စိမ်းလန်းသော တောင်တန်းများနှင့် ထာဝရ စီးဆင်းနေသော ရေအလျဉ်
Vol. 14 Ch. 134
ခြံဝန်းအတွင်းတွင်..
ကျုံးချင်က လက်ဟန်သင်္ကေတများ ပြုလုပ်လိုက်သည်နှင့်အမျှ နက်နဲသိမ်မွေ့ပြီး ခန့်မှန်းရခက်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။ ကြီးမားသော စိတ်ဝိညာဉ်စွမ်းအား ပမာဏက ဆေးမီးဖိုတစ်ခုလုံးကို လွှမ်းခြုံထားသည်။ သူသည် ချောမွေ့ပြေပြစ်သော လုပ်ဆောင်ချက်များကို ဆက်တိုက်ပြုလုပ်ပြီးနောက် အနက်ရောင်နှင့်အဝါရောင် ရောနှောနေသော အလင်းတန်းတစ်တန်းက ဆေးမီးဖိုမှ ထွက်ပေါ်လာသည်။
ဤသည်က ကျုံးချင်ကို အနည်းငယ် ပျော်ရွှင်သွားစေသည်။ သူသည် ဆေးပညာဘက်၌ ပါရမီတချို့ ရှိနေသေးသည်ဟု တွေးတောမိသည်။ သူ၏ ကြာရှည်စွာ စူးစမ်းလေ့လာမှုကြောင့် နောက်ဆုံးတွင် တိုးတက်မှုတချို့ ရရှိလာခဲ့လေပြီ။ အခြေအနေအရ ကြည့်မည်ဆိုလျှင် ဤတစ်ကြိမ်၌ သူ အဆင့်မြင့် ဆေးလုံးတစ်လုံး ဖော်စပ်နိုင်ရန် မျှော်လင့်ချက် ရှိနေပေ၏။
ကျုံးချင်၏စိတ်လှုပ်ရှားမှုနှင့် မတူဘဲ ခန်းမဆောင်သခင်ငါးယောက်ကမူ လန့်ဖျပ်သွားကြသည်။
"လွင့်ပါးလာတဲ့ ဒီမီးခိုးငွေ့တွေကို အနံ့ရလိုက်တာနဲ့ ငါ ဘာလို့ ခေါင်းမူးနေရတာလဲ"
ခန်းမဆောင်သခင်တစ်ယောက်က အသက်ပြင်းပြင်းရှိုက်ကာ ပြောဆိုသည်။
"ခေါင်းမူးရုံတင် မဟုတ်ဘူး... ငါ့ရဲ့ခန္ဓာကိုယ်ထဲက သွေးတွေ ဆူပွက်နေသလို ခံစားရတယ်... ပြီးတော့ ခန္ဓာကိုယ်ထဲက ချီစွမ်းအင်တွေက ထိန်းချုပ်လို့မရ ဖြစ်နေတယ်... ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာ မီးတောက်တစ်ခု လောင်ကျွမ်းနေသလိုမျိုးလည်း ခံစားရတယ်"
နောက်ထပ်အခိုက်အတန့်တွင် ကျွင်းရှောင်ယောက်၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားပြီး ပြောဆိုလိုက်သည်။
"မကောင်းတော့ဘူး... ဒီမီးခိုးငွေ့က အဆိပ်ရှိတယ်... ပြီးတော့ အဆိပ်ပြင်းတယ်"
အချိန်တခဏအတွင်းတွင် လူများအားလုံး၏ စိတ်နှလုံးသားများ တုန်ရီသွားကြသည်။ သူတို့ ရှူရှိုက်မိသော အဆိပ်ငွေ့များကို ခန္ဓာကိုယ်ထဲမှ အတင်းအကြပ် ဖယ်ရှားရန်အတွက် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများကို အလျင်အမြန် လှည့်ပတ်လိုက်ကြ၏။ သို့သော် ဤလုပ်ငန်းစဉ်သည် သူတို့အတွက် မလွယ်ကူချေ။
