အခန်း (၁၂၃၄-၁၂၃၆)
Vol. 83 Ch. 1234-1236
အခန်း ၁၂၃၄: ချင်းလင်ဓာတ်ခွဲခန်းကိုမကြောက်မရွံ့! ၂
ဒါလုပ်ကြံဇာတ်မှန်း သူသဘောပေါက်သည်။
ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်က လေအေးပေးစက်ပြဿနာအကြောင်းအသိပေးရင်တောင် သူတို့ထင်ထင်ပေါ်ပေါ်တောင်းပန်စရာမလို။ နောက်ပြီး ကုမ္ပဏီအများစုက သူတို့ထုတ်ကုန်ပြဿနာကိုအတတ်နိုင်ဆုံးဖုံးကြမည်။
ဟွရှင်းက အင်တာနက်ရေတပ်ငှားပြီး ဒီလိုလုပ်ရသည့်ရည်ရွယ်ချက်က ချင်းလင်စံအိမ်ကိုခြောက်လှန့်တာဖြစ်မည်။
နာမည်ကြီးချင်တာလည်းဖြစ်ကောင်းဖြစ်မည်။
စီးပွားရေးလောကတွင် နည်းမျိုးစုံသုံးသည့်အချိန်များရှိသည်။
ကျောက်မိုချင်းက_
"ဒီဟွရှင်းက Meide တို့ Gri တို့ကိုကျော်ဖို့လိုပါသေးတယ်... ဒါသက်သက်နာမည်ကြီးချင်တာ.. ညစ်တာ.. စောစောကသိရင် ပျက်သွားလည်းပြန်မပေးလိုက်ပါဘူး''
ချင်လင်ခေါင်းခါလိုက်သည်။
ဘာဖြစ်နေမှန်းသိသိရက် လိုင်းပေါ်ကလူတွေသိသွားတာတောင် ဘာမှမပြောနိုင်ချေ။
အတော်စိတ်ပျက်စရာကောင်းသည်။
ရုတ်တရက် ချင်လင်ထရယ်လိုက်သည်။
နောက်ထပ်ရေပန်းစားနေသောဗီဒီယိုတစ်ပုဒ်က အလွန်စိတ်ဝင်စားစရာကောင်းသောကြောင့်ပင်။
ထိုဗီဒီယိုကို ဝေဖန်ဆန်းစစ်သူဘလော့ဂါတစ်ဦးကတင်ထားသည်။
ဝေဖန်ဆန်းစစ်ရေးဘလော့ဂါဆိုသူမှာ ဖြစ်ရပ်တစ်ခုကိုအစအဆုံးသုံးသပ်ပြသူမျိုးဖြစ်သည်။
တချို့က အဖြေထွက်ပြီးမှသာ အခြေအနေကိုဝေဖန်ဆန်းစစ်ကြသည်။
ဒီလိုဝေဖန်ခြင်းမျိုးက တွေ့ရအများဆုံးပင်။
တချို့ကမူ ဇာတ်လမ်းတစ်ခုလုံးအဆုံးမသတ်ခင် ဝေဖန်ပိုင်းခြားတတ်ကြသည်။ သိပ်အတိမ်းအစောင်းမရှိဘဲဝေဖန်နိုင်ခြင်းမှာ အလွန်တော်သည်ဟုဆိုရမည်။
ဘလော့ဂါက_
"ထုတ်ကုန်မှာအမှားအယွင်းရှိလို့တောင်းပန်တာ ပုံမှန်ပါပဲ... ဒါပေမဲ့ တမင်သက်သက်တောင်းပန်ပြီး သူများကိုပစ်မှတ်ထားတာ နည်းနည်းရွံစရာကောင်းတယ်... ဟွရှင်းလေအေးပေးစက်တော့ စိုးရိမ်စရာပဲ... တောင်းပန်တဲ့နည်းနဲ့ ပစ်မှတ်ထားတယ်လို့သံသယရှိတယ်''
"အဓိကက ဟွရှင်းကို ချင်းလင်ဓာတ်ခွဲခန်းကမကျေနပ်ရင် လေအေးပေးစက်လိုပစ္စည်းမျိုးမတီထွင်လိုက်နိုင်ဘူးလား?''
ပုံမှန်ဆို ဒီဗီဒီယိုက ဒီလောက်စိတ်ဝင်စားစရာကောင်းမှာမဟုတ်။ လေအေးပေးစက်အစားထိုးပစ္စည်းမျိုးကို ဘယ်လိုလုပ်လွယ်လွယ်ဖန်တီးနိုင်မလဲ?
