နောင်တရခြင်း
Vol. 14 Ch. 133
ဆေးမြို့တော်အကြီးအကဲ....
ဤရာထူးသည် အမြဲတစေ လစ်လပ်နေခဲ့ပြီး ဆေးမြို့တော်တွင် ဤရာထူး မရှိသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ သို့ရာတွင် ယခုချိန်၌ ရုတ်တရက်ဆန်စွာ ဆေးမြို့တော်အကြီးအကဲရာထူးကို ခန့်အပ်ခဲ့သည်။
ဆိုလိုသည်မှာ ဆေးမြို့တော်အရှင် မရှိသည့်အချိန်တွင် ဆေးမြို့တော်အကြီးအကဲက ဆေးမြို့တော်၏ ကိစ္စရပ်များအားလုံးကို စီမံခန့်ခွဲပိုင်ခွင့် ရှိသည်ဟူသော သဘောပင်။
စိတ်ဝိညာဉ်ရတနာတောင်ထိပ်တွင်...
ယဲ့ကျန်းကို မည်သို့ ကိုင်တွယ်ရမည်နည်းဟု ကြံစည်နေသော ယဲ့ချန်သည် ဤသတင်းကို ကြားချိန်၌ ကြောင်အမ်းသွားသည်။
သူ၏မျက်နှာသည် ဆိုးဆိုးရွားရွား ရှုံမဲ့သွားပေ၏။
"မဖြစ်နိုင်ဘူး... ဒါက လုံးဝမဖြစ်နိုင်ဘူး... အဲ့ဒီ အသုံးမကျတဲ့ကောင်က ဘယ်လိုလုပ်ပြီးတော့ ဆေးမြို့တော်အကြီးအကဲ ဖြစ်လာနိုင်မှာလဲ... သူ့မှာ ဆေးမြို့တော်အကြီးအကဲ ဖြစ်ဖို့ ဘာအရည်အချင်းတွေ ရှိလို့လဲ"
သူသည် ရိုင်းစိုင်းပြီး မယုံကြည်နိုင်သော မျက်နှာထားဖြင့် ကောင်းကင်ယံပေါ်သို့ တိုက်ရိုက် ပျံသန်းသွားသည်။ သို့သော် သူ ခြေလှမ်းတစ်ဝက်ခန့်သာ ပျံသန်းရသေးသော အချိန်မှာပင် လက်ကြီးတစ်ဖက်က သူ့ကို အောက်သို့ တိုက်ရိုက်ဆွဲချလိုက်သည်။
"မင်း ဘယ်သွားမလို့လဲ"
ယခုရောက်ရှိလာသူမှာ ယဲ့ချင်းရှန်မှတစ်ပါး တခြားလူ မဟုတ်ပေ။ ယဲ့ချန်က ယဲ့ကျန်းကို မကြာခဏ ဖိနှိပ်နေခြင်းနှင့် ပတ်သက်ပြီး သူ သိသော်လည်း ဂရုစိုက်ရန် ပျင်းရိလွန်းသဖြင့် လျစ်လျှူရှုခဲ့သည်။ ယဲ့ချန်သည် သူ အနှစ်သက်ဆုံး ဆက်ခံသူပင်။ သူ့၏ မျှော်လင့်ချက်များနှင့် ယုံကြည်မှုများကိုလည်း ယဲ့ချန်အပေါ်တွင် ထားရှိခဲ့ပေ၏။
ယဲ့ချန်ဘက်မှ အလွန်တရားလွန်မလာသရွေ့ ယဲ့ချင်းရှန်က မျက်ကွယ်ပြုပေးလေ့ ရှိခဲ့သည်။ ယခုချိန်၌ ယဲ့ကျန်းသည် ကြီးကျယ်ခမ်းနားသော နေရာသို့ ပျံသန်းသွားပြီဖြစ်ရာ သူ၏ တက်လမ်းကို တားဆီး၍ မရနိုင်တော့ချေ။
သူ၏အချစ်ဆုံးမြေး သေချာပေါက် ဒေါသထွက်နေလိမ့်မည်ဟု သူ ခံစားရသောကြောင့် ဆုံးမရန်နှင့်တားဆီးရန် အပြေးအလွှား ရောက်လာခဲ့ခြင်း ဖြစ်သည်။ ယဲ့ချင်းရှန်ကို မြင်လိုက်ရသော်လည်း ယဲ့ချန်၏မျက်နှာပေါ်မှ ရိုင်းစိုင်းသော အမူအယာသည် လျော့ပါးသွားခြင်း မရှိပေ။
