေး၍ဆောင်းမှာနွေးသောကြောင့် အပူချိန်အနိမ့်အမြင့်မရှိ။

ချင်လင်ကစမ်းသပ်ချင်သောကြောင့် အနွေးပေးစက်ကိုတမင်သက်သက်အပူချိန်မြင့်ပြီး ၃၃ အထိတင်လိုက်သည်။

ပြီးလျှင် ပန်းအိုးအလွတ်များ၊ကိရိယာများနှင့် ဂိမ်းထဲပြန်ဝင်လိုက်သည်။

ထိုနေရာပြန်ရောက်သောအခါ အပူချိန်ထိန်းမြက်ကိုစတူးသည်။

ထိုနေရာက ဂိမ်းမြေပုံထဲမပါသောကြောင့် အပူချိန်ထိန်းမြက်ကို အတွေးနှင့်ဂိမ်းအပြင်ထုတ်၍မရ။

တောင်တက်လမ်းပြန်ရောက်မှသာထုတ်နိုင်မည်။ ထို့နောက် အတွေးနှင့် အပူချိန်ထိန်းမြက်ကိုဂိမ်းအပြင်ထုတ်လာသည်။

ဒီအပူချိန်ထိန်းမြက်က လိပ်ကျောကုန်းအလတ်စားအရွယ်ရှိမည်။ တူးပြီးရွှေ့စိုက်သောအခါလည်း အလွန်လေးမည်။

စွမ်းအားပင်အသီးနှစ်လုံးသာမစားထားရင် လူသားအနေနှင့်တတ်နိုင်သောအရာမဟုတ်။

အလုပ်ခန်းထဲပြန်ရောက်သောအခါ အနွေးပေးစက်ကြောင့် တစ်ခန်းလုံးပူလှောင်နေသည်။ သာမိုမီတာအပူချိန် ၃၃ ရှိသည်။

ချင်လင်က အပူချိန်ထိန်းမြက်ကိုချလိုက်သည်။

ထုတ်ထုတ်ချင်း အပူချိန်တန်းလျော့ဖို့မဖြစ်နိုင်သေး။ သာမိုမီတာအပူချိန်က ၃၃ ရှိနေဆဲပင်။

သူကအတွေးနှင့် ဂိမ်းထဲပြန်ဝင်လိုက်သည်။

ထိုနေရာပြန်သွားပြီး အပူချိန်ထိန်းမြက်ကိုတူးယူကာ လာလမ်းအတိုင်းပြန်လာသည်။

အပူချိန်ထိန်းမြက်အိုးကိုဂိမ်းထဲမှထုတ်လိုက်သည်။ ချင်လင်အလုပ်ခန်းထဲပြန်ရောက်သောအခါ အပူချိန်က ၃၃ မှ ၃၀ ဖြစ်နေသည်ကိုတွေ့ရသည်။

အာနိသင်အလွန်မြန်သည့်သဘော။

ချင်လင်က အပူချိန်ထိန်းမြက်အိုးအသစ်ကိုချပြီး အရင်ချထားသောအိုးနားသွားကြည့်သည်။ အပူချိန်ထိန်းမြက်အရွက်ပြာပြာတွင် တစ်ခုခုဖြစ်နေသလိုရေများသီးနေသည်။

အရွက်ပြာပြာကို သူ့လက်ဝါးနှင့်ထိကြည့်သောခဏတွင် အေးစက်စက်ခံစားရသည်။

ဒီအေးစက်မှုက လေအေးပေးစက်မှလေအေးရိုက်ခတ်သလိုပင်။

အလွန်ထူးဆန်းသည်။

ချင်လင်ကဂိမ်းထဲပြန်ဝင်ပြီး အပူချိန်ထိန်းမြက်ထပ်တူးသည်။ တတိယမြောက်အိုးဂိမ်းထဲမှထုတ်လာသောအခါ အခန်းအပူချိန်က ၂၇ အထိကျသွားပြီဖြစ်သည်။

