← Chapters

လူအားလုံးကို ဖမ်းဆီးခြင်း

Vol. 14 Ch. 136

လူအားလုံးကို ဖမ်းဆီးခြင်း

Vol. 14 Ch. 136

"ဒီသခင်လေးရဲ့ ပစ္စည်းကိုထိခွင့် ဘယ်သူက ပေးထားလို့လဲ"

အတိုင်းအဆမဲ့တောင်၏ သခင်လေးက အေးစက်တင်းမာသောလေသံဖြင့် မေးမြန်းလိုက်သည်။

ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် ထိုစကားကို ကြားချိန်၌ သူ၏စိတ်နှလုံးသားထဲတွင် ထိတ်လန့်သွားခဲ့သည်။ ထို့နောက် ရုတ်တရက် ထွက်ပေါ်လာသော စွမ်းအားတစ်ရပ်ကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး လွင့်ထွက်သွားတော့သည်။

အတိုင်းအဆမဲ့တောင်၏ သခင်လေးနှင့် ပိန်ပါးပါးအဘိုးအိုတို့သည် မိုးကောင်းကင်ယံမှ ဆင်းသက်လာပြီး လူများအားလုံးကို အေးစက်တင်းမာစွာ ကြည့်လိုက်ကြ၏။

"ဘယ်သူက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရဲတာလဲ"

လွင့်ထွက်သွားသော ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် သူ့ကိုယ်ကို မနည်းထိန်းလိုက်ရပြီး သူ၏ပါးစပ်ထောင့်မှ သွေးများစီးကျလာကာ မေးမြန်းလိုက်သည်။

သို့သော် ပိန်ပါးပါးအဘိုးအို၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ထင်ဟပ်လာခဲ့သည်။

"ဟမ့်... မင်းတို့မှာ မျက်လုံးပါပေမယ့် ထိုက်တောင်ကြီးကို မမှတ်မိကြဘူးပဲ"

"ဒီအဘိုးကြီးက အတိုင်းအဆမဲ့တောင်ရဲ့ အကြီးအကဲ ရွှမ်ကျိုးကျီပဲ... ပြီးတော့ ဒီလူက ငါတို့အတိုင်းအဆမဲ့တောင်ရဲ့ သခင်လေး ကျုံးမင်လွေ့ပဲ... ဘာလို့ မြန်မြန်ဆန်ဆန် အရိုအသေမပြုကြသေးတာလဲ"

ရှန်ကျန်းဂိုဏ်းမှ လူများအားလုံး ချက်ချင်း ထိတ်လန့်သွားကြသည်။ အတိုင်းအဆမဲ့တောင် ဟူသော အမည်နာမကို သူတို့ မည်သည်ကြောင့် မသိဘဲ နေမည်နည်း။ ဤသည်မှာ အရှေ့ပိုင်းဒေသ၏ မြင့်မြတ်နယ်မြေငါးခုထဲမှ တစ်ခုဖြစ်ပြီး ထိုအင်အားစုများအနက် အစွမ်းထက်ဆုံးဟုပင် ကောလာဟလ ထွက်ပေါ်နေသောနေရာပင်။

"အတိုင်းအဆမဲ့တောင်က လူနှစ်ယောက် ဖြစ်နေတာကိုး... မင်းတို့နှစ်ယောက်က ဘာလို့ ငါတို့ဂိုဏ်းကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရတာလဲ"

သို့သော် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က မကြောက်ရွံ့ဘဲ တည်ကြည်လေးနက်သော အသံဖြင့် မေးမြန်းလိုက်သည်။ တခြားအကြီးအကဲများကလည်း အော်ဟစ်ပြောဆိုလိုက်ကြ၏။

"အတိုင်းအဆမဲ့တောင်ကဆိုတိုင်း တခြားလူတွေကို အနိုင်ကျင့်ပြီး လူတွေကို ဒဏ်ရာရအောင် လုပ်လို့မရဘူး"

