(409) သေဆုံးခြင်းအတွက် ဟောပြောမှု + အစစ်အမှန်နှင့် အတုအယောင် အိပ်မက် + လူသတ်တရားခံ (4)
Vol. 41 Ch. 409
အဖေဟိုင် : “ဪ မင်းရောက်လာပြီလား၊ လာ ခဏထိုင်ဦး၊ ဦးလေး ရေခပ်ပေးမယ် မင်းလာမယ်လို့ ပြောထားတာကို တကယ် မေ့သွားတာ”
“ရပါတယ် ဦးလေး၊ ကျွန်တော် ဝမ်းကိုအစ်ကိုက ဆုကြီးရတယ်လို့ ကြားရလို့လေ ဒါကြောင့် အစ်ကို့ကို ဂုဏ်ပြုဖို့နဲ့ ဦးလေး ကျန်းမာရေး ကောင်းမကောင်း သိချင်လို့ လာခဲ့လိုက်တာ၊ အစ်ကိုရော ရှိလား?”
“သူက အခန်းထဲမှ အိပ်နေတာ၊ နေဦး ငါ သွားခေါ်ပေးမယ်”
သူ့အနေဖြင့် နယ်ဝေးမှ ဆွေမျိုးများ အိမ်ကို လာလည်လိမ့်မည်ဟု တွေးမထားခဲ့မိပေ။ ထို့အပြင် ရောက်လာသည်မှာလည်း မြန်ဆန်လွန်းလှသည်။
ဟဲကျောင်ရှန်းရဲ့ ဝိဉာဉ်ရောက်လာလေပြီလား?
ဟိုင်မင် တုန်လှုပ်နေမိသည်။
အဖေဟိုင်က အိပ်ခန်းတံခါးအား ခေါက်လိုက်သည်။
“အားမင်၊ အပြင်ထွက်ခဲ့ပါဦး၊ မင်းဦးလေးရဲ့ သား အလည်လာတယ်”
သူ ဘာလုပ်သင့်လဲ?
တံခါးကိုပဲ သော့ခတ်ထားပြီး အပြင်မထွက်ဘဲ နေရမလား?
တစ်ဖက်မှလူသာ လူယောင်ဆောင်ထားသော တစ္ဆေသရဲဖြစ်နေရင်…
သူက အခန်းထဲကို တစ်ခါတည်း ဝင်လာမှာလား? ဒီအခန်းထဲမှာ နေလို့ရော လုံခြုံပါ့မလား…?
ဟိုင်မင် သေချာမည့်အဖြေကို မရွေးနိုင်သောကြောင့် သူငယ်ချင်းကို ဖုန်းဆက်ခေါ်၍ ချက်ချင်းအိမ်သို့လာပေးရန်ပြောမည်၊ ပြီးနောက် ရဲကိုခေါ်မည်ဟု ဆုံးဖြတ်လိုက်သည်။
သို့ရာတွင် သူ ဖုန်းကို ဖွင့်ကာ ဖုန်းခေါ်ရန် ပြင်လိုက်သော်လည်း သူ၏ ဖုန်းတွင် ဖုန်းလိုင်း တစ်တုံးမျှပင် မရှိကြောင်း တွေ့လိုက်ရသည်။
ဖုန်းခေါ်၍မရ၊ မက်ဆေ့ချ်ပို့၍လည်းမရ၊ အင်တာနက်လည်း သုံး၍ မရနိုင်သကဲ့သို့ မည်သူတစ်ဦးတစ်ယောက်ကိုမျှလည်း ဆက်သွယ်၍ မရခဲ့ပေ။
ထိုအချိန်မှသာ ဟိုင်မင် သတိထားလိုက်မိသည်။ အခန်းတွင်းမှ အပူချိန်သည်က အင်မတန် အေးစက်နေခဲ့ပြီး ပတ်ဝန်းကျင်မှာလည်း နေဝင်သွားသည့်အလား မှောင်မိုက်နေခဲ့သည်။
သူ ဖုန်းကို ပြန်ကောက်ကိုင်လိုက်သည့်အချိန်တွင်လည်း ရေခဲတုံးတစ်တုံးကို ထိလိုက်မိသည့်အလား အေးစက်နေခဲ့သောကြောင့် ပုံမှန်မဟုတ်ကြောင်း တွေးလိုက်မိလေသည်။
မြီးညှောင့်ရိုးမှ နာကျင်မှုသည်လည်း ပျောက်ကွယ်သွားပြီဖြစ်သောကြောင့် မကြာသေးခင်ကမှ ခံစားလိုက်မိသည့် နာကျင်မှုသည်က အမှန်တကယ်လော၊ သူ၏ စိတ်ထင်လိုက်သည်လော ခွဲခြား၍ မရနိုင်တော့ပေ။
ယခုအချိန်တွင် သူ လုံးဝ တုန်လှုပ်သွားမိသည်။
ဟိုင်မင် သူ့ကိုယ်သူ အိပ်မက်,မက်နေခြင်းနှင့် တကယ့် အပြင်လောကသို့ ရောက်နေခြင်းအား ခွဲခြားနိုင်ရန် နည်းလမ်းမရှိတော့ကြောင်း သဘောပေါက်သွားသည်။
အပြင်မှ တံခါးခေါက်နေသူက ဟဲကျောင်ရှန်း၏ တစ္ဆေလား? သို့မဟုတ် ဖခင်ဖြစ်သူလား? သို့မဟုတ် အိပ်မက်မှ အသံလား…?