အခန်း ၁၂၃၂: အပူချိန်ထိန်းမြက်! ၂

ထို့နောက် အပူချိန်ထိန်းမြက် ၄ အိုးမြောက်၊ ၅ အိုးမြောက်ကိုရွှေ့စိုက်သည်။

အပူချိန်ထိန်းမြက် ၅ အိုးမြောက်တွင် အခန်းအပူချိန်က ၂၂ အထိကျသွားသည်။

ထိုအချိန်တွင် ချင်လင်ကအပူချိန်ထိန်းမြက်ဆက်ထုတ်သော်လည်း အခန်းအပူချိန်ဆက်မကျတော့။

အပူချိန် ၂၂ ကိုကောင်းကောင်းထိန်းထားသည်။

ဒီအမှတ်ကဆက်ကျမည်မဟုတ်ပေ။

တနည်းပြောရရင် အခန်းအပူချိန်ထိန်းရန် အပူချိန်ထိန်းမြက် ၅ အိုးသာလိုသည်။

၂၂ မှ ၂၈ ကြားအပူချိန်ကို အပူချိန်ထိန်းမြက်အိုးထုတ်ခြင်း၊ထည့်ခြင်းဖြင့်ချိန်ညှိနိုင်သည်။

သူ့အလုပ်ခန်းက သေးသေးမဟုတ်။ အိပ်ခန်းသုံးခန်းနှင့်ဧည့်ခန်းတစ်ခန်းပါသောသာမန်အိမ်ထက်မလျော့ပေ။

တနည်းဆိုသော် အပူချိန်ထိန်းမြက် ၅ အိုးမှာ သာမန်မိသားစုတစ်စုအတွက်လုံလောက်သည်။

ချင်လင်က သူ့စိတ်ထဲမှဂိမ်းကိုကြည့်ပြီး ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံထဲပြန်သွားစေသည်။ ထို့နောက် အပူချိန်ထိန်းမြက်ကိုဂိမ်းထဲပြန်ထည့်သည်။

နောက်ထပ်စမ်းသပ်စရာရှိသေးသည်။

စောစောက အပူချိန်ထိန်းမြက်ကို ဂိမ်းထဲမှတစ်အိုးချင်းထုတ်ခဲ့သည်။ အပူချိန်ထိန်းမြက်အာနိသင်အကန့်အသတ်ရှိသောကြောင့် အပူချိန်လည်း နည်းနည်းချင်းကျသည်။

ဒီတော့ အပူချိန်ထိန်းမြက် ၇ အိုးလုံးတစ်ခါတည်းထုတ်လိုက်ရင် အပူချိန်ထိန်းသိမ်းမှုအပေါ်သက်ရောက်မှုရှိမရှိကြည့်ချင်သည်။

အပူချိန်ထိန်းမြက်ထုတ်လိုက်သည်နှင့် အခန်းအပူချိန်က အနွေးပေးစက်အစွမ်းနှင့်ချက်ချင်းတက်လာသည်။

သို့ရာတွင် ချင်လင်က ရီမုကိုင်ပြီး အပူချိန်အနိမ့်ဆုံး ၁၇ ထားလိုက်သည်။

လေအေးပေးစက်ကြောင့် သာမိုမီတာအပူချိန်လည်းထိုးကျသွားသည်။

မကြာမီ သာမိုမီတာတွင် ၁၇ ဖြစ်သွားသည်။

ချင်လင်လည်း နည်းနည်းအေးသလိုခံစားရသောကြောင့် ဂိမ်းထဲပြန်ဝင်ပြီး အပူချိန်ထိန်းမြက်ကိုထုတ်လိုက်သည်။

တခဏအတွင်း ဂိမ်းထဲမှအပူချိန်ထိန်းမြက် ၅ အိုးကို ချင်လင်ထုတ်လိုက်သည်။

အပူချိန်ထိန်းမြက် ၅ အိုးက တပြိုင်တည်းလိုလိုသက်ရောက်မှုရှိလာပြီး အခန်းအပူချိန်တက်လာသည်။

အခန်းအပူချိန် ၁၇ မှ ၂၂ သို့မြန်မြန်ဆန်ဆန်တက်သွားသည်။

ထိုနှုန်းက အနွေးပေးစက်ထက်မလျော့။

ချင်လင်က အပူချိန်ထိန်းမြက်နားလျှောက်လာပြန်သည်။

ဒီတစ်ခါ အရွက်ပြာပြာတွေကမလှုပ်ဘဲ အရွက်နီများမှာရေစက်များသီးနေသည်။ သူထိကြည့်လိုက်သောအခါ ခပ်နွေးနွေးခံစားရ၏။