ဒါပေမဲ့ ချင်းလင်ဓာတ်ခွဲခန်းဆို တစ်မျိုးဖြစ်သွားပြီ။
ဘာပဲဖြစ်ဖြစ် ချင်းလင်ဓာတ်ခွဲခန်းက အထူးအဆန်းထုတ်ခဲ့တာ တစ်ခုနှစ်ခုမဟုတ်။
အထူးသဖြင့် ချင်းလင်ဓာတ်ခွဲခန်းမှာ ရှောင်ချင်နှင့်ပါမောက္ခလီခိုင်ဆိုသောနတ်ဘုရားနှစ်ပါးရှိသည်။
ဟွရှင်းလေအေးပေးစက်က တကယ်ပစ်မှတ်ထားလုပ်ခဲ့ရင် သူဌေးကကျေနပ်မှာမဟုတ်။ သူလက်လှုပ်လိုက်ရုံနှင့် ဒီနတ်ဘုရားနှစ်ပါးကိုပရောဂျက်ပေးပြီးလေ့လာစေမည်။ သူတို့က လေအေးပေးစက်လိုပစ္စည်းမျိုးတီထွင်ပေးမည်။
ဟွရှင်းလေအေးပေးစက်ကြောင့် လေအေးပေးစက်လုပ်ငန်းတစ်ခုလုံးဒုက္ခရောက်နိုင်သည်။
ဒါကိုယ့်ကိုယ်ကိုယ်ဖျက်စီးပြီး သူများကိုပါဆွဲချခြင်းဖြစ်သည်။
ဒါပေမဲ့ ဒါမျိုးဖြစ်လာမလားမပြောနိုင်။
ထို့ကြောင့် ဗီဒီယိုမှတ်ချက်များ ပလူပျံနေသည်။
"သော*က်.. ဒီဘလော့ဂါပြောမှပဲ မျှော်နေပြီ''
"တကယ်တော့ ဟွရှင်းလေအေးပေးစက်က ငါတို့ကိုလှည့်စားနေတာ... ဘလော့ဂါပြောမှ ငါလည်းစောင့်နေပြီ''
"၆၆၆.. ဘလော့ဂါပြောတဲ့အတိုင်းဖြစ်ခဲ့ရင် အရမ်းစိတ်ဝင်စားစရာကောင်းမှာပဲ''
"ဒါကိုသက်သေအဖြစ်သိမ်းထားမယ်... ဒါမှ အခွင့်ကြုံရင်ထုတ်ပြရအောင်''
ဟွရှင်းလေအေးပေးစက်မှာ အရှေ့စီရင်စုတွင်တည်ရှိသည်။
လွန်ခဲ့သော ၂ နှစ်အတွင်းဖွံ့ဖြိုးလာပြီး လေအေးပေးစက်စျေးကွက်ကိုတဖြည်းဖြည်းသိမ်းပိုက်ကာ Meide နှင့် Gri တို့နားကပ်လာသည်။
ထို့ကြောင့် ဟွရှင်းလေအေးပေးစက်ပိုင်ရှင်လော့ရှန်း နည်းနည်းလောလာ၏။
ဘာပဲဖြစ်ဖြစ် သူတောင်ထိပ်မှာနေပြီး တခြားတောင်တွေကိုငုံ့ကြည့်မည်။
အခွင့်အရေးရှိရင် သူဌေးတိုင်းက သူတို့ကုမ္ပဏီကို လုပ်ငန်းထိပ်ဆုံးမှာရပ်တည်စေချင်သည်။
သူ့ဟွရှင်းလေအေးပေးစက်တိုးတက်လာဖို့ဖြစ်နိုင်သည်ဟု လော့ရှန်းထင်မိသည်။ Gri ဖြစ်ဖြစ် Meide ဖြစ်ဖြစ် သူတို့စီမံရေးကနည်းနည်းတင်းကြပ်ပြီး တိုးတက်ဖို့ရုန်းကန်နေရသည်။
ဟွရှင်းကမူ အားအင်အပြည့်နှင့်။
ထို့ကြောင့် ချင်းလင်စံအိမ်ကလေအေးပေးစက်ပြန်ပို့ပြီး သတိပေးလိုက်သောအခါ ဒီကိစ္စကိုနာမည်ကြီးအောင်လုပ်ရမည့်အခွင့်အရေးဟု သူသိလိုက်သည်။ အင်တာနက်ရေတပ်လှိမ့်နိုင်သလောက် ဒီကိစ္စကိုနာမည်ကြီးအောင်လုပ်ရင် ကြောက်စရာကောင်းလောက်အောင်ရေပန်းစားလာမည်။
လော့ရှန်းကစာဖိုင်တချို့လှန်လှောကြည့်နေစဉ် အတွင်းရေးမှူးခပ်သုတ်သုတ်ရောက်လာပြီး အစီရင်ခံသည်_
"သူဌေး.. လိုင်းပေါ်မှာ ဗီဒီယိုတစ်ပုဒ်ကြည့်ပါဦး!''
လော့ရှန်းက ဇဝေဇဝါနှင့်ဗီဒီယိုကြည့်လိုက်သည်။
အဆိုပါဘလော့ဂါတင်ထားသောဗီဒီယိုဖြစ်ပြီး ချင်းလင်ဓာတ်ခွဲခန်းက လေအေးပေးစက်ထုတ်ကုန်သုတေသနလုပ်မည့်အကြောင်းပြောထားသည်။
ခဏအကြာ သူကရယ်ပြီး_
"ဟာသတွေပြောနေတာမလား? ရှောင်ချင်နဲ့ပါမောက္ခလီခိုင်အံ့ဩစရာကောင်းတာ ဝန်ခံပါတယ်... ဒါပေမဲ့ သူတို့ကအပင်လေ့လာတာလေ... လေအေးပေးစက်နဲ့ဘာမှမဆိုင်ဘူး... နောက်နေတာမလား? သူ့ကိုစိတ်ထဲမထားနဲ့... အချောင်နာမည်ကြီးချင်တဲ့လူတစ်ယောက်ပဲ''
"ဟုတ်ကဲ့!''
