ဘာ... တကယ်ပဲ သူလား
Vol. 14 Ch. 131
ခန်းမဆောင်သခင်ငါးယောက်သည် စိုးရိမ်ပူပန်မှုများဖြင့် တန်တင်းခန်းမဆောင်သို ပြန်ရောက်လာကြ၏။
ယခုအချိန်တွင် သူတိုသည် ကျုံးချင်၏ စာမေးပွဲဖြေဆိုခွင့်ကို ပယ်ဖျက်ခဲ့သော လူအား လည်ပင်းညှစ်သတ်ချင်စိတ် ပေါက်နေကြသည်။ ထိုစဉ်ကသာ ဤသိုမဖြစ်ခဲ့လျှင် အခြေအနေသည် ဤမျှထိ ဆိုးရွားလာမည် မဟုတ်ချေ။
သိုသော် ဖြစ်ပြီးသည့်ကိစ္စများသည် ပြီးဆုံးသွားပြီဖြစ်သဖြင့် ယခုချိန်၌ သူတို ပြောဆိုနေလျှင်လည်း အချည်းနှီးသာ ဖြစ်ပေမည်။ ဤနေရာတွင်ထိုင်ပြီး ညည်းတွားနေမည့်အစား တခြားမည်သည့်နည်းလမ်းများ ရှိနေမည်ကို စဉ်းစားခြင်းက ပို၍ကောင်းမွန်ပေသည်။
ပင်မခန်းမဆောင် အတွင်းတွင် သူတိုငါးယောက်သား အကြံထုတ်နေကြသည်။ ဤအချိန်တွင် ခန်းမဆောင်သခင်တစ်ယောက်က ပြောဆိုသည်။
"ဒီအခြေအနေကို ဖြေရှင်းဖို အဓိကသော့ချက်က ကျုံးချင်ဆီမှာပဲ ရှိနေတုန်းပဲ... ကျွန်တော်တို တခြားရှုထောင့်ကနေ သူ့ကို ချဉ်းကပ်ကြည့်လို ရကောင်းရနိုင်တယ်"
သူ ထိုသိုပြောဆိုလိုက်သည်နှင့် တခြားလူလေးယောက်က သူ့ကို ကြည့်လိုက်ကြသည်။
"မင်းက ဘယ်လို တွေးမိလိုလဲ"
ထိုလူက စဉ်းစားတွေးတောပြီး ပြောဆိုသည်။
"လူတိုင်းမှာ လိုအပ်ချက်တွေ ရှိတယ်... ကိုယ်ပိုင် ဆန္ဒတွေ ရှိတယ်... ဟုတ်ပါတယ်... ငါတို့က အရင်တုန်းက စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်း ပေးခဲ့တယ်... ရက်ရက်မှုတွေကို အများကြီး ပြသခဲ့တယ်လို့ ငါတို့ ယုံကြည်ခဲ့ကြတယ်"
"ဒါပေမဲ့ တစ်ဖက်လူက ဆေးဘုရင်နှစ်ယောက်ကို အပြင်စည်းတပည့်တွေအဖြစ်တောင် လက်ခံထားတဲ့သူလေ... စိတ်ဝိညာဉ်ကျောက်တုံးလို သာမန်အရာတွေကို သူ ဘယ်လိုလုပ်ပြီး ဂရုစိုက်မှာလဲ... ဒါကြောင့် သူ ဘာကိုလိုအပ်လဲဆိုတာကို ကျွန်တော်တို အရင်ဆုံး ရှာဖွေရမယ်... ဒါမှမဟုတ် သူ ဘာကို တန်ဖိုးထားလဲ ဆိုတာပေါ့"
"အဲ့ဒီလိုလုပ်မှပဲ ကျွန်တော်တိုက အားစိုက်ထုတ်မှုတစ်ဝက်နဲ့ အကျိုးကျေးဇူးနှစ်ဆ ရနိုင်လိမ့်မယ်"
သူ ထိုသိုပြောဆိုလိုက်သည်နှင့် လူများအားလုံး၏မျက်လုံးများ တောက်ပသွားသည်။ ဤသည်က အဓိပ္ပါယ်ရှိသည်ဟု စဥ်းစားတွေးတောကာ သူတိုအားလုံး သဘောတူလိုက်ကြသည်။
"ဒါပေမဲ့ သူ ဘယ်မှာ တည်းခိုနေလဲ ဆိုတာတောင် ငါတို မသိဘူးလေ... သူ့ရဲ့ နှစ်သက်မှုတွေကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ"