ယခင်ကဆိုလျှင် အတိုင်းအဆမဲ့တောင်၏ သခင်လေးနှင့် အကြီးအကဲကို ရင်ဆိုင်ရသည့်အချိန်တွင် သူတို့ သေလောက်အောင် ကြောက်ရွံ့ပြီး စိန်ခေါ်ရဲမည် မဟုတ်ချေ။ သို့သော် လက်ရှိရှန်ကျန်းဂိုဏ်းသည် ယခင်ကနှင့် မတူတော့ချေ။ တခြားအရာများကို မဆိုထားနှင့် မူဖူတောင်မှ အပြင်စည်းတပည့်နှစ်ယောက်သည်ပင် မြင့်မြတ်နယ်မြေတစ်ခုဖြစ်သည့် ဝူကျီဂိုဏ်းမှ အကြီးအကဲများ မဟုတ်လော။

တစ်ချိန်က ရှန်ကျန်းဂိုဏ်းသားများ၏စိတ်ထဲတွင် အလွန်မြင့်မားပြီး ကြီးကျယ်ခမ်းနားခဲ့သည့် မြင့်မြတ်နယ်မြေ ဆိုသည်မှာ ယခုအချိန်၌ သူတို့၏မျက်လုံးထဲတွင် လက်လှမ်းမမီနိုင်သည့် အရာ မဟုတ်တော့ချေ။

သို့သော် ဤသဘောထားက အတိုင်းအဆမဲ့တောင်မှ လူနှစ်ယောက်ကို ဒေါသထွက်စေခဲ့သည်။

အကြီးအကဲ ရွှမ်ကျိုးကျီက အေးစက်စက် နှာမှုတ်လိုက်၏။

"သာမန် ဒုတိယတန်းစား ဂိုဏ်းလေးတစ်ဂိုဏ်းက သတ္တိမသေးပါလား... ဒီအဘိုးကြီးကို စိန်ခေါ်ရဲဖို့ ဘယ်သူက မင်းတို့ကို သတ္တိတွေ ပေးထားတာလဲ"

"ဒီ ကြယ်တာရာ ခရမ်းသမင်က အစကက ငါတို့အတိုင်းအဆမဲ့တောင်က ပိုင်ဆိုင်တာ... မင်းတို့ ရှန်ကျန်းဂိုဏ်းက ဘယ်လိုလုပ်ပြီးတော့ လုယူရဲတာလဲ... မင်းတို့ရဲ့အပြစ်က ဘာလဲဆိုတာ မသိသေးဘူးလား"

ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က အေးစက်တင်းမာစွာ တုံ့ပြန်ပြောဆိုလိုက်သည်။

"မင်းရဲ့စကားတွေက တကယ့်ကို အဓိပ္ပါယ်မရှိဘူး... ကြယ်တာရာ ခရမ်းသမင်ကို ယဉ်ပါးအောင် လုပ်လို့မရဘူးဆိုတာ လူတိုင်း သိကြတယ်... ပြီးတော့ ဒီနေရာက မင်းတို့ အတိုင်းအဆမဲ့တောင်နဲ့ မိုင်ပေါင်းသိန်းနဲ့ချီ ဝေးကွာနေတာ... ဒီ ကြယ်တာရာ ခရမ်းသမင်က ဘယ်လိုလုပ်ပြီးတော့ မင်းတို့ အတိုင်းအဆမဲ့တောင်က ပိုင်ဆိုင်တာ ဖြစ်နိုင်မှာလဲ"

ရွှမ်ကျိုးကျီက အေးစက်စက် နှာမှုတ်ပြီး သူ၏အင်္ကျီလက်ကို ထပ်မံ၍ ဝှေ့ယမ်းလိုက်သည်။ ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် နောက်ထပ် ပြင်းထန်သောတိုက်ခိုက်မှုကို ခံစားလိုက်ရပြီး နောက်သို့လွင့်ထွက်ကာ သွေးအန်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် နှောင်းပိုင်းကျင့်ကြံဆင့်ရှိသော သူ၏ အစွမ်းထက်အရှိန်အဝါသည် ပွင့်အံ့ထွက်လာပြီး ခြိမ်းခြောက်နိုင်သော အငွေ့အသက်များ ပျံ့လွင့်လာသည်။

ဤသည်က ရှန်ကျန်းဂိုဏ်းသားများ၏ မျက်နှာအမူအယာများကို ပြောင်းလဲသွားစေပေ၏။

"ဒီအဘိုးကြီးက ဟုတ်တယ်လို့ပြောရင် ဟုတ်တာပဲ... မင်းတို့မှာ ဘာကန့်ကွက်စရာ ရှိလဲ"

