ဆေးမြို့အရှင်
Vol. 14 Ch. 132
မကြာသေးမီက တန်ထင်းခန်းမဆောင်သည် အလွန်တိတ်ဆိတ်ငြိမ်သက်နေပေ၏။
ခန်းမဆောင်သခင်ငါးယောက်သည် ဆေးဘုရင်နှစ်ယောက်၏ကိစ္စကြောင့် စိုးရိမ်ပူပန်မှုများဖြင့် ဆံပင်များပင် ဖြူလာပြီး တစ်ညလုံး အိပ်မပျော်နိုင်ဘဲ ဟိုလှိမ့်ဒီလှိမ့် ဖြစ်နေကြသည်။
တစ်ချိန်တည်းတွင် ထိုကိစ္စနှင့် ပတ်သက်နေသော ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ကမူ တောင်ပေါ် အပန်းဖြေစံအိမ်တွင် ကျုံးချင်နှင့်အတူ ဟော့ပေါ့စားလိုက် ဝိုင်အရက်သောက်လိုက်ဖြင့် အေးအေးလူလူ ပျော်ပါးနေကြသည်။
သူတို့ စားသောက်နေစဉ်တွင် တံခါး၏အပြင်ဘက်မှနေ၍ ပုံရိပ်တစ်ခု အလျင်စလို ဝင်ရောက်လာသည်။
"ညီအစ်ကိုကျုံး... မင်း စုံစမ်းခိုင်းထားတဲ့ ကိစ္စ သတင်းရလာပြီ"
အခန်းထဲသို့ ဝင်ရောက်လာသူက ထိုင်လိုက်ပြီး ဝိုင်အရက်တစ်ငုံ မော့သောက်လိုက်၏။
ဤသည်မှာ ကျိုးဆန်းပင်။
ယခင်တစ်ကြိမ်က ယဲ့ကျန်းသည် မိသားစုမှ နှင်ထုတ်ခံထားရသည့်အကြောင်း ပြောဆိုပြီးစဥ်ကတည်းက ကျုံးချင်သည် ထိုကိစ္စကို အနည်းငယ် ဂရုစိုက်နေခဲ့သည်။ ထို့ကြောင့် သူသည် အခြေအနေကို စုံစမ်းရန် ကျိုးဆန်းအား တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ဝိုင်အရက်သောက်ပြီးနောက် ကျိုးဆန်းသည် သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး အကြောင်းအရင်းကို ဖြည်းဖြည်းချင်း ရှင်းပြလိုက်၏။
"အမှုဆောင်အရာရှိယန်ရဲ့ စကားအရတော့ လင်းပေါင်ခန်းမဆောင်ရဲ့ ခန်းမသခင် ယဲ့ချင်းရှန်က ယဲ့ကျန်းအတွက် အဆင့်သုံး ဆေးပညာရှင် တစ်ယောက်ကို ရွေးချယ်ပေးခဲ့ပြီးတော့ အဲ့ဒီကိစ္စအတွက် ဧည့်အကြီးအကဲ တံဆိပ်ပြားကို ပေးဖို့ တောင်းဆိုခဲ့တယ်"
"ဒါပေမဲ့ ယဲ့ကျန်းက ဧည့်အကြီးအကဲ တံဆိပ်ပြားကို မင်းဆီ ပေးပြီးသွားပြီလေ... ယဲ့ချင်းရှန်က သူ့ကို တံဆိပ်ပြား ပြန်ယူခိုင်းခဲ့ပေမယ့် ယဲ့ကျန်းက ငြင်းဆန်ခဲ့တယ်... အဲ့ဒါကြောင့် မိသားစုကနေ နှင်ထုတ်ခံလိုက်ရပြီး အဓိကတပည့် အဆင့်အတန်းကနေ ရုတ်သိမ်းခံလိုက်ရတာပဲ"