အင်မတန် ပူလောင်ကာ စိတ်ကြပ်တည်းနေသော ဟိုင်မင်မှာ အခန်းတွင်းမှ အေးစက်သော လေထု၊ တစ်စုံတစ်ရာမှ စူးစိုက်ကြည့်နေသကဲ့သို့ ခံစားနေရခြင်းတို့ကြောင့် စိတ်ခြောက်ခြားလာခဲ့သည်။
အိပ်ခန်းတံခါးအား အပြင်မှ တဒုန်းဒုန်းဖြင့် ခေါက်နေဆဲဖြစ်ကာ သူ၏ နှလုံးခုန်သံမှာလည်း မြန်ဆန်လွန်းနေခဲ့သည်။
ထိုအချိန်တွင် တုန်ယင်နေသော လက်များဖြင့် ဖုန်းကိုင်ထားဆဲဖြစ်သော ဟိုင်မင်တစ်ယောက် ဖုန်း၏မျက်နှာပြင်မှ ပိတ်လိုက်၊ ဖွင့်လိုက်ဖြစ်နေသောကြောင့် ငုံ့ကြည့်လိုက်မိသည်။
ထို့နောက်တွင် ဖုန်းထဲမှမြင်လိုက်ရသော အရာကြောင့် မျက်ဝန်းအစုံက ပြူးကျယ်သွားကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်မိပြီး ဖုန်းအား လွှင့်ပစ်လိုက်မိလေသည်။
ဖုန်းမျက်နှာပြင်တွင် မျက်နှာတစ်ခုလုံး ပြာနှမ်းနေခဲ့ပြီး သွေးချင်းချင်းနီနေသော မျက်ဝန်းအစုံဖြင့် လူငယ်လေးတစ်ဦးက မျက်နှာပြင်တစ်ဖက်မှတဆင့် ဟိုင်မင်အား အညှိုးကြီးစွာ စိုက်ကြည့်နေခဲ့သည်။
ထိုလူငယ်လေးက ဟဲကျောင်ရှန်းပင်!
ပြုတ်ကျသွားသည့် ဖုန်းမှာလည်း မြေပြင်ဖြင့် ရိုက်မိကာ အက်ကွဲသွားခဲ့သည်။
ဟိုင်မင် အက်ကွဲသွားသော ဖုန်းအနီးမှ ကသောကမြော ထွက်ပြေးလိုက်ရင်း ထပ်မံ၍ ခေါင်းပူလာရပြန်သည်။
သူ အိပ်မက်ကနေ နိုးသွားပြီလား?
ဒါမှမဟုတ် အိပ်ရာကနေ နိုးလာပြီလို့ ထင်နေပေမယ့် အိပ်မက်,မက်နေတုန်းလား?