ရှန်ကျန်းဂိုဏ်း၏ တတိယအကြီးအကဲက ဒယိမ်းဒယိုင်ဖြစ်နေသော ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်ကို တွဲထူပေးလိုက်ပြီး ဒေါသတကြီး ပြောဆိုလိုက်သည်။

"ဒီ ကြယ်တာရာ ခရမ်းသမင်ကို ငါတို့ အရင်တွေ့ရှိပြီးတော့ လိုက်လံဖမ်းဆီးခဲ့တာ အသိသာကြီးလေ... မင်းတို့က အတင်းအကြပ် လုယူဖို့ ကြိုးစားနေတာပဲ"

"အတင်းအကြပ် လုယူတယ်.... ဟုတ်လား"

အတိုင်းအဆမဲ့တောင်၏ သခင်လေးကျုံးမင်လွေ့က ဤအချိန်တွင် ဝင်ရောက်ပြောဆိုလိုက်ပြီး အေးစက်သော လှောင်ပြောင်မှု အရိပ်အယောင်တစ်ရပ် ပါဝင်နေသည်။

"ဒီသခင်လေး လိုချင်တဲ့အရာဆိုရင် မရဖူးတာ တစ်ခါမှ မရှိဘူး"

"ဒီနေ့ ဒီသခင်လေးက ဒီခရမ်းသမင်ကို သဘောကျသွားတာ မင်းတို့ ရှန်ကျန်းဂိုဏ်းရဲ့ ဂုဏ်ယူစရာပဲ... ဒီသခင်လေးကို အကြောင်းပြချက် မရှိဘူးလို့ အပြစ်မတင်နဲ့... ခုဏက မင်းတို့ သုံးခဲ့တဲ့ ဆန်းကြယ်စွမ်းရည် ကျမ်းစာအုပ်တွေကို ပေးအပ်လိုက်... ပြီးရင် မင်းတို့ဂိုဏ်းတစ်ဂိုဏ်းလုံး ငါ့ရဲ့လက်အောက်ခံ လုပ်ရမယ်... ဒီသခင်လေးက နောက်ပိုင်းကျရင် မင်းတို့ ရှန်ကျန်းဂိုဏ်းကို ကာကွယ်ပေးမယ်"

"မင်းတို့လို သာမန် ဒုတိယတန်းစား ဂိုဏ်းလေး တစ်ဂိုဏ်းအတွက် ဒါက အခွင့်အရေးကောင်းတစ်ခုပဲ"

ရှန်ကျန်းဂိုဏ်းမှလူများသည် ထိတ်လန့်သွားကြ၏။ ထိုအချန်မှသာ အတိုင်းအဆမဲ့တောင်မှ လူနှစ်ယောက်သည် ကြယ်တာရာ ခရမ်းသမင်ကို အတင်းအကြပ် လုယူလိုရုံ သက်သက် မဟုတ်ကြောင်း သူတို့ နားလည်သဘောပေါက်လိုက်ကြသည်။ သူတို့ အစောပိုင်းက ထုတ်သုံးလိုက်သော ဘုရင်အဆင့် ဆန်းကြယ်စွမ်းရည်များကိုလည်း မြင်တွေ့သွားပြီး လုယူလိုကြခြင်းဖြစ်သည်။

သို့သော် သူတို့သည် ဤကဲ့သို့ စည်းကမ်းချက်များကို မည်သို့ သဘောတူနိုင်မည်နည်း။ ယခင်ကဆိုလျှင် အတိုင်းအဆမဲ့တောင်နှင့် ဆက်ဆံရေး တည်ဆောက်နိုင်ခြင်းသည် ရှန်ကျန်းဂိုဏ်းအတွက် အခွင့်အလမ်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သို့သော် ယခုအချိန်တွင်မူ သူတို့သည် မည်သည်ကြောင့် သဘောတူနိုင်မည်နည်း။