"အဘိုး... အဲ့ဒီအသုံးမကျတဲ့ကောင်က ဆေးမြို့တော်အကြီးအကဲ ဖြစ်ဖို့ ဘယ်လိုလုပ်ပြီး အရည်အချင်း ပြည့်မီမှာလဲ... ငါးပိသိပ်ခံထားရတဲ့ ငါးပုပ်ခြောက်က ဘယ်လိုလုပ်ပြီးတော့ ရုတ်တရက်ကြီး ပြန်ရှင်သန်လာနိုင်မှာလဲ"
"ကျွန်တော်က ဆေးမြို့တော်အရှင်ကို သွားမေးမယ်... ယဲ့ကျန်းရဲ့ ဘယ်အချက်က ကျွန်တော့်ထက် သာလွန်နေလို့ သူက ဆေးမြို့တော်အကြီးအကဲ ဖြစ်လာနိုင်ရတာလဲ ဆိုတာကို မေးမှရမယ်"
ထိုစကားကို ကြားလိုက်ရသည်နှင့် ယဲ့ချင်းရှန် ဒေါသူပုန်ထသွားကာ သူသည် ဆဲဆိုပြီး ယဲ့ချန်ကို ပါးဖြတ်ရိုက်လိုက်၏။
"မင်းက ငါ့ကို တကယ်ကြီး စိတ်ပျက်အောင် လုပ်လွန်းအားကြီးတယ်... ဆေးမြို့တော်အရှင်က ဘယ်လို တည်ရှိမှုမျိုးလဲ... ငါတို့တောင် သူ့ကို တွေ့ရင် ရိုရိုသေသေ ဦးညွှတ်ရတယ်... သူ့ရဲ့ဆုံးဖြတ်ချက်တွေကို မင်းလို ဂျူနီယာတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ မေးခွန်းထုတ်နိုင်မှာလဲ"
"အစကတော့ မင်းက ကိစ္စရပ်တွေကို လုပ်ဆောင်တဲ့နေရာမှာ တည်ငြိမ်တယ် ဉာဏ်ရှိတယ် အမြော်အမြင် ရှိတယ်လို့ ငါ ထင်ခဲ့တာ... ဒါပေမဲ့ အခုတော့ မင်းရဲ့ စွမ်းဆောင်ရည်က ငါ့ကို တကယ်ကြီး စိတ်ပျက်စေတယ်"
ယဲ့ချင်းရှန်၏ရင်ထဲမှ လာသော သတိပေးဆုံးမမှုကို ရင်ဆိုင်ရချိန်၌ ယဲ့ချန်၏မျက်နှာပေါ်မှ ရိုင်းစိုင်းသော အမူအယာ ပို၍ပြင်းထန်လာသည်။ သူ၏မျက်လုံးများ ပြူးကျယ်နေပြီး သူ့ထံ၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေကာ ပြောဆိုလိုက်သည်။
"အဘိုး ကျွန်တော့်ကို ရိုက်လိုက်တယ်လား... ကျွန်တော်က အဲ့ဒီ အသုံးမကျတဲ့ ယဲ့ကျန်းမှာ ခုလိုအာဏာရလာဖို့ ဘာအရည်အချင်းတွေ ရှိလဲ ဆိုတာကိုပဲ သိချင်တာပါ... အဲ့ဒါက မှားလို့လား"
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ကျင့်ကြံခြင်းနဲ့ ပတ်သက်ရင် သူက ကျွန်တော့်လောက် မကောင်းဘူး... ပါရမီနဲ့ ပတ်သက်ရင် သူက ကျွန်တော့်အောက် အများကြီး နိမ့်ကျတယ်... ဘယ်လောက်တောင် နိမ့်လဲဆိုတာ ဘယ်သူမှ မသိဘူး"
"အကျင့်စာရိတ္တနဲ့ နည်းလမ်းတွေမှာ သူက ကျွန်တော့်ကို ဘာနဲ့မှ ယှဉ်လို့မရဘူး... ကျွန်တော် သိချင်တာက ဒီလို အသုံးမကျတဲ့ ကောင်တစ်ယောက်က ဘယ်လိုလုပ် ကျွန်တော်ရဲ့အထက်မှာ နေရာယူနိုင်မှာလဲ ဆိုတာပဲ...."
