← Chapters

ပေါက်ကရတွေ

Vol. 14 Ch. 140

ပေါက်ကရတွေ

Vol. 14 Ch. 140

ဒေါသအမျက်ချောင်းချောင်း ထွက်နေသည့်တိုင် ကျုံးတောက်ထျန်းသည် သူ၏နောက်ဆုံးကျန်ရှိသော အသိဉာဏ်ကို လုံးလုံးလျားလျား လက်လွှတ်ဆုံးရှုံးသွားခြင်း မရှိသေးချေ။ သူသည် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ လေဟာနယ်ထဲတွင် ကျုံးချင်နှင့် တစ်ပုံစံတည်း တူညီသော ပုံရိပ်ယောင်တစ်ခု တိုက်ရိုက်ဖွဲ့စည်းသွားကာ ထွက်ပေါ်လာခဲ့သည်။

"ဒီလူက ငါ့ရဲ့သားကို သတ်တဲ့ လူသတ်တရားခံပဲ... ဂိုဏ်းတစ်ဂိုဏ်းလုံး ဘယ်လိုနည်းလမ်းပဲ သုံးရပါစေ...ဘယ်လောက်ပဲ ပေးဆပ်ရပါစေ... သူ့ရဲ့ အထောက်အထားကို အမြန်ဆုံး ရှာဖွေစမ်း"

"ပြီးရင် ဒီဂိုဏ်းချုပ်ကိုယ်တိုင် သူ့ရဲ့မိသားစုတစ်စုလုံးကို တစ်ယောက်မကျန် သတ်ပစ်မယ်"

ဤစကားများကို ဒေါသတကြီး အော်ဟစ်ပြောဆိုပြီးနောက် ကျုံးတောက်ထျန်းသည် လျင်မြန်စွာ ထွက်ခွာသွားလေ၏။ စာလိပ်၏ အငွေ့အသက်မှတစ်ဆင့် အက်ကွဲကြောင်း၏ တခြားတစ်ဖက်ရှိ တည်နေရာကို သူ ခြေရာခံနိုင်သည်။ ယခုအချိန်တွင် လူသတ်သမားသည် မူလနေရာ၌ ရှိချင်မှ ရှိတော့မည် ဖြစ်သော်လည်း သူ့သားဖြစ်သူ၏ အလောင်းကမူ ထိုနေရာတွင် ကျန်ရှိနေသေးသဖြင့် သူ လျစ်လျူရှုထား၍ မရချေ။

ကြွင်းကျန်ခဲ့သော အတိုင်းအဆမဲ့တောင်မှ အကြီးအကဲများနှင့် တောင်သခင်များသည် မည်းမှောင်သော မျက်နှာထားများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ထွက်ခွာသွားကြတော့သည်။ မကြာမီ မုန်တိုင်းကြီးတစ်ခု ရောက်ရှိလာတော့မည်မှာ သေချာသလောက်နီးပါးပင်။

တခြားတစ်ဖက်တွင်....

ကျုံးမင်လွေ့ကို ပေါ့ပေါ့ပါးပါး ခြေမွှသတ်ဖြတ်လိုက်သော ကျုံးချင်သည် သွေးများပေကျံနေသော အလောင်းကို တစ်ချက်ပင် မကြည့်ဘဲ မြေပြင်ပေါ်သို့ ပစ်ချကာ ခရမ်းမက်မွန်တောအုပ်ဘက်သို့ ပြန်လှည့်လာခဲ့သည်။

ယခုအချိန်တွင် ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်နှင့် အခြားသူများသည် ရှီရှောင်ထျန်းနှင့် ဝူယွဲ့တို့ ယူဆောင်လာသော ဆေးလုံးများကို သောက်သုံးပြီးဖြစ်၍ သူတို့၏ဒဏ်ရာများ တည်ငြိမ်သွားကြလေပြီ။ သို့ရာတွင် သူတို့၏ဒဏ်ရာများသည် ပြင်းထန်နေဆဲပင်။ ကြယ်တာရာ နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံဆင့်စွမ်းအားဖြင့် နေမင်း နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးကို တိုက်ကွက်နှစ်ကွက်မျှ ယှဉ်ပြိုင်နိုင်ပြီး မသေဆုံးခြင်းမှာပင် အလွန်ကံကောင်းနေလေပြီ။