ကျုံးချင်နှင့် သူ၏မူဖူတောင် ရှိနေသရွေ့ ရှန်ကျန်းဂိုဏ်း တိုးတက်လာရန်မှာ လက်တစ်ကမ်း အလို၌သာ ရှိတော့ပြီး မြင့်မြတ်နယ်မြေတစ်ခုကို ကျော်တက်ရန်မှာ မခဲယဉ်းလှချေ။ သို့သော် ယနေ့ အခြေအနေသည် အရေးကြီးနေပြီး ဤအခက်အခဲသည် ကောင်းမွန်စွာ ပြီးဆုံးမည့်ပုံ မပေါ်ချေ။

မလှုပ်ရှားရသေးသော အတိုင်းအဆမဲ့တောင်၏ သခင်လေးကို ဘေးဖယ်ထားလျှင်ပင် နေမင်း နက်နဲသိမ်မွေ့အဆင့် နှောင်းပိုင်းအဆင့်၌ ရှိနေသော အကြီးအကဲရွှမ်ကျိုးကျီ တစ်ယောက်တည်းဖြင့် သူတို့အားလုံး ပူးပေါင်းသည့်တိုင် ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။

ပြီးခဲ့သည့်တစ်ကြိမ်က ဆံနီမိစ္ဆာအိုကြီးသည် လမင်းနက်နဲသိမ်မွေ့အဆင့် ကျင့်ကြံဆင့်မျှဖြင့်ပင် ရှန်ကျန်းဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ်သုတ်သင်လုနီးပါး ဖြစ်ခဲ့ဖူးသည်။ ယခုချိန်၌ ဘုရင်အဆင့် နည်းစနစ်များကို ကျင့်ကြံပြီးနောက် အကြီးအကဲများအားလုံးသည် ကြယ်တာရာ နက်နဲသိမ်မွေ့နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ကြပြီး ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်နှင့် မဟာအကြီးအကဲတို့သည်လည်း ကြယ်တာရာ နက်နဲသိမ်မွေ့နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေကြလေပြီ။

သို့ရာတွင် သူတို့သည် နေမင်းနက်နဲသိမ်မွေ့နယ်ပယ်နှင့် နှိုင်းယှဉ်လိုက်လျှင် ကွာဟချက်က ထိုစဉ်က ဆံနီမိစ္ဆာအိုကြီးနှင့် ယှဉ်ပြိုင်စဉ်ကထက် များစွာလျော့ပါးသွားမည် မဟုတ်ချေ။

"ကျုံးချင်ဆီ အမြန်ဆုံး သတင်းပို့လိုက်တော့"

မဟာအကြီးအကဲက သူ၏နောက်မှ အကြီးအကဲ တစ်ယောက်ကို တီးတိုးမှာကြားလိုက်သည်။ ထိုအကြီးအကဲက နားလည်ကြောင်း ခေါင်းညိတ်လိုက်ပြီး လုပ်ဆောင်တော့မည့်အချိန်တွင် သူတို့၏အပြုအမူများက အတိုင်းအဆမဲ့တောင်မှ လူနှစ်ယောက်၏ မျက်လုံးထဲသို့ ရောက်ရှိသွားသည်။

ရွှမ်ကျိုးကျီက လှောင်ပြောင်လိုက်သည်။

"ဘာ လှည့်ကွက်လေးတွေ ကစားနေကြတာလဲ... မင်းတို့က လိမ်လိမ်မာမာနဲ့ နာခံဖို့ အစီအစဉ် မရှိဘူး ထင်တယ်"

"ကောင်းပြီလေ... သာမန်ရှန်ကျန်းဂိုဏ်းလေးက ငါတို့ရဲ့ အတိုင်းအဆမဲ့တောင်ကို အာခံရဲတယ်ပေါ့... မင်းတို့ကို ဒုက္ခမပေးရင် ငါတို့ရဲ့ အတိုင်းအဆမဲ့တောင် ဘယ်လောက်ထိ ကြီးကျယ်ခမ်းနားလဲဆိုတာ မင်းတို့ သိမှာ မဟုတ်ဘူး"

