စိတ်ပျက်အားငယ်မှု အစစ်အမှန် ဆိုတာက ဘာလဲ
Vol. 14 Ch. 138
ကျုံးမင်လွေ့သည် လက်ဝှေ့ယမ်းလိုက်ပြီး လေပြင်းများနှင့်မီးတောက်များ ရောယှက်နေသော ရုပ်သေးရုပ်နှစ်ရုပ်ကို ထုတ်လွှတ်လိုက်သည်။ ထိုအရာများသည် အစွမ်းထက်သော အရှိန်အဝါများကို ထုတ်လွှတ်ပြီး ရှီရှောင်ထျန်းနှင့်ဝူယွဲ့တို့ဆီသို့ တိုက်ရိုက်ပြေးဝင်သွားကြသည်။
တစ်ချိန်တည်းမှာပင် ရွှမ်ကျိုးကျီက လှုပ်ရှားလိုက်ကာ ကျုံးချင်ကို ဖမ်းဆုပ်လိုက်သည်။ သူ၏အမြင်အရ အသက်ဆယ့်ရှစ်နှစ် ပြည့်ပုံမရသေးသော ကျုံးချင်ထံတွင် အလွန်မြင့်မားသော ကျင့်ကြံဆင့်မရှိနိုင်ဟု ယူဆထားသည်။ ရှီရှောင်ထျန်းနှင့်ဝူယွဲ့၏ ကာကွယ်ပေးမှုမရှိပါက ကျုံးချင်ကို လွယ်လင့်တကူ ဖမ်းဆီးနိုင်လိမ့်မည်ဟု သူ တွေးထင်ထားသည်။
သူ၏ဘေးဘက်အမြင်အာရုံမှ သူတို့နှစ်ယောက်ကို ရိပ်ခနဲ မြင်လိုက်ရရာ သူတို့သည် စိတ်တင်းမာသည့် အရိပ်အယောင် တစ်စုံတစ်ရာ မပြသဘဲ လေနှင့်မီးရုပ်သေးရုပ်များကို ပေါ့ပေါ့ပါးပါး ရင်ဆိုင်နေကြသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့သည် ကျုံးချင်အတွက် လုံးဝစိတ်ပူပုံ မရပေ။ ရွှမ်ကျိုးကျီ၏ စိတ်နှလုံးသား လေးလံသွားပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း နားလည်သဘောပေါက်လိုက်သည်။ သို့သော် သူ ထပ်မံ၍ တွေးတောချိန် မရလိုက်တော့ချေ။
နောက်ထပ်အချိန်အခိုက်အတန့်တွင် အေးစက်သော မျက်နှာထားဖြင့် ကျုံးချင်က သူ့ကို ပေါ့ပေါ့ပါးပါး လက်ညှိုးထိုးလိုက်သည်။
လွန်ခဲ့သော အချိန်တခဏကပင် အလွန်မောက်မာထောင်လွှားနေခဲ့သော ရွှမ်ကျိုးကျီသည် လူများအားလုံး၏မျက်စိရှေ့တွင် အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့်မြေပြင်ကြားတွင် ပျောက်ကွယ်သွားတော့သည်။
သူ အော်ဟစ်ချိန်ပင် မရလိုက်ချေ။ သူ အလွန် ကံဆိုးသည်ဟုသာ ပြောရပေမည်။ ဤကမ္ဘာလောကကြီးတွင် ကျုံးချင်ထံ၌ သူ၏တပည့်နှစ်ယောက်အပြင် သူ ဂရုစိုက်သည့်လူ သိပ်မရှိလှချေ။ ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် ထိုလူများအနက်မှ တစ်ယောက်ပင်။
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန် ဒဏ်ရာအပြင်းအထန် ရထားသည်ကို မြင်တွေ့ချိန်၌ ကျုံးချင် အမှန်တကယ် ဒေါသထွက်သွားခဲ့သည်။ သာမန်အချိန်များတွင်ဆိုလျှင် ကျုံးချင်သည် သူ့ကို ကစားချင်စိတ် ရှိကောင်းရှိပေလိမ့်မည်။ သို့သော် ဤအချိန်တွင် ဒေါသထွက်နေသော ကျုံးချင်သည် သူနှင့် အချိန်ဆွဲနေရန် အစီအစဉ် မရှိဘဲ လက်ညှိုးတစ်ချောင်းတည်းဖြင့် သူ့ကို အမှုန်အမွှားများအဖြစ် တိုက်ရိုက်ပြောင်းလဲလိုက်၏။
ဤမြင်ကွင်းကို မျက်မြင်တွေ့ရှိလိုက်ရသော ကျုံးမင်လွေ့သည် သူ၏ဦးနှောက် ပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဘာဖြစ်သွားတာလဲ"
အကြီးအကဲ ရွှမ်ကျိုးကျီ... သူ မည်သည်ကြောင့် ရုတ်တရက် ပျောက်ကွယ်သွားသနည်း။ ကျုံးချင်က လက်ညှိုးထိုးလိုက်ပြီးနောက် ရွှမ်ကျိုးကျီ မည်သည်ကြောင့် ပျောက်သွားသည်ကို သူ နားလည်ရန် အချိန်အတော်ကြာ ယူလိုက်ရသည်။
သို့သော် ကျုံးချင်၏အေးစက်စက်အကြည့်သည် ကျုံးမင်လွေ့ထံသို့ ကျရောက်လာချိန်၌... သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး ထိတ်လန့်သွားကာ နောက်ဆုံးတွင် အသိဝင်လာခဲ့သည်။
"အကြီးအကဲ ရွှမ်ကျိုးကျီ အသတ်ခံလိုက်ရပြီ...."