အတွင်းရေးမှူးကခေါင်းညိမ့်ပြီး ဘာမှမပြောတော့။
အတွင်းရေးမှူးအနေနဲ့အစီရင်ခံဖို့သာတာဝန်ရှိသည်။ ဘယ်လိုဆုံးဖြတ်မလဲက သူဌေးရဲ့အပိုင်း။
ချင်းလင်စံအိမ်တွင် ချင်လင်က ကျောက်မိုချင်းထံဖုန်းပြန်ပေးလိုက်သည်။
ဟွရှင်းလေအေးပေးစက်ကြောင့် စိတ်အနှောင့်အယှက်အဖြစ်မခံနိုင်။ ဘယ်လိုတုံ့ပြန်မှုမျိုးပေးပေး သူတို့အကွက်ထဲဝင်သွားမည်။
တဖက်တွင် ဘလော့ဂါဗီဒီယိုက စိတ်ဝင်စားစရာကောင်းသည်။
အပူချိန်ထိန်းမြက်ကိုသူထုတ်လိုက်ရင် စိတ်ဝင်စားစရာကောင်းပြီ။ ဟွရှင်းကလူတွေဘယ်လိုတုံ့ပြန်မလဲ သူသိချင်သည်။
ချင်လင်က အပူချိန်ထိန်းမြက်မျိုးစေ့အိတ်နှင့်အတွင်းဘက်ပတ်လျှောက်လာသည်။ ဧည့်ခန်းထဲရောက်သောအခါ မျှော်စင်တွင်ယွမ်ရှန်စာဖတ်နေသည်ကိုတွေ့ရသောကြောင့် တမင်သက်သက်ယွီရွှေ့ဆီဖုန်းဆက်လိုက်သည်။
"ဥက္ကဌချင်.. ဘာညွှန်ကြားစရာရှိလဲ?''
ဖုန်းထဲမှယွီရွှေ့အသံထွက်လာသည်။
"အပင်စိုက်ဖို့ပန်းအိုးနဲ့အထူးမြေဩဇာယူပေးပါဦး''
ချင်လင်က အသံကျယ်ကျယ်ပြောလိုက်သည်။
"ကောင်းပါပြီ ဥက္ကဌချင်''
ယွီရွှေ့ကနားလည်ကြောင်းပြောပြီးဖုန်းချလိုက်သည်။
ချင်လင် တမင်ဖွခြင်းပင်။ သူများသိစေချင်ရင် သက်သေရှိတာအကောင်းဆုံး။
သူကအသံမြှင့်ပြောသောကြောင့် ယွမ်ရှန်သတိထားမိသွားပြီး ချက်ချင်းလျှောက်လာကာမေးသည်_
"သူဌေးချင်.. ဒီတစ်ခါဘာစိုက်မလို့လဲ?''
"လိပ်ကျောကုန်းမျိုးစေ့ရတာနဲ့စိုက်ကြည့်မလို့''
ချင်လင်က ပြုံးပြုံးနှင့်ပြောသည်။
"လိပ်ကျောကုန်း! အလှစိုက်ပင်ပဲ!''
ယွမ်ရှန်နည်းနည်းစိတ်ဝင်စားသွားသည်။ နည်းလမ်းတကျပြောရရင် သူဌေးချင်လိုအပင်သုတေသီအဆင့်နဲ့ ဒီထက်ပိုအဆင့်မြင့်တာသုတေသနလုပ်သင့်သည်။
လိပ်ကျောကုန်းသုတေသနလုပ်တာ၊ပျိုးထောင်တာ သူဌေးချင်အဆင့်အတန်းနဲ့မလိုက်။
အိုးစိုက်ပင်ကိုသုတေသနလုပ်နေလို့အကျိုးမရှိပေ။
ချင်လင်က ရှင်းမပြ။ အပူချိန်ထိန်းမြက်ထွက်လာမှ ယွမ်ရှန်သိလိမ့်မည်။ အဲဒီအချိန်ကျ သူသက်သေခံရဦးမည်။
မကြာမီ ယွီရွှေ့က ပန်းအိုးတချို့နှင့်မြေဩဇာသယ်လာသောလူများကိုခေါ်လာသည်။
"ဥက္ကဌချင်.. သယ်လာပါပြီ''
"ပန်းအိုးထဲထည့်လိုက်ပါ... ကျွန်တော်လိုတယ်''
“ကောင်းပါပြီ''
သူကပြောသည်။
ယွီရွှေ့ကပြန်ဖြေပြီးနောက် ပန်းအိုးများကိုမြေဩဇာဖြည့်ခိုင်းသည်။ သူတို့ကျွမ်းကျင်သောအလုပ်ဖြစ်၍ မြန်မြန်ဆန်ဆန်ဖြည့်ပြီးသွားသည်။
ထို့နောက် ယွီရွှေ့လည်းသူ့လူများနှင့်ထွက်သွားသည်။ သူအလုပ်သူသိသည်။ ချင်းလင်အပန်းဖြေစံအိမ်က သူကြာကြာနေသင့်သောနေရာမဟုတ်။
ချင်လင်လည်း လိပ်ကျောကုန်းမျိုးစေ့များထုတ်ပြီး စစိုက်သည်။
ခဏအကြာ ယွမ်ရှန်ကအချက်အလက်များကြည့်ရန် မျှော်စင်ပြန်သွား၏။ မကြာမီ လီခိုင်ရောက်လာသည်။
မျိုးပြောင်းစပါးကိစ္စဖြေရှင်းပြီးဖြစ်၍ ဒီတလော သူစိတ်အေးလက်အေးနေနိုင်သည်။ မျိုးပြောင်းစပါးမျိုးစေ့ယူပြီး အသုတ်လိုက်ခွဲစိုက်မည့်အချိန်စောင့်နေရုံသာ။
လီခိုင်ကဝင်လာပြီး ချင်လင်မျိုးစေ့စိုက်နေသည်ကိုမြင်သောကြောင့်မေးသည်_
"ညီလေးချင်.. ဒီတစ်ခါဘာလဲ?''
သူကပြောရင်းဆိုရင်း မျိုးစေ့အိတ်ကိုဖွင့်ပြီး_
"ဒါလိပ်ကျောကုန်းမျိုးစေ့လား?''
