မင်းရဲ့ကျောထောက်နောက်ခံကို ငါ ချေမှုန်းပြမယ်
Vol. 14 Ch. 137
တစ်ချိန်တည်းမှာပင် ရှန်ကျန်းဂိုဏ်း မူဖူတောင်၌...
လင်းဖုန်းနှင့်စုယဲ့တို့သည် ကျင့်ကြံခြင်း အတွေ့အကြုံများကို ဖလှယ်နေကြသည်။ ထိုအချိန်မှာပင် မနီးမဝေးရှိ ဆေးဖော်စပ်ခန်းမှ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီး ရုတ်တရက် ထွက်ပေါ်လာပြီး မြေပြင်တပြင်လုံးကို သုံးကြိမ်တိုင်တိုင် တုန်ခါသွားစေခဲ့သည်။
"ဆရာက ဆေးမီးဖိုကို ထပ်ခွဲလိုက်ပြန်ပြီ"
လင်းဖုန်းနှင့်စုယဲ့တို့က မျက်တောင်ပင် မခတ်ဘဲ ထိုအကြောင်းကို ပြောလိုက်ရုံသာ ပြောပြီး သူတို့၏ ယခင်စကားဝိုင်းကို ပြန်ဆက်လိုက်ကြသည်။ သူတို့၏အမြင်အရ ကျုံးချင် ဆေးမီးဖို ဖောက်ခွဲခြင်းသည် မူဖူတောင်၏ထူးခြားချက် တစ်ခု ဖြစ်နေပြီဖြစ်ပြီး အရသာခံရမည့် အရာတစ်ခုပင်။ အကယ်၍ တစ်နေ့လောက် သူ ဆေးမီးဖို မဖောက်ခွဲလျှင် သူတို့ ထူးဆန်းသည်ဟု ထင်မှတ်ကြပေလိမ့်မည်။
သေချာသည်မှာ သူတို့၏ဆရာသည် သာမန် ဆေးလုံးများ ဖော်စပ်နေခြင်း မဟုတ်ဘဲ မိုးကောင်းကင်ကို တုန်လှုပ်စေပြီး သရဲတစ္ဆေများကို ငိုကြွေးစေနိုင်သည့် အထူးဆေးလုံးတစ်လုံးကို ဖန်တီးနေပုံရသည်ဟု သူတို့ တွေးထင်ထားကြသည်။ ထိုသို့မဟုတ်လျှင် သူတို့ဆရာ၏ အံ့မခန်းစွမ်းအားနှင့်ဆိုလျှင် မည်သည်ကြောင့် နေ့စဥ်နေ့တိုင်း ဆေးမီးဖို ပေါက်ကွဲနိုင်မည်နည်း။
ဆေးဖော်စပ်ခန်းထဲတွင် ကျုံးချင်သည် သူ၏ခါးကြားမှ ဆက်သွယ်ရေး ကျောက်စိမ်းပြားကို စိတ်မပျော်မရွှင်ဖြင့် ထုတ်ယူလိုက်၏။
"ခုဏက ဆေးလုံးတစ်သုတ်က ငါ ခံစားချက် အရမ်းကောင်းနေတာ... ပုံမှန်အခြေအနေတွေအောက်မှာ ဆိုရင် မပေါက်ကွဲသင့်ဘူး... ဒါတွေအားလုံးက ဒီဆက်သွယ်ရေးကျောက်စိမ်းပြားရဲ့ နှောင့်ယှက်မှုကြောင့် ငါ့ကို အာရုံလွဲသွားစေတာပဲ"
သူက ပေါက်ကွဲမှုကို ကျောက်စိမ်းပြားအပေါ် ချက်ချင်းအပြစ်ပုံချလိုက်သည်။
"ဟမ့်... ငါ့ကို ဘယ်သူ နှောင့်ယှက်လဲဆိုတာ ကြည့်ရသေးတာပေါ့... အရေးကြီးတဲ့ကိစ္စ မဟုတ်ရင် သူတို့ကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းမယ်"
သို့သော် ကျောက်စိမ်းပြားမှ သတင်းစကားကို နားထောင်ပြီးသည့်အခါ သူ၏မျက်နှာအမူအယာ အေးစက်တင်းမာသွားခဲ့သည်။