ကျုံးချင်ထံ၌ သူကိုယ်တိုင် ဖော်စပ်ထားသော ပြန်လည်ရှင်သန်ခြင်းဆေးလုံးတချို့ ကျန်ရှိနေဆဲပင်။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူသည် ကိုယ့်ကိုယ်ကိုယ် အသိတရား ရှိနေပေ၏။ သူ၏ဆေးလုံးများကို သောက်သုံးလိုက်လျှင် ပြန်လည်သက်သာလာမည်လော သို့မဟုတ် ကောင်းကင်ဘုံသို့ တက်လှမ်းသွားရမည်လော ဆိုသည်ကို ပြောရခက်မှန်း သိသဖြင့် တခြားသူများကို ပေးမသောက်ရဲချေ။

သူသည် သူ၏စွမ်းအားကို အသက်သွင်းလိုက်ပြီး လူများအားလုံးကို ကုသရန်အတွက် သူ၏ နက်နဲသိမ်မွေ့ချီစွမ်းအင် တိုက်ရိုက်အသုံးပြုလိုက်သည်။ သူ၏ လက်ရှိယင်သုံးပါးနယ်ပယ် ကျင့်ကြံခြင်းဆင့်ဖြင့် ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်စုကို ကုသပေးခြင်းမှာ အလွန်ရိုးရှင်းသည်။

သို့သော် ကျုံးချင် အနည်းငယ် နောင်တရမိသည်။ ဂိုဏ်းချုပ်နှင့်တခြားသူများ၏ ကျင့်ကြံဆင့်များသည် အပြင်လောကတွင် အန္တရာယ်များကြောင်း သူ မည်သည်ကြောင့် ယခင်က မတွေးခဲ့မိသနည်း။ ဂိုဏ်းချုပ်နှင့် အကြီးအကဲများသည် ပုံမှန်အားဖြင့် ဂိုဏ်းအတွင်း၌သာ နေလေ့ရှိပြီး အပြင်ထွက်ခဲသောကြောင့်သာ ကျုံးချင်က ဤကိစ္စကို မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူ ယခင်ကတည်းက ကြိုသိခဲ့လျှင် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်နှင့် တခြားလူများကို ကာကွယ်ရန် သစ်သားရုပ်တုတချို့ ချန်ထားပေးခဲ့မိပေမည်။ ယနေ့အခြေအနေသည် အမှန်တကယ်ကို အန္တရာယ်များပေ၏။ ရှန်ကျန်းဂိုဏ်းသည် မူဖူတောင် တစ်ခုတည်းသာ ကျန်ရစ်မည့် အခြေအနေသို့ ရောက်လုနီးပါး ဖြစ်ခဲ့ရသည်။

လူများအားလုံး၏ဒဏ်ရာများ လှုပ်ရှားနိုင်ရုံ သက်သာလာချိန်၌ ကျုံးချင်သည် သူတို့ကို ဦးဆောင်၍ ရှန်ကျန်းဂိုဏ်းသို့ ပြန်လာခဲ့သည်။ လူများအားလုံးသည် ပြန်လည်ကောင်းမွန်လာစေရန် တံခါးပိတ်ကျင့်ကြံကြပြီး ကျုံးချင်သည်လည်း မူဖူတောင်သို့ ပြန်ကာ ရှီရှောင်ထျန်းနှင့်ဝူယွဲ့တို့ကို သူတို့အတွက် သင့်လျော်သော ပြန်လည်ရှင်သန်ခြင်းဆေးများ ဖော်စပ်ခိုင်းရန် ပြင်ဆင်လိုက်၏။

"တောင်သခင်ကျုံး..."