ဤသတင်းသည် ကျုံးချင်အတွက် အနည်းငယ် မျှော်လင့်မထားသော အရာပင်။ တစ်ဖက်လူသည် သူ့ကြောင့် မိသားစုမှ နှင်ထုတ်ခြင်း ခံလိုက်ရသလော။
သူက စားပွဲကို လက်ချောင်းများဖြင့် ခပ်ဖွဖွ ခေါက်လိုက်သည်။ သူ၏မျက်နှာအမူအယာသည် စဥ်းစားတွေးတောနေပုံ ရပေ၏။ အချိန်တဏကြာ စဉ်းစားပြီးနောက် သူက ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ကို မေးမြန်းလိုက်သည်။
"ယဲ့ကျန်းကို ခင်ဗျားတို့ ဘယ်လိုမြင်လဲ"
ဝူယွဲ့က အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် တုံ့ပြန်အဖြေပေးသည်။
"သူက အခြေအနေကိုလိုက်ပြီး လိုက်လျောညီထွေလုပ်တတ်တယ်...ကိစ္စရပ်တွေကို ကိုင်တွယ်တဲ့နေရာမှာ ကောင်းမွန်တယ်.... အတွေးအခေါ် ရှင်းလင်းပြီး လူသားတွေကြားမှာ ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်လို့ ပြောလို့ရပါတယ်"
ရှီရှောင်ထျန်းက ပြောဆိုသည်။
"သူက သူ့ရဲ့အသက်အရွယ်နဲ့စာရင် ရင့်ကျက်တယ်....လုပ်ရပ်တွေက တည်ငြိမ်ပြီး အရည်အချင်းရှိတယ်...လူတွေအပေါ် ရိုးသားတယ်....သူက မိတ်ဆွေဖွဲ့ဖို့ ထိုက်တန်တဲ့လူပဲ"
သူတို့နှစ်ယောက်၏သုံးသပ်ချက်များအရ ယဲ့ကျန်းအပေါ် သူတို့၏အမြင်မှာ ငြင်းဆန်၍မရနိုင်အောင် မြင့်မားနေသည်။ သူတို့၏ စကားလုံးများတွင် ပေါ်ပေါ်ထင်ထင်အပြင် သွယ်ဝိုက်၍လည်း သူ့အပေါ် စေတနာထားမှုကို ပြသနေကြသည်။
ကျုံးချင်သည် နားလည်သဘောပေါက်ပြီး သူ၏စိတ်ထဲတွင် အစီအစဉ်တစ်ခုကို ချမှတ်လိုက်၏။
...
နောက်တစ်နေ့၌....
ဆေးမြို့တော်တစ်မြို့လုံးရှိ လမ်းကြားများနှင့်လမ်းမများပေါ်တွင် သတင်းတစ်ခု ပျံ့နှံ့သွားသည်။
"ကြားပြီးပြီလား... အဆင့်ငါးဆေးပညာရှင်နှစ်ယောက်က ဒီနေ့ ဗဟိုရင်ပြင်မှာ တပည့်လက်ခံမယ်တဲ့"
"ရှီး..."
ဤစကားသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူအုပ်ကြီးထံမှ အံ့အားတသင့် ရေရွတ်သံများ ထွက်ပေါ်လာသည်။
"ဘယ်သူကများ ဆေးဘုရင်နှစ်ယောက်ရဲ့ တပည့်အဖြစ် အသိအမှတ်ပြုခံရလောက်အောင် ကံကောင်းတာပါလိမ့်"
ဆေးဘုရင်....