ဤအချိန်တွင် ခန်းမဆောင်သခင်တစ်ယောက် မေးခွန်းအသစ်တစ်ခုကို ထုတ်ဖော်မေးမြန်းလိုက်သည်။
သူတို့သည် ပြဿနာဖြေရှင်းရမည်ကို မကြောက်ချေ။ သူတို့ ဖြေရှင်းရမည့် လမ်းကြောင်းအား ရှာမတွေ့မည်ကိုသာ ကြောက်ရွံခြင်းဖြစ်သည်။ ယခုချိန်၌ ယေဘုယျ ချဉ်းကပ်နည်းကို အဆိုပြုပြီးပြီဖြစ်သောကြောင့် မည်သည့်ပြဿနာမျိုး ရှိလာပါစေ သူတို့ ကျော်ဖြတ်ရပေမည်။
"တကယ်တော့ ဒီကိစ္စက ဖြေရှင်းရလွယ်ပါတယ်"
ခန်းမဆောင်သခင်တစ်ယောက်က ပြောဆိုလိုက်သည်။
"မမေ့နဲ့အုံး... ဒီနေရာက ဘာလဲဆိုတာ... ဒါက ငါတို့ တန်ထင်းခန်းမဆောင်ရဲ့ ရုံးချုပ်လေ"
"သူ့ရဲ့ သတင်းအချက်အလက်တွေကို နက်နက်နဲနဲ စုံစမ်းဖို့ အဆင်မပြေပေမယ့် သူ ဘယ်မှာနေလဲ ဆေးမြို့တော်မှာ ဘာတွေ လုပ်နေလဲဆိုတာ စုံစမ်းဖို့ ငါတို့ရဲ့သတင်းပေးတွေကို လွှတ်လိုက်ရင် ငါတို့ လိုချင်တဲ့ သတင်းတချို့ကို အမြန်ဆုံး ရလာမှာပါ"
သူ ပြောဆိုလိုက်သည်နှင့် လူများအားလုံးသည် သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြ၏။ ယခုချိန်၌ သူတို့အတွက် ဤနည်းလမ်းသာ ရှိတော့သည်။
မကြာမီ....
ခန်းမဆောင်သခင်များ၏ သတိထားပြီး ပါးနပ်သော စီစဉ်မှုအောက်တွင် ကျုံးချင်တည်းခိုနေသော နေရာက သူတို့ထံသို့ အလျင်အမြန် ရောက်ရှိလာသည်။
"တောင်ပေါ် အပန်းဖြေစံအိမ်"
လူများအားလုံး အံ့အားသင့်သွားကြသည်။
"သူက ဘယ်လိုလုပ်ပြီးတော့ တောင်ပေါ် အပန်းဖြေစံအိမ်မှာ ရှိနေရတာလဲ"
ခန်းမဆောင်သခင်တစ်ယောက်က ထူးဆန်းသေူ မျက်နှာအမူအယာဖြင့် ယဲ့ချင်းရှန်ကိုကြည့်ပြီး ပြောဆိုလိုက်သည်။
"အဘိုးကြီးယဲ့... ငါ မမှားဘူးဆိုရင် ဒီ တောင်ပေါ် အပန်းဖြေစံအိမ်က အဘိုးကြီးရှောင်ယောက်က မင်းရဲ့မြေးယဲ့ကျန်းကို သူ ဆယ်နှစ်ပြည့် မွေးနေ့တုန်းက လက်ဆောင်ပေးခဲ့တဲ့ စံအိမ်မဟုတ်လား"
အချိန်တခဏအတွင်းတွင် လူများအားလုံး၏ မျက်နှာများပေါ်တွင် မယုံကြည်နိုင်မှုများ ထင်ဟပ်လာသည်။ ယခုချိန်၌ သူတို့သည် ကိစ္စတစ်ခုကို အရေးတကြီး သိလိုပေ၏။ ကျုံးချင်သည် မည်သည်ကြောင့် တောင်ပေါ် အပန်းဖြေစံအိမ်၌ ရှိနေသနည်း။ ထို့ပြင် ယဲ့ကျန်းနှင့်သူ့အကြားတွင် မည်သည့်ဆက်စပ်မှု ရှိနေသနည်း။
သူတို့၏ထောက်လှမ်းရေးစနစ်မှာ အလွန်အားကောင်းသည်။ မကြာမီမှာပင် သူတို့ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းမေးမြန်းပြီးနောက် ထောက်လှမ်းရေးသတင်းအသစ်တစ်ခုက သူတို့ထံသို့ ထပ်မံ၍ရောက်ရှိလာသည်။