အပင်သုတေသီဖြစ်သောလီခိုင်က ဗဟုသုတကြွယ်ဝသည်။ ဒီအပူချိန်ထိန်းမြက်က လိပ်ကျောကုန်းမျိုးပြောင်းဖြစ်သော်လည်း မျိုးစေ့ချင်းတူသည်။
လီခိုင်ကိုမြင်ပြီး ချင်လင်မျက်စိကျယ်သွားသည်။ သူ့အဖို့အပူချိန်ထိန်းမြက်ထုတ်တာကိစ္စကြီးတော့မဟုတ်။ အခုသူက အပင်သုတေသီဖြစ်နေပြီ။
ဒါပေမဲ့ အစ်ကိုလီဓားစာခံလုပ်ရင် မတူ၊ အချိန်ကုန်၊အင်အားကုန်သက်သာသည်။
ထိုသို့တွေးရင်း ချင်လင်ကလီခိုင်ဘက်လှည့်ကာ_
"အစ်ကိုလီ.. ဒါကအထူးမြေကြီးပဲရှိသေးတာ.. ဘယ်လိုဖြစ်မလဲမသိသေးဘူး... ချင်းလင်ဓာတ်ခွဲခန်းယူပြီးကြည့်ပေးပါဦး''
"ကြောက်တတ်လိုက်တာ!''
လီခိုင်ကအမှတ်တမဲ့ တူရွင်းလေးသွားယူကာလက်လှမ်းလိုက်ပြီးမှ အလန့်တကြားရပ်လိုက်သည်။ သူကတစ်ခုခုတွေးမိပြီး ချက်ချင်းပင်_
"ညီလေးချင်.. အားနာတယ်ကွာ... ငါ့သုတေသနရှိသေးတယ်... အခုတလော မအားသေးဘူး''
လီခိုင်စကားကြောင့် ချင်လင်မျက်မှောင်ကြုတ်လိုက်သည်။
သူကသူ့အိတ်ကပ်ထဲမှဖုန်းကိုတောင် အသင့်ပြင်ထားသည်။ အစ်ကိုလီအကွက်ထဲဝင်သည်နှင့် ဗီဒီယိုရိုက်ပြီး ချင်းလင်စံအိမ်မီဒီယာဌာနကိုတင်ခိုင်းမည်။
အစ်ကိုလီမလုပ်ချင်မှတော့ သူမတတ်နိုင်။
ချင်လင်ကတွေးတောပြီး နောက်ပြန်လှည့်လိုက်ရာ အံ့ဩပုံပေါက်သွားသည်။
အစ်ကိုလီကဖုန်းကိုင်ပြီး သူ့ကိုဓာတ်ပုံရိုက်နေသည်။
အခန်း ၁၂၃၅: စိတ်ကူးအစွမ်း! လက်ဖက်ခြောက်သူခိုး!
"အစ်ကိုလီ.. ဘာလုပ်တာလဲ?''
လီခိုင်၏ဖုန်းကိုကြည့်ရင်း ချင်လင်ကစိတ်ပျက်လက်ပျက်မေးလိုက်သည်။
"ဗီဒီယိုရိုက်ပြီး Wechat အခိုက်အတန့်များမှာတင်မယ်... မင်းလိပ်ကျောကုန်းမျိုးသုတေသနလုပ်နေပြီ... ငါမျှော်နေပြီလို့ရေးမယ်!''
လီခိုင်ကပြုံးပြုံးနှင့်ပြောရင်း Wechat ထဲဝင်ကာ သူ့မိတ်ဆွေအသိုင်းအဝိုင်းမှာတင်သည်။
ဒီကိစ္စကိုအရင်ဆုံးအတည်ပြုရမည်။
"ဟင်း''
ချင်လင်က သက်ပြင်းသာချလိုက်သည်။ ဒီနည်းပဲသုံးနေဖို့ ဒီလောက်မလွယ်။ သူသုံးလေးကြိမ်သုံးပြီး တဖက်ကတတ်သွားပြီ။
အရှိုက်ထိလိုက်တာ!
လီခိုင်က သူ့အခိုက်အတန့်များတွင်တင်ပြီး အထူးအဖွဲ့ထဲဗီဒီယိုပို့လိုက်သည်နှင့် ဆွေးနွေးမည့်သူများထွက်လာသည်။
အထူးအဖွဲ့မှာ သုတေသနအဖွဲ့ဖြစ်ပြီး သူ့ကိုဝန်ကြီးလုကဆွဲထည့်ထားခြင်းဖြစ်သည်။ အဖွဲ့ထဲဝင်သောအခါ အချက်အလက်သေချာဆန်းစစ်သည်။
အဖွဲ့ထဲတွင် ပြည်တွင်းထိပ်တန်းသုတေသနပညာရှင်တွေချည်း။
ဝန်ကြီးလုက ညီလေးချင်ကိုပါဆွဲထည့်သော်လည်း ညီလေးချင်ကစိတ်မပါ။
ချင်လင်က သူ့အကြောင်းပေါ်မည်စိုး၍မှန်း သူမသိချေ။
ချင်လင်လိပ်ကျောကုန်းစိုက်သောဗီဒီယိုကို လီခိုင်ပို့ပြီးနောက် အဖွဲ့ထဲတွင်ဆွေးနွေးသူများရှိလာသည်။
အရင်ဆုံး ဝန်ကြီးလုကမေးသည်_
"သူဌေးချင်ကဘာလို့ လိပ်ကျောကုန်းသုတေသနလုပ်ရတာလဲ? လိပ်ကျောကုန်းကဘာထူးခြားလဲ သိတဲ့ပညာရှင်ရှိလား?''