သူတို့သည် အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်များပင်။ သူတို့အနက်မှ တစ်ယောက်၏တပည့်ဖြစ်ခွင့် ရလျှင်ပင် ကြီးကျယ်ခမ်းနားသည့်နေရာသို့ ပျံသန်းနိုင်မည့် အခွင့်အရေးဖြစ်သည်။ ဆေးဘုရင်နှစ်ယောက်ဆိုလျှင်မူ ထည့်ပြောနေရန်ပင် မလိုတော့ချေ။ ဤသည်မှာ အောင်မြင်မှုသို့သွားနိုင်မည့် တိုက်ရိုက်လမ်းကြောင်းပင်။
မရေမတွက်နိုင်သော လူများက သတင်းဖြန့်လိုက်ကြပြီး လူများအားလုံး ဗဟိုရင်ပြင်ဆီသို့ အပြေးအလွှား သွားရောက်ကြသည်။ သူတို့သည် ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော ပွဲကြီးကို လက်လွှတ်မခံချင်ကြကြောင်း သိသာထင်ရှားသည်။
ယခုအချိန်တွင် ဗဟိုရင်ပြင်၌ လူများနှင့် ပြည့်ကျပ်နေလေပြီ။
ရင်ပြင်၏အလယ်ဗဟိုတွင် ပေဆယ်ဂဏန်းမျှ မြင့်မားသော ရုပ်ထုတစ်ခုလည်း ရှိနေသည်။ ဤသည်မှာ ကုန်းမြေ၏ ပထမဆုံး အဆင့်ကိုး ဆေးပညာရှင်ဖြစ်ပြီး လောကကြီးပေါ်ရှိ ဆေးပညာရှင်များအားလုံး၏ ယုံကြည်ကိုးကွယ်ရာပင်။ သူ၏ရုပ်ထုများကို လောကကြီး၏အနှံ့အပြား၌ တွေ့ရှိနိုင်သည်။
ဆေးမြို့တော်တိုင်းတွင် ဤကဲ့သို့ ရုပ်ထုမျိုး ရှိနေပေ၏။ ထို့ပြင် ဆေးပညာရှင်လောကတွင် ရေးမှတ်မထားသော စည်းမျဉ်းတစ်ခု ရှိသည်။ ဆေးပညာရှင်တစ်ယောက် တပည့်လက်ခံရာတွင် အမြင့်ဆုံးအဆင့်အခမ်းအနားကို ဤရုပ်ထု၏ရှေ့၌ ပြုလုပ်လေ့ရှိသည်။ ဤသည်က အမွေဆက်ခံခြင်းနှင့်မျှော်လင့်ချက်ကို ကိုယ်စားပြုသည်။
ရုပ်ထုအောက်ရှိ မြင့်မားသော စင်မြင့်ပေါ်တွင် အဆင့်ငါး ဆေးပညာရှင် ဝတ်ရုံနက်ကို ဝတ်ဆင်ထားသော ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့သည် ဘေးတစ်ဖက်စီတွင် မတ်တတ်ရပ်နေကြသည်။ သူတို့၏အောက်ဘက်တွင် သပ်ရပ်သော ဝတ်စုံကို ဝတ်ဆင်ထားသော ယဲ့ကျန်းသည် သူတို့နှစ်ယောက်အတွက် လက်ဖက်ရည် ငှဲ့ပေးနေပေ၏။
ဝူယွဲ့သည် တောင်တစ်လုံးကဲ့သို့ ခမ်းနားထည်ဝါသော အရှိန်အဝါဖြင့် သူ၏လက်များကို နောက်ပစ်ပြီး တည်ကြည်လေးနက်စွာ မေးမြန်းလိုက်သည်။
"ယဲ့ကျန်း... မင်း ငါတို့ရဲ့ တပည့် ဖြစ်ချင်လား"
ယဲ့ကျန်းက ရိုသေလေးစားစွာ သုံးကြိမ် ဦးတိုက်အရိုအသေပြုလိုက်သည်။
"ဒီတပည့်က လိုလားပါတယ်"
လူအုပ်ကြီးကြားတွင် တိုင်ပင်ဆွေးနွေးသံများ ထွက်ပေါ်လာသည်။
"သူတို့က အဆင့်ငါး ဆေးပညာရှင် နှစ်ယောက်လား... ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်သလဲ... ဘယ်လောက်တောင် လွှမ်းမိုးချုပ်ကိုင်နိုင်လိုက်လဲ"
"တကယ်လို့ ငါသာ ဒီလိုပုဂ္ဂိုလ်နှစ်ယောက်ရဲ့ တပည့် ဖြစ်ခွင့်ရရင်... မလိုဘူး... တစ်ယောက်တည်းဆိုရင်တောင် လုံလောက်ပါပြီ"
ဤမှတ်ချက်က လှောင်ပြောင်မှုတချို့ကို ဖြစ်ပေါ်စေခဲ့သည်။
"မင်းက ဆေးဘုရင်ရဲ့ တပည့် ဖြစ်ချင်တယ် ဟုတ်လား... မင်းရဲ့ ဘိုးဘေးသင်္ချိုင်းဂူကနေ မီးခိုးစိမ်းတွေ ထွက်မလာသရွေ့ ဖြစ်နိုင်မလားဆိုတာ ကြည့်လိုက်ပါအုံး"
"မင်းရဲ့ပုံစံကို မင်း ပြန်မကြည့်ဘူးလား"
"ဆေးဘုရင်ဆိုတာ ငါ့လို ထူးချွန်ပြီး ရုပ်ရည်ခန့်ညားတဲ့ လူငယ်တွေကိုပဲ လက်ခံမှာပေါ့... "
"ဒါက အလှမယ်ပြိုင်ပွဲ မဟုတ်ဘူး... တပည့်လက်ခံတာက ပါရမီနဲ့ ဆိုင်တယ်... ရုပ်ရည်နဲ့ ဘာဆိုင်လို့လဲ"
"ဟဲ ဟဲ... မင်းရဲ့ ရုပ်ရည်နဲ့ဆိုရင်တော့ အစ်ကိုရေ... မင်းရဲ့ ရုပ်ရည်က မင်းရဲ့ ပါရမီထက်တောင် ပိုထင်ရှားနေသေးတယ်... ဒါကြောင့် အပြင်ထွက်ပြီး မြို့တော်ရဲ့ အလှအပကို မထိခိုက်စေနဲ့"
...