ကျုံးမင်လွေ့သည် အလွန်ကြောက်ရွံနေသဖြင့် သူ၏မျက်နှာ ဖြူဖျော့သွားပြီး စဉ်းစားခြင်းမပြုတော့ဘဲ အော်ဟစ်လိုက်သည်။
"လေနဲ့မီး ရုပ်သေးရုပ်တွေ... ပြန်လာခဲ့စမ်း"
ရုပ်သေးရုပ်နှစ်ရုပ်သည် ရှီရှောင်ထျန်းနှင့်ဝူယွဲ့တို့ကို ချက်ချင်းစွန့်ခွာပြီး ကျုံးမင်လွေ့၏နံဘေးသို့ ပြန်လည်၍ ပျံသန်းလာကြသည်။
"သူ့ကို ဟန့်တားထားစမ်း"
ကျုံးမင်လွေ့က ကျုံးချင်ကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်၏။ လေနှင့်မီးရုပ်သေးရုပ်များ ကျုံးချင်ထံ ပြေးဝင်သွားချိန်ကို အခွင့်ကောင်းယူပြီး သူကိုယ်တိုင်ကမူ စဉ်းစားခြင်းမရှိဘဲ နောက်သို့ ချာခနဲလှည့်ကာ ထွက်ပြေးသွားတော့သည်။ သူသည် အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲပြီး ခရမ်းမက်မွန်တောအုပ်၏ အပြင်ဘက်သို့ ပျံသန်းသွားသည်။
နေမင်းနက်နဲသိမ်မွေ့အဆင့် နှောင်းပိုင်းအဆင့် ထိပ်သီးကျင့်ကြံသူဖြစ်သော အကြီးအကဲရွှမ်ကျိုးကျီက လက်ညှိုးတစ်ချောင်းတည်းဖြင့် မည်သည်ကြောင့် ချက်ချင်းအသတ်ခံလိုက်ရသည်ကို သူ နားမလည်နိုင်ချေ။ သို့သော် ရွှမ်ကျိုးကျီကို ချက်ချင်းသတ်နိုင်သည့် ပုဂ္ဂိုလ်မျိုးသည် သူ ကိုင်တွယ်နိုင်မည့်သူ မဟုတ်ကြောင်း သူ သိရှိထားသည်။
လေနှင့်မီး ရုပ်သေးရုပ်များပင်လျှင် ဤလူ၏ ပြိုင်ဘက်ဖြစ်ရန် မလွယ်ကူချေ။ ရုပ်သေးရုပ်များသည် ကျုံးချင်ကို အချိန်တခဏကြာမျှ ဟန့်တားထားပြီး သူ့ကို ထွက်ပြေးရန် အခွင့်အရေး ပေးနိုင်ရန်သာ သူ မျှော်လင့်သည်။ သို့သော် သူ၏ဆန္ဒသည် လှပသော်လည်း လက်တွေ့ဖြစ်ရပ်မှန်ကမူ ရက်စက်ကြမ်းကြုတ်ပေ၏။
သူ မီတာထောင်ဂဏန်းခန့် မပြေးရသေးမီမှာပင် သူ၏နောက်ကျောဘက်မှ အေးစက်စက် အသံတစ်သံ ကြားလိုက်ရသည်။
"ဘာလဲ... မင်းရဲ့ဝှက်ဖဲတွေက ဒီအမှိုက်နှစ်ခုတည်းလား... ဒါဆိုရင် မင်းက အရမ်းမောက်မာထောင်လွှားပြီးတော့ ငါ့ရဲ့ရှန်ကျန်းဂိုဏ်းက လူတွေကို ဒဏ်ရာရအောင် လုပ်ဖို့ မင်းကို ဘယ်သူက သတ္တိတွေ ပေးလိုက်တာလဲ"
ကျုံးမင်လွေ့ ထိတ်လန့်သွားပြီး ရုတ်တရက် နောက်လှည့်ကြည့်လိုက်ရာ ကျုံးချင်က သူ၏နောက် မီတာအနည်းငယ်အကွာတွင် မတ်တတ်ရပ်နေပြီး သူ့ကို ခံစားချက်ကင်းမဲ့စွာ ကြည့်နေသည်အား မြင်တွေ့လိုက်ရသည်။ ထို့ပြင် လေနှင့်မီး ရုပ်သေးရုပ်များ ပျောက်ကွယ်သွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...."