နာရီဝက်နီးပါး ဖယ်ရှားပြီးနောက်တွင် အဆိပ်ငွေ့ အများစုကိုသာ ဖယ်ရှားနိုင်ခဲ့ပြီး အဆိပ်ငွေ့တချို့က သူတို့၏ခန္ဓာကိုယ်များထဲတွင် ကျန်ရှိနေဆဲပင်။ အဆိပ်၏တစ်စိတ်တစ်ပိုင်းကို သူတို့သည် အချိန်တိုအတွင်း၌ အကုန်အစင် ဖယ်ရှား၍ မရနိုင်ချေ။ ထိုအဆိပ်ကို လုံးလုံးလျားလျား ဖယ်ရှားပစ်ရန်အတွက် သူတို့၏ ကျင့်ကြံဆင့်နှင့်ဆိုလျှင်ပင် ဆယ်ရက်မှ လဝက်ခန့်အထိ ကြာမြင့်နိုင်သည်။
"ဒါက ဘယ်လိုအဆိပ်မျိုးမလို့ ဒီလောက်ထိ ပြင်းထန်ပြီး လွှမ်းမိုးနိုင်ရတာလဲ"
ခန်းမဆောင်သခင်တစ်ယောက်က အသက်ပြင်းပြင်းရှိုက်လိုက်ပြီး သူ၏မျက်နှာတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ သို့သော် သူ အသက်ရှူလိုက်သည့် တစ်ဝက်တစ်ပျက်မှာပင် လေထဲတွင်လည်း အဆိပ်များ ပြည့်နှက်နေသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး သူ၏ပါးစပ်နှင့်နှာခေါင်းကို အလျင်အမြန် ဖုံးအုပ်လိုက်ရသည်။
တခြားလူများသည် သူတို့၏ အသက်ရှူခြင်းကို တိုက်ရိုက်ပိတ်ဆို့လိုက်ကြ၏။ သူတို့၏ အကြည့်များသည် ဆေးမီးဖိုအပေါ်တွင် စူးစိုက်၍ ကျရောက်နေပြီး စကားမပြောကြတော့ဘဲ လျှို့ဝှက်အသံပေးပို့ခြင်းမှတစ်ဆင့် ဆက်သွယ်ကြသည်။
ကျွင်းရှောင်ယောက်က အံ့အားသင့်သော အမူအယာဖြင့် ပြောဆိုသည်။
"ဒီအဘိုးကြီး မမှားဘူးဆိုရင် သူက အဆိပ်ဆေးလုံးတစ်လုံးကို ဖော်စပ်နေတာပဲ ဖြစ်ရမယ်... အဲ့ဒီအဆိပ်ငွေ့ရဲ့ အကျိုးသက်ရောက်မှုအရ ဆိုရင် ဆေးလုံးရဲ့အဆင့်က အဆင့်ခြောက်ထက် မနိမ့်လောက်ဘူး"
"အဆင့်... အဆင့်ခြောက် ဟုတ်လား... ပြီးတော့ အဆိပ်ဆေးလုံးတဲ့လား... မင်း ဆိုလိုတာက သူက အဆိပ်သခင်တစ်ယောက်လား"
ခန်းမဆောင်သခင်တစ်ယောက်က အထစ်ထစ်အငေါ့ငေါ့ဖြင့် တုံ့ပြန်လိုက်၏။ သူ ကြောက်လန့်နေခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။
အဆင့်ခြောက် အဆိပ်ဆေးလုံး ဆိုသည်မှာ မည်သည့် သဘောတရားမျိုး ဖြစ်သနည်း။ သူတို့ တန်ထင်းခန်းမဆောင်တစ်ခုလုံး ပေါင်းလိုက်လျှင်ပင် ထိုအဆင့် ဆေးလုံးမျိုးကို မဖော်စပ်နိုင်ချေ။ ထိုသို့မဟုတ်ပါက ဆေးဘုရင်နှစ်ယောက် သိမ်းသွင်းနိုင်မှ အဆင်ပြေမည့် ပြဇာတ်မျိုး သူတို့ ကပြနေရန် မလိုချေ။