အကယ်၍ ဤနေရာသည် ပြဿနာရှာရမည့်နေရာ မဟုတ်ကြောင်း သူတို့ မသိခဲ့လျှင် ဆေးဘုရင် မနှစ်သက်မည့် ပဋိပက္ခများ ဖြစ်ပွားမည်ကို မကြောက်ခဲ့လျှင် ဤနေရာတွင် ကြေကွဲစရာ အဖြစ်အပျက်များစွာ ဖြစ်သွားလောက်သည်။
သို့သော် ဤသည်က ဆေးဘုရင်နှစ်ပါး၏ သြဇာလွှမ်းမိုးမှု မည်မျှထိ ကြီးမားသည်ကိုလည်း ဖော်ပြနေသည်။ ပတ်ဝန်းကျင်နေရာတဝိုက်လုံးတွင် ခါးသီးသော မှတ်ချက်အမျိုးမျိုး မနာလို ဝန်တိုမှုများနှင့် မုန်းတီးမှု ခံစားချက်များက လျှံကျလုနီးပါး ဖြစ်နေပေ၏။
ထောင့်တစ်နေရာတွင် ရှိနေသော ကျုံးချင်က ဤမြင်ကွင်းကို ကြည့်ပြီး သူ၏နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်သည်။ ဤသည်မှာ သူ လိုချင်သည့် အကျိုးသက်ရောက်မှု အတိအကျပင်။
သူသည် ယဲ့ကျန်း၏ပစ္စည်းများကို လက်ခံခဲ့ပြီးယဲ့ကျန်း၏နေရာတွင် တည်းခိုခဲ့ခြင်းက ကျေးဇူးကြွေးတစ်ခု တင်နေခဲ့သည့်အလားပင်။ ယခုချိန်တွင် ယဲ့ကျန်းသည် မိသားစုမှ နှင်ထုတ်ခံလိုက်ရပြီဖြစ်သောကြောင့် သူ လက်ပိုက်ကြည့်နေမည် မဟုတ်ချေ။
ဆေးဘုရင်နှစ်ယောက်က သူ့ကို တပည့်အဖြစ် လက်ခံလိုက်ခြင်းက ယဲ့ကျန်း၏ဂုဏ်သတင်းကို အထွတ်အထိပ်တစ်ခုသို့ သေချာပေါက် တွန်းပို့ပေးပေလိမ့်မည်။ ထို့ပြင် တစ်ခါတစ်ရံတွင် ဂုဏ်သတင်းဆိုသည်မှာ စွမ်းအားအဖြစ် တိုက်ရိုက် ပြောင်းလဲနိုင်သည်။
...