သူလည်း အထဲကအလုပ်လုပ်ပုံကိုခန့်မှန်းမိပြီး ချက်ချင်းအံ့ဩသွားသည်။

နေပူသောနေ့တွင် အပူချိန်ကျအောင် အရွက်ပြာကအလုပ်လုပ်မည်။

အေးသောအခါ အရွက်နီကအာနိသင်ပြမည်။

အစီအစဉ်ဆွဲထားသလို အံ့ဩစရာကောင်းလွန်းသည်။

ဒီလိုအာနိသင်ပြတဲ့အကြောင်းရင်းရှိရမည်။ အကြောင်းရင်းရှာရန် အပူချိန်ထိန်းမြက်မျိုးစိတ်ကိုစမ်းသပ်ရမည်။

သို့သော် ချင်းလင်ဓာတ်ခွဲခန်းကိုအပူချိန်ထိန်းမြက်ချက်ချင်းယူသွားပြီး စမ်းသပ်လို့မဖြစ်သေး။

အရင်ဆုံး အခွင့်ကောင်းရှာပြီး အပူချိန်ထိန်းမြက်ကိုအပြင်ထုတ်ရမည်။

အရင်က ပစ္စည်းအသစ်ထုတ်ရန်အချိန်ယူရသည်။

အခုသူကအပင်သုတေသနဘွဲ့ရထားပြီဖြစ်၍ အပင်ထုတ်ဖို့ကရိကထမများတော့။

ဒီအပူချိန်ထိန်းမြက်က လိပ်ကျောကုန်းမျိုးပြောင်းဖြစ်သည်။

လိပ်ကျောကုန်းမျိုးကိုပျိုးထောင်ပြီး သူကံကောင်းသည်ဟုပြောနိုင်သည်။

ဘာပဲဖြစ်ဖြစ် အရင်ကဒီလိုအကြိမ်ကြိမ်ဖြစ်ဖူးသောကြောင့် ဘယ်သူမှသံသယမရှိ။ ပုံမှန်ပဲဟုထင်ကြမည်။

ပြီးမှ ချင်းလင်ဓာတ်ခွဲခန်းက အကြောင်းရင်းရှာနိုင်သည်။

ချင်လင်က ဂိမ်းဇာတ်ကောင်အား တောင်တက်လမ်းသွားစေပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ ခဏအကြာ အပူချိန်ထိန်းမြက်ရှိသောနေရာပြန်ရောက်လာသည်။

အပူချိန်ထိန်းမြက်မျိုးစေ့ကို သူလိုက်ရှာသည်။

အပူချိန်ထိန်းမြက်မှာ လိပ်ကျောကုန်းမျိုးပြောင်းဖြစ်၍ မျိုးစေ့ကလိပ်ကျောကုန်းနှင့်တူမည်။

မကြာမီ အပူချိန်ထိန်းမြက်မျိုးစေ့များကိုချင်လင်တွေ့ပြီး လိုက်ကောက်သည်။

အပူချိန်ထိန်းမြက်မျိုးစေ့မှာ ပဲပုပ်စေ့အရွယ်အစားခန့်ရှိပြီး အပြင်ခွံကမဲနက်၍ ထူးဆန်းသောအနံ့ရှိသည်။

(အပူချိန်ထိန်းမြက်မျိုးစေ့: ဆန်းကြယ်!)