မကြာမီ အပြင်ဘက်ရှိ လင်းဖုန်းနှင့်စုယဲ့တို့အပြင် ယခုလေးတင် ပြန်ရောက်လာသော ရှီရှောင်ထျန်းနှင့်ဝူယွဲ့တို့သည် အေးစက်ပြီး မှိုင်းညို့နေသော မျက်နှာထားဖြင့် ထွက်လာသော ကျုံးချင်ကို မြင်တွေ့လိုက်ရသည်။ သူတို့အားလုံး၏စိတ်နှလုံးသားများ လေးလံသွားခဲသည်။ ကျုံးချင်၏စိတ်အခြေအနေသည် အလွန်အမင်း ဆိုးရွားနေပုံ ရပေ၏။
ဆေးလုံးတစ်သုတ် ပေါက်ကွဲရုံနှင့် ဤမျှထိ ဒေါသထွက်ရန် လိုအပ်သလော။
'နတ်ဘုရားကြီးရယ်...မင်း ဆေးမီးဖိုတွေကို မဖောက်ခွဲတဲ့နေ့ဆိုလို့ ဘယ်တုန်းက ရှိဖူးလို့လဲ'
ထို့နောက် ကျုံးချင်၏အသံကို သူတို့ ကြားလိုက်ရသည်။ ထိုအသံသည်လည်း အလွန်ခက်ထန်တင်းမာနေပေ၏။
"ရှီရှောင်ထျန်း... ဝူယွဲ့....ဟေးပိုင်...ငါနဲ့ လိုက်ခဲ့စမ်း"
တောင်ပေါ်တွင် စောင့်ဆိုင်းနေသော ဟေးပိုင်က ကျုံးချင်၏နောက်တွင် တိတ်တဆိတ် ထွက်ပေါ်လာသည်။
"ဟုတ်ကဲ့ပါ အရှင်..."
သူတို့နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ကျုံးချင်ကို မည်သူက ဒေါသထွက်အောင် လုပ်လိုက်သနည်း။ အရှေ့ပိုင်းဒေသတွင် ယခုချိန်၌ သူတို့၏တောင်သခင်ကိုမည်သူက ဒေါသထွက်အောင် လုပ်ဝံ့သနည်း။ သူတို့နှစ်ယောက်သည် မေးခွန်းများ ထပ်မမေးရဲတော့ဘဲ ကျုံးချင်၏နောက်သို့လိုက်ကာ အနောက်တောင်ဘက်သို့ ဦးတည်၍ ပျံသန်းသွားကြသည်။
...
ခရမ်းမက်မွန်တောအုပ်ထဲတွင်...
"သခင်လေး... ဒီလူတွေကို ဘယ်လို စီစဉ်ရမလဲ"
ဘုရင်အဆင့် ကျမ်းစာရှစ်အုပ်ကို စိတ်လှုပ်ရှားစွာဖြင့် တစ်ခုပြီးတစ်ခု စစ်ဆေးပြီးနောက် ရွှမ်ကျိုးကျီနှင့် ကျူးမင်လွေ့တို့သည် နောက်ဆုံးတွင် ရှန်ကျန်းဂိုဏ်းတပည့်များကို သတိရသွားကြ၏။ ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းမှ လူများသည် ကျုံးမင်လွေ့၏မျက်လုံးထဲတွင် ဘာမှ မဟုတ်ချေ။
သူက အေးစက်စက် နှာမှုတ်လိုက်သည်။
"သူတို့က ဒီသခင်လေးဆီမှာ အညံ့မခံချင်ဘူး ဆိုရင်လည်း အကုန်သတ်ပစ်လိုက်... ကျင့်ကြံနည်းစနစ်တွေနဲ့ ဆန်းကြယ်စွမ်းရည်တွေကို ထပ်ပြီးမပေါက်ကြားစေနဲ့"