ကျုံးမင်လွေ့သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏စိတ်ဝိညာဉ် လွင့်ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤအချိန်တွင် သူ မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ စိတ်ဝိညာဉ်အဆောင်လက်ဖွဲ့တစ်ခုကို ရုတ်တရက် ထုတ်သုံးလိုက်သည်။ ဤစိတ်ဝိညာဉ်အဆောင်လက်ဖွဲ့ကို သူ၏ဖခင် ကျုံးတောက်ထျန်း လုပ်ဆောင်ပေးထားခြင်းဖြစ်ပြီး နေမင်းနက်နဲသိမ်မွေ့နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုနှင့် ညီမျှသော စွမ်းအား ပါဝင်သည်။
ကျောက်စိမ်းအဆောင်လက်ဖွဲ့သည် ကြေမွှပျက်စီးသွားပြီး တောက်ပသော အလင်းတန်းများထွက်ပေါ်လာကာ ပြင်းထန်သော စွမ်းအားဒီရေလှိုင်းကြီး တစ်ခုအဖြစ် ပြောင်းလဲပြီး ကျုံးချင်ထံသို့ တိုးဝင်သွားသည်။ သို့သော် ကျုံးချင်သည် ထိုအရာကို လှည့်ကြည့်ခြင်းပင် မပြုဘဲ ယင်ကောင်မောင်းသည့်အလား ပေါ့ပေါ့ပါးပါး ပုတ်ထုတ်လိုက်၏။
ပြင်းထန်သော စွမ်းအားဒီရေလှိုင်းကြီးသည် လေထုထဲတွင် တိုက်ရိုက်ပျောက်ကွယ်သွားခဲ့သည်။
"မင်းမှာ တခြားဘာကျန်သေးလဲ... အကုန် ထုတ်သုံးလိုက်စမ်း...."
ကျုံးချင်၏လေသံသည် တည်ငြိမ်အေးချမ်းနေသော်လည်း ကျုံးမင်လွေ့ကို ကျောချမ်းသွားစေသည်။
"ငါ ပြောရင် ပြောတဲ့အတိုင်း လုပ်တယ်... အခု စိတ်ပျက်အားငယ်ခြင်း အစစ်အမှန်က ဘာလဲဆိုတာ ငါ မင်းကို မြည်းစမ်းခွင့် ပေးမယ်"
"သောက်ချေးပဲ... ငါ့ကို အတင်းဖိအားမပေးနဲ့"
လူသူကင်းမဲ့သော တောရိုင်းမြေတွင် အတိုင်းအဆမဲ့တောင်၏ သခင်လေးကျုံးမင်လွေ့သည် သေလုမတတ် အသည်းအသန် ထွက်ပြေးနေပေ၏။ သူ ထွက်ပြေးနေရင်း သူ၏နောက်က ပုံရိပ်ကိုကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏နောက်တွင် ပုံရိပ်တစ်ခုက မနီးမဝေး မနှေးမမြန် အကွာအဝေး တစ်ခုကို ထိန်းသိမ်းပြီး လိုက်ပါလာသည်။