သူ၏အသံ ဆုံးသည်နှင့် သူက ရှန်ကျန်းဂိုဏ်းမှ လူများဆီသို့ လက်ဝါးတစ်ချက် ရိုက်နှက်လိုက်သည်။ လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုသည် လေထုထဲမှ ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလိုပင် ပေဆယ်ဂဏန်းခန့်အထိ ကြီးထွားလာကာ လူများအားလုံးအပေါ်သို့ ဖိနှိပ်လိုက်သည်။ ထိုအစွမ်းထက်သော ဖိအားက ရှန်ကျန်းဂိုဏ်းမှ လူများကို အသက်ရှူရခက်စေခဲ့သည်။

မဟာအကြီးအကဲက အော်ဟစ်လိုက်ပြီး သူ၏စွမ်းအားကို ဦးဆောင်၍ထုတ်လွှတ်ကာ ငါးရောင်ခြယ် နတ်ဘုရားအလင်းတန်းတစ်တန်းအဖြစ် စုစည်းလိုက်ပြီး လက်ဝါးပုံရိပ်ယောင်ကြီးဆီသို့ တိုးဝင်သွားပေ၏။

"ဒြပ်စင်ငါးပါး ချေမှုန်းရေးအလင်းတန်း..."

တခြားအကြီးအကဲများလည်း လိုက်ပါ လုပ်ဆောင်ကြပြီး ထိုလက်ဝါးပုံရိပ်ယောင်ကြီးကို ခုခံရန် သူတို့၏ အပြင်းထန်ဆုံးတိုက်ကွက်များကို ထုတ်လွှတ်လိုက်ကြသည်။ နှစ်ဖက် ထိပ်တိုက်တွေ့ဆုံမှုသည် မြေပြင်ကို တုန်ခါသွားစေပြီး ပတ်ဝန်းကျင်ရှိ ခရမ်းမက်မွန်တောအုပ်မှ နေရာအမြောက်အများကို တိုက်ရိုက်မြေလှန်လိုက်သည်။

သူတို့၏အစွမ်းကုန် ကြိုးစားအားထုတ်မှုဖြင့် လက်ဝါးပုံရိပ်ယောင်ကြီးကို ဖြိုခွင်းနိုင်ခဲ့ပေ၏။ သို့သော် ထိုထိပ်တိုက်တွေ့ဆုံမှု၏ ပြင်းအားကို ချေဖျက်ရန် ခက်ခဲသဖြင့် အကြီးအကဲများအားလုံး သွေးအန်ကာ အဆက်မပြတ် နောက်သို့ဆုတ်ခွာလိုက်ရသည်။

ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ်နှင့် နေမင်း နက်နဲသိမ်မွေ့နယ်ပယ်ကြားရှိ ကွာဟချက်က အလွန်ကြီးမားပေ၏။ တိုက်ကွက်တစ်ခုမျှ အပြန်အလှန် ဖလှယ်ရုံဖြင့် သူတို့အားလုံး ဒဏ်ရာရသွားကြလေပြီ။

ရွှမ်ကျိုးကျီက အနည်းငယ် အံ့အားသင့်သွားသော်လည်း ပို၍ပင်လောဘတက်လာသည်။

"ဘုရင်အဆင့် ဆန်းကြယ်စွမ်းရည်ဆိုတာက တကယ့်ကို မျှော်လင့်ထားတဲ့ အတိုင်းပဲ... သာမန် ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ တစ်စုရဲ့ လက်ထဲမှာတောင် ဒီလောက်ထိ အစွမ်းထက်တယ်"

"တကယ်လို့ ဒီအဘိုးကြီးသာ ကျင့်ကြံနိုင်ခဲ့ရင် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် အဆင့်တူတွေကြားမှာ ပြိုင်ဘက်ကင်း ဖြစ်လာနိုင်ပြီးတော့ မြေကမ္ဘာ နက်နဲသိမ်မွေ့နယ်ပယ်ကို ယှဉ်ပြိုင်ဖို့တောင် မဖြစ်နိုင်တာ မဟုတ်ဘူး"

အကြီးအကဲများသည် ရွှမ်ကျိုးကျီနှင့် ထိပ်တိုက်တွေ့နေစဉ်တွင် ယခင်အကြီးအကဲက ဆက်သွယ်ရေးကျောက်စိမ်းပြားကို အသုံးပြုပြီး ကျုံးချင်ထံသို့ သတင်းပေးပို့လိုက်သည်။ ဤမြင်ကွင်းကလည်း သူတို့နှစ်ယောက်၏ အမြင်အာရုံအောက်မှ လွတ်ကင်းမသွားချေ။

