ကြယ်တာရာ ခရမ်းသမင်
Vol. 14 Ch. 135
ရှန်ကျန်းဂိုဏ်း....
မူဖူတောင်....
တောင်သည် ယခင်တောင်သာဖြစ်ပြီး ရေသည် ယခင်ရေပင် ဖြစ်သည်။
ကျုံးချင်က ချီလင်ကိုစီးပြီး ခြံဝင်းထဲသို့ ဆင်းသက်လိုက်သည်နှင့်....
"ဆရာ"
လင်းဖုန်းနှင့်စုယဲ့တို့သည် သူတို့၏ကျင့်ကြံခြင်းမှ ပျော်ရွှင်စွာ ထွက်လာပြီး သူ့ကို နှုတ်ဆက်လိုက်ကြသည်။ ကျုံးချင်က သူတို့၏ ကျင့်ကြံဆင့်ကို တစ်ချက်ကြည့်လိုက်၏။ သူတို့၏ တိုးတက်မှုအရှိန်အဟုန်မှာ အလွန် မြန်ဆန်သည်။ သူ မရှိသည့်အချိန်တွင် သူတို့ လုံးဝအပါးမခိုခဲ့ပုံရသည်။
"မင်းတို့နှစ်ယောက်က အရမ်းတော်တယ်"
သူက တုံ့ဆိုင်းခြင်းမရှိဘဲ ချီးကျူးလိုက်သည်။
"မကြာသေးမီက ဂိုဏ်းထဲမှာ တစ်ခုခု ဖြစ်သေးလား"
"ဆရာ့ကို သတင်းပို့ပါတယ်... အရာအားလုံး အဆင်ပြေပါတယ်"
လင်းဖုန်းက ရိုသေစွာ တုံ့ပြန်အဖြေပေးလိုက်သည်။
ကျုံးချင်က ခေါင်းညိတ်လိုက်၏။ သူ ပြန်ရောက်လာခြင်းက ဂိုဏ်းထဲတွင် လှိုင်းဂယက် တစ်စုံတစ်ရာမျှ မဖြစ်ပေါ်စေခဲ့ပေ။ မူဖူတောင်ပေါ်တွင် အရာအားလုံး ပုံမှန်အတိုင်းဖြစ်ကာ အေးချမ်းပြီး တည်ငြိမ်နေသည်။
ယနေ့တွင် ရှန်ကျန်းဂိုဏ်း၏ အနောက်တောင်ဘက် မိုင်ထောင်ပေါင်းများစွာ အကွာရှိ....
ခရမ်းမက်မွန်တောအုပ် တစ်ခုတွင်....
ရှန်ကျန်းဂိုဏ်း၏ ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် ဂိုဏ်းမှ အကြီးအကဲတစ်စုကို ဦးဆောင်ပြီး ဤနေရာတွင် ယောင်သားရဲတစ်ကောင်ကို လိုက်လံ ဖမ်းဆီးနေသည်။
ဤသည်မှာ သမင်နှင့်တူသော်လည်း ဦးချိုမပါဘဲ ကြယ်ပုံစံ အစက်အပြောက်များပါသည့် ခရမ်းရောင်အမွှေးများ ဖုံးလွှမ်းထားပြီး နူးညံ့သော အလင်းတန်းများ ထုတ်လွှတ်ထားသည့် ထူးဆန်းသော ယောင်သားရဲတစ်ကောင်ပင်။
"တတိယ အကြီးအကဲ..."