ကျုံးမင်လွေ့ မည်မျှပင် အသည်းအသန် ထွက်ပြေးရန် ကြိုးစားပါစေ နောက်မှလူကို တစ်လက်မလောက်ပင် ခွာချ၍ မရပေ။ ဤပုံရိပ်သည် အရိုးတွင် တွယ်ကပ်နေသော လောက်ကောင်အလား ကျုံးမင်လွေ့ကို ထိတ်လန့်ကြောက်ရွံ့စေပြီး ခွာချ၍မရသော သေမင်းအရိပ်တစ်ခုကဲ့သို့ သူ၏နောက်တွင် ကပ်ပါလာသည်။
"ဘာလဲ... မင်းမှာ ဝှက်ဖဲတွေ မကျန်တော့ဘူးလား"
သူ၏နောက်ကပုံရိပ်မှာ ကျုံးချင်ပင်။ ကျုံးချင်သည် သူ၏လက်များကို နောက်ပစ်ပြီး ကျုံးမင်လွေ့၏နောက်မှ အေးအေးလူလူ လျှောက်လှမ်းလာသည်။ သူသည် ကျုံးမင်လွေ့၏နောက်မှနေ၍ အကွာအဝေးတစ်ခုကို တသမတ်တည်း ထိန်းသိမ်းထားပေ၏။ ကျုံးမင်လွေ့က သူ၏စွမ်းအားကုန် ထုတ်သုံးလျှင်ပင် ဤအကွာအဝေးသည် လက်မဝက်ခန့်ပင် ဝေးကွာမသွားခဲ့ချေ။
"မင်းမှာ ဝှက်ဖဲတွေ မကျန်တော့ဘူးဆိုရင် အဆုံးသတ်ဖို့ အချိန်တန်ပြီ"
ကျုံးမင်လွေ့က အံ့တင်းတင်းကြိတ်ပြီး အော်ဟစ်လိုက်သည်။
"ငါ ကျုံးမင်လွေ့ကို သတ်ဖို့ဆိုတာ အဲ့ဒီလောက်ထိ မလွယ်ဘူး"
ထိုသို့အော်ဟစ်ရင်းဖြင့် ကျုံးမင်လွေ့က စိတ်ဝိညာဉ်အဆောင်လက်ဖွဲ့ လက်တစ်ဆုပ်စာကို တိုက်ရိုက် ပစ်ပေါက်လိုက်လေသည်။ ထိုအရာတစ်ခုစီ၏စွမ်းအားသည် အစောပိုင်းက အဆောင်လက်ဖွဲ့တစ်ခုနှင့် နှိုင်းယှဉ်၍ရသည်။ ကျုံးတောက်ထျန်းသည် သူ၏သားကို အလွန် အလိုလိုက်ပေ၏။ ကျုံးမင်လွေ့၏ ဝှက်ဖဲအဖြစ် အသုံးပြုရန် စိတ်ဝိညာဉ်အဆောင်လက်ဖွဲ့ အသစ်များကို သူ အမြဲတစေဖန်တီးပေးလေ့ရှိသည်။
သို့သော် ကျုံးမင်လွေ့၏ အဆင့်အတန်းနှင့်ဆိုလျှင် အရှေ့ပိုင်းဒေသတွင် သူ မည်သည့်အန္တရာယ်နှင့် ကြုံတွေ့နိုင်မည်နည်း။ နှစ်များကြာမြင့်လာသည်နှင့်အမျှ သူ စုဆောင်းထားသော စိတ်ဝိညာဉ်အဆောင်လက်ဖွဲ့များသည် မရေမတွက်နိုင်အောင် များပြားနေလေပြီ။ ပုံမှန်အားဖြင့် မည်သူကမျှ သူ့ကို ထိုအရာများ ထုတ်သုံးအောင် မပြုလုပ်နိုင်ချေ။ ဤအချိန်တွင် ကျုံးချင်ကို ရင်ဆိုင်ရသဖြင့် သူသည် မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ထိုအရာအားလုံးကို ပစ်ပေါက်လိုက်ခြင်းဖြစ်သည်။
ဘုန်း....