"တောင်ပေါ်အပန်းဖြေစံအိမ်က ယဲ့ကျန်း စီစဉ်ပေးထားတဲ့ ကျုံးချင်ရဲ့ ယာယီနေအိမ်ပါ... သူတို့နှစ်ယောက်က မကြာခဏ အတူတူ သောက်ကြပြီးတော့ သူတို့ရဲ့ဆက်ဆံရေးက အရမ်း ကောင်းမွန်ပုံရတယ်"
ထိုသတင်းသည် တိုတောင်းသော်လည်း ပါဝင်သည့် အကြောင်းအရာက လူများအားလုံးကို အလွန်အမင်း တက်ကြွသွားစေသည်။ အမှန်တကယ်ကို 'တောင်တွေ မြစ်တွေက လမ်းဆုံးပြီလို့ ထင်ရပေမယ့် မိုးမခပင်တွေနဲ့ ပန်းတွေကြားမှာ ရွာတစ်ရွာ ပေါ်လာတယ်'ဟု ဆိုသည့်အတိုင်းပင်။ အလှည့်အပြောင်းက ဤမျှထိ ရုတ်တရက်ဆန်စွာ ရောက်လာလိမ့်မည်ဟု သူတို့အားလုံး မည်သို့မျှ ထင်မှတ်မထားခဲ့ကြချေ။
အထူးသဖြင့် ယဲ့ချင်းရှန်၏စိတ်ထဲတွင် စိတ်ခံစားမှုများ လှိုင်းထနေသည်။ သူ၏အသုံးမကျသော မြေးသည် ထိုကဲ့သို့ပုဂ္ဂိုလ်မျိုးနဲ့ ပတ်သက်ဆက်နွယ်မှု ရှိနေသည်ဟု ဆိုသလော။
"အဘိုးကြီးယဲ့... အဲ့ဒီနေရာမှာ ရပ်မနေနဲ့... မင်းရဲ့မြေးဆီ မြန်မြန်သွားပြီးတော့ သူတို့ရဲ့ဆက်ဆံရေးက ဘာလဲဆိုတာ မေးကြည့်လိုက်အုံး... သူ့ကနေတဆင့် ငါတို့ ချဥ်းကပ်နိုင်မယ့် လမ်းကြောင်းကို ရှာတွေ့ရင် ဒီကိစ္စက အလှည့်အပြောင်း ဖြစ်လာနိုင်တယ်"
ခန်းမဆောင်သခင်တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် တိုက်တွန်းလိုက်သည်။
ယဲ့ချင်းရှန်က အနည်းငယ် မလိုလားသကဲ့သို့ ခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ယဲ့ကျန်းကို မိသားစုထဲမှ နှင်ထုတ်ခဲ့သည်မှာ သိပ်မကြာသေးချေ။ ယခုချိန်၌ သူ တစ်ဖက်လူကို အပြေးအလွှား သွားရှာရမည်မှာ အနည်းငယ်သိက္ခာကျစေမည့် ကိစ္စတစ်ခု ဖြစ်နေသည်။
သို့သော် သူ ရက်ပေါင်းများစွာ အလုပ်ရှုပ်နေပြီး ဟိုပြေးသည်ပြေးနှင့် မျက်နှာချိုသွေးခဲ့ရသည်များကို ပြန်တွေးကြည့်လိုက်ချိန်၌ ဤသည်က အရေးမပါတော့သည်ကို သူ နားလည်လိုက်သည်။ ထို့ပြင် ဤကိစ္စသည် အလွန် အရေးကြီးပြီး အမှားခံ၍ မရချေ။
သူသည် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ တိုက်ရိုက်သဘောတူလိုက်၏။
"ကောင်းပြီ... ငါ အခြေအနေကို အရင် သွားကြည့်လိုက်မယ်... ပြီးမှ အသေးစိတ်ကို ပြန်ပြောပြမယ်"
ထိုသို့ပြောဆိုရင်း သူသည် တန်ထင်းခန်းမဆောင်မှ ထွက်ခွာသွားပြီး ယဲ့ကျန်းကို ခေါ်ရန် လူတစ်ယောက်ကို ချက်ချင်းစေလွှတ်လိုက်သည်။
လင်းပေါင်ခန်းမဆောင်...