မဟာအကြီးအကဲက ထွက်ခွာမသွားမီ ကျုံးချင်ကို လှမ်းခေါ်ပြီး သတိပေးလိုက်သည်။

"အဲ့ဒီလူက အတိုင်းအဆမဲ့တောင်ရဲ့ သခင်လေးပါ... တောင်သခင်က သူ့ကို သတ်လိုက်တော့ အတိုင်းအဆမဲ့တောင်က သေချာပေါက် ဒီကိစ္စကို လွှတ်ထားမှာ မဟုတ်ဘူး"

"တောင်သခင့်အတွက် အတိုင်းအဆမဲ့တောင်က ဘာမှမဟုတ်ပေမယ့်လည်း သတိထားပါအုံး"

ကျုံးချင်က သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။ သူ အမှန်တကယ်ကို သတိထားရပေမည်။ အတိုင်းအဆမဲ့တောင်ကို သူ လက်ဝါးတစ်ချက်တည်းဖြင့် ခြေမွှဖျက်ဆီးနိုင်သော်လည်း ပြီးခဲ့သည့်တစ်ကြိမ်က ဆံနီမိစ္ဆာအိုကြီး တောင်ပေါ်သို့ လာရောက်တိုက်ခိုက်သကဲ့သို့ မဖြစ်လိုချေ။ ထိုအချိန်က သူ ရောက်မလာသေးခင် ဂိုဏ်းသားအမြောက်အများ သေကြေဒဏ်ရာရခဲ့ရသည်မှာ ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့ပေ၏။

ထို့နောက် ကျုံးချင်က မူဖူတောင်သို့ ပြန်ရောက်လာခဲ့သည်။ သူ မထွက်ခွာမီ လွန်ခဲ့သည့် ရက်အနည်းငယ်က တက်ရောက်စာရင်းသွင်းရာမှ ရရှိထားသော သစ်သားရုပ်ထုအနည်းငယ်ကို ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်နှင့် တခြားသူများအတွက် ချန်ထားပေးခဲ့ရန် မမေ့လျော့ခဲ့ချေ။

မူဖူတောင်သို့ ပြန်ရောက်ပြီးနောက် ရှီရှောင်ထျန်းနှင့်ဝူယွဲ့တို့သည် ပေါ့ဆရဲခြင်း မရှိကြချေ။ သူတို့သည် ညတွင်းချင်း ဆေးမီးဖိုကိုဖွင့်ကာ ပြန်လည်ရှင်သန်ခြင်းဆေး အသုတ်များစွာကို ဖော်စပ်ပြီး ရှန်ကျန်းဂိုဏ်း၏ တောင်ထိပ် အသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြသည်။ သူတို့၏ လက်ရှိဆေးပညာအဆင့်ဖြင့် ပြန်လည်ရှင်သန်ခြင်းဆေး ဖော်စပ်ခြင်းသည် ရိုးရှင်းသော ကိစ္စတစ်ခု ဖြစ်နေလေပြီ။ ယခုရက်ပိုင်းတွင် သူတို့သည် သောင်းပြောင်းထွေလာ စိတ်ဝိညာဥ်ရတနာကျမ်းစာထဲမှ ပြန်လည်နုပျိုခြင်းဆေးကိုစူးစမ်းလေ့လာနေကြ၏။ အကယ်၍ သူတို့ အောင်မြင်သွားပါက ဆေးဘုရင်အဆင့်ထက် ကျော်လွန်သောအဆင့်သို့ တက်လှမ်းနိုင်ရန်မှာ မဖြစ်နိုင်သော ကိစ္စတစ်ရပ် မဟုတ်တော့ချေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။

ယွင်ယာတောင်ထိပ်ပေါ်ရှိ အတိုင်းအဆမဲ့ခန်းမဆောင်အတွင်းတွင်....