ဟိုင်မင် လက်ချောင်းထိပ်များကို လက်သည်းဖြင့် ဆိတ်ကြည့်မိသည်။
သို့သော် အေးစက်နေသည့် ဖုန်းအား ကိုင်ထားမိသောကြောင့် ထုံကျဉ်နေသည့် သူ၏ လက်များက နာကျင်မှုကို မခံစားခဲ့ရပေ။
ယခုအချိန်တွင် သူ၏စိတ်က လုံးဝ ရှုပ်ထွေးနေကာ အိပ်မက်,မက်နေဆဲသာ ဖြစ်ကြောင်း အပြည့်အဝ ယုံကြည်သွားခဲ့သည်။
တံခါးအပြင်မှ လူက တစ္ဆေတစ်ကောင်သာ ဖြစ်သည်။
လူယောင်ဆောင်ထားသော ဟဲကျောင်ရှန်းက သူ့အား သတ်ရန် လာနေခြင်းဖြစ်ပေသည်။
ဟဲကျောင်ရှန်းအား နှင်ထုတ်နိုင်သည်နှင့်တပြိုင်နက် သူငည်လည်း အိပ်မက်မှ နိုးထနိုင်လိမ့်မည်။
ဟိုင်မင်၏ ခြေထောက်များက အားမရှိစွာ ပျော့ခွေနေခဲ့ပြီး နဖူးတွင်လည်း ချွေးစေးများ ရွှဲနစ်နေခဲ့သည်။
သူက လက်ထဲမှ ဓားကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ကာ တံခါးအနီးသို့ လျှောက်သွားခဲ့သည်။
ပြီးနောက် သူ့ကိုယ်သူ စိတ်ပြင်ဆင်လိုက်ပြီး တံခါးကိုဖွင့်ကာ တစ္ဆေကို နှင်ရန် ပြင်ဆင်လိုက်လေသည်။
‘ချောက်’ခနဲ အသံနှင့်အတူ တံခါးသော့ပွင့်သွားခဲ့သည်။
အပြင်မှ အဖေဟိုင်က သားဖြစ်သူထံမှ စကား,ပြန်မရသောကြောင့် အနည်းငယ် စိတ်ပူနေခဲ့သည်။ သားဖြစ်သူ အခန်းထဲတွင် တစ်ခုခု ထိခိုက်မိသည်ဟု တွေးလိုက်မိသောကြောင့် သားဖြစ်သူ၏ အခန်းတံခါးဖွင့်ရန် သော့ရှာ၍ ဖွင့်လိုက်ခြင်းပင်။
သို့သော် ထိုလုပ်ရပ်က ကြောက်လန့်တုန်လှုပ်ကာ စိတ်ခြောက်ခြားနေသော ဟိုင်မင်အတွက်တော့ နောက်ဆုံးကျည်တစ်တောင့် ဖြစ်သွားခဲ့ရသည်။
တံခါးပွင့်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ စိတ်ခြောက်ခြားခြင်းများ၊ ‘အသက်အန္တရာယ်ကို ခြိမ်းခြောက်ခြင်း’များကြောင့် ဟိုင်မင် အော်ဟစ်ကာ ဓားကို မြှောက်လိုက်သည်။
ထို့နောက် အခန်းတံခါးကို ဖွင့်လိုက်သည့် ဖခင်အား အိပ်မက်ဆိုးထဲမှ ‘တစ္ဆေ’ဟု ယူဆ၍ ဓားကို ဖခင်ထံ တိုက်ရိုက် လွှဲရမ်းလိုက်သည်။
“ငရဲကို သွားစမ်း ဟဲကျောင်ရှန်း၊ ငရဲကိုသွား!”