ထို့ပြင် အဆိပ်ဆေးလုံးများ ဖော်စပ်ခြင်းက သာမန်ဆေးလုံးများ ဖော်စပ်ခြင်းထက် အဆများစွာ ပို၌ခက်ခဲသည်။ တူညီသောအဆင့်တွင်ရှိသော သာမန်ဆေးလုံးများ၏ ဖော်စပ်ရန်ခက်ခဲမှုသည် တစ်ထောင်ဆိုလျှင် အဆိပ်ဆေးလုံးများ၏ ဖော်စပ်ရန်ခက်ခဲမှုသည် တစ်သောင်းကျော်အထိ မြင့်တက်သွားနိုင်ပေ၏။
"တကယ်... တကယ်ကြီး အဆင့်ခြောက် အဆိပ်ဆေးလုံးလား"
ခန်းမဆောင်သခင်တစ်ယောက်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ သူတို့အတွက် ဤသည်မှာ ယုံကြည်နိုင်စရာ မကောင်းလောက်အောင် ဖြစ်နေသည်။
"သေချာပေါက် အဆင့်ခြောက် ဒါမှမဟုတ် အဆင့်ခြောက်အထက်ပဲ ဖြစ်ရမယ်...ဆေးဖော်စပ်တုန်းမှာ ထွက်လာတဲ့ အဆိပ်ငွေ့နဲ့တင် ငါတို့ငါးယောက်ကို လဲကျလုနီးပါး ဖြစ်စေတယ်... ဆေးလုံးရဲ့ အဆိပ်ပြင်းထန်မှုက ဘယ်လောက်တောင် ကြောက်စရာကောင်းမလဲ ဆိုတာ တွေးကြည့်ဖို့တောင် ခက်တယ်"
အချိန်တခဏတာအတွင်းတွင် လူများအားလုံး၏ စိတ်နှလုံးသားများ ရုတ်တရက် တုန်ရီသွားကြသည်။ မည်မျှထိ ကပ်ဘေးဆိုက်သည့် ကိစ္စကြီး ဖြစ်သနည်း။ အဆင့်ခြောက် အဆိပ်သခင် တစ်ယောက်သည် သူတို့၏တန်ထင်းခန်းမဆောင်တွင် စာမေးပွဲဖြေဆိုခွင့် ပယ်ဖျက်ခံလိုက်ရသည်။
ယခင်က သူတို့သည် ကျုံးချင်၏ စာမေးပွဲဖြေဆိုခွင့်အား ပယ်ဖျက်ခဲ့သောလူကို ရိုက်သတ်ချင်ရုံ သက်သက်ဆိုလျှင် ယခုမူ သူတို့သည် ထိုလူ၏ဆယ့်ရှစ်ဆက်မြောက် ဘိုးဘေးသင်္ချိုင်းဂူများအထိ တူးဆွပစ်ချင်စိတ် ပေါက်နေကြလေပြီ။
အဆိပ်သခင် ဆိုသည်မှာ ဆေးပညာရှင်များကြားတွင် အထူးခြားဆုံး တည်ရှိမှုကြီးပင်။ သာမန်ဆေးပညာရှင်များက လူများကို ကယ်တင်ရုံသာ တတ်နိုင်သည်။ သို့သော် အဆိပ်သခင်များကမူ လူများကို ကယ်တင်နိုင်ရုံသာမက လူများကို သတ်ဖြတ်နိုင်သည်။ ထို့ပြင် သူတို့သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်ခြင်းပင်။
ကုန်းမြေတစ်ခုလုံးတွင် လူများပြစ်မှားရန် အကြောက်ဆုံး ကျွမ်းကျင်ပညာရှင်များသည် မည်သူများဖြစ်သနည်းဟု မေးလျှင်... ထိုအရာမှာ အဆိပ်သခင်များပင်။
အချိန်တခဏတာအတွင်းတွင် ခန်းမဆောင်သခင်များ၏ စိတ်နှလုံးသားထဲမှ ကြောက်ရွံ့မှုများ အလွန်အမင်း မြင့်တက်လာသည်။ အကယ်၍ ကျုံးချင်သာ သူတို့အပေါ် အငြိုးအတေး ထားခဲ့မည်ဆိုပါက အဆင့်ခြောက် အဆိပ်သခင်တစ်ယောက်၏ စွမ်းအားဖြင့် ဆေးမြို့တော်တစ်ခုလုံး အဆိပ်ခတ်ခံရနိုင်သည်။
