* (410)အနုပညာမြောက် လူသတ်မှု + တောက်ဓမ္မကိုနည်းပညာများနှင့် ပေါင်းစပ်ခြင်း (1)
Vol. 41 Ch. 410
အသက်ရှိစဉ်က ဟိုင်မင်၏ မသေမချင်း ဆော့ကစားခံခဲ့ရပြီး အငြိုးကြီးတစ္ဆေတစ်ကောင် ဖြစ်လာသော ဟဲကျောင်ရှန်းက ထိုကိစ္စအား လက်မခံနိုင်ပေ။
သူသည် သာမန်အငြိုးကြီးတစ္ဆေများကဲ့သို့မဟုတ်။ အင်မတန် စိတ်ရှည်၍ အင်မတန် တည်ငြိမ်လွန်းလှသည်။
သူသည်က သူ၏ ရန်သူများအား ကစားစရာကဲ့သို့ ဆော့ကစားရန် ဂိမ်းတစ်ခုပင် ချမှတ်ပေးခဲ့သည်။
သူက ဟိုင်မင်အား အတုအယောင်၊ အလိမ်အညာများဖြင့် လှည့်စားခဲ့ခြင်းပင်။
ထိုစကားအား ကြားရပြီးနောက် ဝိဉာဉ်ဆိုင်ရာအထူးဌာနဝင် သက်ပြင်းချလိုက်မိသည်။
“ကျွန်တော်တို့ ဘာလုပ်ကြမလဲ?”
ကုကျစ်စုန့် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် စကားဆက်သည်။
“အရင်ဆုံး ဟိုင်မင် အသက်ရှိ၊မရှိကို သွားကြည့်ရအောင်၊ ပြီးရင် ‘ပန်းချီကား ကူးယူတဲ့ကိစ္စ’ကို ပြန်ဖွင့်ပြီး ပြန်စစ်ဆေးရမယ်၊ ဟဲကျောင်ရှန်းကတော့…”
မြင်တွေ့ရသည့် အချက်အလက်များ၊ သဲလွန်စများမှ တဆင့် သိနိုင်သည်မှာ ဤတစ္ဆေ၏ ရည်ရွယ်ချက်နှင့် ပေါ်ပေါက်လာရခြင်း အကြောင်းအရင်းတို့က ‘လက်စားချေရုံ’ဆိုသော ရိုးရှင်းသည့် ကိစ္စတစ်ခု မဖြစ်နိုင်ပေ။
ထျန်ယွင်ကျေးရွာတုန်းကကဲ့သို့ပင် ယခုအဖြစ်အပျက်တွင်လည်း ဖုံးကွယ်နေသော မြူခိုးများ၊ မမြင်နိုင်သော ကြိုးဆွဲနေသည့် လက်များ ရှိနေနိုင်သည်။
ထိုယူဆချက်သည်လည်း အခြေအမြစ်မရှိသည့် ယူဆချက်မဟုတ်။
ကုကျစ်စု့န်တွင် မကောင်းဆိုးဝါးဝိဉာဉ်များအား မြင်တွေ့နိုင်သော မျက်ဝန်းတစ်စုံရှိသည်။
ဟဲကျောင်ရှန်း၏ တစ္ဆေက အင်တာနက်မှတဆင့် သွားလာနိုင်ပြီး ဆက်သွယ်ရေးချန်နယ်များကို အသုံးပြုကာ အသက်ကို ထိန်းချုပ်နိုင်သော်လည်း သူ၏ ခြေရာလက်ရာ ကျန်နေခဲ့စမြဲပင်ဖြစ်သည်။
‘သေဆုံးခြင်းမှတ်စု’၏ ပထမဆုံးဟောကိန်းအား မြင်တွေ့လိုက်ပြီးသည်နှင့် ကုကျစ်စုန့်သည် ထိုဟောကိန်း၏ နောက်ကွယ်တွင် မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင် ရှိနေကြောင်း သိလိုက်ပြီးဖြစ်သည်။
အင်တာနက်မှတဆင့် ပျံ့နှံ့နေသော စွမ်းအင်များက မမြင်နိုင်၊ ဖမ်းဆုတ်၍ မရနိုင်ပေ။
ထို့ကြောင့် အပြင်ကမ္ဘာမှ လူများ၊ အင်တာနက်သုံးစွဲနေကြသူများ၊ အကြိတ်အနယ် ဆွေးနွေးနေကြသူများက ထို’သေခြင်းမှတ်စု’အား ဆက်တိုက်ဖတ်နေခြင်းဖြင့် သူတို့၏ စိတ်အခြေအနေများ ထိန်းချုပ်ခံနေရသည်ကို မသိနိုင်ကြခြင်းပင်။
ဖန်းချန်းအနုပညာတက္ကသိုလ်သို့ သွားရောက်ပြီး ဟဲကျောင်ရှန်းရေးဆွဲထားသော ‘ရေဝဲဂယက်’အား မြင်တွေ့ပြီးချိန်တွင် ကုကျစ်စုန့် ပို၍ သေချာသွားခဲ့သည်။
“အပြင်မှာ သေသွားတဲ့ လူနှစ်ယောက်က ဘယ်သူတွေလဲ?”