ကျင့်ကြံနည်းစနစ်များနှင့် ဆန်းကြယ်စွမ်းရည်များသည် သူ၏လက်ထဲ ရောက်နေပြီ ဖြစ်သော်လည်း ဤရှန်ကျန်းဂိုဏ်းမှ လူများကလည်း ထိုအရာများကို ကျင့်ကြံထားကြသည်။ ဤ ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်များနှင့် ဆန်းကြယ်စွမ်းရည်ရှစ်ခုသည် နောင်အနာဂတ်တွင် အတိုင်းအဆမဲ့တောင်၏ အခြေခံအုတ်မြစ် ဖြစ်လာပေလိမ့်မည်။ သာမန်ဒုတိယတန်းစား ဂိုဏ်းလေးတစ်ဂိုဏ်းက မည်သည်ကြောင့် ထိုအရာများကို ကျင့်ကြံရန် အရည်အချင်း ပြည့်မီမည်နည်း။
ဤလူများသာမက နောက်ပိုင်းတွင် ရွှမ်ကျိုးကျီကို ရှန်ကျန်းဂိုဏ်းဆီလွှတ်ပြီး ဂိုဏ်းတစ်ဂိုဏ်းလုံးကို အမြစ်ပြတ်သုတ်သင်ခိုင်းရန် သူ စီစဉ်ထားသည်။ အကြောင်းအရင်းမှာ ဤလူအမြောက်အများမှ ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်နှင့် ဆန်းကြယ်စွမ်းရည်များကို ကျင့်ကြံထားကြသဖြင့် ရှန်ကျန်းဂိုဏ်းထဲတွင် ထိုအရာများကို ကျင့်ကြံထားသည့် တခြားလူများ ရှိနေအုံးမည်မှာ သေချာသောကြောင့်ပင်။
ထိုအရာများ ပြန့်ပွားမှုကို တားဆီးရန်အတွက် ရှန်ကျန်းဂိုဏ်းတွင် မည်သူ့ကိုမျှ အရှင်မထားနိုင်ချေ။ သူသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ ပြောဆိုလိုက်ရာ ရှန်ကျန်းဂိုဏ်းဝင်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ထိတ်လန့်မှုနှင့်ဒေါသများကို ရောယှက်၍ ခံစားနေကြရသည်။
ဤအတိုင်းအဆမဲ့တောင်၏ သခင်လေးက ဤမျှထိ ရက်စက်လိမ့်မည်ဟု သူတို့ တွေးထင်မထားခဲ့ကြချေ။ ဤလူနှစ်ယောက်သည် ကြယ်တာရာ ခရမ်းသမင်နှင့် ကျမ်းစာများကို လုယူရုံသာမက သူတို့၏ဂိုဏ်းကိုလည်း အမြစ်ပြတ်သုတ်သင်ရန် ကြံစည်နေကြခြင်းဖြစ်သည်။
"သိပ်ပြီး မာနကြီးမနေနဲ့... နောင်ကျရင် ပြန်ဆုံတွေ့နိုင်အောင် ထွက်ပြေးဖို့ လမ်းချန်ထားဦး... ငါတို့ရှန်ကျန်းဂိုဏ်းက အားကိုးစရာ မရှိတာမျိုး မဟုတ်ဘူး"
အကြီးအကဲတစ်ဦးက အော်ဟစ်လိုက်သည်။
"ငါတို့ရဲ့မူဖူတောင်သခင် ကျုံးချင်က လမ်းမှာ ရောက်နေပြီ"
"မူဖူတောင်သခင် ဟုတ်လား... အဲ့ဒါက ဘာကောင်လဲ"
ကျုံးမင်လွေ့က လှောင်ပြောင်လိုက်သည်။
"ဒီသခင်လေး ရှိနေသရွေ့ နဂါးတစ်ကောင် လာရင်တောင် ပြန်လမ်းမရှိစေရဘူး"
"သခင်လေး"
ထိုအချိန်မှာပင် ရွှမ်ကျိုးကျီက ပြောဆိုသည်။