သို့သော် တစ်ချိန်တည်းမှာပင် သူတို့ အလွန်အမင်း နားမလည်နိုင် ဖြစ်နေကြ၏။
"သူက အဆင့်ခြောက် အဆိပ်သခင် ဖြစ်နေမှတော့ ဘာလို့ ဒီနေရာကိုလာပြီး အဆင့်တစ် ဆေးပညာရှင် စာမေးပွဲကို လာဖြေတာလဲ... သူက ဘာလိုချင်လို့လဲ"
ခန်းမဆောင်သခင်တစ်ယောက်က သူ၏ရင်ထဲမှ သံသယကို မေးမြန်းလိုက်သည်။
ကျွင်းရှောင်ယောက်က ခါးသည်းသော အပြုံးဖြင့် တုံ့ပြန်သည်။
"ဒီလိုလူမျိုးရဲ့လုပ်ရပ်တွေက လောကီရေးရာတွေနဲ့ ကင်းကွာနေပြီးသားပါ... သူက သူ့ရဲ့စိတ်ဆန္ဒအတိုင်း လုပ်တာပဲ... တစ်ဖက်လူက စိတ်ကူးပေါက်လို့ ပျော်ရွှင်ဖို့အတွက် ဆေးပညာရှင်လက်မှတ်ရအောင် လာဖြေတာ ဖြစ်နိုင်တယ်... ဘာပဲဖြစ်ဖြစ် ဝူယွဲ့နဲ့ရှီရှောင်ထျန်းတို့ကလည်း သူက ပျော်ဖို့လာဖြေတာပါလို့ ပြောဖူးတယ်လေ... "
...
ခန်းမဆောင်သခင်များ၏ စိတ်နှလုံးသားများထဲတွင် လှိုင်းဂယက်များ ထနေချိန်၌ ဤနေရာရှိ ကျုံးချင်၏ဆေးဖော်စပ်မှုက ပြီးဆုံးသွားလေပြီ။ ဤဆေးလုံးတစ်သုတ်က အမှန်တကယ်ကို အောင်မြင်ခဲ့သည်။
ဆေးလုံး၏ပုံသဏ္ဍာန်က ယခင်ကထက် အနည်းငယ် ပိုကောင်းလာသည်။ ကျုံးချင်၏ စိတ်ဓာတ်ကမူ အနည်းငယ် တက်ကြွလာရုံမျှသာ ရှိပေ၏။ အရောင်နှင့်အလင်းပြန်မှုကမူ သာမန်ဆေးလုံးများနှင့် ယှဉ်ပြိုင်၍မရသေးချေ။ ကတ္တရာစေးကဲ့သို့ မည်းနက်နေပြီး သူ၏ ယခင်ဘဝက အလုံးကြီးသော နွားသည်းခြေကျောက်ဆေးလုံးများနှင့်ပင် ယှဉ်၍ရသည်။
သူ၏နှုတ်ခမ်းထောင့် အနည်းငယ် မဲ့ရွဲ့သွားသည်။ မည်သည့်အဆင့်တွင် မှားယွင်းသွားသနည်းဟု သူ ဦးနှောက်ခြောက်အောင် စဉ်းစားနေမိသည်။ ထိုအချိန်တွင် ဝူယွဲ့ ဝင်လာပြီး ကျုံးချင်၏နံဘေးသို့ ရောက်လာသည်။ သူက ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်၏။
"တောင်သခင်... ဆေးခန်းမဆောင်က ခန်းမဆောင်သခင်ငါးယောက်က တွေ့ခွင့်တောင်းနေပါတယ်"
ကျုံးချင်သည် လောလောဆယ်တွင် စိတ်တိုနေပြီး သူ လက်ကာပြလိုက်သည်။
"မတွေ့ဘူး... သူတို့ ဘယ်ကလာလဲ အဲ့ဒီကို ပြန်ခိုင်းလိုက်... ပြီးတော့ သူတို့ကို ပြောလိုက်... တန်ထင်းခန်းမဆောင်မှာ တကယ်လို့ ကိစ္စရှိရင် ငါက ယဲ့ကျန်းကိုပဲ အသိအမှတ်ပြုတယ်... သူတို့နဲ့ ငါ ဘာမှ မပတ်သက်ချင်ဘူးလို့ ပြောလိုက်စမ်း..."