သားဖြစ်သူ၏ အခန်းတံခါးအား ဖွင့်လိုက်သည်နှင့် ဓားဖြင့် အခုတ်ခံလိုက်ရမည်ဟု အဖေဟိုင် တစ်ခါမျှပင် တွေးမထားခဲ့ဖူးပ။ သို့သော် သူ၏ လည်ပင်းအား ဓားဖြင့် အကြိမ်များစွာ ခုတ်ခံလိုက်ရပြီးနောက် သွေးများပင် ပန်းထွက်သွားခဲ့ရသည်။
ဘေးမှ ရပ်နေသော ဝမ်းကွဲညီမှာ အလွန်အမင်း ကြောက်လန့်တုန်လှုပ်သွားခဲ့ရသည်။
“ဦးလေးဟိုင်၊ အစ်ကို ဟိုင်မင်! ဘာလုပ်တာလဲ…”
သူ့၏ စကားပင် မဆုံးသေး။
မျက်လုံးများ နီရဲနေကာ မျက်နှာတစ်ခုလုံး သွေးလွှမ်းနေသည့် ဟိုင်မင်၏ ကြောက်စရာမျက်ဝန်းအကြည့်များက သူ့ထံသို့ လှည့်လာခဲ့ပြီးနောက် ဓားဖြင့် ပြေးလာလာသည်။
နှစ်ဦးသား အချိန်ခဏကြာအောင် လုံးထွေးနေခဲ့ပြီးနောက် တစ်အိမ်လုံးသည်လည်း သွေးစွန်းသော မှုခင်းနေရာတစ်ခု ဖြစ်သွားခဲ့ရသည်။
မြေပေါ်တွင် ခန္ဓာကိုယ်နှစ်ခု လဲလျောင်းနေခဲ့သည်။ မျက်နှာများတွင်လည်း နားမလည်နိုင်ခြင်း၊ အဘယ်ကြောင့် သေဆုံးရသည်ကို တွေး၍ မရနိုင်ခြင်း၊ နာကျင်မှုများဖြင့် တောင့်တင်းနေခဲ့သည်။
ကြမ်းပြင်ပေါ်တွင်တော့ တစ်ကိုယ်လုံး သွေးစွန်းနေသည့် ဟိုင်မင်က ကြမ်းပြင်ပေါ်သို့ လှဲချလိုက်ပြီးနောက် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
“သေကုန်ပြီ…”
“ငါ့ကို နှောင့်ယှက်နေတဲ့ ဘယ်သူဖြစ်ဖြစ်၊ သရဲဖြစ်ဖြစ် လူဖြစ်ဖြစ် သေကြစမ်း!”
သူ ကြမ်းပြင်ပေါ်တွင် အချိန်ခဏကြာအောင် လှဲလျောင်းနေခဲ့ပြီးနောက် တုန်လှုပ်နေသည့် စိတ်အခြေအနေက အနည်းငယ် ပြန်လည်တည်ငြိမ်သွားခဲ့သည်။
ထိုအချိန်၌ အိမ်တစ်ခုလုံးက ထူးဆန်းစွာ တိတ်ဆိတ်နေခဲ့ကြောင်း သတိပြုမိလိုက်သည်။
သူ့အနေဖြင့် ‘အိပ်မက်’ထဲတွင် ဟဲကျောင်ရှန်းအား နှင်လိုက်နိုင်ပြီဖြစ်သောကြောင့် ယခုအချိန်တွင် အိပ်မက်မှ နိုးထသင့်နေပေပြီ။
သို့သော် မိနစ်အနည်းငယ်ကြာသည်အထိ ‘အိပ်မက်’သည် ပြောင်းလဲခြင်းအလျဉ်းမရှိခဲ့ပါချေ။
ဧည့်ခန်းတစ်ခန်းလုံးတွင် သွေးညှီနံ့ အထောင်းထောင်းထနေခဲ့သည်။ ဖခင်ဖြစ်သူနှင့် တခြားလူတစ်ဦး၏ အလောင်းများက ကြမ်းပြင်ပေါ်တွင် လဲကျနေခဲ့ပြီး သူ့အား စိုက်ကြည့်နေခဲ့ကြသည်။
ဝမ်းကွဲညီဖြင့် လုံးထွေးသတ်ပုတ်ထားသောကြောင့် သူ၏ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများ ရှိနေခဲ့သည်။
နာကျင်မှုက တဖြည်းဖြည်း ပျံ့နှံ့လာခဲ့ပြီး ထုံကျဉ်နေသော သွေးကြောများက ပြန်လည်အသက်ဝင်လာခဲ့သည်။
တစ်ချိန်လုံး အိပ်မက်,မက်နေခြင်းဖြစ်ကြောင်း ခိုင်မာစွာလက်ခံထားသည့် ဟိုင်မင်၏ စိတ်ထဲတွင် သံသယများ တိုးဝင်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် မြေညီထပ်မှ အိမ်မကြီးတံခါးမအား တံခါးခေါက်သံ ကြားလိုက်ရပြန်သည်။
“ဟိုင်မင် တံခါးဖွင့်လိုက်! ငါတို့က ဖန်းချန်းရဲစခန်းက ရဲအရာရှိတွေပဲ၊ ဒီကို ပြဿနာတစ်ခုနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်ချင်တာလေးတွေ ရှိလို့ လာခဲ့တာ”
အိပ်မက်လော၊ တကယ်လော မပြောနိုင်တော့သည့် ဟိုင်မင်တစ်ယောက် အပြင်မှ လူများပ အမှန်တကယ် ရဲအရာရှိ၊ သို့မဟုတ် တစ္ဆေတစ်ကောင်လား မခွဲခြားနိုင်တော့ပေ။
ကြမ်းပြင်ပေါ်မှ ကြောက်မက်ဖွယ်မြင်ကွင်းကိုလည်း မကြည့်ရဲ၊ ဖခင်ဖြစ်သူအား သူ့လက်ဖြင့် သူကိုယ်တိုင် သတ်လိုက်မိခြင်းကိုလည်း လက်မခံနိုင်ခဲ့ပေ။
သူ ယခု အိပ်မက်,မက်နေခြင်းသာ ဖြစ်ရမည်။
“ထတော့၊ မြန်မြန် ထတော့!”