ကျုံးမင်လွေ့က လှောင်ပြောင်လိုက်သည်။

"သတင်းပို့နေတာလား... စစ်ကူခေါ်ဖို့ ကြိုးစားနေတာလား... ငါတို့က မင်းကို သတင်းပို့ခွင့်ပေးလိုက်ရင်တောင် ဘာဖြစ်လာမှာ မလို့လဲ"

"အရှေ့ပိုင်းဒေသမှာ ငါ့ရဲ့အတိုင်းအဆမဲ့တောင်ကို ဘယ်သူက ယှဥ်ပြိုင်နိုင်မှာလဲ... တခြား မြင့်မြတ်နယ်မြေလေးခုက လူတွေတောင် ဒီသခင်လေးကိုတွေ့ရင် ရိုသေလေးစားရတယ်... မင်းတို့ကို ဘယ်သူက ကယ်နိုင်မှာလဲ"

"အကြီးအကဲရွှမ်... သူတို့ရဲ့ သိုလှောင်လက်စွပ်တွေအားလုံးကို သိမ်းလိုက်...ဆန်းကြယ်စွမ်းရည် ကျမ်းစာအုပ်တွေက အဲ့ဒီအထဲမှာ ရှိနေရမယ်"

ရွှမ်ကျိုးကျီသည် ဤသို့ပြုလုပ်ရန် ယခင်ကတည်းက ရည်ရွယ်ထားပြီးဖြစ်သည်။ သူသည် ပြုံးဖြီးဖြီးလုပ်လိုက်ပြီး နောက်ထပ်တိုက်ကွက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ဤတစ်ကြိမ်တွင် အကြီးအကဲများထံ၌ ခုခံနိုင်စွမ်း မရှိတော့ဘဲ သူတို့အားလုံး လွင့်ထွက်သွားပြီး ဒဏ်ရာအပြင်းအထန် ရသွားကြသည်။

အကြီးအကဲများ၏လက်များပေါ်ရှိ သိုလှောင်လက်စွပ်များနှင့် သိုလှောင်ရတနာများအပြင် ဒဏ်ရာအပြင်းအထန် ရရှိထားသော ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်၏ပစ္စည်းများသည် ရွှမ်ကျိုးကျီ၏အင်္ကျီလက် ဝှေ့ယမ်းလိုက်မှုကြောင့် ချက်ချင်းလွင့်ပါသွားကြသည်။

လူများအားလုံးသည် ခုခံလိုကြသော်လည်း သူတို့တွင် စွမ်းအားမကျန်ရှိတော့ပေ။ ရွှမ်ကျိုးကျီသည် သူတို့၏ပစ္စည်းများကို လုယူပြီး ကြယ်တာရာ ခရမ်းသမင်၏ အလောင်းကိုလည်း ယူဆောင်သွားသည်ကို သူတို့ လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

"ဟမ့်... ဒီအဘိုးကြီးကိုတောင် ခုခံရဲတယ်... တကယ့်ကို သေလမ်းရှာနေတာပဲ... ငါက ဆန်းကြယ်စွမ်းရည်ကျမ်းစာအုပ်တွေကို ရတာနဲ့ မင်းတို့ကို ကိုင်တွယ်မယ်"

ဘုရင်အဆင့် ဆန်းကြယ်စွမ်းရည်၏ ဆွဲဆောင်မှုကို ရင်ဆိုင်ရချိန်၌ ရွှမ်ကျိုးကျီသည် စိတ်မရှည်တော့ချေ။ သူသည် ပြင်းထန်စွာ ဒဏ်ရာရနေသော လူအုပ်ကြီးကို ပြန်ကြည့်ရန်ပင် ပျင်းရိနေသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် ထွက်ပြေး၍ မရနိုင်တော့ချေ။

လူများအားလုံး၏ သိုလှောင်လက်စွပ်များပေါ်ရှိ တားမြစ်ပိတ်ပင်မှုများက သူ့အတွက် ဘာမှမဟုတ်သည့်အလား လွယ်ကူစွာ ဖျက်ဆီးလိုက်၏။ သူ၏နတ်ဘုရားစိတ်အာရုံ ဖြတ်သန်းသွားသည်နှင့် ရွှမ်ကျိုးကျီ၏မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အမူအယာတစ်ရပ် ထင် ဟပ်လာသည်။