ဆေးဘုရင်နှစ်ယောက်မှ တပည့်လက်ခံသည့် သတင်းသည် အလွန်လျှင်မြန်စွာ ပျံ့နှံ့သွားသည်။ မည်သို့ပင်ဆိုစေကာမူ ဆေးဘုရင်ဆိုသည်မှာ မည်ကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သနည်း။ သူတို့သည် အရှေ့ပိုင်းဒေသ၏ အထွတ်အထိပ်တွင် ရပ်တည်နေသော ပုဂ္ဂိုလ်များဖြစ်ကာ လမ်းလျှောက်နေသော ဂုဏ်သတင်း အိတ်ကြီးများပင်။ ဆေးဘုရင်တစ်ယောက်အကြောင်း သာမန်ကောလာဟလလေး တစ်ခုကပင် ကြီးမားသော လှုပ်ရှားမှုကို ဖြစ်စေနိုင်သည်ဟု ပြောနိုင်ပေ၏။
တပည့်လက်ခံခြင်းကဲ့သို့ ကြီးကျယ်သော ကိစ္စရပ်ကြီးဆိုလျှင်မူ ထည့်ပြောရန်ပင် မလိုတော့ချေ။
သတင်းက မကြာမီ တန်ထင်းခန်းမဆောင်သို့ ရောက်ရှိသွားသည်။ ခန်းမဆောင်သခင်ငါးယောက်သည် ဤသတင်းကို ကြားချိန်၌ သူတို့အားလုံး မှင်သက်သွားကြသည်။
"အဲ့ဒီကောင်လေး ယဲ့ကျန်းမှာ တကယ်ပဲ အဲ့ဒီလိုကံကောင်းခြင်းမျိုး ရှိတယ်တဲ့လား... အဲ့ဒီလူနှစ်ယောက်ရဲ့ တန်ဖိုးထားမှုကို ခံရပြီးတော့ အဆင့်ကိုး ဆေးပညာရှင် ရုပ်ထုအောက်မှာ ဆရာတပည့် အခမ်းအနားကို ကျင်းပနေတာလား"
ခန်းမဆောင်သခင်တစ်ဦးက မယုံကြည်နိုင်သော မျက်နှာဖြင့် အံ့အားတသင့် ရေရွတ်လိုက်သည်။
"အဘိုးကြီးယဲ့... ဒီလောက် ကံကောင်းခြင်းတွေ မြင့်မားတဲ့ လူတစ်ယောက်ကို ခင်ဗျားက မိသားစုကနေ နှင်ထုတ်လိုက်တယ်တဲ့လား... ခင်ဗျား... ခင်ဗျား ဘာတွေ တွေးနေတာလဲ"
ခန်းမဆောင်သခင်တစ်ယောက်သည် ဒေါသများပေါက်ကွဲလုနီးပါး ဖြစ်နေပြီး ယဲ့ချင်းရှန်၏ နှာခေါင်းကို ညွှန်ပြကာ ဆဲရေးမိလုနီးပါးပင်။ သူတို့သည် ယဲ့ကျန်းနှင့်ယဲ့ချင်းရှန်ကြားရှိ ပြိုကွဲမှု အကြောင်းကို သိရှိပြီးသား ဖြစ်သည်မှာ သိသာထင်ရှားလှ၏။
ယခင်ကတည်းက နောင်တရမှုများ ပြည့်နှက်နေပြီး တစ်ညတည်းနှင့် ဆံပင်ဖြူသွားသော ယဲ့ချင်းရှန်သည် ယခုအချိန်၌ သူ၏စိတ်ထဲတွင် မီးခိုးများအူထွက်လုနီးပါး နောင်တရနေလေပြီ။
တစ်ချိန်က အသုံးမကျဘဲ သူရဲဘောကြောင်သော ယဲ့ကျန်းတွင် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်သော ကံကောင်းခြင်းမျိုး ရှိနေကာ ဆေးဘုရင်နှစ်ယောက်၏တန်ဖိုးထားမှုကို ခံရလိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။
အကယ်၍ သူသာ ယဲ့ကျန်းကို မိသားစုထဲမှ နှင်မထုတ်ခဲ့လျှင် ဆေးဘုရင်နှစ်ယောက်နှင့် ယဲ့ကျန်း၏ ဆရာတပည့် ဆက်ဆံရေးအပေါ် အခြေခံပြီး သူတို့ကို တန်ထင်းခန်းမဆောင် ဝင်ရောက်ဖို့ ဖိတ်ခေါ်ခြင်းသည် သေချာပေါက် ဖြစ်လာမည့် ကိစ္စတစ်ခုပင်။