ရုတ်တရက် ရောက်ရှိလာသော သတင်းဆိုးနှင့် ယဲ့ချင်းရှန်၏ သဘောထားတို့က ငယ်စဉ်ကတည်းက လူအများ၏အာရုံစိုက်မှုကို ခံခဲ့ရပြီး ပါရမီရှင်ဟု သတ်မှတ်ခံခဲ့ရသော ယဲ့ချန်ကို လုံးလုံးလျားလျား စိတ်ထိန်းမရ ဖြစ်သွားစေခဲ့သည်။
နွားသိုးတစ်ကောင်အလား အော်ဟစ်သောင်းကြမ်းနေသော ယဲ့ချန်ကို ကြည့်ရင်း ယဲ့ချင်းရှန်သည် အဆုံးမရှိသော ဝမ်းနည်းမှုကို ခံစားမိပေ၏။ ဤသည်မှာ သူ ရွေးချယ်ခဲ့သော ဆက်ခံသူ ဖြစ်သလော။
ဤသည်မှာ မျက်ကန်းတစ္ဆေဖြစ်ကာ မာန်မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသူ... သူတစ်ပါး၏အောင်မြင်မှုကို လက်မခံနိုင်ဘဲ ကိုယ်ပိုင်ကမ္ဘာလေးထဲတွင်သာ အစဥ်အမြဲ နေထိုင်နေသူပင်။
ဤကဲ့သို့စရိုက်ဖြင့် သူသည် မည်ကဲ့သို့ ကြီးကျယ်သော အရာများကို ပြီးမြောက်အောင် လုပ်နိုင်မည်နည်း။
ထိုသို့ နှိုင်းယှဉ်ကြည့်လိုက်ချိန်၌ ယဲ့ကျန်းသည်ယဲ့ချန်ထက် မည်မျှထိ သာလွန်သည်ကို သူ ရုတ်တရက် နားလည်သဘောပေါက်လိုက်၏။ ယခင်က သူသည် အုတ်ခဲကို ရတနာကဲ့သို့ သဘောထားပြီး ပုလဲကို ကျောက်တုံးအလား သဘောထားခဲ့မိသည်မှာ ရယ်ရွှင်ဖွယ်ကောင်းလှသည်။
ဤအချိန်တွင် စိတ်ဓာတ်ကျနေပြီဖြစ်သော ယဲ့ချင်းရှန်သည် ရုတ်တရက် ဆယ်စုနှစ်ပေါင်းများစွာ အိုမင်းသွားသကဲ့သို့ ဖြစ်သွားသည်။ သူက ယဲ့ချန်ကိုကြည့်ပြီး ကြေကွဲဝမ်းနည်းသော လေသံဖြင့် ပြောဆိုသည်။
"ယဲ့ကျန်းက မင်းထက် နေရာတိုင်းမှာ နိမ့်ကျနေပေမယ့် ဘာလို့ ဆေးမြို့တော်အကြီးအကဲ ဖြစ်လာနိုင်လဲ ဆိုတာကို မင်း မသိချင်ဘူးလား... ဒီအဘိုးကြီးက အခု မင်းကို ပြောပြမယ်"
"ဘာလို့လဲဆိုတော့ သူ့ရဲ့နောက်မှာ အဆင့်ငါး ဆေးပညာရှင်နှစ်ယောက် ရှိနေလို့ပဲ... သူ့မှာ အဆင့်ငါးဆေးဘုရင်နှစ်ယောက်က ဆရာအဖြစ်နဲ့ ရှိနေတယ်"
"ဘာ... အဘိုး ဆိုလိုတာက..."