"သိုလှောင်လက်စွပ်တွေထဲမှာ ဘုရင်အဆင့် ဆန်းကြယ်စွမ်းရည်တွေ ရှိလား"

ကျုံးမင်လွေ့က စိတ်အားထက်သန်စွာ မေးမြန်းလိုက်သည်။ ရွှမ်ကျိုးကျီသည် ထိုအချိန်မှသာ သတိပြန်ဝင်လာပြီး သူ၏မျက်နှာအမူအယာသည် မယုံကြည်နိုင်မှုနှင့် အလွန်အမင်း စိတ်လှုပ်ရှားမှု အဖြစ်သို့ ပြောင်းလဲသွားပေ၏။

"သခင်လေး... ဒါက တကယ့်ကို ကောင်းကင်ဘုံက ပေးတဲ့ အခွင့်အရေးပါပဲ"

"ကောင်းကင်ဘုံက ငါတို့ရဲ့အတိုင်းအဆမဲ့တောင်ကို ကောင်းချီးပေးလိုက်တာပဲ"

"ဒီ သိုလှောင်လက်စွပ်တွေထဲမှာ ဘုရင်အဆင့် ဆန်းကြယ်စွမ်းရည်တွေတင် မကဘူး... ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်တွေလည်း ရှိနေတယ်... ပြီးတော့ စုစုပေါင်း ကျမ်းစာရှစ်အုပ်တောင် ရှိတယ်"

"ဘာ...."

ကျုံးမင်လွေ့ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။ သူသည် သိုလှောင်လက်စွပ်ကို ယူလိုက်ပြီး သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် ကြည့်လိုက်ရာ မယုံကြည်နိုင်မှုနှင့်အံ့အားသင့်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။ သူ အလွန်စိတ်လှုပ်ရှားနေသဖြင့် သူ၏လက်များ တုန်ရီနေပြီး သိုလှောင်လက်စွပ်ပင် လွတ်ကျလုနီးပါး ဖြစ်သွားပေ၏။

"ဟား ဟား ဟား... ဒီ ရှန်ကျန်းဂိုဏ်းငယ်လေးက တကယ့်ကို ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်တွေနဲ့ ဆန်းကြယ်စွမ်းရည်တွေ ရှစ်ခုတောင် ပိုင်ဆိုင်ထားတာပဲ... တကယ့်ကို ကောင်းကင်ဘုံက ငါ့ကို ကူညီနေတာပဲ"

သူတို့ ဖွင့်ကြည့်လိုက်သည်မှာ ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်၏သိုလှောင်လက်စွပ်ပင်။ ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်အတွက်ကမူ အမှန်တကယ်ကို ကံဆိုးခြင်းဖြစ်သည်။ ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် သူသည် ဤနည်းစနစ်များနှင့် ဆန်းကြယ်စွမ်းရည်များကို အလွန်အဖိုးတန်သည်ဟု သတ်မှတ်ထားပေ၏။ ထိုအရာများကို ဂိုဏ်း၏ကျမ်းစာဆောင်တွင် ထားရှိရန် စိတ်မချသဖြင့် သူကိုယ်တိုင် သယ်ဆောင်ထားပြီး တခြားအကြီးအကဲများကိုငှားရမ်းခွင့်သာ ပေးထားခြင်း ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင် ထိုအရာအားလုံး တပြိုင်တည်း လုယူခြင်းခံလိုက်ရလေပြီ။ ရွှမ်ကျိုးကျီက ရယ်မောလိုက်သည်။

"ဒီအဘိုးကြီး ထင်တာတော့ ရှန်ကျန်းဂိုဏ်းက ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုကို တူးဖော်မိပြီးတော့ ဘုရင်အဆင့် ရတနာတွေ အများကြီး ရရှိခဲ့တဲ့အထိ ကံကောင်းခဲ့ပုံရတယ်"