"သူတို့ပြောနေတဲ့ သူတို့ရဲ့အားကိုးရာလို့ သတ်မှတ်နိုင်တဲ့ အဲ့ဒီ မူဖူတောင်သခင် ကျုံးချင် ဆိုတဲ့လူကလည်း ဘုရင်အဆင့် ဆန်းကြယ်စွမ်းရည်တွေကို ကျင့်ကြံထားဖို့ များတယ်... ပြီးတော့ သူ့ဆီမှာ တခြား ဘုရင်အဆင့် ဆန်းကြယ်စွမ်းရည်တွေနဲ့ ကျင့်ကြံနည်းစနစ်တွေ ရှိနေနိုင်သေးတယ်"
ကျုံးမင်လွေ့က ခေါင်းညိတ်လိုက်၏။
"အကြီးအကဲရွှမ်ပြောတာ အမှန်ပဲ... ဒီလိုဆိုရင်တော့ သူ့ကို လွှတ်ပေးလို့ မရဘူး"
ရက်စက်သော အပြုံးတစ်ခုက သူ၏နှုတ်ခမ်းပေါ်တွင် ထင်ဟပ်လာသည်။
"မင်းတို့က အဲ့ဒီကျုံးချင်ကို မျှော်လင့်နေမှတော့ ဒီသခင်လေးက သူ့ကို ဒီမှာပဲ စောင့်နေလိုက်မယ်... ဟမ့်... နောင်ကျရင် ပြန်ဆုံနိုင်အောင် ထွက်ပြေးဖို့ လမ်းချန်ထားရမယ် ဟုတ်လား... မင်းတို့မှာ အနာဂတ် မရှိတော့ဘူး... ဒါကြောင့် စိတ်မပူနဲ့"
သူ၏စကားများသည် အလွန်ရက်စက်ယုတ်မာပေ၏။
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်နှင့် အကြီးအကဲများသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏စိတ်ထဲတွင် သက်ပြင်းချလိုက်မိကြသည်။ ကံကောင်းသည်မှာ ဤလူက ဤမျှထိ အလွန်မာနကြီးနေခြင်းပင်။ ထိုသို့မဟုတ်လျှင် သူသာ ယခုချက်ချင်း သူတို့အားလုံးကို သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်မည်ဆိုပါက... သူတို့၏ လက်ရှိ အခြေအနေအရ တိုက်ခိုက်မှုတစ်ခုကိုပင် တောင့်ခံနိုင်မည် မဟုတ်လောက်ပေ။
ကျုံးမင်လွေ့က သူတို့၏မျက်လုံးများထဲမှ စိတ်သက်သာရာရသွားမှုကို သတိထားလိုက်မိသည်။
သူက လှောင်ပြောင်လိုက်၏။
"ဘာလဲ... ဒီသခင်လေးက မင်းတို့ကို အသက်ရှူဖို့ အချိန်လေး ပေးလိုက်တာကို ပျော်နေကြတာလား... အသိဉာဏ် နည်းလိုက်တာ... ဒီသခင်လေးက မင်းတို့ရဲ့စိတ်ထဲက ကယ်တင်ရှင် ရောက်လာမှာကို စောင့်ချင်ရုံ သက်သက်ပဲ... ပြီးတော့ မင်းတို့ရှေ့မှာတင် သူ့ကို ငါ ချေမှုန်းပစ်မယ်... အဲ့ဒီအချိန်ကျရင် စိတ်ပျက်အားငယ်မှုက ဘာလဲဆိုတာ မင်းတို့ နားလည်လာလိမ့်မယ်"
ထိုအချိန်မှာပင် အေးစက်စက်အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဒါဆိုရင်တော့ ငါက မင်းကို တကယ်ကြီး ကျေးဇူးတင်ရမှာပေါ့... မင်းရဲ့ကျေးဇူးကို ပြန်ဆပ်တဲ့အနေနဲ့... စိတ်ပျက်အားငယ်မှုက ဘာလဲဆိုတာကို မင်းကိုလည်း ငါ မြည်းစမ်းခွင့် ပေးမယ်"