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က လှမ်းခေါ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် သူတို့ လိုက်လံဖမ်းဆီးနေသော သမင်၏ ရှေ့ဘက်တောအုပ်ထဲတွင် ပုံရိပ်တစ်ခု လျင်မြန်စွာ ပြေးထွက်လာပြီး ယောင်သားရဲ၏ ထွက်ပြေးလမ်းကြောင်းကို အတိအကျ ပိတ်ဆို့လိုက်သည်။ ဤသည်မှာ ထိုနေရာတွင် အချိန်ကြာမြင့်စွာ ခြုံခိုစောင့်ဆိုင်းနေခဲ့သော ရှန်ကျန်းဂိုဏ်း၏ တတိယအကြီးအကဲပင်။
"အခု မင်း ဘယ်ပြေးမလဲဆိုတာ ကြည့်ကြသေးတာပေါ့"
ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်က ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။ ဤယောင်သားရဲသည် ရှန်ကျန်းဂိုဏ်း၏ ထောင်ချောက်ထဲသို့ ကျရောက်နေလေပြီ။ ဤသည်ကို တွေ့ရချိန်၌ သမင်ပုံစံ ယောင်သားရဲက စူးရှစွာ အော်ဟစ်လိုက်သည်။ ယောင်သားရဲသည် ထွက်ပြေးရန် လမ်းမရှိတော့ကြောင်း သိလိုက်သဖြင့် ဒေါသထွက်လာပေ၏။ ထိုယောင်သားရဲ၏အမွှေးများပေါ်ရှိ ကြယ်ပုံစံ အစက်အပြောက်များက အလင်းရောင်များ စတင်၍ တောက်ပလာသည်။
"သတိထားကြ... ကြယ်တာရာ ခရမ်းသမင်က ရူးသွပ်တော့မယ်... ထိပ်တိုက် မရင်ဆိုင်နဲ့"
ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်က သတိပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ကြယ်တာရာ ခရမ်းသမင်၏ ကြယ်ပုံစံအစက်အပြောက်များမှ မရေမတွက်နိုင်သော စိတ်ဝိညာဉ်အလင်းတန်းများ ပွင့်အံ့ထွက်လာပေ၏။ ထိုအလင်းတန်းတစ်တန်းစီတွင် ကြီးမားသော စွမ်းအားများ ပါဝင်ကာ ရှန်ကျန်းဂိုဏ်းမှ လူများထံသို့ ပျံ့လွင့်လာသည်။ ကြိုတင်ပြင်ဆင်ထားသော ရွှမ်ယွမ်ဟုန်တို့လူစုသည် ခုခံရန် သို့မဟုတ် ရှောင်တိမ်းရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုလိုက်ကြပြီး မည်သူမှ ဒဏ်ရာမရခဲ့ကြချေ။
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်၏ ကွပ်ကဲမှုအောက်တွင် လူများအားလုံး ကြယ်တာရာ ခရမ်းသမင်ကို စနစ်တကျ ဝိုင်းရံတိုက်ခိုက်ကြ၏။ ဤယောင်သားရဲသည် နူးညံ့သိမ်မွေ့ပြီး လှပပုံရသော်လည်း အမှန်အားဖြင့် ကြယ်တာရာ နက်နဲသိမ်မွေ့နယ်ပယ်၏ အထွတ်အထိပ်စွမ်းအားကို ပိုင်ဆိုင်ထားပြီး လျှော့တွက်၍ မရချေ။
သို့သော် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်ကိုယ်တိုင် ပါဝင်တိုက်ခိုက်ပြီး အကြီးအကဲတစ်စုကို ဦးဆောင်ထားသဖြင့် ထိုယောင်သားရဲကို ဖမ်းဆီးနိုင်ရန် ယုံကြည်မှုအပြည့်ရှိသည်။
ယခင်ကဆိုလျှင် သူ့ထံ၌ ဤကဲ့သို့ ယုံကြည်ချက်မျိုး ရှိချင်မှ ရှိပေလိမ့်မည်။ သို့သော် ယခုအချိန်၌ သူတို့အားလုံးသည် ကျုံးချင် ပေးထားသည့် ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံထားကြသဖြင့် သူတို့၏စွမ်းအားသည် ယခင်ကနှင့် မတူညီတော့ပေ။ ထိုကြောင့် သူတို့သည် ဤကြယ်တာရာခရမ်းသမင်ကို ဖမ်းဆီးရန်မှာ ပြဿနာမရှိတော့ချေ။