အချိန်တူ...
နေရာတူ...
လူနှစ်ယောက် တူညီကာ ပြန်ဆုံတွေ့ခဲ့ကြသည်။ သူတို့၏အခြေအနေများသာ ယခုအချိန်၌ များစွာကွာခြားသွားခဲ့လေပြီ။ လွန်ခဲ့သောတစ်ကြိမ်က အဘိုးနှင့်မြေး ဤနေရာတွင် တွေ့စဉ်၌ ယဲ့ချင်းရှန်က ဒေါသတကြီးဖြင့် ယဲ့ကျန်းကို ပါးရိုက်ခဲ့သည်။ ထိုကိစ္စကြောင့် သူတို့နှစ်ယောက်ကြားတွင် ရန်အကြီးအကျယ် ဖြစ်ခဲ့ကြ၏။
ဤတစ်ကြိမ်၌မူ ပြန်လည်တွေ့ဆုံချိန်၌ ယဲ့ချင်းရှန်၏မျက်နှာ ပြုံးရွှင်နေသည်။
"မြေးလိမ္မာလေး... ဒီကိုလာပါအုံး... အဘိုး သေချာ ကြည့်ပါရစေ... ဒီအတောအတွင်း ပိန်သွားတာလား...."
ယဲ့ကျန်းသည် အဖိုးဖြစ်သူ၏ ထိုကဲ့သို့ ကြင်နာသော အမူအယာမျိုးကို အိပ်မက်ထဲ၌သာ တွေ့မြင်ဖူးသည်။
သူသည် သူ၏စိတ်ထဲမှ စိတ်ခံစားချက်လှိုင်းဂယက်များကို ဖိနှိပ်လိုက်သည်။
သူက အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"ယဲ့ကျန်းက မိသားစုကနေ နှင်ထုတ်ခံထားရတဲ့သူပါ... ကျွန်တော် သေတာရှင်တာက အဖိုးနဲ့ ဘာမှ မဆိုင်တော့ဘူးလို့ ထင်ပါတယ်... ကျွန်တော် ဝတာပိန်တာက အရေးပါလို့လား... တခြားကိစ္စ မရှိရင် ကျွန်တော် ပြန်တော့မယ်"
"နေပါအုံး"
ယဲ့ချင်းရှန်က သူ၏အပြုံးကို ရုပ်သိမ်းလိုက်သည်။ သာမန်မျက်စိနှင့် မြင်သာသည့် အမြန်နှုန်းဖြင့် သူ၏မျက်နှာ သုန်မှုန်သွားသည်။ သူ၏အဆင့်အတန်းသည် မည်သို့ ဖြစ်သနည်း။ တစ်ဖက်လူ၏အဆင့်အတန်းက မည်သို့ဖြစ်သနည်း။ ယဲ့ကျန်းသည် မည်သည့်သတ္တိမျိုးဖြင့် သူ့ကို ဤကဲ့သို့ သဘောထားမျိုး ပြသရဲသနည်း။
ဤသည်က အမှန်တကယ်ကို တရားလွန်ပေ၏။
သို့သော် သူသည် ယဲ့ကျန်းကို မေးစရာ ရှိနေသဖြင့် သူ ဒေါသထွက်၍ မကောင်းချေ။ ထိုကြောင့် သူ၏စိတ်ထဲက ဒေါသကို ဖိနှိပ်ထားရုံသာ တတ်နိုင်တော့သည်။ သူက အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။
"မကြာသေးခင်က ကျုံးချင်က မင်းရဲ့အိမ်မှာ တည်းနေတယ်လို့ ငါ ကြားတယ်... မင်းနဲ့သူကြားမှာ ဘာပတ်သက်မှုရှိလဲ"