ယဲ့ချန်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"အမှန်ပဲ... ဆေးဘုရင်နှစ်ယောက်က တပည့်အဖြစ် လက်ခံလိုက်တယ်လို့ သတင်းထွက်နေတဲ့လူက သူပဲ"
ယဲ့ချင်းရှန်၏စကားဆုံးသည်နှင့် ယဲ့ချန်သည် ချက်ချင်းဆိုသလိုပင် လျှပ်စီးမိုးကြိုးဖြင့် ပစ်ခတ်ခံရသည့်အလား ဖြစ်သွားပေ၏။
"မဟုတ်ဘူး... မဟုတ်ဘူး... ဒါက မဟုတ်ဘူး... မဖြစ်နိုင်ဘူး"
သူ၏စိတ်ထဲတွင် အလွန်အမင်း မယုံကြည်နိုင် ဖြစ်နေသည်။ သို့သော် ယဲ့ချင်းရှန်တွင် သူ့ကို လိမ်ညာရန် အကြောင်းပြချက် မရှိသည်ကိုလည်း သူ သိရှိထားသည်။
"ဟမ့်... မင်းကို ပွင့်ပွင့်လင်းလင်း ပြောရရင်... အဲ့ဒီဆေးဘုရင်နှစ်ယောက်က အရင်က ဘုရင်အဆင့်လက်နက်နှစ်ခုနဲ့ ငွေပေးချေခဲ့တဲ့ ကျုံးချင်ရဲ့ လက်အောက်ငယ်သားတွေပဲ...အစကတော့ ဒီအဘိုးကြီးက မင်းကို အဲဒီလူနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်နိုင်အောင် သွားလုပ်စေချင်ခဲ့တယ်"
"မင်းရဲ့ မာနကြီးမှု မင်းရဲ့ ဘဝင်မြင့်မှုနဲ့ အရာအားလုံးကို အထင်သေးတဲ့ စိတ်ဓာတ်ကြောင့် မင်းက ဒီအခွင့်အရေးကို အလဟဿ လက်လွှတ်ဆုံးရှုံးစေခဲ့တာပဲ"
ဤစကား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် မိုးကြိုးပစ်ခံထားရသကဲ့သို့ ဖြစ်နေသော ယဲ့ချန်သည် ယခုအချိန်တွင် ကျောရိုးထုတ်ခံလိုက်ရသော ခရုတစ်ကောင်အလား မြေပြင်ပေါ်သို့ တိုက်ရိုက်ပြိုလဲကျသွားတော့သည်။ သူသည် မိုးကောင်းကင်ယံကို ငေးမော၍ ကြည့်လိုက်၏။
"ဒါဆို... ဆေးဘုရင်နှစ်ယောက်ရဲ့ တပည့်ဖြစ်ခွင့် အခွင့်အရေးက အစက ငါ့အပိုင်ပေါ့... ဆေးမြို့တော်အရှင်ကိုယ်တိုင် ခန့်အပ်တဲ့ အကြီးအကဲ ဖြစ်လာမယ့် အခွင့်အရေးကလည်း ငါ့အပိုင်ပေါ့"
"ဒီအခွင့်အရေးကို အလကား တွန်းထုတ်လိုက်ပြီးတော့ အသုံးမကျတဲ့ကောင်ကို ရသွားစေခဲ့တာကလည်း ငါပေါ့"
မူလက သူ ပိုင်ဆိုင်ခဲ့သည့် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်သော အခွင့်အရေးကို လုယူခံလိုက်ရသည်ဟု တွေးမိလိုက်သည်နှင့် ယဲ့ချန်၏မျက်နှာသည် ပုံပျက်သွားသည့်အထိ ရှုံမဲ့သွားပေ၏။
သူ၏ရင်ထဲမှ အမုန်းတရားများသည် မြစ်သုံးစင်းအတွင်းမှ ရေများအလား အဆက်မပြတ် လှိုင်းထန်ပြီး ပေါက်ကွဲထွက်လာသည်။ သို့သော် ယဲ့ချင်းရှန်၏စကားများက သူ၏နှလုံးသားကို အောက်ခြေထိ တိုက်ရိုက်နစ်မြှုပ်သွားစေသည်။