"ကြယ်တာရာ ခရမ်းသမင်နဲ့ တွေ့ရလောက်အောင် ငါတို့ ကံကောင်းမယ်လို့ ထင်မထားမိဘူး"
အကြီးအကဲတစ်ဦးက သက်ပြင်းချလိုက်သည်။
"ဒဏ္ဍာရီအရ ကြယ်တာရာ ခရမ်းသမင်က မက်မွန်ဝိညာဥ်ခရမ်းသစ်ရွက်ရဲ့ အရွက်နုတွေကို စားရတာ နှစ်သက်တယ်တဲ့... ဒါကြောင့် ဒီခရမ်းမက်မွန်တောအုပ်မှာ ပေါ်လာတာပေါ့... ဒါပေမဲ့ ခုလိုယောင်သားရဲတစ်ကောင် တွေ့ရတာက ကံကောင်းတာပါပဲ"
ကြယ်တာရာ နက်နဲသိမ်မွေ့နယ်ပယ်၌သာ ရှိသော်လည်း ကြယ်တာရာခရမ်းသမင်သည် အလွန် ရှားပါးသော ယောင်သားရဲပင်။ မြေကမ္ဘာ နက်နဲသိမ်မွေ့နယ်ပယ် သို့မဟုတ် ကောင်းကင် နက်နဲသိမ်မွေ့နယ်ပယ်မှ ယောင်သားရဲတချို့ထက်ပင် ပို၍ရှားပါးသည်။
ထိုယောင်သားရဲ၏စွမ်းအားသည် အားနည်းသော်လည်း အမွှေးများတွင် အံ့ဖွယ်အကျိုးသက်ရောက်မှုများ ရှိသည်။ ထိုအမွှေးများသည် ရေနှင့်မီး မတိုးဘဲ သတ္တုနှင့်ကျောက်တုံးများကြောင့် မညစ်ညမ်းချေ။ ထို့ပြင် ကာကွယ်မှု စွမ်းအား အလွန်အမင်း မြင့်မားသည်။ ထိုယောင်သားရဲတွင် ထူးဆန်းသော ကြယ်ရောင်စွမ်းအားလည်း ပါဝင်ပြီး ကျင့်ကြံခြင်း အရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်သည့် အစွမ်းထက်သော အကျိုးသက်ရောက်မှုရှိသည်။
ထိုမျှမက ထိုအမွှေးများသည် နူးညံ့ချောမွေ့ပြီး မီးခိုးများ တိမ်တိုက်များကဲ့သို့ ပေါ့ပါးသည်။ ထိုသားမွှေးဝတ်ရုံကို ဝတ်ဆင်ထားလျှင် ဇာမဏီငှက်ကဲ့သို့ ပေါ့ပါးပြီး တိမ်တိုက်များအတွင်း၌ လွင့်မျောနေသကဲ့သို့ ခံစားရသည်ဟု ဆိုကြသည်။ ထို့ပြင် ထိုအမွှေးများတွင် ဖုန်မှုန့်များကို တွန်းလှန်နိုင်သည့် ထူးဆန်းပြီး မွှေးပျံ့သည့် ရနံ့လည်း ရှိနေပေ၏။ အတိုချုပ်ဆိုရလျှင် ဤသည်မှာ အလွန်အဖိုးတန်သော ရတနာပင်။
ယခင်က ရှန်ကျန်းဂိုဏ်း၏ တပည့်တစ်ယောက်သည် ဤခရမ်းမက်မွန်တောအုပ်ကို ဖြတ်သန်းသွားစဉ် ကြယ်တာရာ ခရမ်းသမင်၏ အရိပ်အယောင်များကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုတပည့်သည် သူ၏ကျင့်ကြံဆင့်ကြောင့် သူ မဆင်မခြင် မလုပ်ရဲချေ။ ထို့ကြောင့် သူသည် ရှန်ကျန်းဂိုဏ်းကို ချက်ချင်းပြန်ပြေးပြီး သတင်းပို့ခဲ့ခြင်းဖြစ်သည်။
သတင်းရရချင်း ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် ဂိုဏ်းမှအကြီးအကဲများကို ဦးဆောင်ပြီး အတူတကွ ထွက်ခွာလာကြခြင်းဖြစ်သည်။ ဤသည်မှာ သူတို့သည် ကြယ်တာရာခရမ်းသမင်ကို လိုက်လံဖမ်းဆီးရန်ပင်။
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က ရယ်မောလိုက်သည်။