(အပူချိန်ထိန်းမြက်မျိုးစေ့ဖြစ်သည်။ စိုက်ပျိုးပြီးလျှင် အပူချိန်ကိုလျင်လျင်မြန်မြန်ထိန်းချုပ်နိုင်သောအပူချိန်ထိန်းမြက်ရမည်။)

ချင်လင်ကမှတ်ချက်ဖတ်ပြီး မျိုးစေ့များကိုအမြန်လိုက်ကောက်သည်။ မကြာမီ အပူချိန်ထိန်းမြက်မျိုးစေ့တစ်အိတ်ကြီးရလာသည်။

လုံလောက်ပြီထင်မှ ဂိမ်းတောင်တက်လမ်းဆီ မျိုးစေ့အိတ်ပြန်သယ်လာပြီး အတွေးနှင့်ဂိမ်းထဲမှထွက်လိုက်သည်။

စံအိမ်အတွင်းဘက်အလုပ်ခန်းထဲပြန်ရောက်သောအခါ သာမိုမီတာအပူချိန်က ၂၈ မှာရှိနေသည်။

လေအေးပေးစက်ဖွင့်ထားဆဲဖြစ်ပြီး ၁၇ ဟုပြနေသည်။

ဒါကလည်း ရာသီဥတုအေးရင်တောင် အပူချိန်ထိန်းမြက် ၅ အိုးက အပူချိန် ၂၈ မှာထိန်းထားနိုင်သည့်သဘောပင်။

အပူချိန်ထိန်းမြက်ပေါ်လာရင် လေအေးပေးစက်စက်ရုံတွေ အကြီးအကျယ်ဒုက္ခရောက်မည်။

ဘာပဲဖြစ်ဖြစ် လေအေးပေးစက်ကအေးသော်လည်း ပြဿနာအများကြီးရှိသည်။ ဥပမာ လေအေးပေးစက်ကြာရှည်သုံးပါက အသက်ရှူလမ်းကြောင်းပြဿနာများ၊ ခန္ဓာကိုယ်အပူအအေးမမျှခြင်း၊ အဆစ်နာခြင်း၊ အဝလွန်ခြင်း စသည်ဖြစ်နိုင်သည်။

လုံးလုံးလျားလျားမဟုတ်သော်လည်း လေအေးပေးစက်ကိုရေရှည်သုံးဖို့ WHO က အားမပေးထား။

တဖက်တွင် အပူချိန်ထိန်းမြက်က လုံးဝအန္တရာယ်မရှိပေ။

ဒီတော့ အပူချိန်ထိန်းမြက်ကိုမိတ်ဆက်ပေးလိုက်ရင် လေအေးပေးစက်လုပ်ငန်းဒုက္ခရောက်သွားမည်။

ဂိမ်းထုတ်ကုန်မှန်သမျှ လုပ်ငန်းတစ်ခုခုကိုထိခိုက်တတ်ကြောင်း ချင်လင်သိသည်။

ဆော့ကြောင့် နိုင်ငံခြားဆော့များ စျေးကွက်မှဆင်းသွားရသည်။

ကိုလာသီးကြောင့် အမေရိကန်ကိုလာဘရန်းနှစ်ခုကိုချက်ချင်းလူကြိုက်နည်းသွားသည်။

မျက်စိကြည်ဂျင်ဆင်းထွက်လာသောကြောင့် အနီးမှုန်မျက်မှန်လုပ်ငန်းပျက်စီးသွားသည်။

သူစိတ်မကောင်းသော်လည်း တောင်းပန်မည်မဟုတ်။ ကိုယ်ချင်းစာသည်ဆိုရုံသာ။

ဘာပဲဖြစ်ဖြစ် ပစ္စည်းကောင်းကိုမထုတ်လို့မဖြစ်ဘူးမလား?

ကုမ္ပဏီထုတ်ကုန်တွေအလျှိုလျှိုတက်လာတာကလည်း တခြားကုမ္ပဏီတွေ၊တခြားထုတ်ကုန်တွေအပေါ်နင်းခဲ့တာပဲဟုတ်။

ချင်လင်ကအတွေးရပ်ပြီး တံခါးဖွင့်ကာ အပန်းဖြေစံအိမ်ခေါင်မိုးပေါ်အပင်များသယ်သွားသည်။ အရင်ဆုံး အပူချိန်ထိန်းမြက်မျိုးစေ့ကိုနေလှန်းသည်။ မဟုတ်ရင် အစေ့စိမ်းစိမ်းတွေကအပင်မပေါက်နိုင်။

ဧည့်ခန်းထဲ၌_

ကျောက်မိုချင်းနှင့်လင်းဖန်က အောက်ထပ်မှတက်လာသည်။

"ရှောင်လင်အလုပ်ခန်းပွင့်နေတယ်... သူအလုပ်လုပ်နေတာလား?''