“အသက်ကြီးတဲ့လူကတော့ သိသာပါတယ်၊ အဲဒါဟိုင်မင်ရဲ့ အဖေပါ၊ လူငယ်လေးကိုတော့ စုံစမ်းနေတုန်းပါပဲ”
သူ ပြောနေဆဲမှာပင် သေဆုံးသူ၏ အချက်အလက်များကိုရှာဖွေနေသည့် ရဲအရာရှိမှ ကျယ်လောင်စွာ ပြောလိုက်သည်။
“သေဆုံးသူတွေရဲ့ အချက်အလက်တွေကို ရှာတွေ့ပါပြီ”
ဟိုင်မင်၏ သတ်ဖြတ်ခြင်းခံလိုက်ရသော လူငယ်လေးသည်က ဟိုင်မိသားစု၏ ဆွေမျိုးဖြစ်သည်။ သူသည်က စတော့ရှယ်ယာများ ကစားရသည်ကို သဘောကျပြီး လက်တလောတွင် ငွေများ ဆုံးရှုံးထားရသူဖြစ်ပေသည်။
ဟိုင်မင် ဆုတံဆိပ်ရ၍ ချမ်းသာလာကြောင်းကို ကြားသိရသောကြောင့် သူက ဟိုင်မင်၏ ဖခင်ဖြစ်သူထံသို့ လွန်ခဲ့သော တစ်ပတ်က ဖုန်းဆက်သွယ်ခဲ့သည်။ သူ့ထံသို့ အလည်လာရောက်ခြင်းဟု ဆိုသော်ငြား အမှန်တကယ်မှာတော့ ငွေချေးရန် လာခဲ့ခြင်းသာဖြစ်ပေသည်။
မည်သူက ထင်ထားမိမည်နည်း? ဟိုင်မင်၏အိမ်သို့ ခြေချပြီး ဆယ်မိနစ်ခန့်အကြာမှာပင် ဟိုင်မင်၏ ဓားဖြင့် ထိုးသတ်ခြင်း ခံခဲ့ရသည်။
“မဖြစ်နိုင်တာ… ဟိုင်မင်က သူ့အဖေနဲ့ သူ့ တစ်သက်မှာ နှစ်ခါလောက်ပဲ တွေ့ဖူးတဲ့ အမျိုးကို သတ်စရာ အကြောင်းရင်းမှ မရှိတာ!”