သုတေသနသိပ်မရှိသောပညာရှင်များက ချက်ချင်းပင်:
"လိပ်ကျောကုန်းက အလှစိုက်တဲ့အပြင်စားလို့ရတယ်... သူဌေးချင်က ဟင်းချက်လက်ရာကောင်းလို့များလား?''
"အစားအစာအတွက်ဆိုရင်တောင် စားစရာတွေအများကြီးရှိပါတယ်... လိပ်ကျောကုန်းပဲလုပ်နေစရာမလိုပါဘူး''
"မပြောတတ်ဘူး... တချို့အစားတလိုင်းတွေက ဇွဲကောင်းတယ်''
"ဟုတ်တယ်... ရှောင်ချင်လက်ရာက အချက်အပြုတ်လောကမှာထိပ်တန်းလို့ကြားတယ်''
ဒီအဖွဲ့ထဲမှာမရှိရင် ပြည်တွင်းထိပ်တန်းသုတေသီအဖွဲ့က သာမန်လူတွေလိုပြောနေကြမယ်လို့ဘယ်သူထင်မလဲ?
တကယ်တော့ သာမန်လူတွေအထင်လွဲနေခြင်းပင်။
တူရာတူရာစုသည်ဆိုသောစကားကို သူတို့နားမလည်ခြင်းသာ။
မတူညီသောလူများတွင် မတူသောမိတ်ဆွေအသိုင်းအဝိုင်းရှိသည်။ အတော်များများက သူတို့မိတ်ဆွေအသိုင်းအဝိုင်းမှာသာ စကားပြောကြသည်။ ပြောစရာခေါင်းစဉ်ချင်းတူသောကြောင့်ပင်။
ဒီပညာရှင်တွေလို သာမန်လူတွေအကြောင်းမပြောကြသလို သိပ္ပံသုတေသနဖြစ်ရပ်များကိုလည်း အာရုံမစိုက်ကြချေ။
သူတို့ထက်အများကြီးအောင်မြင်သောရှောင်ချင်လိုလူငယ်ဉာဏ်ကြီးရှင်ကတော့ မတူ။ ဒါသူတို့ပြောစရာခေါင်းစဉ်ဖြစ်သည်။
နောက်ပြီး ဒီထိပ်တန်းပညာရှင်များက သုတေသနမရှိလျှင် အားလပ်ချိန်များသည်။
"ဟေး.. တခြားဖြစ်နိုင်ခြေရှိလား?''
သူတို့စကားများကြောင့် သက်ပြင်းရှည်ကြီးသာချလိုက်သည်။
သူဌေးချင်က ဘာလို့ချက်ရမှာလဲ?
အရည်အချင်းတွေ နှမြောစရာ။
ဘာမှန်းမသိ သူခေါင်းကိုက်သွားသည်။
ဝန်ကြီးလုအမေးကြောင့် ပညာရှင်တစ်ဦးက_
"လိပ်ကျောကုန်းမှာနည်းနည်းအေးတဲ့အာနိသင်ရှိတယ်... လိုင်းပေါ်မှာအမှတ်တမဲ့တွေ့မိတာတော့ လေအေးပေးစက်ကုမ္ပဏီတစ်ခုက ချင်းလင်စံအိမ်ကိုပစ်မှတ်ထားဖို့လုပ်တယ်တဲ့... ချင်းလင်ဓာတ်ခွဲခန်းက လေအေးပေးစက်လိုထုတ်ကုန်မျိုးထုတ်မှာမကြောက်ဘူးလားတဲ့? မဟုတ်ရင်တော့ တိုက်ဆိုင်လွန်းတာဖြစ်သွားပြီ''
"ဒီလိုသဘောထားမသေးသိမ်သင့်ဘူးမလား?''
တခြားတစ်ယောက်ကလည်းပြောသည်။
"မလိုဘူးပေါ့''
နောက်တစ်ယောက်က_
"ချင်းလင်စံအိမ်ပိုင်ရှင်က ဒီလောက်ကြီးတဲ့စီးပွားကြီးနဲ့ ဘယ်လိုလုပ်သေးသိမ်မလဲ? မဟုတ်ရင် ပစ်မှတ်ထားတဲ့သူပဲ ပိုစက်ဆုပ်စရာကောင်းလိမ့်မယ်''
"အမှန်ပဲ... ဒါပေမဲ့ ချင်းလင်စံအိမ်သူဌေးဒေါသထွက်ရင် ရှောင်ချင်ကလေ့လာမှာပေါ့... သူတို့ကြည့်ရတာ ဆက်ဆံရေးကောင်းပုံပဲ''
ရှောင်ချင်ကသူဌေးမှန်း သူတို့မသိကြ။
ဝန်ကြီးလုကစာဖတ်ပြီး 'ဒါမှဟုတ်သေး'ဟုထင်မိသည်။ အနည်းဆုံးတော့ လိပ်ကျောကုန်းကိုစားဖို့သုတေသနလုပ်တာထက်တော်သေးသည်။
ထို့ကြောင့် လိုင်းပေါ်သတင်းများလိုက်ဖတ်ပြီး ဟွရှင်းလေအေးပေးစက်အကြောင်းရှာကြည့်သည်။
ပြီးမှ သူသက်ပြင်းချလိုက်၏။ ဒါကြောင့် သူဌေးချင်အသစ်ထွင်တာဆိုရင် ဟွရှင်းလေအေးပေးစက်က တောင်းဆိုလို့ပေါ့။
ချင်းလင်အပန်းဖြေစံအိမ်_
ပညာရှင်များအပူတပြင်းဆွေးနွေးနေကြသောကြောင့် လီခိုင်ကကျေနပ်ပြီးဖုန်းသိမ်းလိုက်သည်။ ထို့နောက် ချင်လင်ဆီလျှောက်သွားပြီး ငုတ်တုပ်ထိုင်ချကာ_
"ညီလေးချင်.. ငါကူပေးမယ်''
ဘာပဲဖြစ်ဖြစ် သူလက်ဦးမှုယူထားပြီ။ ဂရုစိုက်စရာမလိုတော့။
ဒီအထူးမြေကြီးအတွက် အမြဲတမ်းသူပဲခေါင်းမခံချင်။
ခံရင် အတူတူခံကြတာပေါ့။
ချင်လင်ကမတတ်သာပုံနှင့်_
"အစ်ကိုလီ.. ဒါဆိုလည်း တဝက်ကူစိုက်ပေး!''