လင်းဖန်ကဇဝေဇဝါနှင့်မေးသည်။

ကျောက်မိုချင်းက ချင်ဖုန်းလေးချီပြီး အလုပ်ခန်းထဲဝင်လိုက်သည်။ အခန်းထဲရောက်ရောက်ချင်း အပူချိန်ထိန်းမြက်ကိုတွေ့ရသည်။

ချင်လင်သုတေသနလုပ်နေလျှင် အလုပ်ခန်းထဲဝင်ခဲသော်လည်း အရင်ကဒီအိုးစိုက်ပင်များမရှိကြောင်းသတိထားမိသည်။

ထို့နောက် အလုပ်ခန်းထဲကအပူချိန်နည်းနည်းထူးခြားသည်ဟုထင်မိသည်။

ဒီနေ့ရာသီဥတုအရ အပြင်မှာမပူ၊ ၂၄ ဒီဂရီသာရှိပြီး ရာသီဥတုသာယာသည်။

အထဲမှာ သိသိသာသာပူနေ၏။

သို့ရာတွင် လေအေးပေးစက်ကြည့်ပြီး ပုံမှန်မဟုတ်ကြောင်းသိလိုက်သည်။

၁၇ ဒီဂရီမှာ။

လုံးဝမဟုတ်သေး။

"ရှောင်လင်.. မင်းအလုပ်ခန်းထဲကလေအေးပေးစက်ပျက်နေတာလား?''

လင်းဖန်ကဝင်လာပြီး ပုံမှန်မဟုတ်ကြောင်းသိ၍ စူးစမ်းမေးသည်။

"ဟုတ်မယ်''

ကျောက်မိုချင်းကမျက်မှောင်ကြုတ်ခေါင်းညိမ့်ပြီးမှ_

"ဟွရှင်းလေအေးပေးစက်က Meide နဲ့ Gri ထက်ကောင်းတယ်ဆို? ဒီလောက်မြန်မြန်ပျက်သွားပြီလား?''

ဟွရှင်းလေအေးပေးစက်ကိုသုံးဖို့ သူမဆုံးဖြတ်ခဲ့တာ။ ပြီးတော့ ချင်းလင်စံအိမ်ကကြော်ငြာပေးဖို့ ဟွရှင်းကိုသုံးခဲ့တာ။ အခုဘာလို့ဒီလောက်စိတ်ပျက်စရာကောင်းရတာလဲ?

ဘာပဲဖြစ်ဖြစ် စံအိမ်ထဲကလေအေးပေးစက်ကိုသေချာတပ်ခဲ့ပြီးမှ ခဏလေးနဲ့ပျက်သွားပြီတဲ့လား? ဒါမျိုးကြုံရင် ဘယ်သူမဆိုစိတ်ပျက်မှာပဲ။

သာမန်လူဆိုစိတ်ရှည်ရှည်ထားပြီး စက်ပြင်ဆရာစောင့်ရမည်။ တစ်ခါတလေ စက်ပြင်ဆရာကအချိန်ဆွဲပြီးတစ်ရက်နှစ်ကြာတတ်သည်။ တစ်ရက်နှစ်ရက်လောက်အပူခံရမည်။

ဒါပေမဲ့ သူမက ချင်လင်လိုမဟုတ်။ သူမ ဒါမျိုးလက်မခံနိုင်။

အလုပ်မဖြစ်ရင် ပြောင်းမည်။

ဒါလေအေးပေးစက်ပြဿနာမဟုတ်ဘဲ အပူချိန်ထိန်းမြက်ကြောင့်မှန်း သူမမသိပေ။

အပင်မှာ လေအေးပေးစက်လိုအာနိသင်မျိုးရှိမယ်လို့ဘယ်သူထင်မလဲ?