နားကွဲလုမတတ် ပေါက်ကွဲသံကြီးများက မိုးကောင်းကင်ယံတခွင်လုံးအနှံ့ ပဲ့တင်ထပ်သွားသည်။ နေမင်းနက်နဲသိမ်မွေ့နယ်ပယ် အထွတ်အထိပ်အဆင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်၏တိုက်ခိုက်မှုနှင့် ညီမျှသော စိတ်ဝိညာဉ်အဆောင်လက်ဖွဲ့ အမြောက်အများ တပြိုင်နက်တည်း ပေါက်ကွဲသွားခြင်းက အမှန်တကယ်ကို ထိတ်လန့်ဖွယ်ကောင်းပေ၏။ အကယ်၍သာ ထိုအရာများသည် မြေပြင်ကို ထိမှန်သွားခဲ့လျှင် မြင့်မားသောတောင်တစ်လုံးကို ကြေမွှပျက်စီးသွားစေရန် လုံလောက်သည်။ မြေကမ္ဘာ နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူများနှင့် မြင့်မြတ်နယ်မြေ အသီးသီးက ဘိုးဘေးများပင် ထိုအရာကို ပေါ့ပေါ့ပါးပါး သဘောထားပြီး လျစ်လျူရှုထားနိုင်မည် မဟုတ်ချေ။
မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုက ကျုံးမင်လွေ့၏စိတ်နှလုံးသားထဲတွင် ထွက်ပေါ်လာသည်။ ထိုအရာများသည် ကျုံးချင်ကို သေဆုံးသွားအောင် ဖောက်ခွဲပစ်နိုင်မည်ဟု သူ မမျှော်လင့်ချေ။ သို့သော် တစ်ဖက်လူကို ဒဏ်ရာရအောင် ပြုလုပ်နိုင်လျှင် သို့မဟုတ် ဟန့်တားနိုင်လျှင် သူ ထွက်ပြေးရန် အခွင့်အရေး ရနိုင်သည်ဟု တွေးမိလေ၏။
သို့သော် သူ တွေးတောထားသော မျှော်လင့်ချက်က ချက်ချင်းဆိုသလိုပင် စိတ်ပျက်အားငယ်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အကြောင်းအရင်းမှာ ကျုံးချင်၏ပုံရိပ်သည် ပေါက်ကွဲမှု အရှိန်အဟုန်များကြားမှ ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်လာသည်ကို သူ မြင်လိုက်ရသောကြောင့်ပင်။ သူသည် ယခင် အကွာအဝေးအတိုင်း ထိန်းသိမ်းထားဆဲ ဖြစ်ပြီး သူ၏အဝတ်အစား တစွန်းတစ်စပင် ပျက်စီးသွားခြင်း မရှိချေ။
ကျုံးမင်လွေ့က စူးရှစွာ အော်ဟစ်လိုက်ပြီး ထပ်မံ၍ ထွက်ပြေးလိုက်သည်။ သူသည် ပြေးလွှားနေရင်း မရေမတွက်နိုင်သော စိတ်ဝိညာဉ်အဆောင်လက်ဖွဲ့များ ကျောက်စိမ်း အဆောင်လက်ဖွဲ့များနှင့် တခြားမှော်လက်နက်များ တာအိုရတနာများကို တန်ဖိုးမရှိသည့်အလား ပစ်လွှတ်လိုက်၏။ ထိုအရာများအနက် တချို့သည် တိုက်ခိုက်ရန် တချို့က ကာကွယ်ရန်နှင့် အသက်ရှင်ရန်ဖြစ်ပြီး တချို့ကမူ ထွက်ပြေးသည့် နည်းစနစ်များနှင့် ရွေ့လျားမှု နည်းစနစ်များအတွက် ဖြစ်သည်။
ထိုအရာတစ်ခုချင်းစီက သာမန်မဟုတ်ချေ။ နေမင်းနက်နဲသိမ်မွေ့နယ်ပယ် မှော်ရတနာများကြားတွင်ပင် အလွန်အဖိုးတန်ရှားပါးသည်။ အတိုင်းအဆမဲ့တောင်၏ သခင်လေး အနေဖြင့် ကျုံးမင်လွေ့၏ အခြေခံအုတ်မြစ်သည် အမှန်တကယ်ကို ကြောက်စရာကောင်းကြောင်း ပြသနေပေ၏။ သူ၏ကိုယ်ပိုင်ကျင့်ကြံဆင့်သည် လမင်းနက်နဲသိမ်မွေ့နယ်ပယ်၌သာ ရှိသော်လည်း ဤဝှက်ဖဲများကိုအားကိုးပြီး နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူများကြားတွင် ထင်ရာစိုင်း၍ ရနိုင်သည်။