"ငါ မင်းကို တဲ့တိုးပဲပြောမယ်... ဒီလူရဲ့လက်အောက်မှာ ဆေးဘုရင်နှစ်ယောက်ရှိတယ်... အဲ့ဒီလူနှစ်ယောက်က ငါတို့ တန်ထင်းခန်းမဆောင်အတွက် အရမ်းအရေးကြီးတယ်"
"တကယ်လို့ မင်းက ကျုံးချင်ကို စည်းရုံးပြီးတော့ အဲ့ဒီလူနှစ်ယောက်ကို ငါတို့ တန်ထင်းခန်းမဆောင်ကို ဝင်ရောက်လာအောင် လုပ်ပေးနိုင်ရင်... မင်းရဲ့ အဓိကတပည့် အဆင့်အတန်းကို ပြန်ပေးဖို့ ငါ ဆုံးဖြတ်ပေးမယ်"
"ဟား ဟား ဟား...."
ယဲ့ကျန်းက အဆက်မပြတ် ရယ်မောလိုက်သည်။
ဤသည်က ယဲ့ချင်းရှန်၏ သုန်မှုန်နေသော မျက်နှာကို ပို၍မှုန်တေတေဖြစ်သွားစေသည်။
"မင်းက ဘာရယ်တာလဲ"
ယဲ့ကျန်းက ကြောက်ရွံမှုမရှိဘဲ တုံ့ပြန်ပြောဆိုလိုက်၏။
"အဖိုးက ဘယ်လောက်ထိ ရယ်စရာကောင်းလဲ ဆိုတာကို တွေးမိလို့ ရယ်နေတာပါ... ဒီလိုစကားမျိုး ပြောရဲတဲ့သတ္တိ အဖိုး ဘယ်ကနေ ရလာတာလဲဆိုတာတောင် ကျွန်တော် မသိတော့ဘူး"
ထိုသို့ပြောဆိုရင်း ယဲ့ကျန်းက သူ၏အတိတ်က အတွေ့အကြုံများအားလုံးကို ပြန်လည်၍ တွေးတောလိုက်သည်။ ဖော်ပြ၍မရနိုင်သော ခါးသည်းမှုတစ်ခုက သူ၏စိတ်ထဲသို့ တိုးဝင်လာပေ၏။ သူ၏မျက်လုံးများ နီရဲနေပြီး သူက ဒေါသတကြီး ပြောဆိုလိုက်သည်။
"ကျွန်တော်က ဧည့်အကြီးအကဲ တံဆိပ်ပြားကို စီနီယာကျုံးချင်ဆီ ပေးခဲ့တယ်ဆိုတာ အဖိုး သိရဲ့လား... ဒါပေမဲ့ အဖိုးက စီနီယာကျုံးချင်ဆီကနေ အဲ့ဒါကို ပြန်ယူခိုင်းခဲ့တယ်လေ"
"အခု အဖိုးက ဆေးဘုရင်နှစ်ယောက် တန်ထင်းခန်းမဆောင်ကို ဝင်လာဖို့အတွက် သူ့ကို စည်းရုံးပေးဖို့ ကျွန်တော့်ကို ပြောနေပြန်ပြီ... ဒါက ရယ်စရာ အရမ်းမကောင်းဘူးလား"
ထိုစကားကို ကြားလိုက်ရသည်နှင့် ယဲ့ချင်းရှန်၏ မျက်နှာအမူအယာ ပြောင်းလဲသွားသည်။
"ဘာ... မင်းရဲ့ ဧည့်အကြီးအကဲ တံဆိပ်ပြားက သူ့ကို ပေးခဲ့တာလား"
ယဲ့ချင်းရှန်၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။ သူ၏စိတ်ထဲတွင် မရေမတွက်နိုင်သော လှိုင်းဂယက်များဖြင့် ပြည့်နှက်သွားပေ၏။ ထို့ကြောင့် ယဲ့ကျန်း၏ ရိုင်းစိုင်းမှုကို လျစ်လျူရှုပြီး သူက အလျင်စလို မေးမြန်းလိုက်သည်။
"အဲဒီ ဧည့်အကြီးအကဲ တံဆိပ်ပြားကို မင်း ပြန်ယူပြီးပြီလား"