"အမေ.. ချင်ဖုန်းလေးကိုချီပါဦး... လေအေးပေးစက်လဲခိုင်းမယ်... ဒါဟွရှင်းကိုပြန်ပေးလိုက်မယ်''

ကျောက်မိုချင်းကပြောပြောဆိုဆို ချင်ဖုန်းလေးကိုလင်းဖန်ဆီပေးပြီး ဖုန်းထုတ်ကာ ချင်းလင်စံအိမ်အင်ဂျင်နီယာဌာနကိုအသိပေးလိုက်သည်။

ဘရန်းပြောင်းရန် သေချာမှာလိုက်၏။

အခန်း ၁၂၃၃: ချင်းလင်ဓာတ်ခွဲခန်းကိုမကြောက်မရွံ့!

ကျောက်မိုချင်းဖုန်းဆက်ပြီးမကြာမီ အင်ဂျင်နီယာဌာနမှလူများရောက်လာကြသည်။

ချင်လင်အလုပ်ခန်းထဲမှလေအေးပေးစက်ကို လှလှပပတစ်လုံးနှင့်လဲလိုက်သည်။

သို့ရာတွင် လေအေးပေးစက်လဲပြီးစမ်းသပ်ကြည့်သောအခါ နည်းနည်းထူးခြားသည်ကိုခံစားမိသည်။

ဥက္ကဌချင်အခန်းထဲမှလေအေးပေးစက်က သူတို့အရင်တပ်ခဲ့သောစက်များနှင့်မတူ။ မတူတာထက် တစ်ခုခုဖြစ်နေသလို ဘာမှမဆိုင်ပေ။

အပူချိန်ထိန်းမြက်ကြောင့်မှန်း သူတို့မသိ။

နောက်ပြီး ဥက္ကဌချင်၏သုတေသနအလုပ်ခန်းဖြစ်၍ ဘာမှမထိရဲကြ။ အခန်းထောင့်မှတူရွင်းတောင်မထိရဲချေ။

လေအေးပေးစက်ကိုသာ ဂရုတစိုက်ပြောင်းလိုက်သည်။

စက်ကရှုပ်ထွေးနေသော်လည်း သူတို့တပ်ပြီးနောက်ပိုင်း လေအေးပေးစက်က ၂၂၊ အခန်းအပူချိန်ကလည်း ၂၂ ဖြစ်သွားသည်။ စောစောကလို လေအေးပေးစက်က ၁၇၊ အခန်းအပူချိန်က ၂၈ မဟုတ်တော့။

ထို့ကြောင့် သူတို့မစပ်စုတော့။

ဒါကလည်း လေအေးပေးစက်နှင့်မြက်က တချိန်တည်းအလုပ်လုပ်သည့်သဘောဖြစ်သည်။ လေအေးပေးစက်အပူချိန်နှင့်မြက်ထားသည့်နှုန်းတူနေသောကြောင့် အာနိသင်မပေါ်ပေ။

မဟုတ်ရင် ထူးခြားချက်ကိုသူတို့သတိထားမိမည်။

အင်ဂျင်နီယာဌာနမှ လေအေးပေးစက်အဟောင်းပြန်ထုတ်သွားသောအခါ ဟွရှင်းကိုပြန်ပေးရန်လည်း ကျောက်မိုချင်းကမှာလိုက်သည်။ နောက်ပြီး ဒီလိုအခြေအနေမျိုးထပ်ဖြစ်ရင် ချင်းလင်စံအိမ်နှင့်ချင်းလင်ကုမ္ပဏီက ဟွရှင်းကိုဆက်သုံးမည်မဟုတ်ကြောင်းပါပြောလိုက်သည်။

တစ်လုံးပြဿနာတက်ရင် နောက်တစ်လုံးကိုစိတ်ပူနေရမည်။

ချင်းလင်စံအိမ်နှင့်သတို့သမီးခန်းများတွင် ဒီလေအေးပေးစက်များသုံးထားသည်။

ပြဿနာရှိရင် ခရီးသည်တွေအနှောင့်အယှက်ဖြစ်မည်။

ဒီတော့ ပြဿနာကသေးငယ်ရင်တောင် အလေးအနက်ထားရမည်။

"ကောင်းပါပြီ ဥက္ကဌကျောက်!''