"ကောင်းပြီ... ပြီးရင် ဒီယောင်သားရဲရဲ့အမွှေးတွေကို သားရေချပ်ဝတ်တန်ဆာ ဒါမှမဟုတ် ကိုယ်ကျပ်အင်္ကျီနဲ့ဝတ်ရုံရှည် ပြုလုပ်ပြီးတော့ ခန္ဓာကိုယ်နဲ့ ကပ်နေတဲ့ မှော်ဝတ်စုံအဖြစ် သန့်စင်လိုက်မယ်... ကျုံးချင်ကိုပေးဖို့ ကွက်တိပဲ"
တတိယအကြီးအကဲက ကြယ်တာရာ ခရမ်းသမင်ကို ဖိနှိပ်ရန် လက်ဟန်သင်္ကေတတစ်ခုကို ထုတ်လွှတ်ရင်း ပြောဆိုသည်။
"ဂိုဏ်းချုပ်... ကျုံးချင်က အဲ့ဒါကို ဂရုစိုက်ချင်မှ စိုက်မှာပါနော်"
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က ခေါင်းညိတ်လိုက်၏။
"ကျုံးချင်ရဲ့စွမ်းအားနဲ့ဆိုရင် ဒီလိုအရာရဲ့ ကာကွယ်မှုကို မလိုအပ်ဘူး... ဒါပေမဲ့ ဒီပစ္စည်းက ရှားပါးတယ်လေ... ပြီးတော့ ဝတ်ရတာ သက်သောင့်သက်သာ ရှိတယ်... ဒါကြောင့် ငါတို့ရဲ့ လေးစားမှု သင်္ကေတတစ်ခုလို့ သတ်မှတ်လို့ရတယ်"
တခြားအကြီးအကဲများအားလုံး သဘောတူညီကြောင်း ခေါင်းညိတ်လိုက်ကြသည်။ သို့သော် ယခုအချိန်တွင် ခရမ်းမက်မွန်တောအုပ်၏ မြောက်ဘက် တောင်ကုန်းငယ်လေးတစ်ခုပေါ်မှ အကြည့်နှစ်စုံက ဤနေရာကို စောင့်ကြည့်နေကြသည်အား သူတို့ မသိကြချေ။
"ဒီလူတစ်စုက တော်တော်ကံကောင်းတာပဲ... ဒီ ကြယ်တာရာ ခရမ်းသမင်ကို ရှာတွေ့ခဲ့တယ်"
ဤသည်မှာ အသက်နှစ်ဆယ်အရွယ်ခန့်သာ ရှိပုံရပြီး ရွှေရောင် ပန်းကနုတ်များ ပါဝင်သည့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ပင်။ မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်နေသည့် ချောမောခန့်ညားသော လူငယ်တစ်ဦးသည် လက်နောက်ပစ်ကာ ခရမ်းမက်မွန်တောအုပ်ကို စောင်းငဲ့၍ကြည့်နေသည်။
"သူတို့ရဲ့စွမ်းအားနဲ့ဆိုရင် ဒီခရမ်းသမင်ကို ဖမ်းဆီးဖို့က အားစိုက်ထုတ်မှုတချို့ လိုအပ်လိမ့်မယ်... ဒါပေမဲ့ အမွေးတွေကိုတော့ မပျက်စီးစေနဲ့... တကယ်လို့ အဲ့ဒီယောင်သားရဲရဲ့ အသွင်အပြင် ပျက်စီးသွားရင် ဒီသခင်လေးက သူတို့ကို ပေးဆပ်ခိုင်းရလိမ့်မယ်"
သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။
မြင့်မြတ်သောလူငယ်၏ နောက်တွင်ရှိသည့် ဆံပင်ဖြူ မုတ်ဆိတ်ဖြူနှင့် ပိန်ပါးပါး အဘိုးအိုတစ်ဦးက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"သခင်လေး စိတ်ပူဖို့ မလိုပါဘူး... ဒီအဘိုးကြီးက အမြဲတမ်း စောင့်ကြည့်နေပါတယ်... အဲ့ဒီလိုမျိုး ဖြစ်ခွင့်ပေးမှာ မဟုတ်ပါဘူး"
မြင့်မြတ်သောလူငယ်က ခေါင်းညိတ်လိုက်သည်။
"ကြယ်တာရာ ခရမ်းသမင်ရဲ့ အမွှေးက တကယ့်ကို ကောင်းမွန်တဲ့ ရတနာပဲ... ဒီသာမန်လူနဲ့ မတန်ဘူး"
ပိန်ပါးပါးအဘိုးအိုက ရယ်မောလိုက်၏။
"ဒီလူတွေက အနီးနားက ရှန်ကျန်းဂိုဏ်းက ဖြစ်လောက်တယ်... သခင်လေးအတွက် ဒီ ခရမ်းသမင်ကို လိုက်လံဖမ်းဆီးပေးရတာ သူတို့ရဲ့ ဂုဏ်ယူစရာပါ"