ဝူယွဲ့က ဦးညွှတ်အရိုအသေပြုပြီး ပြန်ထွက်သွားသည်။ သူတို့၏စကားပြောသံကို တံခါးဝရှိ လူများအားလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ဤသည်က ခန်းမဆောင်သခင်ငါးယောက်၏မျက်နှာအမူအယာကို အနည်းငယ် နေရခက်သွားစေသည်။
ဝူယွဲ့က အေးစက်တင်းမာစွာ ပြောဆိုသည်။
"ကျွန်တော်တို့ တောင်သခင်က ခင်ဗျားတို့ကို မတွေ့ချင်ပါဘူး... ကျေးဇူးပြုပြီး ပြန်ကြပါ... တကယ်လို့ တန်ထင်းခန်းမဆောင်က ကျွန်တော်တို့ တောင်သခင်ကို ရှာစရာကိစ္စရှိရင် သူက ယဲ့ကျန်းကိုပဲ အသိအမှတ်ပြုပါတယ်"
ခန်းမဆောင်သခင်ငါးယောက် အငြင်းခံလိုက်ရသည်။ သူတို့ထံဤ မည်သို့သော အဆင့်အတန်းမျိုး ရှိသနည်း။ သူတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ထောင်ပေါင်းများစွာသော လူများ၏ လေးစားမှုကို ခံရပြီး လူများအားလုံး၏ လာရောက်ရှာဖွေခြင်းကို ခံရသူများ ဖြစ်သည်။ သို့သော် ယခု၌မူ သူတို့သည် ကျုံးချင်ထံမှ ထပ်ခါတလဲလဲ ငြင်းပယ်ခံနေရပေ၏။ ထို့ပြင် သူတို့သည် အနည်းငယ်မျှပင် စိတ်ဆိုး၍ မရချေ။ သူတို့သည် သက်ပြင်းချပြီး စိတ်ပျက်လက်ပျက် အမူအယာများဖြင့် ပြန်လှည့်ထွက်သွားရုံသာ တတ်နိုင်တော့သည်။
...
နောက်ရက်အနည်းငယ်အတွင်း ကျုံးချင်သည် ဆေးလုံးအသုတ်ပေါင်းများစွာ ထပ်မံ၍ ဖော်စပ်ခဲ့သည်။ ဆေးပညာနှင့် ပတ်သက်လျှင် သူ့ထံ၌ ထူးဆန်းသော ရုပ်ပိုင်းဆိုင်ရာ နိယာမတစ်ခု ရှိနေပုံရသည်။ ဆေးမီးဖို ပေါက်ကွဲခြင်းမှာ အဖြစ်များပြီး ဆေးလုံးအောင်မြင်မှုနှုန်းက ကံတရားအပေါ်တွင် လုံးလုံးလျားလျား မူတည်နေသည်။
နောက်ဆုံးတွင် ဆေးမီးဖိုက တိုက်ရိုက်လွင့်ထွက်သွားခဲ့ကာ မြင်ကွင်းမှ လုံးဝပျောက်ကွယ်သွားပေ၏။ အချိန်ကြာမြင့်သည်အထိ ထိုအရာ ပြန်ကျမလာပေ။ ဆေးမီးဖိုသည် မည်သည့်ထောင့်သို့ လွင့်သွားသည်ကိုပင် မသိရချေ။ ဤသည်က ကျုံးချင်၏မျက်နှာကို လုံးလုံးလျားလျား မည်းမှောင်သွားစေသည်။
"တောင်သခင်... ကျွန်တော် အသစ်တစ်လုံး သွားဝယ်ပေးရမလား"
ဝူယွဲ့က သတိထားပြီး မေးလိုက်သည်။
ကျုံးချင်က လက်ကာပြလိုက်၏။
"ထားလိုက်ပါတော့... ဒီနေရာက ဖုန်းရွှေ သိပ်မကောင်းဘူး... ဆေးဖော်စပ်ဖို့ မသင့်တော်ဘူး"
ထိုစကားကိုကြားချိန်၌ ဝူယွဲ့နဲ့ ရှီရှောင်ထျန်းတို့၏ပါးပြင်များ ပြင်းထန်စွာ တဆတ်ဆတ်တုန်ရီသွားသည်။ ဆေးဖော်စပ်ခြင်းသည် ဖုန်းရွှေနှင့် မည်သို့ သက်ဆိုင်သနည်း။ အနည်းငယ်မျှပင် ဆက်စပ်မှု ရှိနိုင်သလော။ ထို့ပြင် ဆက်စပ်မှု ရှိသည်ဆိုလျှင်ပင် ဤနေရာသည် ဆေးမြို့တော်ပင်။ အရှေ့ပိုင်းဒေသ တစ်ခုလုံးတွင် ဆေးဖော်စပ်ရန် ဤနေရာထက် ပိုကောင်းသောနေရာဟူ၍ ရှိနိုင်မည် မဟုတ်ချေ။