“စကားမစပ် ကုတောက်ကျန့်၊ XX ပန်းခြံအိမ်ရာက အဖွဲ့တွေလည်း ဆက်သွယ်လာပါတယ်၊ အခန်းထဲမှာ သေဆုံးသူနှစ်ဦးရဲ့ အချက်အလက်တွေကို သိရပါပြီ၊ အဲ့တာ ဖန်းချန်းအနုပညာတက္ကသိုလ်က ပါမောက္ခချုပ်နဲ့ သူ့ဇနီးပါတဲ့”
“တွေ့ရှိချက်အရတော့ သူတို့နှစ်ယောက်က အခန်းထဲမှာ အမည်မသိအရာတစ်ခုရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရတာ ပါမောက္ခချုပ်ကြီး ခွင့်ယူသွားတဲ့ နေ့ကတည်းကဖြစ်ပါလိမ့်မယ်”
ထိုအချိန်က ‘သေခြင်းမှတ်စု’ အင်တာနက်တွင် ပေါ်လာသည့်အချိန်ဖြင့် ကိုက်ညီနေခဲ့သည်။
ခေတ္တရပ်လိုက်ပြီးနောက် ရဲအရာရှိ သက်ပြင်းချကာ ပြောလိုက်သည်။
“အဘွားကြီးကတော့ အပြင်းအထန်နေမကောင်းဖြစ်နေတာကြောင့် သုံးရက်မြောက်နေ့မှာပဲ ကွယ်လွန်သွားခဲ့တာပဲ၊ သူ့ခန္ဓာကိုယ်ကတော့ ဝှီးချဲပေါ်မှာပဲ မရွေ့မလျား ရှိနေခဲ့တာပါ၊ သူမသေခင်ကလည်း နှိပ်စက်ခံထားရတာမျိုး မရှိပါဘူး”
“ပါမောက္ခချုပ်ကြီးကတော့ အချုပ်အနှောင်ကျပြီး ၅ရက်မြောက်နေ့မှာ သေဆုံးခဲ့တာပါ လွန်ခဲ့တဲ့ ၉ရက်ခန့်ကပါ
သူ့ခန္ဓာကိုယ်ရဲ့ စစ်ဆေးချက်အရတော့ အသက်ရှိချိန်မှာ နှိပ်စက်ခံထားရတာကို မြင်နိုင်ပါတယ်
မျက်လုံးနှစ်ဖက်လုံး ဖောက်ထုတ်ခံထားရပြီး လျှာဖြတ်ခံထားရပါတယ်
Network ကြိုးရှည်နှစ်ချောင်းနဲ့ လက်ကောက်ဝတ်တွေကို တင်းတင်းကြပ်ကြပ် ချည်ထားတာကြောင့် အသားတွေပါ ကြေပြီး အာရုံကြောတွေပါ ပြတ်ထွက်နေပါတယ်
သူ့အလောင်းကတော့ ကီးဘုတ်နားလေးမှာ နေရာချထားခံရတာက ဘာနဲ့ တူတာလဲဆိုတော့….”
ကြိုးဆွဲ ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ပင်။ထိုလူအိုကြီးနှစ်ဦးက သေဆုံးသည့်အချိန်မကြာသေးသကဲ့သို့ ခန္ဓာကိုယ်များမှာလည်း ပုတ်သိုးနေခဲ့ပြီဖြစ်သည်။
သို့သော် ရဲအရာရှိများ တံခါးမဖွင့်မီအချိန်ထိ အိမ်နီးနားချင်းများက မည်သို့သော အပုတ်နံ့မျိုးကိုမှ မရခဲ့ကြပေ။
ထိုသည်မှာလည်း သံသယဝင်စရာအချက်တစ်ခုဖြစ်သည်။
သူတို့ အခန်းထဲသို့ ဝင်ရောက်ခဲ့ချိန်တွင် အခန်းတွင်းမှ ကွန်ပြူတာက ပွင့်နေဆဲဖြစ်သည်။