"အခု ယဲ့ကျန်းက မြင့်တက်လာပြီ... ကြီးကျယ်ခမ်းနားတဲ့ နေရာကို ပျံသန်းသွားပြီ... ဒီနေ့ကစပြီးတော့ မင်းနဲ့သူ့ကြားက ဘယ်လို ပဋိပက္ခမျိုးကိုမှ ဒီအဘိုးကြီးက ထပ်မကြားချင်တော့ဘူး"
"မဟုတ်ရင် မင်းကို မိသားစုကနေ နှင်ထုတ်တာကြောင့် ဒီအဘိုးကြီးကို အပြစ်မတင်နဲ့"
ဤသည်မှာ သတိပေးချက် ဖြစ်သည့်အပြင် ကြိုတင်ဟန့်တားမှုတစ်ခုလည်း ဖြစ်သည်။ ဤသည်က ယဲ့ချန်၏လက်စားချေလိုစိတ်ကို လုံးလုံးလျားလျား ငြိမ်းသတ်လိုက်ခြင်းပင်။ ယဲ့ချန်၏ အသက်မဲ့နေသော မျက်နှာထားကို ကြည့်ရင်း ယဲ့ချင်းရှန်သည်လည်း သူ့ကို နှစ်သိမ့်ပေးလိုစိတ် ပျောက်ဆုံးသွားသည်။ မည်သို့ပင်ဆိုစေကာမူ သူ၏စိတ်ဓာတ်သည်လည်း မကြာသေးမီက စတင်၍ အလွန်ကျဆင်းနေခဲ့သည် မဟုတ်လော။
"မင်းကိုယ်မင်း ဂရုစိုက်ပါ"
သူက အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏လက်များကို နောက်ပစ်ကာ လှည့်ထွက်သွားသည်။
တစ်ခါတစ်ရံ နာကြည်းကာ တစ်ခါတစ်ရံ ဒေါသထွက်ပြီး တစ်ခါတစ်ရံ နောင်တရနေ၍ ခံစားချက်အမျိုးမျိုး အဆက်မပြတ် ရောထွေးနေသော ယဲ့ချန်တစ်ယောက်တည်းကိုသာ မြေပြင်ပေါ်တွင် ပြိုလဲကျလျက်သား ထားရစ်ခဲ့သည်။
ဤအချိန်တွင် ကောင်းကင်ကြီးက မီးခိုးရောင် ဖြစ်နေသကဲ့သို့ ယဲ့ချန်က ခံစားလိုက်ရသည်။ ဝမ်းနည်းဖွယ်ရာ အငွေ့အသက်တစ်ခုက သူ၏ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို လွှမ်းခြုံထားပေ၏။
"မဟုတ်ဘူး..."
အချိန်အတော်ကြာပြီးနောက် မလိုလားမှုများဖြင့် ပြည့်နှက်နေသော ဟိန်းဟောက်သံတစ်သံက မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။
ဤသည်က သူ၏နောက်ဆုံးခေါင်းမာမှု ဖြစ်ပုံရသည်။
...
ဆေးဘုရင်နှစ်ယောက်မှ တပည့်လက်ခံသည့် နောက်ဆက်တွဲ ဂယက်ရိုက်မှုသည် နှစ်ရက် သုံးရက်ကြာပြီးနောက် နောက်ဆုံးတွင် ငြိမ်သက်သွားပေ၏။
ဤအချိန်တွင် ကျုံးချင်သည် တောင်ပေါ် အပန်းဖြေစံအိမ်တွင် ရှိနေပြီး သူ၏ ကြီးကျယ်ခမ်းနားသော ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်ကို စတင်နေလေပြီဖြစ်သည်။ သောင်းပြောင်းထွေလာ စိတ်ဝိညာဥ်ရတနာ ဆေးကျမ်းသည် နက်နဲသိမ်မွေ့ပြီး ဆေးညွှန်းများနှင့် ဆေးပညာတာအိုလမ်းစဥ်များစွာကို မှတ်တမ်းတင်ထားသည်ဟု ပြောရပေမည်။
ဤသည်မှာ အစစ်အမှန် ဧကရာဇ်အဆင့် ကျမ်းစာပင်။
သူ၏လက်ထဲတွင် ဤမျှထိ အစွမ်းထက်သောကျမ်းစာမျိုး ရှိနေသည့်တိုင် အဆင့်မြင့် ဆေးလုံးတစ်လုံး မဖော်စပ်နိုင်သည်ကို ကျုံးချင် အမှန်တကယ် မယုံကြည်ချေ။ တခြားလူများ ယုံချင်ယုံ မယုံချင်နေနိုင်သော်လည်း လေ့လာမှုနှင့် စူးစမ်းရှာဖွေမှု အနည်းငယ် ပြုလုပ်ပြီးနောက် သူသည် အသစ်စက်စက် ဆေးညွှန်းတစ်ခုကို အမှန်တကယ် ဖော်ထုတ်နိုင်ခဲ့သည်။