"ဟုတ်ပြီ!''
လီခိုင် စိတ်ကြည်နေသည်။
နှစ်ယောက်သားအတူတူလုပ်ပြီး အပူချိန်ထိန်းမြက်မျိုးစေ့များကို ပန်းအိုးထဲအမြန်စိုက်ပြီးသွားသည်။
ထို့နောက် နှစ်ယောက်သားမျိုးစေ့ရေလောင်းကြ၏။
ရုတ်တရက် လီခိုင်ကရေပုံးချပြီး_
"ညီလေးချင်.. ငါအခုတလောခက်ခဲနေတယ်ကွ... ဓာတ်ခွဲခန်းမှာချင်းလင်ဆန်လုပ်နေရလို့ ခါးတွေကိုက်တာ... မင်းအစ်မကတောင် ငါ့ကိုအထင်သေးနေပြီ... ဟင်း.. ငါ့ဘဝကလည်း ကျွတ် ကျွတ်''
လီခိုင်ကပြောရင်းဆိုရင်း ဟန်ဆောင်ပြကာ_
"ငါခံစားနေရတာ... မင်းကြည့်ပေးမှဖြစ်မယ်''
"အဲဒီတော့ ခါးသက်သာအောင် ချင်းလင်ဆေးဖက်ဝင်ဝိုင်ပေးရတာပေါ့... ဒါဆို ဒေါက်တာထန်မျက်စောင်းမထိုးတော့ဘူး''
ချင်လင်ကပြောလိုက်သည်။
"ညီလေးချင်.. မင်းကသိတတ်လိုက်တာ''
လီခိုင် ရယ်လိုက်သည်။
"ဟိုင်ကွားနဲ့ရုံးပတီသီးလိုသေးလား?''
ချင်လင် စလိုက်သည်။
"ကောင်းတာပေါ့ ကျေးဇူးပဲ ညီလေးချင်''
လီခိုင်ကဝမ်းသာအားရ မဆိုင်းမတွထောက်ခံလိုက်၏။
ဒါမျိုးကို ယောက်ျားတွေဘယ်ဟန်ဆောင်နိုင်မလဲ?
သူ့စကားကို အစ်ကိုလီကထောက်ခံမည်ဟုချင်လင်မထင်မိ။
သူက စတာလေ။
အစ်ကိုလီ ဉာဏ်ကောင်းလာပြီ။
ဟိုင်ကွားနဲ့ရုံးပတီသီးကို သူမနှမြော။
အားရင် ဂိမ်းထဲဝင်ယူလိုက်ရုံသာ။
"ညီလေးချင်.. ဝိုင်သိုလှောင်ခန်းထဲသွားစို့!''
လီခိုင် လောလိုက်သည်။
အခန်း ၁၂၃၆: စိတ်ကူးအစွမ်း! လက်ဖက်ခြောက်သူခိုး! ၂
ချင်လင်ကခေါင်းညိမ့်ပြီး လီခိုင်ကိုဝိုင်သိုလှောင်ခန်းထဲခေါ်သွားသည်။
လီခိုင်မျက်နှာ မျှော်လင့်ချက်အပြည့်ဖြစ်သွားသည်။
သူမမျှော်ဘဲနေမလား?
ချင်းလင်စံအိမ်ဝိုင်သိုလှောင်ခန်းအကြောင်း ဝိုင်လုပ်ငန်းကလူတွေအကုန်သိ။ အရင်တစ်ခါနိုင်ငံတကာဝိုင်အရသာခံပွဲမှာ လီရှင်းက နှစ်တစ်ရာချင်းလင်ဝိုင်နှစ်ပုလင်းထုတ်ပြီး ဝိုင်ဖြူအဆင့်အတန်းကိုပြဌာန်းနိုင်ခဲ့သည်။
ချင်းလင်ဝိုင်ပါ တခါတည်းနာမည်ကြီးသွားပြီး မောက်ထိုက်နှင့်ဖန်းကျိုကိုကျော်တက်သွားသည်။
ဝိုင်လုပ်ငန်းမှဝိုင်ပညာရှင်များကလည်း အထဲမှဝိုင်များအကြောင်းသိကြသည်။ နှစ်တစ်ရာဝိုင်၊ နှစ်ချို့ဝိုင်၊ အားလုံးတွေ့နိုင်သည်။
တကယ်တော့ ဝိုင်လုပ်ငန်းမှာပြောနေကြသောစကားတစ်ခွန်းရှိသည်:
ခမ်းခမ်းနားနားဝိုင်စုဆောင်းထားတာမြင်ချင်ရင် ချင်းလင်ဝိုင်သိုလှောင်ခန်းမှာရှာပါ။
ရှားပါးဝိုင်ကြည့်ချင်ရင် ချင်းလင်ဝိုင်သိုလှောင်ခန်းမှာရှာပါ။
ကမ္ဘာ့အကောင်းဆုံးဝိုင်လိုချင်ရင် ချင်းလင်ဝိုင်သိုလှောင်ခန်းမှာရှာပါတဲ့။
ကံမကောင်းစွာပင် ချင်းလင်ဝိုင်သိုလှောင်ခန်းက လိုချင်တိုင်းမရ။
ငွေသုံးမလား?