သို့သော် ဤအချိန်တွင် ကျုံးမင်လွေ့သည် ထိုအရာများကို အမှိုက်များအလား အစုလိုက်အပြုံလိုက် ပစ်ထုတ်နေရသည်။ ဤသည်မှာ သူ အသက်ရှင်နိုင်မည့် အခွင့်အရေး အနည်းငယ် တိုးပွားလာရန်အတွက်ပင်။ သို့သော် သူ ပစ်ထုတ်လိုက်သော ဝှက်ဖဲတိုင်းနှင့်အတူ ကျုံးမင်လွေ့၏ စိတ်ပျက်အားငယ်မှုက ပို၍နက်ရှိုင်းလာသည်။
မည်သည့် တိုက်ခိုက်မှုမျိုးပင် ဖြစ်စေ ကျုံးချင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့်အချိန်၌ ပင်လယ်ထဲ ကျသွားသည့် ကျောက်တုံးတစ်တုံးအလား လှိုင်းဂယက်လေးတစ်ခုပင် ထမလာခဲ့ချေ။ အစပိုင်းတွင် ကျုံးချင်က ထိုတိုက်ခိုက်မှုများကို ရံဖန်ရံခါ၌ ပေါ့ပေါ့ပါးပါး ပုတ်ထုတ်ခဲ့သည်။ သို့ရာတွင် နောက်ပိုင်း၌ သူ လှုပ်ရှားဖို့ပင် ပျင်းရိငြီးငွေ့လာပြီး ထိုတိုက်ခိုက်မှုများကို သူ့အပေါ်သို့ ကျရောက်လာခွင့် ပေးလိုက်၏။ ထိုအရာများသည် သူ့ကိုမျက်တောင်တစ်ခတ်စာမျှပင် လှုပ်ခတ်အောင် ပြုလုပ်နိုင်သည့် စွမ်းအားမျိုး မရှိချေ။
ထို့ပြင် ကျုံးမင်လွေ့ကို လွှမ်းခြုံထားသည့် ကာကွယ်ရေးအလွှာများကိုဆိုလျှင် ကျုံးချင်က သူ၏လက်ညှိုးတစ်ချောင်းကိုပင် မြှောက်ခဲ့ခြင်း မပြုပေ။ သူ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုအရာများ တစ်ခုပြီးတစ်ခု ကြေမွှပျက်စီးသွားခဲ့သည်။ ကျုံးမင်လွေ့ အမျှော်လင့်ဆုံး အရာများကမူ ထွက်ပြေးတိမ်းရှောင်သည့် နည်းလမ်းများပင်။
သို့သော် ဒြပ်စင်ငါးပါး ထွက်ပြေးခြင်း နည်းစနစ် ဖြစ်စေ သူ၏ခန္ဓာကိုယ်ကို အလင်းတန်းအဖြစ် ပြောင်းလဲသည် ဖြစ်စေ...
သူ ထွက်ပြေးရန် ဝှက်ဖဲတစ်ခုကို အသုံးပြုပြီး ပြန်ကြည့်လိုက်တိုင်း ကျုံးချင်က သူ့နောက်တွင် မနီးမဝေးနေရာ၌ မူလအကွာအဝေးအတိုင်း လိုက်ပါလာသည်ကို မြင်တွေ့ရသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ဤသည်မှာ သူ၏အရိပ်အစစ်တစ်ခု အလားပင်။ လူတစ်ယောက်သည် သူ၏အရိပ်မှ လွတ်မြောက်အောင် မည်သို့ထွက်ပြေးနိုင်မည်နည်း။
တစ်ယောက်ကလိုက် တစ်ယောက်က ပြေးရင်း သူတို့သည် မိုင်တစ်သောင်းနီးပါး ထွက်ပြေးခဲ့ကြပြီးပြီဖြစ်သည်။ သို့သော် ကျုံးမင်လွေ့သည် သူ ထွက်ပြေးလွတ်မြောက်နိုင်မည့် မျှော်လင့်ချက်ကို လုံးဝမမြင်တွေ့ရချေ။
"ဒီမွန်းစတားအိုကြီးက ဘယ်ကနေ ထွက်လာတာလဲ"