ကျုံးတောက်ထျန်းသည် မည်းမှောင်သော မျက်နှာထားဖြင့် သူ၏လက်အောက်ငယ်သားမှ တင်ပြသော သတင်းကို နားထောင်နေသည်။

"အဲ့ဒီလူရဲ့ နာမည်က ကျုံးချင်ပါ... မကြာသေးမီကမှ ပထမတန်းစားဂိုဏ်းအဖြစ် တိုးမြှင့်ခံရတဲ့ ရှန်ကျန်းဂိုဏ်းက မူဖူတောင်ရဲ့ တောင်သခင်ပါ..."

ကျုံးချင်၏ပုံရိပ်ယောင်မျှသာ မြင်ခဲ့ရသော်လည်း မြင့်မြတ်နယ်မြေ၏အင်အားသည် သာမန်မဟုတ်ချေ။ ရက်အနည်းငယ်အတွင်းမှာပင် ကျုံးချင်၏အထောက်အထားကို ရှာဖွေတွေ့ရှိခဲ့သည်။

"ဟမ့်... ရှန်ကျန်းဂိုဏ်း... မကြာသေးခင်ကမှ အဆင့်တိုးမြှင့်ခံရတဲ့ ပထမတန်းစားဂိုဏ်းလေးက ငါ့ရဲ့သားကို သတ်ရဲတယ်ပေါ့... တကယ့်ကို သေလမ်းရှာနေတာပဲ"

သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ရပ်က ကျုံးတောက်ထျန်း၏မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။

ထိုလက်အောက်ငယ်သားက ဆက်လက်၍ တင်ပြလေ၏။

"ဂိုဏ်းချုပ်... ဒါတင် မကပါဘူး... ရှန်ကျန်းဂိုဏ်းက ဘာမှ မဟုတ်ပေမယ့် စုဆောင်းရရှိတဲ့ သတင်းအချက်အလက်တွေအရ အဲ့ဒီကျုံးချင်က သာမန်မဟုတ်ပုံ ရပါတယ်"

"ဟမ့်... ဘယ်လို သာမန်မဟုတ်တာလဲ"

ကျုံးတောက်ထျန်းက အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်သည်။

လက်အောက်ငယ်သားက အချိန်တခဏမျှ တွေဝေတုံ့ဆိုင်းပြီးမှ တုံ့ပြန်အဖြေပေးသည်။

"ဝူကျီဂိုဏ်းက အဖြူအနက်အကြီးအကဲတွေ ဖြစ်တဲ့ ရှီရှောင်ထျန်းနဲ့ ဝူယွဲ့တို့က ဝူကျီဂိုဏ်းကနေ ထွက်ပြီးတော့ မူဖူတောင်ကို ဝင်ရောက်ပြီး အပြင်စည်း တပည့်နှစ်ယောက် ဖြစ်လာတယ်လို့ ကြားထားတယ်"

"ဝူကျီဂိုဏ်းက အကြီးအကဲတွေလား... အပြင်စည်း တပည့်တွေ.... ဟုတ်လား... ဟမ့်... ဘယ်ကကြားလာတဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေလဲ... မြင့်မြတ်နယ်မြေ အကြီးအကဲတွေက ဘယ်လိုလုပ်ပြီးတော့ အပြင်စည်းတပည့်တွေ ဖြစ်လာနိုင်မှာလဲ"

ကျုံးတောက်ထျန်းသည် အစပထမတွင် မှင်သက်သွားပြီးနောက် မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်သည်။

"ဒီရှန်ကျန်းဂိုဏ်းက ဝူကျီဂိုဏ်းနဲ့ ဆက်သွယ်ဖို့ နည်းလမ်းတချို့ သုံးထားတာ ဖြစ်လောက်တယ်... ဒါကြောင့်လည်း ငါ့ရဲ့လွေ့အာကို သတ်ရဲတာကိုး... ဒါပေမဲ့ မင်းတို့က ဝူကျီဂိုဏ်းနဲ့ ချိတ်ဆက်ထားရုံပဲ ဖြစ်ဖြစ် ဝူကျီဂိုဏ်း ကိုယ်တိုင်ပဲ ဖြစ်ဖြစ်... ငါ့ရဲ့ လွေ့အာကို သတ်ရဲရင် ငါ ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး"