အရှက်ကွဲမခံနှင့်။ သူကပိုချမ်းသာသည်။
အဆက်အသွယ်သုံးမလား?
သူရဲ့တော်ရုံသင့်ရုံက သင့်ထက်မလျော့။
အာဏာသုံးဦးမလား?
ဟင်း ဟင်း။ ဒါဆို အဲလိုလူမျိုးက အရူး။ သူ့မှာအာဏာသိပ်မရှိနိုင်။
ဒီတော့ လူနည်းစုသာ ချင်းလင်ဝိုင်သိုလှောင်ခန်းထဲဝင်နိုင်သည်။ အပြင်လူတွေမှာ ဝိုင်သိုလှောင်ခန်းကအလွန်ဆန်းကြယ်သည်ဆိုသောအချက်မှလွဲပြီး သိပ်မသိကြချေ။
ချင်လင်ကဝိုင်သိုလှောင်ခန်းဖွင့်လိုက်ရာ လီခိုင်ကအားတက်သရောဝင်လာသည်။ ဝိုင်နံ့ပြင်းပြင်းထွက်လာ၏။
ဝိုင်သောက်လေ့မရှိသူတောင် ဒီဝိုင်နံ့ကိုစွဲသွားမည်။
ဝိုင်သိုလှောင်ခန်းသက်တမ်းရင့်လေလေ မွှေးလေလေပင်။
ဝိုင်သိုလှောင်ခန်းထဲဝိုင်ထားရင် ကြာလေလေ အနံ့ကစွဲမက်စရာကောင်းလေလေဖြစ်မည်။
ဝိုင်ချစ်သူများအဖို့ ဒီလိုဝိုင်သိုလှောင်ခန်းကိုလာလည်ရတာ ပျော်စရာတစ်ခုဖြစ်သည်။ ထို့ကြောင့် နိုင်ငံရပ်ခြားတွင် နှစ်ချို့ဝိုင်သိုလှောင်ခန်းများနာမည်ကြီးနေရခြင်းဖြစ်သည်။
ချင်လင် ဝိုင်သိုလှောင်ခန်းဆောက်တာမကြာသေးသော်လည်း အထဲမှဝိုင်များက တကယ်ကောင်းသည်။
အခန်းထဲဝင်လိုက်ရာ အရင်ထက်ဝိုင်စင်ပိုများလာသည်။ အရည်အသွေး ၂ သစ်မွှေးဝိုင်စင်များအားလုံးတွင် ဝိုင်မျိုးစုံပြည့်နေသည်။
ပတ်ပတ်လည်တွင် အလုံပိတ်ထားသောဝိုင်စည်များအပြည့်ပင်။ ဝက်သစ်ချသားဝိုင်စည်နှင့်ထည့်ထားသောဝိုင်များကလည်း သက်တမ်းရင့်များဖြစ်ပြီး အနည်းဆုံးဆယ်စုနှစ်ချီသည်။
နေ့စဉ်ရက်ဆက်သစ်ခုတ်ခဲ့သောကြောင့် သစ်မွှေးနှင့်ဝက်သစ်ချသားက အမြဲတမ်းရသည်။ ချူကီနှင်းဆီလိုတောင်တန်းထွက်ကုန်များလည်း ပြန်ပြန်ထွက်သည်။
ပိုရရင် ပိုအသုံးချမည်။ ထို့ကြောင့် ဝိုင်သိုလှောင်ခန်းတွင်ပိုများလာသည်။
အပြင်မှာချင်းလင်ဝိုင်ကိုတန်ဖိုးဖြတ်နှုန်းအရ ဒီဝိုင်သိုလှောင်ခန်းမှာ ရွှေ၊ငွေရတနာသေတ္တာဟုဆိုရမည်။
သို့ရာတွင် အပြင်ကတန်ဖိုးကြီးဝိုင်များမှာ သူ့အတွက်အသုံးမဝင်။ များလွန်းသည်။
ပိုက်ဆံလိုပင်၊ များလွန်းပါက နံပါတ်တစ်ခုသာဖြစ်သည်။
ဝိုင်လည်းအတူတူပင်။ အပြင်လူတွေ ဝိုင်ကောင်းကိုအသည်းအသန်၊အမြောက်အများဝယ်လို့ရရင် ရေနဲ့ဘာထူးမလဲ?