ကံဆိုးစွာဖြင့် ဤလောကကြီးတွင် နောင်တအတွက် ကုစား၍ရသော ဆေးမရှိချေ။
ထို့ပြင် ဆေးဘုရင်နှစ်ယောက်မှ တပည့်လက်ခံသည့် မပြီးဆုံးသေးသည့် အချိန်၌ပင် အနက်ရောင်ဝတ်စုံဝတ် လူတစ်ယောက်က လေထုထဲတွင် ပျံသန်းလာသည်။
ဤလူသည် အရပ်ရှစ်ပေခန့်ရှိပြီး ရွှေရောင်အလံတစ်ခုကို ကိုင်ဆောင်ထားကာ ထိုအရာပေါ်တွင် "ဆေးမြို့တော်"ဆိုသည့် စာလုံးများကို ထင်ရှားစွာ ရေးသားထားသည်။ သူ့၏ အစွမ်းထက်သော အရှိန်အဝါက တိမ်တိုက်များကိုပင် တုန်ခါသွားစေသည်။
ဤသည်က ခန်းမဆောင်သခင်ငါးယောက်ကိုလည်း ထိတ်လန့်သွားစေသည်။ သူတို့သည် မူလက ဆေးဘုရင်နှစ်ယောက် တပည့်လက်ခံသည့် ကိစ္စနှင့် ပတ်သက်ပြီး အံ့အားသင့်မှင်သက်နေကြတုန်းသာ ရှိသေးပေ၏။ ယခုရောက်ရှိလာသူကို မြင်တွေ့ချိန်၌ သူတို့၏မျက်နှာအမူအယာများ တည်ကြည်လေးနက်သွားကြသည်။
သူတို့က သူတို့၏လက်များကိုပူးဆုပ်၍ ဦးညွှတ်အရိုအသေပြုပြီး အလျင်အမြန် ပြောဆိုလိုက်သည်။
"ကျွန်တော်တို့က မဟာအစောင့်အရှောက်ကို အရိုအသေပြုပါတယ်"
ယခုရောက်ရှိလာသူမှာ ဆေးမြို့တော်အရှင်၏နံဘေးမှ အစောင့်အရှောက်မှတပါး တခြားလူ မဟုတ်ချေ။ အထူးသဖြင့် သူ ကိုင်ဆောင်ထားသော ဆေးမြို့တော် တံဆိပ်ပြားသည် ဆေးမြို့တော်အရှင်၏ ကိုယ်ပိုင်တံဆိပ်ပြားပင်။
ဤတံဆိပ်ပြားကို မြင်လိုက်ရခြင်းသည် ဆေးမြို့တော်အရှင်ကိုယ်တိုင် ရှိနေသကဲ့သို့ပင်။ ဆေးမြို့တော်အရှင်သည် ဆေးမြို့တော်၏ အစစ်အမှန် အရှင်သခင် ဖြစ်ပေ၏။ သူသည် ဆေးမြို့တော်ကို တည်ငြိမ်သော အင်အားစုဖြစ်စေသည့် အဓိကထောက်တိုက်ကြီးလည်း ဖြစ်သည်။ သူသည် ဆေးမြို့တော်ကို မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကာကွယ်စောင့်ရှောက်လာခဲ့သည်။ သူ့ကို သက်ရှိကျောက်ဖြစ်ရုပ်ကြွင်းအလား တည်ရှိမှုမျိုးဟု ပြောနိုင်သည်။
အနက်ရောင်ဝတ်စုံဝတ်လူက လူများအားလုံး၏ရှေ့သို့ ရောက်ရှိလာသည်။ သူသည် ရွှေရောင်အလံကို ကိုင်ဆောင်ထားပြီး သူ၏အသံသည် ကျယ်လောင်သော ခေါင်းလောင်းသံကြီးအလား ထွက်ပေါ်လာသည်။
"ဆေးမြို့တော်အရှင်ရဲ့ အမိန့်တော်အရ... တန်ထင်းခန်းမဆောင်က ယဲ့ကျန်းက ငယ်ရွယ်ပြီး အလားအလာရှိတဲ့အပြင် ထူးချွန်တဲ့ ပါရမီရှင်ဖြစ်ပြီးတော့ သာလွန်ထူးကဲတဲ့ ကံကြမ္မာကောင်းတွေကို ပိုင်ဆိုင်ထားပြီး အကျင့်စာရိတ္တ ကောင်းမွန်တဲ့အတွက်... ဆေးမြို့တော်အကြီးအကဲရာထူးကို အထူးခန့်အပ်လိုက်တယ်"
"ဝုန်း....."