လက်အောက်ငယ်သားက ဆက်လက်၍ ပြောဆိုသည်။

"ဒါတင် မကပါဘူး... အဲ့ဒီကျုံးချင်က အရမ်းအစွမ်းထက်တယ်လို့ ပြောကြတယ်... သူက ဆံနီမိစ္ဆာအိုကြီးကို သတ်ဖူးတယ်... ပြီးတော့ ပျံလွှားဓားဂိုဏ်းရဲ့ မဟာအကြီးအကဲကိုလည်း သူ သတ်ခဲ့တယ်လို့ ဆိုကြတယ်"

"ဒါ့ပြင် သူက ထျန်းယွင်ဂိုဏ်းကို တစ်ယောက်တည်း သွားရောက်တိုက်ခိုက်ပြီးတော့ ထျန်းယွင်ဂိုဏ်းကို အညံ့ခံအောင် လုပ်ခဲ့တယ်... ပထမတန်းစားဂိုဏ်းဖြစ်တဲ့ ဟောက်ဟန်ဂိုဏ်းကလည်း သူ့ရဲ့ ဩဇာလွှမ်းမိုးမှုအောက်မှာ ထျန်းယွင်ဂိုဏ်းနဲ့ ပေါင်းစည်းသွားခဲ့ပါတယ်"

"အဲ့ဒါတွေ အကုန်လုံးက အရေးမပါတဲ့ အသေးအဖွဲကိစ္စလေးတွေပဲ... ဒါအကုန်ပဲဆိုရင်တော့ ဆက်ပြောနေဖို့ မလိုတော့ဘူး"

ကျုံးတောက်ထျန်းက စိတ်မရှည်စွာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ထျန်းယွင်ဂိုဏ်းနှင့်ဟောက်ဟန်ဂိုဏ်းတို့သည် မြင့်မြတ်နယ်မြေတစ်ခု၏ အင်အားနှင့် နီးစပ်သော ပထမတန်းစား ဂိုဏ်းများဟု ခေါ်ဆိုကြကာ ပြင်ပလူများ အနေဖြင့်သာ လက်လှမ်းမမီနိုင်သော အရာများပင်။ သို့သော် အစစ်အမှန်မြင့်မြတ်နယ်မြေဖြစ်သော အတိုင်းအဆမဲ့တောင်၏ ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် ထိုဂိုဏ်းများကို သူ မည်သည်ကြောင့် အထင်ကြီးမည်နည်း။

လက်အောက်ငယ်သားက အချိန်တခဏကြာခန့် ရပ်တန့်သွားပြီး တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောဆိုလိုက်သည်။

"အဲ့ဒါတွေအပြင်... ကျုံးချင်ရဲ့ ဇစ်မြစ်က နက်နဲတယ်လို့လည်း ကြားထားပါတယ်... ချောင်ရှားတောင်ကြား မြင့်မြတ်နယ်မြေရဲ့ တတိယဘိုးဘေး ဝူကျီဂိုဏ်း ဘိုးဘေးနဲ့ ဖူယွင်ဂိုဏ်း ဘိုးဘေးတို့က သူ့ရဲ့ ကျေးဇူးပြုတာကို ခံထားရပြီးတော့ သူ့ကို ရိုသေလေးစားကြတယ်... တန်ထင်းခန်းမဆောင်က ခန်းမဆောင်သခင်ငါးယောက်ကတောင် သူ့အပေါ် လေးစားမှု ရှိကြတယ်လို့..."