ကျုံးမင်လွေ့သည် နောက်ဆုံးတွင် စိတ်ဓာတ်ကျသွားပေ၏။ သူ၏အမြင်အရ ကျုံးချင်သည် နှစ်ပေါင်း မည်မျှကြာအောင် နေထိုင်ခဲ့မှန်း မသိရသည့် မွန်းစတားအိုကြီးတစ်ကောင် ဖြစ်ပြီး သူ့ကို ဆော့ကစားနေသည်မှာ သေချာသည်။ ပြင်းထန်သော သေမင်းအရိပ်က သူ၏နှလုံးသားကို လွှမ်းခြုံထားသဖြင့် ကျုံးမင်လွေ့၏အသိစိတ်ကို တိုက်စားကာ သူ့ကို ရူးသွပ်လုနီးပါး ဖြစ်စေသည်။
"ဒီသခင်လေးက မင်းနဲ့ သေတဲ့အထိ တိုက်ခိုက်မယ်"
ကျုံးမင်လွေ့က ဟိန်းဟောက်လိုက်ပြီး သွေးရောင်ကျောက်စိမ်းပြားတစ်ခုက သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။ သူသည် လျှာဖျားကိုကိုက်လိုက်ပြီး ကျောက်စိမ်းပြားပေါ်သို့ သွေးအနှစ်သာရတစ်လုတ် မှုတ်ထုတ်လိုက်၏။ ကျောက်စိမ်းပြားသည် တောက်ပစွာ လင်းလက်လာပြီး အဘိုးအိုတစ်ဦး၏ ပုံရိပ်ယောင်တစ်ခုသည် ထိုအရာအတွင်းမှ ထွက်ပေါ်လာပုံရကာ အေးစက်စက် နှာမှုတ်ပြီး ကျုံးချင်ထံသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ဤလက်ဝါးရိုက်ချက်၏ အရှိန်အဟုန်သည် ကြောက်စရာကောင်းလောက်အောင် ကြီးမားပြီး ကောင်းကင်နှင့်မြေပြင် ပြိုကျပြီး တောင်များ ကြေမွှပျက်စီးသွားသည့်အလား တုန်ခါသံကြီးက ပဲ့တင်ထပ်သွားသည်။ အစောပိုင်းက ပေါက်ကွဲခဲ့သော နေမင်းနက်နဲသိမ်မွေ့နယ်ပယ် အထွတ်အထိပ်အဆင့် စိတ်ဝိညာဉ်အဆောင်လက်ဖွဲ့ အမြောက်အများ ပေါင်းစပ်ထားသည့် အရှိန်အဝါထက် များစွာပို၍အားကောင်းသည်။
ဤသည်က စစ်မှန်သော မြေကမ္ဘာ နက်နဲသိမ်မွေ့နယ်ပယ် တိုက်ခိုက်မှုပင်။ ထို့ပြင် သာမန်မြေကမ္ဘာ နက်နဲသိမ်မွေ့နယ်ပယ် တိုက်ခိုက်မှုမျိုး မဟုတ်ချေ။ ဤသည်က အတိုင်းအဆမဲ့တောင် ဘိုးဘေးကိုယ်တိုင် ပေးသနားထားသော ကျုံးမင်လွေ့၏ အကြီးမားဆုံး ဝှက်ဖဲပင်။ အတိုင်းအဆမဲ့တောင်ဘိုးဘေး၏ စွမ်းအားပြည့် တိုက်ခိုက်မှုတစ်ခု ပါဝင်သည်။
သို့သော် မြေကမ္ဘာ နက်နဲသိမ်မွေ့နယ်ပယ်၏ စွမ်းအားသည် အလွန်ကြီးမားပြီး လမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံခြင်းသာရှိသော ကျုံးမင်လွေ့ ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်နေသည်။ ထို့ကြောင့် ဤကျောက်စိမ်းပြားကို အသုံးပြုချိန်၌ ကိုယ်ပိုင်အနှစ်သာရသွေးစက်ဖြင့် အသက်သွင်းရန် လိုအပ်ပြီး တစ်ချိန်တည်းမှာပင် ပြင်းထန်သော တန်ပြန်သက်ရောက်မှုကို ခံစားရပေလိမ့်မည်။ ဤှသည်က ရန်သူကို ပြင်းအားတစ်ထောင်ခန့် ထိခိုက်စေပါက ကိုယ့်ကိုယ်ကိုယ် ရှစ်ရာခန့် ပျက်စီးစေသည်ဟု ဆိုရပေမည်။