ယဲ့ကျန်းက အေးစက်စက် နှာမှုတ်လိုက်သည်။
"သေချာပေါက် မယူရသေးဘူးပေါ့... ကံကောင်းလို့ ကျွန်တော်က အဖိုးရဲ့စကား နားမထောင်ဘဲ ကိုယ့်အတွေးနဲ့ကိုယ် ရပ်တည်ပြီး စီနီယာကျုံးချင်ဆီကနေ ပြန်မတောင်းခဲ့မိတာ... မဟုတ်ရင် ဒီလို ပုဂ္ဂိုလ်မျိုးနဲ့ ကျွန်တော်က ဘယ်လိုလုပ်ပြီး ရင်းနှီးတဲ့မိတ်ဆွေဖွဲ့ခွင့်ကို ရနိုင်မှာလဲ"
ဤသတင်းက ယဲ့ချင်းရှန်၏စိတ်ထဲတွင် အဆုံးမရှိသော လှိုင်းဂယက်များကို ဖြစ်ပေါ်စေခဲ့သည်။
သူ ချက်ချင်း သက်ပြင်းချလိုက်သည်။
"တော်သေးတာပေါ့... တော်သေးတာပေါ့... မင်း လုပ်တာ ကောင်းတယ်... ကံကောင်းလို့ မင်း ပြန်မတောင်းခဲ့တာ... ဒါဆိုရင် ပြင်ဆင်ဖို့ အခွင့်အရေး ရှိနေသေးတယ်"
"ပြင်ဆင်မယ် ဟုတ်လား..."
ဤအချိန်တွင် ယဲ့ကျန်းက ပြုံးလိုက်သည်။ သို့ရာတွင် သူ၏အပြုံးသည် အနည်းငယ် အေးစက်နေပေ၏။
"ဟုတ်တယ်... ကျွန်တော်က တံဆိပ်ပြားကို ပြန်မယူခဲ့ဘူး... ဒါပေမဲ့ ကျွန်တော့်ရဲ့ ချစ်လှစွာသောအဖိုးက အဲ့ဒါကို ပိတ်ပင်လိုက်တယ်လေ"
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က စီနီယာကျုံးချင်က တံဆိပ်ပြားနဲ့ ဈေးဝယ်ထွက်ခဲ့တယ်... ဒါပေမဲ့ အဲ့ဒီတံဆိပ်ပြားရဲ့ လုပ်ဆောင်ချက်ကို ပိတ်ပင်ထားတယ်လို့ အပြောခံလိုက်ရတယ်... အဖိုး ဘာလုပ်ခဲ့လဲဆိုတာ အဖိုး မသိဘူးလား"
ဤသတင်းသည် မိုးကြိုးပစ်ခတ်လိုက်သည့်အလား ယဲ့ချင်းရှန်၏မျက်နှာကို ချက်ချင်းဖြူရော်သွားစေသည်။ သို့သော် ယဲ့ကျန်းက သူ၏မျက်နှာအမူအယာကို လျစ်လျူရှုပြီး ဆက်လက်၍ ပြောဆိုလိုက်သည်။
"အခု အဖိုးက စီနီယာကျုံးချင်ရဲ့လက်အောက်က ဆေးဘုရင်တွေကို တန်ထင်းခန်းမဆောင် ဝင်ဖို့ စည်းရုံးပေးစေချင်တယ်ပေါ့... အဘိုးမှာ မျက်နှာ ရှိကောင်းရှိမယ်... ဒါပေမဲ့ ကျွန်တော်ကတော့ ဒီလိုကိစ္စမျိုး လုပ်ဖို့ မျက်နှာမရှိဘူး"
ဤစကားအရောက်၌ သူ အချိန်တခဏကြာခန့် ရပ်လိုက်သည်။ သူ၏အသံတွင် ဖော်ပြ၍မရနိုင်သော ဝမ်းနည်းမှုများ ပါဝင်နေသည်။