ထိုအသံသည် ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာခဲ့သဖြင့် ကျုံးမင်လွေ့နှင့်ရွှမ်ကျိုးကျီတို့သည် အရှိန်အဝါ တစ်စုံတစ်ရာကိုပင် မတွေ့ရှိလိုက်ရပေ။ သူတို့သည် ထိတ်လန့်သွားပြီး ချက်ချင်းလှည့်ကြည့်လိုက်ကြ၏။
ချောမောခန့်ညားသော လူငယ်တစ်ဦးကို တခြားလူသုံးဦးမှ ခြံရံထားပြီး သူ၏လက်များကို နောက်ပစ်ကာ ခရမ်းမက်မွန်တောအုပ်ထဲမှ ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်လာသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။
"ကျုံးချင်... မင်း ရောက်လာပြီ"
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က အံ့အားသင့်သွားပြီး ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် အော်ဟစ်လိုက်သည်။ တခြားအကြီးအကဲများ၏ မျက်နှာများပေါ်တွင်လည်း ပျော်ရွှင်သော အမူအယာများ ထင်ဟပ်လာကြ၏။ ကျုံးချင် ဤမျှထိ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု သူတို့ တွေးထင်ထားခဲ့ကြပေ။
ကျုံးချင်က လူအုပ်ကြီး၏နံဘေးသို့ အလျင်အမြန် လျှောက်သွားပြီး ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်နှင့် အကြီးအကဲများအားလုံး ဒဏ်ရာအပြင်းအထန် ရထားပြီး အသက်ရှူသံများ ဖျော့တော့နေကာ သွေးများပေကျံနေသည်ကို တွေ့လိုက်ရသည်။ သူ၏မျက်နှာ ချက်ချင်းမည်းမှောင်သွားပြီး သူ၏စိတ်ထဲမှဒေါသများ ပို၍ပင် ကြီးထွားလာခဲ့သည်။
အကယ်၍ သူသာ အချိန်တခဏကြာခန့် နောက်ကျပြီးမှ ရောက်လာခဲ့လျှင် ရှန်ကျန်းဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်များသည် ဤနေရာတွင် အမြစ်ပြတ် သတ်ဖြတ်ခံရပြီး ဖြစ်ပေမည်။
"ဒီလူက ဘယ်ကနေ ရောက်လာတာလဲ"
သူ၏ဒေါသများကို ဖိနှိပ်ကာ ကျုံးချင်က ရှီရှောင်ထျန်းနှင့်ဝူယွဲ့ကို ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်နှင့် အကြီးအကဲများအား ကုသပေးခိုင်းပြီး မေးမြန်းလိုက်၏။
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က ချောင်းအနည်းငယ် ဆိုးပြီးနောက် ပြောဆိုသည်။
"အဲ့ဒီလူက မြင့်မြတ်နယ်မြေတစ်ခုဖြစ်တဲ့ အတိုင်းအဆမဲ့တောင်ရဲ့ သခင်လေးပါ..."