ကျုံးမင်လွေ့လည်း ထိုကဲ့သို့ တွေးတောမိသည်။ ထိုသို့မဟုတ်ပါက သာမန် ဒုတိယတန်းစား ဂိုဏ်းငယ်လေးတစ်ဂိုဏ်းက မည်သည်ကြောင့် ဘုရင်အဆင့် နည်းစနစ်များနှင့် ဆန်းကြယ်စွမ်းရည်များကို ပိုင်ဆိုင်ထားနိုင်မည်နည်း။ ထို့ပြင် ဘုရင်အဆင့် ကျမ်းစာအုပ်ရှစ်အုပ်ပင်ရှိနေပေ၏။

သို့ရာတွင် ယခုချိန်၌ ထိုအရာအားလုံး သူ၏လက်ထဲသို့ ရောက်လာလေပြီ။ ဤဘုရင်အဆင့် ကျမ်းစာရှစ်အုပ်ကို ပြန်ယူသွားလျှင် အတိုင်းအဆမဲ့တောင်တွင် သူတို့၏နေရာများကို မလှုပ်မယှက်နိုင်အောင် ခိုင်မာစေရန် လုံလောက်သွားပေမည်။

ထို့ပြင် သူတို့ အတိုင်းအဆမဲ့တောင်၏အင်အားကိုလည်း များစွာတိုးမြှင့်ပေးနိုင်ပေလိမ့်မည်။ အတိုင်းအဆမဲ့တောင်သည် ယခင်ကတည်းက မြင့်မြတ်နယ်မြေငါးခုအနက် အသန်မာဆုံးဟု နာမည်ကြီးသော်လည်း သူတို့သည် မြင့်မြတ်နယ်မြေအဆင့်တူများ ဖြစ်နေဆဲဖြစ်ပြီး အင်အားကွာခြားချက်မှာ အနည်းငယ်မျှသာ ရှိသည်။

သို့သော် ဤဘုရင်အဆင့် ကျင့်ကြံနည်းစနစ်များနှင့် ဆန်းကြယ်စွမ်းရည်ရှစ်ခု ရှိနေလျှင်မူ... မကြာမီကာလတွင် သူတို့ အတိုင်းအဆမဲ့တောင်သည် တခြားမြင့်မြတ်နယ်မြေလေးခုကို တစ်ရှိန်ထိုး ကျော်တက်သွားနိုင်တော့မည်မှာ အမှန်ပင်။ အရှေ့ပိုင်းဒေသတွင် အထွတ်အထိပ် မြင့်မြတ်နယ်မြေဖြစ်ရန် အမှန်တကယ် ထိုက်တန်သော အသန်မာဆုံးအင်အားစု ဖြစ်လာပေလိမ့်မည်။

ထိုအချိန်တွင် သူသည် အတိုင်းအဆမဲ့တောင်ကို လွှဲပြောင်းယူပြီး အရှေ့ပိုင်းဒေသ တစ်ခုလုံး၏ အထွတ်အထိပ်ပုဂ္ဂိုလ် ဖြစ်လာပေလိမ့်မည်။ ကျုံးမင်လွေ့ ပို၍တွေးတောမိလေလေ ပို၍စိတ်လှုပ်ရှားလေလေပင်။ ပုံမှန်အားဖြင့် သူသည် ခံစားချက်များကို ဖုံးကွယ်ထားပြီး တခြားသူများရှေ့တွင် အေးစက်ကာ မာနကြီးသည့် ပုံစံ ပေါက်နေပေ၏။ သို့ရာတွင် သူသည် ယခုအချိန်၌မူ စိတ်မထိန်းနိုင်ဘဲ အော်ဟစ်ရယ်မောလိုက်တော့သည်။

ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်နှင့် ရှန်ကျန်းဂိုဏ်းမှ အကြီးအကဲများသည် ထိုလူနှစ်ယောက်၏ အောင်ပွဲခံနေသော ပုံစံကို ကြည့်ပြီး ဒေါသများဖြင့် ပြည့်နှက်နေသော်လည်း မည်သည့်အရာမျှ မလုပ်နိုင်ကြချေ။ သူတို့သည် ကျုံးချင် သတင်းရပြီး အမြန်ဆုံး ရောက်လာရန်သာ မျှော်လင့်နိုင်တော့သည်။

All Chapters