ချင်လင်က ဝိုင်စင်နားလျှောက်သွားပြီး ချင်းလင်ဝိုင်ငွေပုလင်းနှစ်လုံးယူကာ လီခိုင်ကိုပေးလိုက်သည်။
"ညီလေးချင်.. မင်းကတကယ်စိတ်ဝင်စားစရာပဲ''
လီခိုင် မျက်လုံးကျယ်သွားသည်။
ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုအဆင့်ဆင့်ခွဲထားမှန်း သူသိသည်။ ဝိုင်အရသာဘယ်လိုခံရမလဲသူမသိသော်လည်း ဝိုင်အာနိသင်ကောင်းရင် ကြေးညိုဝိုင်ပုလင်းနှင့်ကျေနပ်သည်။ ဘာပဲဖြစ်ဖြစ် အာနိသင်ကွာခြားမှုမရှိ။
ညီလေးချင်ကငွေပုလင်းနှစ်လုံးပေးမည်ဟုမထင်မိပေ။
ပစ္စည်းကောင်းလေ ပိုကောင်းလေပင်။
အစ်မဖုန်းလိုမိန်းကလေးရှာပေမဲ့ ရေပါးလိုမိန်းကလေးတွေ့တာမှမပျော်ရင်ထူးဆန်းနေမှာပေါ့။
ဝိုင်သိုလှောင်ခန်းမှထွက်ပြီးနောက် ချင်လင်က လီခိုင်အားစံအိမ်ထဲခေါ်သွားပြီး လက်ဖက်ရည်သောက်သည်။ ထို့နောက် နေရာလွတ်တစ်နေရာတွင် ဂိမ်းထဲဝင်ပြီး အရည်အသွေး ၂ ရုံးပတီသီးနှင့်ဟိုင်ကွားအကျန်များထုတ်သည်။
ညနေပိုင်းတွင် ချင်လင်က ဆရာလင်းအား လီခိုင်အတွက်ရုံးပတီသီးနှင့်ဟိုင်ကွားချက်ခိုင်းသည်။
အရည်အသွေး ၂ ဟိုင်ကွား၊ အရည်အသွေး ၂ ရုံးပတီသီး၊ အရည်အသွေး ၂ ချင်းလင်ဆေးဖက်ဝင်ဝိုင်။ ဒီပေါင်းစပ်မှုကို အရင်ကဘယ်သူမှမစမ်းဖူး။
လီခိုင်ကဟိုင်ကွားကိုကြည့်ပြီး တအံ့တဩနှင့်_
"ညီလေးချင်.. ဒီဟိုင်ကွားက နည်းနည်းကြီးတယ်''
"အဲလောက်မဟုတ်ပါဘူး!''
ချင်လင်ကပြုံးပြုံးနှင့်ပြောသည်။
လီခိုင်ကနားထောင်ရင်း ချက်ချင်းစိတ်လှုပ်ရှားသွားသည်။
သူက ချင်းလင်ဆေးဖက်ဝင်ဝိုင်ငှဲ့ပြီး ဟိုင်ကွားနှင့်၊ရုံးပတီသီးကိုပလုတ်ပလောင်းစားသည်။
ချင်းလင်ဆေးဖက်ဝင်ဝိုင်၊ရုံးပတီသီးနှင့်ဟိုင်ကွားစားပြီး ခါးတဝိုက်တွင် အနွေးစီးကြောင်းသုံးခုဖြစ်လာသည်။
အနွေးစီးကြောင်းများပေါင်းလိုက်သောအခါ သူ့ခန္ဓာကိုယ်တစ်ခုခုဖြစ်နေသည်ကိုခံစားမိပြီး မျက်နှာပူလာသည်။
မကြာမီ လီခိုင်မှာ လျှာနှင့်အာများခြောက်လာသည်။
ဒါမျိုးမခံစားဖူး၍ နည်းနည်းဂနာမငြိမ်ဖြစ်လာ၏။
"ညီလေးချင်.. ဒီနေ့ ဒီပစ္စည်းကမဟုတ်သေးဘူးထင်တယ်... ငါအရင်သွားတော့မယ်''
လီခိုင်ကပြောရင်းဆိုရင်း အမူအရာကထူးဆန်းလာသည်။ ဧည့်ခန်းအပြင်လျှောက်သွားမည်အပြုတွင် ရုတ်တရက်တစ်ခုခုသတိရပြီး စံအိမ်ဆေးခန်းထဲဝင်သွားလေသည်။
ခဏအကြာ ထန်ရှိုးဝမ်လက်ကိုဆွဲကာ ဧည့်ခန်းထဲမှထွက်လာ၏။
ထိုမြင်ကွင်းကြောင့် ချင်လင်ကြောင်နေသည်။
ဘာလို့ဒီလောက်လောနေတာလဲ?
နောက်တစ်နေ့_
ချင်လင် ပုံမှန်အတိုင်းအိပ်ရာနိုးလာသည်။ မနက်စာစားပြီးနောက် မနေ့ကစိုက်ထားသောအပူချိန်ထိန်းမြက်ကိုရေသွားလောင်းသည်။ ထို့နောက် ညဘုရင်မစိုက်ထားသောနေရာသွားသည်။
ညဘုရင်မမျိုးစေ့ရပြီးနောက် အပူချိန်နိမ့်မျိုးစိတ်နည်းပညာကြောင့် ရာသီကန့်သတ်ချက်မရှိတော့ဘဲ ဒုတိယအသုတ်ချက်ချင်းပျိုးထောင်ထားသည်။
ဒီမျိုးစေ့တစ်သုတ်သိမ်းပြီးရင် နတ်သမီးပုံပြင်တောင်ပေါ်စိုက်နိုင်ပြီ။
အဲဒီအချိန်ကျရင် ညဘုရင်မနဲ့မျိုးပြောင်းနွယ်အစွမ်းကြောင့် နတ်သမီးပုံပြင်တောင်တစ်ခုလုံးအံ့ဩရမည်။
ချင်လင်က ညဘုရင်မအပင်ရှေ့ထိုင်ကြည့်နေစဉ် ကျောက်မိုချင်းရောက်လာပြီး_
"ယောက်ျား.. အစ်မရှိုးဝမ်က ဒီနေ့ခွင့်တောင်းတယ်... ပါမောက္ခလီခိုင်ဆေးရုံတင်ရလို့တဲ့... ဘာကြောင့်လို့တော့မပြောဘူး... သူ့ကြည့်ရတာ နည်းနည်းရှက်နေသလိုပဲ''