အင်ဂျင်နီယာဌာနမှလူများလည်း ချက်ချင်းပြန်ဖြေပြီး လေအေးပေးစက်အဟောင်းကိုထုပ်ပိုးလိုက်သည်။

အပန်းဖြေစံအိမ်ခေါင်မိုးထပ်_

အပူချိန်ထိန်းမြက်မျိုးစေ့များခြောက်မှ ချင်လင်ကသိမ်းပြီး အိတ်ထဲပြန်ထည့်ကာအောက်ထပ်ဆင်းလာသည်။

တစ်ကြိမ်တည်းအခြောက်ခံ၍မရ။ နှစ်ကြိမ်ဆက်တိုက်လုပ်ရမည်။

ဒီလိုမျိုးစေ့မျိုးကို သုံးကြိမ်အခြောက်လှမ်းရန်လိုသည်။

ဧည့်ခန်းထဲရောက်သောအခါ လေအေးပေးစက်နှင့်ထွက်သွားသောအင်ဂျင်နီယာဌာနကိုမြင်ပြီးအံ့ဩသွားကာ ဘေးနားရပ်နေသောကျောက်မိုချင်းအားမေးသည်_

"မိုချင်း.. ဘာဖြစ်လို့လဲ? လေအေးပေးစက်ပျက်သွားပြီလား?''

“???”

ကျောက်မိုချင်းလည်း ကြားကြားချင်းကြောင်သွားပြီး ပြန်မေးသည်_

"ယောက်ျား.. ရှင့်အခန်းထဲကလေအေးပေးစက်ပျက်နေလို့ အပြင်ထွက်ပြီးလေသွားရှူတာမလား? လေအေးပေးစက်က ၁၇ ဆိုပေမဲ့ အခန်းက အရမ်းပူနေတာလေ''

“???”

ချင်လင် တန်းသဘောပေါက်သွားသည်။ ဒါလေအေးပေးစက်ကြောင့်မဟုတ်၊ အပူချိန်ထိန်းမြက်ကြောင့်။

တနည်းပြောရရင် လေအေးပေးစက်မှာအပြစ်မရှိ။

သို့သော် ကျောက်မိုချင်းက အပူချိန်ထိန်းမြက်အကြောင်းမသိ။ နောက်ပြီး သူဘယ်လိုရှင်းပြရမည်မသိ၍ ဘာမှမပြောဖြစ်ချေ။

ပြီးတော့ ကျောက်မိုချင်းက သူ့ကိုစိတ်ပူပြီးလေအေးပေးစက်လဲခဲ့ခြင်းဖြစ်၍ ကိစ္စမရှိ။

ကျောက်မိုချင်းသဘောထားက အရေးအကြီးဆုံး။

"ဖေဖေ ဖေဖေ.. ချီ!''

ချင်ဖုန်းလေးက ချင်လင်ကိုမြင်ပြီးပျော်သွားကာ လက်လှမ်းပေးသည်။

ချင်လင်ကသူ့သားကိုကြည့်ပြီးပြုံးကာ ချီ၍မြူလိုက်သည်။

ဒီကောင်လေးက သူနဲ့ကျောက်မိုချင်းကိုအနှောင့်အယှက်ပေးပေမဲ့ သူ့သား၊ သူတို့ချင်း အနေနီးသည်။

နောက်နှစ်ရက်တွင် ချင်လင်က အပူချိန်ထိန်းမြက်ကို အလုပ်ခန်းထဲမှဂိမ်းထဲပြန်သယ်သည်။

လိုင်းပေါ်တွင် ချင်းလင်စံအိမ်ကိုရေပန်းစားစေသောသတင်းတစ်ပုဒ်တက်လာ၏။

လေအေးပေးစက်သတင်းဖြစ်ပြီး ရေပန်းစားရသောအကြောင်းရင်းတစ်ခုဖြစ်သည်။

ဟွရှင်းလေအေးပေးစက်မှာ လွန်ခဲ့သော ၂ နှစ်အတွင်းနာမည်ကောင်းရခဲ့ပြီး Meide နှင့် Gri ကိုကျော်တက်တော့မည်။