သိသာထင်ရှားသည်မှာ ဤလူနှစ်ဦးသည် သူတစ်ပါး၏ ကြိုးပမ်းအားထုတ်မှု အကျိုးကျေးဇူးများကို ရိတ်သိမ်းရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိနေခြင်းပင်။ ယခုအချိန်တွင် ရှန်ကျန်းဂိုဏ်းမှ လူများသည် ကြယ်တာရာ ခရမ်းသမင်နှင့် တိုက်ခိုက်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ဝိုင်းရံထားမှုကို ဖောက်မထွက်နိုင်ကြောင်း မြင်တွေ့ချိန်၌ ကြယ်တာရာ ခရမ်းသမင်သည် နောက်ဆုံးတွင် စွမ်းအားအပြည့်အဝကို ထုတ်လွှတ်လိုက်၏။ ယောင်သားရဲ၏ ကြယ်ပုံစံ အစက်အပြောက်များ ထပ်မံ၍ တောက်ပသွားပြီး နောက်ဆုံးတွင် တသားတည်းပေါင်းစပ်သွားကာ သမင်တစ်ကောင်လုံး အလင်းရောင်ထဲတွင် နစ်မြုပ်နေသကဲ့သို့ ဖြစ်သွားပြီး အရှိန်အဝါက များစွာပို၍ အားကောင်းလာသည်။
"လူတိုင်း သတိထားကြတော့... ကြယ်တာရာ ခရမ်းသမင်က သူ့ရဲ့ ကြယ်ရောင်စွမ်းအားကို အသက်သွင်းလိုက်ပြီ... အခုချိန်မှာ သူ့ကို သတ်လိုက်ရင် သူ့ရဲ့အမွှေးထဲမှာ ကျန်ရှိနေတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက အကောင်းဆုံး အခြေအနေကို ရောက်သွားလိမ့်မယ်... ငါနဲ့အတူ တိုက်ခိုက်ကြစမ်း"
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က အော်ဟစ်လိုက်ပြီး သူ၏လက်နှစ်ဖက်ကြားတွင် အလင်းတန်းများ စုစည်းလာသည်။ ဤအခွင့်အရေးကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ကြသော အကြီးအကဲများသည် တပြိုင်နက်တည်း တုံ့ပြန်လိုက်ကြပြီး သူတို့၏စွမ်းအားများကို စုစည်းကာ အဆုံးအဖြတ် တိုက်ခိုက်မှုအတွက် ပြင်ဆင်လိုက်ကြသည်။
"ဟမ့်... အကန့်အသတ်မဲ့ စိတ်ဝိညာဉ်သတ်ဖြတ်ခြင်းဓား...."
အကြီးအကဲတစ်ယောက်က ဦးဆောင်လိုက်ပြီး ကြီးမားသော ဓားချီအလင်းတန်းတစ်ခုသည် ပေရာပေါင်းများစွာရှည်လျားပြီး ချက်ချင်းထွက်ပေါ်လာကာ နှိုင်းယှဉ်၍မရအောင် တောက်ပပြီး ကြယ်တာရာခရမ်းသမင်ဆီသို့ တိုက်ရိုက်တိုးဝင်သွားသည်။ တခြားလူများသည်လည်း သူတို့ ကျွမ်းကျင်ထားသော အန္တိမနည်းစနစ်များကို ဆက်တိုက်ထုတ်လွှတ်လိုက်ကြ၏။
အချိန်တခဏအတွင်းတွင် ကြယ်တာရာ ခရမ်းသမင်၏ခန္ဓာကိုယ်သည် အစွမ်းထက်သော နတ်ဘုရားစွမ်းရည် တိုက်ခိုက်မှုများစွာ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။ လူများအားလုံး အလွန်တိကျစွာ လုပ်ဆောင်ခဲ့ကြပြီး ခေါင်းကဲ့သို့ အရေးပါသည့် အစိတ်အပိုင်းများကို ချိန်ရွယ်ကာ အဖိုးတန်အမွှေးများကို မပျက်စီးစေရန် တိုက်ခိုက်မှုအတိုင်းအတာကို ကျဉ်းမြောင်းထားကြသည်။