"ဒီအချိန်အထိ ကျွန်တော်က လုံ့လဝီရိယရှိရှိနဲ့ ကြိုးစားခဲ့တာ... တစ်နေ့ကျရင် ကျွန်တော်တို့ လင်းပေါင်ခန်းမကို ဖွံ့ဖြိုးတိုးတက်ပြီး အင်အားကောင်းလာအောင် လုပ်နိုင်မယ်လို့ မျှော်လင့်ခဲ့တာပါ"
"ဘုရင်အဆင့် လက်နက်နှစ်ခုအကြောင်း ပထမဆုံး ကြားကြားချင်း ကျွန်တော်က ညတွင်းချင်း အပြေးသွားခဲ့တယ်... ဒီလိုပုဂ္ဂိုလ်မျိုးနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ပြီးတော့ ကျွန်တော်တို့ လင်းပေါင်ခန်းမအတွက် ကံကောင်းခြင်းတွေ ဖန်တီးပေးချင်ရုံ သက်သက်ပဲ... ဒါကြောင့် ကျွန်တော်က စီနီယာကို ဧည့်အကြီးအကဲ တံဆိပ်ပြား ပေးခဲ့တာပါ"
"ဒါပေမဲ့ ရလဒ်က ဘာလဲ... ကျွန်တော် ပြန်ရလိုက်တာက မိသားစုကနေ နှင်ထုတ်ခံရတာ အဆင့်အတန်း ရုတ်သိမ်းခံရတာနဲ့ ဧည့်အကြီးအကဲ တံဆိပ်ပြားရဲ့ လုပ်ဆောင်ချက်ကို ပိတ်ပင်ခံရတာတွေပဲ... အဖိုးက တကယ်ကို ကျွန်တော့်ရဲ့ 'ကောင်းမွန်တဲ့' အဖိုးပါပဲ"
ဤကဲ့သို့ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာသော စကားလုံးများက ယဲ့ချင်းရှန်ကို လုံးလုံးလျားလျား လွှမ်းမိုးသွားသည်။ သူ ပါးစပ်ဟလိုက်ပြီး သူ၏မျက်နှာပေါ်တွင် အလွန်အမင်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"ကျုံး... ကျုံးချင်... သူက အဲ့ဒီ ဘုရင်အဆင့် လက်နက်နှစ်ခုရဲ့ ပိုင်ရှင်လား"
ယဲ့ကျန်းက ပြောဆိုသည်။
"သူဆိုတာ အမှန်ပဲ... တကယ်လို့ အဖိုးကသာ ကျွန်တော့်ကို တစ်ကြိမ်လောက် ယုံကြည်ခဲ့မယ်ဆိုရင် အခြေအနေက အခုလို ဖြစ်လာမှာ မဟုတ်ဘူး... ကျွန်တော် ဒီကိစ္စကို မကူညီနိုင်ဘူး... အဖိုးက တခြားလူကိုပဲ သွားရှာလိုက်ပါ"
ယဲ့ကျန်း ပြောဆိုပြီးသည်နှင့် နောက်သို့ပြန်လှည့်မကြည့်ဘဲ ထွက်ခွာသွားသည်။ ယဲ့ချင်းရှန်သည် ထိုင်ခုံပေါ်တွင် စိတ်ပျက်လက်ပျက်ဖြင့်ထိုင်ပြီး ကျန်နေရစ်ခဲ့ပေ၏။
သူ၏မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး သွေးရောင်မရှိတော့ချေ။ နက်ရှိုင်းသော နောင်တရမှုတစ်ခုက သူ၏စိတ်ထဲတွင် ပြည့်နှက်လာသည်။ မူလက ငွေရောင်သန်းနေသော သူ၏ဆံပင်များ ချက်ချင်းဖြူဖွေးသွားတော့သည်။