ခြံဝင်းတစ်ခု အတွင်းတွင် ကြီးမားသော ဆေးမီးဖိုကြီးတစ်လုံးက အလယ်ဗဟိုတွင် ရှိနေသည်။ ကျုံးချင်သည် ဆေးမီးဖို၏နံဘေးတွင် ရှိနေပြီး အဖိုးတန် ဆေးဖက်ဝင်ပစ္စည်း အမျိုးမျိုးကို ထည့်သွင်းကာ ထူးခြားသော ဆေးလုံးတစ်လုံးကို စတင်ဖော်စပ်ရန် ကြိုးစားနေသည်။
သူ့၏ ကြီးကျယ်ခမ်းနားသော ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်ထဲတွင် အပြည့်အဝ နစ်မြုပ်နေချိန်မှာပင် တံခါးအပြင်ဘက်၌ ခန်းမဆောင်သခင်ငါးယောက်၏ ပုံရိပ်များ ထွက်ပေါ်လာသည်။ သူတို့သည် သေချာစဉ်းစားပြီးနောက် နောက်ဆုံးတွင် ကျုံးချင်ကို သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်ခံ့ကြသည်။
ဤသည်မှာ ယခုအခြေအနေတွင် အလှည့်အပြောင်း တစ်စုံတစ်ရာ ရှိမရှိ ကြည့်ရှုရန်အတွက်ပင်။ သို့သော် သူတို့ မဝင်ရောက်နိုင်ခင်မှာပင် တံခါးစောင့်နေသော ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့က တားဆီးလိုက်ကြသည်။
"ကျွန်တော်တို့ရဲ့ တောင်သခင်က လက်ရှိမှာ ဆေးဖော်စပ်နေတယ်... သူ့ကို အနှောက်အယှက်ဖြစ်သွားမှာကို စိုးရိမ်တာကြောင့် ဝင်ခွင့်မပြုဘူး"
ဝူယွဲ့က တံခါးစောင့် နတ်ဘုရားတစ်ပါးအလား အေးစက်စက်လေသံဖြင့် အော်ဟစ်လိုက်သည်။ ရှီရှောင်ထျန်း၏မျက်နှာသည် ပို၍ပင် တင်းမာခက်ထန်နေပြီး သူတို့ကို အမြင်ကြည်ပုံမရချေ။
သူတို့ငါးယောက်၏ မျက်နှာများပေါ်တွင် အနေရခက်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။
ယဲ့ချင်းရှန်က တောင်းပန်သည့်အပြုံးဖြင့် ပြောဆိုလိုက်၏။
"ကျွန်တော်တို့က သူ့ကို မနှောင့်ယှက်ရဲပါဘူး... ကျွန်တော်တို့ တံခါးအပြင်ဘက်မှာပဲ စောင့်နေလို့ ရပါတယ်"
"အရှင်ကျုံး ဆေးဖော်စပ်ပြီးတဲ့အခါ ခင်ဗျားတို့နှစ်ယောက် သူ့ကို အသိပေးပေးဖို့ မျှော်လင့်ပါတယ်... ကျွန်တော်တို့ လာတွေ့တယ် ဆိုတာလေးပဲ ပြောပေးပါ"
ထိုသို့ပြောဆိုပြီးနောက် သူတို့ငါးယောက်သား ဘေးတစ်ဖက်တွင် ရိုသေစွာ မတ်တတ်ရပ်နေကြသည်။ ကျယ်ဝန်းစွာ ပွင့်နေသော ခြံဝင်းတံခါးမှတစ်ဆင့် ဆေးဖော်စပ်နေသော ကျုံးချင်ကို သူတို့ ကြည့်နေကြ၏။
ဤသည်မှာ သူတို့၏စူးစမ်းလိုစိတ်ကို လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။