ဟိုင်မင် သူ့၏မျက်နှာကို နှစ်ချက် ရိုက်လိုက်သည်။
“အခုက အိပ်မက်,မက်နေတာ.. ဒါကြီးက အိပ်မက်ပဲ!”
သူ့၏ခြေလှမ်းများ ယိမ်းယိုင်နေခဲ့ပြီးနောက် ဧည့်ခန်းမှ ပြတင်းပေါက်ထံ လျှောက်သွားလိုက်သည်။
အပြင်တွင် စောင့်နေသည့် ရဲအရာရှိများက နောက်တစ်ကြိမ် တံခါးခေါက်ရန် ပြင်လိုက်သော်လည်း သွေးနံ့အား အာရုံခံလိုက်မိသည့် ကုကျစ်စုန့် မျက်မှောင်ကြုတ်လိုက်မိသည်။
“ခဏလေး၊ တံခါးမခေါက်နဲ့ဦး၊ ကျွန်မကို နေရာနည်းနည်းလောက်ရအောင် နောက်ဆုတ်ပေးကြပါ”
သူမ အားအင်ကို စုဆောင်းလိုက်ပြီးနောက် ခြေထောက်ကို မြှောက်ကာ တံခါးအား အရှိန်ပြင်းပြင်းဖြင့် ဆောင့်ကန်လိုက်ပြီး ဗီလာ၏ လုံခြုံရေးတံခါးအား ဖျက်ဆီးပစ်လိုက်သည်။
အရာရှိများ အခန်းတွင်းသို့ ပြေးဝင်သွားချိန်တွင် သွေးလွှမ်းနေသော ကြမ်းပြင်နှင့် ‘အိပ်မက်ပဲ၊ ဒါအိပ်မက်ပဲ’ဟု အော်ဟစ်ကာ ပြတင်းပေါက်မှ ခုန်ချသွားသော ဟိုင်မင်၏ ကျောပြင်တို့ကိုသာ မြင်တွေ့လိုက်ရသည်။
အရာရှိများက ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော လူနှစ်ဦးထံသို့ ပြေးလွှားသွားရောက်ကာ ကယ်ဆယ်ရန် ကြိုးစားလိုက်ပြီး ကျန်အရာရှိတစ်ဦးမှာလည်း အောက်ထပ်သို့ သွားကာ ဟိုင်မင်အား ရှာဖွေခဲ့သည်။ကုကျစ်စုန့် နှုတ်ခမ်းအား တင်းတင်းစေ့လိုက်ပြီး ဖွင့်ထားဆဲဖြစ်သော အိပ်ခန်းတွင်းသို့ ဝင်ရောက်ကာ ဖုန်းအား ကောက်ယူလိုက်သည်။
ကွဲအက်နေသော ဖုန်းမျက်နှာပြင်က မီးလင်းနေဆဲဖြစ်ကာ ထိုင်းမှိုင်းသည့်အရိပ်အယောင်များက ကျန်ရစ်နေဆဲပင်ဖြစ်သည်။
ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ အဖွဲ့ဝင်က သူမအနီးသို့ ရောက်လာခဲ့သည်။
“ကုတောက်ကျန့်၊ အပြင်က လူနှစ်ယောက်လုံး အသက်မရှိတော့ပါဘူး”
“ဟဲကျောင်ရှန်းရော…?”
“ထွက်ပြေးသွားပြီ၊ သူက တော်တော်လေးကို ဉာဏ်ကောင်းပြီး တက်မြောက်လွယ်တယ်”