သူ၏စကားများကို ကျုံးတောက်ထျန်းက ကြားဖြတ်ပြောဆိုလိုက်၏။

"ပေါက်ကရတွေ... ဒါတွေက အဓိပ္ပါယ်မရှိတဲ့ ပေါက်ကရစကားတွေပဲ... မင်းက ဒီလို အဓိပ္ပါယ်မရှိတဲ့ သတင်းတွေကို ဘယ်ကနေ ကြားလာတာလဲ... ဒီလို ရယ်စရာကောင်းတဲ့ စကားတွေကို ဒီဂိုဏ်းချုပ်ဆီ ဘယ်လိုလုပ်ပြီးတော့ လာပြောရဲတာလဲ"

"ဟမ့်... ဒါတွေကို နားထောင်ရသလောက် ငါတို့ အရှေ့ပိုင်းဒေသမှာ စုစုပေါင်း မြင့်မြတ်နယ်မြေငါးခုပဲ ရှိတာ... ငါတို့ရဲ့အတိုင်းအဆမဲ့တောင်ကလွဲရင် ကျန်တဲ့မြင့်မြတ်နယ်မြေလေးခုလုံးက သူ့ကို ရိုသေလေးစားကြတယ်ပေါ့လေ... ငါတို့ အတိုင်းအဆမဲ့တောင်ရဲ့ ဘိုးဘေးကလည်း သူ့ရဲ့အစေခံ ဖြစ်နေတယ်လို့ မင်း ဘာလို့ တခါတည်း မပြောလိုက်တာလဲ"

"အရှေ့ပိုင်းဒေသမှာ ဒီလို ပုဂ္ဂိုလ်မျိုးရှိရင် ဒီဂိုဏ်းချုပ်က မကြားဖူးဘဲ နေပါ့မလား... ဒါမှမဟုတ် ဒီဂိုဏ်းချုပ် လက်နက်သန့်စင်ဖို့ တံခါးပိတ် ကျင့်ကြံနေတဲ့ လအနည်းငယ်အတွင်းမှာ ဒီလူက ရုတ်တရက်ကြီး ထွက်ပေါ်လာပြီးတော့ မြင့်မြတ်နယ်မြေလေးခုကို သိမ်းသွင်းလိုက်တယ်လို့ မင်း ပြောချင်တာလား"

"ငါက မင်းကို သူ့ရဲ့ သတင်းအချက်အလက်တွေ စုံစမ်းခိုင်းတာ... အခြေအမြစ်မရှိတဲ့ ပေါက်ကရစကားတွေ လာပြောခိုင်းတာ မဟုတ်ဘူး"

လက်အောက်ငယ်သား၏မျက်နှာသည် ကြောက်ရွံမှုကြောင့် ဖြူဖျော့သွားပြီး ခွင့်လွှတ်ပေးရန် အလျင်အမြန် ဦးညွှတ်လိုက်သည်။ အမှန်အားဖြင့် သူကိုယ်တိုင်လည်း ဤကောလာဟလများကို အဓိပ္ပါယ်မရှိဟု ထင်မှတ်ခဲ့ပေ၏။ ထိုကြောင့် သူ ထိုအရာများကို ပြန်ပြောပြစဉ်၌ အနည်းငယ် နေရခက်နေခဲ့ခြင်း ဖြစ်သည်။

"အဲ့ဒီ ကောလာဟလတွေက တကယ့်ကို အဓိပ္ပါယ် မရှိပါဘူး... ဒါပေမဲ့ အဲ့ဒီလူရဲ့ မူဖူတောင်မှာ မြင့်မြတ်နယ်မြေ အကြီးအကဲ နှစ်ယောက် ရှိနေတာကတော့ အမှန်ပါပဲ... ပြီးတော့ ဟောက်ဟန်ဂိုဏ်းက မကြာသေးခင်က ထျန်းယွင်ဂိုဏ်းနဲ့ ပေါင်းစည်းသွားတာလည်း အမှန်ပါ... သူကိုယ်တိုင်ကတော့ ရိုးရှင်းမှာ မဟုတ်ဘူး... သူ့မှာ ဖုံးကွယ်ထားတာတွေ ရှိကောင်း ရှိနိုင်ပါတယ်... ကျွန်တော် ထပ်ပြီး စုံစမ်းလိုက်ပါ့မယ်"

Thank For Reading.

All Chapters