သေရေးရှင်ရေးအခြေအနေ မဟုတ်လျှင် ကျုံးမင်လွေ့သည် ဤကျောက်စိမ်းပြားကို ဘယ်တော့မှ ထုတ်သုံးမည် မဟုတ်ချေ။ သို့သော် ယခုလောလောဆယ် သူ့ထံတွင် ရွေးချယ်စရာ မရှိတော့ချေ။ ကျုံးမင်လွေ့သည် သူ၏မျှော်လင့်ချက်များအားလုံးကို ဤတိုက်ခိုက်မှု တစ်ခုတည်းအပေါ်၌ ပုံအောထားလိုက်သည်။
သို့သော် အတိုင်းအဆမဲ့တောင်ဘိုးဘေး၏ ဤလက်ဝါးရိုက်ချက်ကို ရင်ဆိုင်ရချိန်၌ ကျုံးချင်သည် မလှုပ်မယှက် ရှိနေပြီး ကာကွယ်ဖို့ပင် မလှုပ်ရှားချင်သကဲ့သို့ ဖြစ်နေသည်။
"သူက မကာကွယ်နိုင်လို့ လက်လျှော့လိုက်တာလား"
ကျုံးမင်လွေ့က တီးတိုးရေရွတ်လိုက်သည်။ သို့ရာတွင် နောက်ထပ်အခိုက်အတန့်၌ သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ ပါးစပ်အဟောင်းသား ဖြစ်ကာ ပြန်မပိတ်နိုင်တော့ပေ။
ကျုံးချင်သည် ရှောင်တိမ်းခြင်းပင် မပြုဘဲ အတိုင်းအဆမဲ့တောင် ဘိုးဘေး၏ ပုံရိပ်ယောင်ကို သူ၏ခေါင်းပေါ်သို့ လက်ဝါးနှင့်ရိုက်ခွင့်ပေးလိုက်သည်။ ထို့နောက် သူသည် ခေါင်းပင်မစောင်းဘဲ ပါးစပ်ဖွင့်ပြီး လေပူတစ်ချက်ကို ညင်သာစွာ မှုတ်ထုတ်လိုက်၏။
အတိုင်းအဆမဲ့တောင်ဘိုးဘေး၏ စွမ်းအားပါဝင်သော ပုံရိပ်ယောင်သည် ရေထဲမှ တံလျှပ်တစ်ခုအလား လွင့်ပါးသွားခဲ့သည်။ ကျုံးမင်လွေ့၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး သူ၏ခြေထောက်များ ပျော့ခွေသွားကာ သူ ဆက်မပြေးနိုင်တော့ချေ။
"မင်းရဲ့ ဝှက်ဖဲတွေ ကုန်ပြီလား..."
အတိုင်းအဆမဲ့တောင် ဘိုးဘေး၏ ပုံရိပ်ယောင်ထံမှ လက်ဝါးတစ်ချက် ခံယူပြီးသည့်တိုင် ဆံပင်တစ်ချောင်း မကျွတ်သော ကျုံးချင်က ကျုံးမင်လွေ့ကို အေးစက်စက် စိုက်ကြည့်ပြီး ဂရုမစိုက်သည့်လေသံဖြင့် မေးမြန်းလိုက်၏။ သူနှင့် တဖြည်းဖြည်း နီးကပ်လာသော ကျုံးချင်ကို ကြည့်ရင်း ကျုံးမင်လွေ့က စိတ်ဓာတ်ကျစွာဖြင့် အော်ဟစ်လိုက်သည်။
"ငါ့နားကို မလာနဲ့... မင်း ငါ့ကို သတ်လို့မရဘူး... ငါက အတိုင်းအဆမဲ့တောင်ရဲ့ သခင်လေး... အတိုင်းအဆမဲ့တောင် ဂိုဏ်းချုပ်ရဲ့ တစ်ဦးတည်းသောသား... ပြီးတော့ အတိုင်းအဆမဲ့တောင်ဘိုးဘေးရဲ့ အချစ်ဆုံးမြစ်လေ"
"မင်း ငါ့ကို သတ်ရင် ငါတို့ အတိုင်းအဆမဲ့တောင်က မင်းကို လွှတ်ထားမှာ မဟုတ်ဘူး"
ကျုံးမင်လွေ့က စိတ်ဖောက်ပြန်နေသည့်အလား သွေးရူးသွေးတန်း အော်ဟစ်လိုက်သည်။
"မင်း ငါ့ကို ထိရဲရင် ငါ့ရဲ့ အတိုင်းအဆမဲ့တောင်က မင်းရဲ့ ရှန်ကျန်းဂိုဏ်းငယ်လေးကို သေချာပေါက် အမြစ်ပြတ် သုတ်သင်လိမ့်မယ်... တစ်ယောက်မှ မကျန်စေရဘူး... ကြက်တွေ ခွေးတွေတောင် အရှင်ထားမှာ မဟုတ်ဘူး... မင်း မသေချင်ရင် ငါ့ကို မထိနဲ့"