သူတို့တစ်ဦးချင်းစီ၏ ခွန်အားအရ ဤနေရာရှိ မည်သူ့ထက်မဆို သာလွန်သော ကြယ်တာရာ နက်နဲသိမ်မွေ့အဆင့် အထွတ်အထိပ် ယောင်သားရဲတစ်ကောင်ပင်လျှင် ဤမျှထိ များပြားသော အစွမ်းထက် နတ်ဘုရားစွမ်းရည်များ၏ တိုက်ခိုက်မှုကို တောင့်မခံနိုင်ချေ။ ထိုယောင်သားရဲသည် ညည်းသံပင် မထွက်နိုင်ဘဲ လဲကျသွားတော့သည်။
သို့သော် တစ်ချိန်တည်းမှာပင် မြောက်ဘက် တောင်ကုန်းပေါ်တွင် မြင့်မြတ်သောသခင်လေးနှင့် ပိန်ပါးပါးအဘိုးအိုတို့၏ မျက်နှာများပေါ်၌ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သော အမူအယာများ ထင်ဟပ်လာသည်။
"အဲ့ဒါက... ဘုရင်အဆင့် ဆန်းကြယ်စွမ်းရည်လား"
သခင်လေး၏မျက်လုံးများ ပြူးကျယ်သွားပြီး စကားမပြောနိုင်လောက်အောင် ကြက်သေသေသွားသည်။ သူ မည်သည့်အရာကို မြင်လိုက်ရသနည်း။ ကျင့်ကြံဆင့်သည် ကြယ်တာရာ နက်နဲသိမ်မွေ့အဆင့်ခန့်သာရှိပြီး ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်း၏အဖွဲ့ဝင်များသာ ဖြစ်သော လူတစ်စုက ဘုရင်အဆင့် ဆန်းကြယ်စွမ်းရည်များကို အမှန်တကယ် အသုံးပြုနေကြသည်။
ထို့ပြင် ဆန်းကြယ်စွမ်းရည်တစ်မျိုးတည်း မဟုတ်သည်မှာ သိသာထင်ရှားပေ၏။ သူတို့၏ မြင့်မြတ်နယ်မြေအဆင့် အင်အားစုဖြစ်သော အတိုင်းအဆမဲ့တောင်တွင်ပင် ဘုရင်အဆင့် ဆန်းကြယ်စွမ်းရည်များ အလွန်ရှားပါးသည်။ ထိုအရာများသည် ဂိုဏ်း၏အခြေခံအုတ်မြစ် ရတနာအဖြစ် သတ်မှတ်ထိုက်သော ရတနာများပင်။
"ဒီဘုရင်အဆင့် ဆန်းကြယ်စွမ်းရည်တွေကို ပြန်ယူသွားနိုင်ရင်... ဒီသခင်လေးရဲ့ အတိုင်းအဆမဲ့တောင် ဂိုဏ်းချုပ်ရာထူး ဆက်ခံမယ့်နေရာက တောင်ကြီးတစ်လုံးလို ခိုင်မာသွားလိမ့်မယ်"
သူတို့နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်မျက်လုံးထဲက စိတ်လှုပ်ရှားမှုများကို တခြားတစ်ယောက်က မြင်တွေ့လိုက်ရသည်။ မြင့်မြတ်နယ်မြေတစ်ခု၏ အခြေခံအုတ်မြစ်ကို များစွာတိုးမြှင့်ပေးနိုင်သော ဘုရင်အဆင့် ဆန်းကြယ်စွမ်းရည်များကို သူတို့ ဤနေရာတွင် တွေ့ရှိခဲ့ရသည်။ နောက်ထပ်အချိန်အခိုက်အတန့်တွင် ထပ်မံ၍ပြောဆိုရန် မလိုဘဲ ပုံရိပ်နှစ်ခုသည် မူလနေရာမှ တပြိုင်နက်တည်း ပျောက်ကွယ်သွားကြသည်။
ထိုအချိန်တွင် ခရမ်းမက်မွန်တောအုပ်ထဲ၌ အောင်ပွဲခံနေသော ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်နှင့်အဖွဲ့သည် ပျော်ရွှင်သော အမူအယာများ ရှိနေကြ၏။ ဘုရင်အဆင့် ဆန်းကြယ်စွမ်းရည်များကို အသုံးပြုခြင်းက သူတို့အတွက် အလွန်ပင်ပန်းစေသော်လည်း ဤခရမ်းသမင်ကို ဖမ်းဆီးနိုင်ခြင်းက အရာအားလုံးကို ထိုက်တန်စေသည်။
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က သမင်ကို အရေခွံခွာရန် ရှေ့တိုးလိုက်ချိန်မှာပင် အေးစက်စက် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။