သို့သော် သူတို့နှစ်ယောက်သည် မည်သည့်အရာမျှ ပြန်မပြောရဲဘဲ သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြ၏။ မည်သို့ပင်ဆိုစေကာမူ တောင်သခင်သည် အမြင့်မြတ်ဆုံးဖြစ်သဖြင့် သူ ပြောသမျှ အရာအားလုံး အမှန်ပင်။
"ပစ္စည်းတွေ သိမ်းကြတော့... ငါတို့ ပြန်သင့်ပြီ"
ကျုံးချင်က အကြောဆန့်လိုက်သည်။ ဤတစ်ကြိမ် သူ အပြင်ထွက်သည်မှာ အချိန်အတော်ကြာမြင့်သွားခဲ့လေပြီ။ ကျုံးချင် ထွက်ခွာတော့မည့်သတင်း ပျံ့နှံ့သွားသည်နှင့် ကျိုးဆန်း ယဲ့ကျန်းနှင့် ယန်ထျန်းချောင်တို့သည် သူ့ကို နှုတ်ဆက်ရန် ချက်ချင်းရောက်လာကြသည်။
"စီနီယာ... ကျွန်တော်က ကောင်းကောင်း ဧည့်မခံနိုင်ခဲ့လို့လား... ဘာလို့ နောက်ထပ်အချိန်တစ်ခုလောက် ဆက်မနေတာလဲ"
ယဲ့ကျန်းက ရိုသေစွာ ပြောလိုက်ပြီး သူ၏မျက်လုံးများထဲတွင် မလိုလားသော အရိပ်အယောင်များ ရှိနေသည်။ ကျုံးချင်သာ မရှိလျှင် သူ မည်သည်ကြောင့် လက်ရှိအောင်မြင်မှုများကို ရရှိနိုင်မည်နည်း။ သူသည် ကျုံးချင်ကို စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်နေခြင်း ဖြစ်ပေ၏။
"ဟုတ်တယ် ညီအစ်ကိုကျုံး... ငါက မင်းနဲ့ အတူတူ ပြည့်တန်ဆာအိမ်တွေ မသွားရသေးဘူး... ပြီးတော့ အချစ်နယ်ပယ်ကို အတူတူ မစူးစမ်းရသေးဘူး... အခုထွက်သွားဖို့က စောလွန်းမနေဘူးလား"
ကျိုးဆန်းကလည်း သူ့ကို ဆက်နေရန် ပြောဆို စည်းရုံးလိုက်သည်။ ဤသည်က ယန်ထျန်းချောင်ကို ဖော်ပြ၍မရနိုင်သော အဓိပ္ပါယ်ပါသည့် အရိပ်အယောင်ဖြင့် သူ့ကို ကြည့်စေခဲ့သည်။
ယခုချိန်၌ သူတို့နှစ်ယောက်သည် ယောက္ခမနှင့် မြေးသားမက် ဆက်ဆံရေးကို တရားဝင် ထူထောင်ပြီးပြီဟု ပြော၍ရသည်။ သူ၏ ယောက္ခမရှေ့တွင် ပြည့်တန်ဆာအိမ် သွားမည့်အကြောင်း ပြောသည်မှာ သင့်တော်ပါသလော။ ထို့နောက် သူ ပြန်တွေးကြည့်ချိန်တွင် ကျုံးချင်နှင့်အတူ ပြည့်တန်ဆာအိမ် သွားမည့်အကြောင်း ဖြစ်နေသည်။ ထိုသို့ဆိုလျှင် အဆင်ပြေပေ၏။
'မင်း ပျော်ပါးဖို့ ပိုက်ဆံလိုနေလား...တကယ်လို့ ပျော်ပါးဖို့ ငွေလိုနေရင် ဒီအဘိုးကြီးက အကူအညီပေးနိုင်တယ်'ဟုပင် သူ တွေးလိုက်မိသည်။
"နောင်ကျရင် အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်... အခွင့်အရေး ရှိလာမှာပါ"
ကျုံးချင်က ကျိုးဆန်း၏ ပခုံးကို ပုတ်လိုက်သည်။ ထို့နောက် သူက ယဲ့ကျန်းကို ပြောဆိုလိုက်၏။