သူသည် ဖြစ်ပျက်ခဲ့သည့် အသေးစိတ် အချက်အလက်များကို ကျုံးချင်ထံသို့ အသံပေးပို့လိုက်သည်။ ကျုံးချင်က မျက်ခုံးပင့်လိုက်၏။ သူ၏မျက်နှာသည် တည်ငြိမ်နေပုံရသော်လည်း သူ၏မျက်လုံးများက ကြောက်စရာကောင်းလောက်အောင် အေးစက်တင်းမာနေသည်။
အနီးအနားရှိ ရှီရှောင်ထျန်းနှင့်ဝူယွဲ့တို့သည်လည်း ဤသည်ကို ကြားလိုက်ရချိန်၌ ထိတ်လန့်သွားကြသည်။
ဤအတိုင်းအဆမဲ့တောင်၏ သခင်လေးသည် သေလမ်းရှာခြင်းကို အမှန်တကယ် ကျွမ်းကျင်လှပေ၏။ ကျုံးချင်အတွက် ရည်ရွယ်ထားသော ပစ္စည်းကို လုယူရုံသာမကဘဲ ကျုံးချင်မှ ရှန်ကျန်းဂိုဏ်းချုပ်ကို ပေးထားသော ပစ္စည်းများကိုလည်း ခိုးယူသွားသည်။ မြင့်မြတ်နယ်မြေသုံးခု၏ဘိုးဘေးများပင်လျှင် ကျုံးချင်ကို ကျေးဇူးရှင်နှင့်စီနီယာဟု ခေါ်ဆိုကြသည်။
'မင်းလို သာမန်သခင်လေးတစ်ယောက်က မြင့်မြတ်နယ်မြေသုံးခုရဲ့ ဘိုးဘေးတွေထက် ပိုပြီးမာန်တက်နေတာလား'
ထိုအချိန်မှာပင် ကျုံးမင်လွေ့က လှောင်ပြောင်သရော်လိုက်သည်။
"ဒါဆို မင်းက အဲ့ဒီ ကျုံးချင်ပေါ့... မင်း ရောက်လာတာ အချိန်ကောင်းပဲ... မင်းရဲ့ သိုလှောင်လက်စွပ်ကို လိမ်လိမ်မာမာ ပေးအပ်လိုက်စမ်း... ဒါဆိုရင် ဒီသခင်လေးက မင်းကို ပိုပြီးသက်သောင့်သက်သာ သေဆုံးခွင့် ပေးမယ်"
သို့ရာတွင် သူ၏နံဘေးရှိ ရွှမ်ကျိုးကျီ၏မျက်လုံးအကြည့် လှုပ်ရှားသွားပြီး တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။
"သခင်လေး... တစ်ခုခု မှားနေပုံရတယ်... အဲ့ဒီလူနှစ်ယောက်က ဝူကျီဂိုဏ်းရဲ့ အဖြူအနက် အကြီးအကဲတွေနဲ့ တူတယ်"
အရှေ့ပိုင်းဒေသ၏ မြင့်မြတ်နယ်မြေငါးခုသည် အသိုင်းအဝိုင်းငယ်လေးတစ်ခုသာ ဖြစ်သောကြောင့် အတိုင်းအဆမဲ့တောင်၏ အကြီးအကဲ တစ်ယောက်ဖြစ်သော ရွှမ်ကျိုးကျီအနေဖြင့် ရှီရှောင်ထျန်းနှင့်ဝူယွဲ့တို့ကို မြင်တွေ့ဖူးသည်။
ကျုံးမင်လွေ့က မျက်ခုံးပင့်လိုက်သည်။
"ဒါဆိုရင် အဲ့ဒါကြောင့်ကိုး... ရှန်ကျန်းဂိုဏ်းရဲ့ ယုံကြည်မှုက ဒီကနေ ရောက်လာတာပဲ... ဒါပေမဲ့ ဘာဖြစ်လဲ... အကြီးအကဲနှစ်ယောက် မပြောနဲ့ ဝူကျီဂိုဏ်းတောင် ငါ့ရဲ့အတိုင်းအဆမဲ့တောင်ကို မပြစ်မှားရဲဘူး"
ရွှမ်ကျိုးကျီ ခေါင်းညိတ်လိုက်ပြီး ပို၍စိတ်အေးသွားသည်။ အကယ်၍ သူတစ်ယောက်တည်း ဆိုလျှင်မူ လှုပ်ရှားရန် ခက်ခဲပေလိမ့်မည်။ သို့သော် သခင်လေး ရှိနေသဖြင့် အခြေအနေသည် မတူညီတော့ချေ။