နောက်ပြီး သူတို့လုပ်ငန်းက လုပ်နိုင်စွမ်းရှိသည်။ မဟုတ်ရင် စျေးကွက်ကိုဒီလောက်မြန်မြန်သိမ်းပိုက်နိုင်မည်မဟုတ်။ ကျောက်မိုချင်းကလည်း ချင်းလင်စံအိမ်တွင် ဟွရှင်းလေအေးပေးစက်သုံးရန်ဆုံးဖြတ်ခဲ့သည်။

ဒီတစ်ခါ ဟွရှင်းလေအေးပေးစက်က သတင်းထုတ်လွှင့်သည်။

ချင်းလင်စံအိမ်ကိုတောင်းပန်ပြီးရင်း တောင်းပန်ထား၏။

"ဟွရှင်းကြောင့် ချင်းလင်စံအိမ်မှာ လေအေးပေးစက်ပြဿနာတက်ခဲ့ပါတယ်... ဒီအတွက် ချင်းလင်စံအိမ်ကိုတောင်းပန်ပါတယ်... ရှေ့လျှောက် ကျွန်တော်တို့အရည်အသွေးပိုင်းကို ကြပ်ကြပ်မတ်မတ်ထိန်းသိမ်းပါမယ်''

ထိုသတင်းက ချက်ချင်းရေပန်းစားလာသည်။ ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်ပါနေသည်။ ချင်းလင်စံအိမ်နာမည်ကြီးသောကြောင့် မပေါက်ဘဲမနေ။

ချင်လင်က အပူချိန်ထိန်းမြက်မျိုးစေ့များယူပြီး အလုပ်ခန်းအပြင်ထွက်လာသည်။

အခု အပူချိန်ထိန်းမြက်စိုက်နိုင်ပြီဖြစ်၍ အချိန်ယူပြီးစိုက်ရမည်။

ဧည့်ခန်းထဲရောက်သောအခါ ကျောက်မိုချင်းဒေါသထွက်နေသည်ကိုတွေ့ရ၏။

“ဘာဖြစ်လို့လဲ?”

ချင်လင်ကဇဝေဇဝါနှင့်မေးသည်။

ကျောက်မိုချင်းက သူ့ကိုဖုန်းပေးပြီး_

"ယောက်ျား.. ဒီသတင်းကြည့်ဦး''

ချင်လင်ကဇဝေဇဝါနှင့် ဖုန်းယူပြီးကြည့်လိုက်သည်။

ဟွရှင်းလေအေးပေးစက်က တောင်းပန်ထားသောသတင်းပင်။

သတင်းဖတ်ပြီး သူမျက်မှောင်ကြုတ်လိုက်သည်။

သတင်းက ဘာမှမဖြစ်။

ထုတ်ကုန်ပြဿနာရှိ၍တောင်းပန်တာ ပုံမှန်ပင်။

ပြဿနာက မှတ်ချက်နေရာမှာရှိနေသည်။

"ဟွရှင်းလေအေးပေးစက်က အောင်မြင်လာတာလည်းမပြောနဲ့... တာဝန်ခံမှုရှိတဲ့ကုမ္ပဏီပဲ!''

"ဟွရှင်းက အမြဲကောင်းပါတယ်... အိမ်မှာဟွရှင်းသုံးတာ''

"တို့လည်း ဟွရှင်းသုံးမယ် ဟူး ဟူး''

"ချင်းလင်စံအိမ်က တစ်စိတ်ကိုတစ်အိတ်လုပ်နေတာပဲ... လေအေးပေးစက်က ပျက်တတ်တာပဲလေ... တောင်းပန်ခံချင်နေတာ!''

"ဟွရှင်းက လေအေးပေးစက်တစ်မျိုးပဲ... အချိန်မီပြင်ဆင်နိုင်တာ သဘောကျတယ်... ချင်းလင်စံအိမ်က နားလည်ပေးနိုင်မယ်ထင်တယ်''

အားလုံး မှတ်ချက်ကောင်းပေးထားကြသည်။

ဒါ ပုံမှန်မဟုတ်။

အင်တာနက်ရေတပ်၏ခြေရာလက်ရာကို ချင်လင်တွေ့သည်။ အထူးသဖြင့် တချို့မှတ်ချက်များက ချင်းလင်စံအိမ်နှင့်သိသိသာသာဆက်စပ်နေသည်။

All Chapters