"နောင်ကျရင် မင်းမှာ အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့ရရင် ရှန်ကျန်းဂိုဏ်း မူဖူတောင်ကို လာပြီး ငါ့ကို ရှာလို့ရတယ်... ပြီးတော့ မင်းတတ်နိုင်မယ်ဆိုရင် ငါ့ရဲ့မိတ်ဆွေကို ကောင်းကောင်း စောင့်ရှောက်ပေးပါ"
သူ မှာကြားချက်အနည်းငယ် ပေးပြီးနောက် လူများအားလုံးကို နှုတ်ဆက်ရန် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"စိမ်းလန်းတဲ့ တောင်တန်းတွေ ကျန်ရစ်ပြီး ကြည်လင်တဲ့ ရေတွေ စီးဆင်းနေသရွေ့ တစ်နေ့ကျရင် ငါတို့ ပြန်ဆုံကြမှာပါ... ငါ့ကို လိုက်ပို့စရာ မလိုဘူး... သွားကြစို့"
သူ၏စကားဆုံးသည်နှင့် အနက်ရောင်ပုံရိပ်တစ်ခုက သူ၏အင်္ကျီလက်ထဲမှ ပြေးထွက်လာသည်။ ထိုပုံရိပ်သည် ပေဆယ်ဂဏန်းမျှ မြင့်မားသော ရက်စက်ကြမ်းကြုတ်သည့် သားရဲကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ဤသည်မှာ ချီလင်နတ်ဘုရား သားရဲပင်။ ထိုသားရဲသည် ကျုံးချင်ကို သယ်ဆောင်သွားပြီး ပုံရိပ်တစ်ခု ရိပ်ခနဲဖြစ်သွားကာ မျက်စိတစ်မှိတ် အတွင်းမှာပင် မိုးတိမ်များအထက်သို့ ရောက်ရှိသွားတော့သည်။
သူတို့၏နောက်တွင် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ မိုးကောင်းကင်ပေါ်သို့ ပျံတက်လိုက်ပြီး ထပ်ချပ်မကွာ လိုက်ပါသွားကြသည်။
"ချီ... ချီလင်..."
ချီလင် နတ်ဘုရားသားရဲ ပေါ်လာခြင်းက သူတို့သုံးယောက်ကို ထိတ်လန့်မှုကြောင့် ဦးရေပြားထုံကျင်သွားစေသည်။ အထူးသဖြင့် ထိုကြီးမားသော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါကြောင့် ချီလင်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့၏စိတ်ဝိညာဉ်များ တုန်လှုပ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့ သတိပြန်ဝင်လာသည့် အချိန်တွင်မူ ပုံရိပ်များက သူတို့၏မြင်ကွင်းမှ လုံးလုံးလျားလျား ပျောက်ကွယ်သွားလေပြီ။
ဤသည်က သူတို့သုံးယောက်ကို တစ်ယောက်ကိုတစ်ယောက် ကြည့်မိစေသည်။ ကျုံးချင်သည် သာမန်မဟုတ်ကြောင်း သူတို့ ယခင်ကတည်းက သိထားကြသော်လည်း တစ်ဖက်လူသည် ချီလင် နတ်ဘုရားသားရဲကို စီးတော်ယာဉ်အဖြစ် အသုံးပြုနိုင်သလော။ ဤသည်မှာ အမှန်တကယ်ကို ယုံကြည်နိုင်စရာ မကောင်းချေ။
အချိန်တခဏအတွင်းတွင် သူတို့၏စိတ်နှလုံးသားထဲမှ ကျုံးချင်၏ ခမ်းနားထည်ဝါသော ပုံရိပ်က ရုတ်တရက် နောက်ထပ် အဆင့်ကြီးတစ်ခုသို့ မြင့်တက်သွားတော့သည်။ ဤသည်ကို အင်မော်တယ်များ နတ်ဘုရားများနှင့် တစ်တန်းတည်းဟုပင် ပြောနိုင်သည်။