ကျုံးမင်လွေ့သည် လက်ရှိ အတိုင်းအဆမဲ့တောင်ဂိုဏ်းချုပ် ကျုံးတောက်ထျန်း၏ တစ်ဦးတည်းသော သားဖြစ်ပြီး ဘိုးဘေး၏မြစ်လည်း ဖြစ်တာကြောင့် အလွန်ချစ်မြတ်နိုးခြင်းခံရသူပင်။ အတိုင်းအဆမဲ့တောင်တွင် သူ၏အဆင့်အတန်းသည် အလွန်မြင့်မားပေ၏။ အကြီးအကဲတစ်ယောက်ဖြစ်သည့် ရွှမ်ကျိုးကျီပင်လျှင် သူ အပြင်ထွက်လာချိန်၌ အစောင့်အရှောက်အဖြစ် လိုက်ပါပေးရသည်။
မြင့်မြတ်နယ်မြေအချင်းချင်း ဖြစ်သော်လည်း ဝူကျီဂိုဏ်း၏ သာမန်အကြီးအကဲ နှစ်ယောက်ဖြစ်သည့် ရှီရှောင်ထျန်းနှင့်ဝူယွဲ့ကို သူ များစွာအလေးအနက် မထားချေ။ သို့သော် ဤလူနှစ်ယောက်သည်လည်း နေမင်းနက်နဲသိမ်မွေ့အဆင့် ကျင့်ကြံသူများ ဖြစ်သဖြင့် လျှော့တွက်၍ မရပေ။ ကျုံးမင်လွေ့ကလည်း ဤအချက်ကို နားလည်သဘောပေါက်ထားသည်။
သူက တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ဒီသခင်လေးက လေနဲ့မီး ရုပ်သေးရုပ်နှစ်ရုပ်ကို ထုတ်လွှတ်ပြီးတော့ အဲ့ဒီလူနှစ်ယောက်ကို တားဆီးဖို့ ကူညီပေးမယ်... ခင်ဗျားက အဲ့ဒီကျုံးချင်ကို သွားဖမ်းလိုက်စမ်း..."
ရွှမ်ကျိုးကျီ ခေါင်းညိတ်ပြပြီး စိတ်အေးသွားသည်။ ဂိုဏ်းချုပ် ကျုံးတောက်ထျန်းက ကျုံးမင်လွေ့ကို ကာကွယ်ရန်အတွက် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ရုပ်သေးရုပ်နှစ်ရုပ်ကို ပေးထားသည်အား သူ သိရှိထားသည်။ ဤရုပ်သေးရုပ်နှစ်ရုပ်သည် လေနှင့်မီးတို့၏ စွမ်းအားများကို ပေါင်းစပ်ပြီး ဖန်တီးထားခြင်း ဖြစ်ပေ၏။ ထိုရုပ်သေးရုပ်နှစ်ရုပ် အတူပူးပေါင်း၍ တိုက်ခိုက်လျှင် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကိုပင် ယှဉ်ပြိုင်နိုင်သည်။
ကျုံးမင်လွေ့၏ ကိုယ်ပိုင်ကျင့်ကြံဆင့်သည် လမင်းနက်နဲသိမ်မွေ့နယ်ပယ်၌သာ ရှိသော်လည်း ဤရုပ်သေးရုပ်နှစ်ရုပ်နှင့်ဆိုလျှင် သူသည် အရှေ့ပိုင်းဒေသတွင် အတားအဆီးမရှိ ထင်ရာစိုင်းနိုင်သည်ဟု ပြောနိုင်ပေ၏။
အကြောင်းအရင်းမှာ နေမင်းနက်နဲသိမ်မွေ့နယ်ပယ် အထွတ်အထိပ်အဆင့် ထိပ်သီးကျင့်ကြံသူများသည် ယေဘုယျအားဖြင့် မြင့်မြတ်နယ်မြေအသီးသီး၏ ဂိုဏ်းချုပ်များ သို့မဟုတ် ထိပ်သီးပထမတန်းစား ဂိုဏ်းများ၏ ဘိုးဘေးများ ဖြစ်နေသောကြောင့်ပင်။ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးများသည် အတိုင်းအဆမဲ့တောင်တစ်ခုလုံးကို ပြစ်မှားမိမည်အား စိုးရိမ်သဖြင့် ကျုံးမင်လွေ့အား လွယ်လင့်တကူ အခက်တွေ့အောင် ပြုလုပ်မည် မဟုတ်ချေ။
သူတို့နှစ်ယောက်သား တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းလှုပ်ရှားလိုက်ကြတော့သည်။