ဤသတင်းသည် အလွန်စိတ်ရှုပ်ထွေးနေသော အခြေအနေတွင် ရှိနေပြီးသားဖြစ်သော ခန်းမဆောင်သခင်ငါးယောက်၏ စိတ်နှလုံးသားထဲတွင် အဆင့် ၁၂ လေပြင်းမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ဆေးမြို့တော် အရှင်သခင်သည် အမိန့်မထုတ်ပြန်တာ နှစ်ပေါင်း မည်မျှကြာမြင့်ပြီကို မသိတော့ချေ။ မည်သည်ကြောင့် ယခုမှ ရုတ်တရက်ကြီး အမိန့်ထုတ်ပြန်ခဲ့သနည်း။
ထို့ပြင် သူသည် ယဲ့ကျန်းကို ဆေးမြို့တော်အကြီးအကဲအဖြစ် တိုက်ရိုက်ခန့်အပ်လိုက်၏။
ဆေးမြို့တော်အကြီးအကဲ ဆိုသည်မှာ မည်သို့သော တည်ရှိမှုမျိုး ဖြစ်သနည်း။ ဤသည်က ဆေးမြို့တော်၏ ဒုတိယအရှင်ဖြစ်ကာ သူတို့နှင့် အဆင့်တူနီးပါး ဖြစ်နေလေပြီ။
ဤသည်မှာ အောင်မြင်မှုဆီသို့ ချက်ချင်းရောက်ရှိသွားသည့် ပြီးပြည့်စုံသော ခုန်ပျံကျော်လွှားမှုပင်။ ဂုဏ်သတင်းကြီးမားသော ဆေးဘုရင်နှစ်ယောက်က သူ့ကို ကျောထောက်နောက်ခံ ပြုပေးထားပြီး ဆေးမြို့တော်အရှင်က သူ့အားထောက်ခံပေးထားသည်။ ယခုချိန်၌ ယဲ့ကျန်းသည် ကြီးမားသော အခွင့်အာဏာကို ကိုင်စွဲထားသည်ဟု ပြောလျှင် ပိုလွန်းရာ မရောက်ချေ။
ဤကံကောင်းမှုနှင့် အခွင့်အလမ်းက ခန်းမဆောင်သခင်ငါးယောက်ကိုပင် အံ့အားသင့်ကာ စိတ်လှုပ်ရှားသွားစေခဲ့သည်။ ယခင်က ဂျူနီယာ တစ်ယောက်သည် ယခုချိန်၌ သူတို့ကို ကျော်တက်တော့မည့်ပုံ ပေါက်နေလေပြီ။
သူတို့၏စိတ်ထဲတွင် မကျေမနပ် ဖြစ်ကြသော်လည်း ဆေးမြို့တော်အရှင်၏ ဆုံးဖြတ်ချက်များအတွက် သူတို့ထံ၌ ငြင်းဆန်နိုင်သည့် အခွင့်အာဏာ မရှိပေ။ ထိုကြောင့် သူတို့သည် အမိန့်ကို ရိုသေစွာ နာခံရုံမှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ချေ။
"ကျွန်တော်တို့က ဆေးမြို့တော်အရှင်ရဲ့ အမိန့်တော်ကို နာခံပါတယ်"
သူတို့ငါးယောက်သား တပြိုင်နက်တည်း တုံ့ပြန်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ရှုပ်ထွေးသော အတွေးများဖြင့် မဟာအစောင့်အရှောက် လက်ကမ်းပေးသော ဆေးမြို့တော်အကြီးအကဲ ကိုယ်စားပြု အနက်ရောင်ဝတ်စုံနှင့် အထောက်အထား တံဆိပ်ပြားကို လက်ခံရယူလိုက်ကြ၏။
အကယ်၍ ဂုဏ်သတင်းကြီးမားသော ဆေးဘုရင်နှစ်ယောက်မှ တပည့်လက်ခံသည့် သတင်းသည် တောမီးပမာ ဆေးမြို့တော်တစ်မြို့လုံးသို့ ပျံ့နှံ့သွားခဲ့လျှင်..
ဆေးမြို့တော်အရှင်က ယဲ့ကျန်းကို ရာထူးခန့်အပ်သည့် ကိစ္စကမူ တောက်လောင်နေသော မီးထဲသို့ ဆီလောင်းထည့်လိုက်သည့်အလားပင်။
ဤသည်က ဆေးမြို့တော်တစ်မြို့လုံးကို လုံးလုံးလျားလျား အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။