ရဲစခန်းမှ နည်းပညာရှင်များအား ထိုကွန်ပြူတာအား စစ်ဆေးကြည့်ခိုင်းခဲ့ချိန်တွင် တစ်ချိန်လုံး ရှာမတွေ့၊ လုံခြုံစွာ ဖုံးကွယ်ထားခဲ့သော ‘အနာဂတ်ဟောသူ’၏ အိုင်ပီက ထိုကွန်ပြူတာတွင်ဖြစ်နေခဲ့သည်။
လူအများ လေးစားကြသော ပါမောက္ခချုပ်အိုကြီးမှာ ကွန်ပြူတာစားပွဲ၏ ရှေ့၌ ၁၄ရက် ချုပ်နှောင်ထားခံခဲ့ရသည်။ သူ၏ လက်များသည်လည်း network ကြိုး၏ ထိန်းချုပ်ခြင်းကို ခံထားရပြီးနောက် နေ့စဉ်နေ့တိုင်း ‘သေဆုံးခြင်းမှတ်စု’များ ရေးသားနေခဲ့ရသည်။
သူကိုယ်တိုင်၏ သေဆုံးခြင်းဟောကိန်းကိုပင် သူ၏ လက်များဖြင့် ရေးသားခဲ့ရသည်။
သေဆုံးပြီး ၉ရက်အကြာတွင် သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ပုတ်သိုးလာခဲ့သည်။
သို့သော် အင်တာနက်ပေါ်မှ ကြိုတင်ဟောကိန်းများက ရပ်တန့်သွားခြင်းမရှိခဲ့ချေ။
ပုတ်သိုးနေသော လက်ချောင်းများသည်က ကီးဘုတ်ပေါ်တွင် လှုပ်ရှားနေခဲ့ရသောကြောင့် သွေးစက်ခြောက်များ၊ အရိအရွဲများ ကပ်ညှိနေခဲ့သည်။
ထိုအခန်းထဲတွင် အဘိုးကြီးအဘွားကြီး စုံတွဲမှအပ တခြားလူတစ်ဦး၏ ခြေရာလက်ရာမရှိ။ အိမ်မှ တံခါးပြတင်းများကိုလည်း မဖွင့်သည်မှာ လဝက်ကျော်ရှိပြီဖြစ်သည်။
သဲလွန်စများအားလုံးမှ ညွှန်ပြနေသည်မှ ပါမောက္ခချုပ်ကြီး၏ အခန်းထဲမှ တတိယလူသည်က သက်ရှိလူသားတစ်ဦးမဟုတ်နေခဲ့ပေ။
ရဲအရာရှိ ခေါင်းကုတ်လိုက်မိသည်။
“သူတို့တွေ အကုန်လုံးက ထူးဆန်းတဲ့နည်းတွေနဲ့ သေသွားကြတာတွေချည်းပဲ”
ကုကျစ်စုန့် ကွဲအက်နေသော ဖုန်းမျက်နှာပြင်ကို ထိတွေ့လိုက်ပြီးနောက် ယင်စွမ်းအင်အကြွင်းအကျန်လေးအား သူမလက်ထဲတွင် ဆုတ်ကိုင်လိုက်သည်။
“နားလည်လို့လွယ်ပါတယ်၊ ဟဲကျောင်ရှန်းက ပင်ကိုယ်အရည်အသွေးရှိတဲ့ အနုပညာရှင်လေ
သူ့ရဲ့ စဉ်းစားပုံ၊ စဉ်းစားနည်းနဲ့ လက်စားချေတဲ့ နည်းလမ်းတွေက သာမန် ဘယ်ဟုတ်လိမ့်မလဲ?”
ကူးပြောင်းရန် နေရာဖြစ်သော ‘အင်တာနက်’ရှိနေသော်လည်း စွမ်းအင်အား သယ်ဆောင်လာပေးမည့် အရာမရှိလျှင် မကောင်းဆိုးဝါး ဝိဉာဉ်အနေဖြင့် နေရာအနှံ့ ဖြန့်ကျက်နိုင်ရန် ခက်ခဲလွန်းလှသည်။
ဟဲကျောင်ရှန်းကတော့ ထိုသို့မဟုတ်ခဲ့ချေ။ သူ့တွင် စွမ်းအင်အား သယ်ဆောင်လာပေးမည့် အကောင်းဆုံးအရာတစ်ခု ရှိနေသည်။
“ရေဝဲဂယက်”
ဟိုင်မင် ခိုးယူသွားခဲ့သော ပန်းချီကားသည်က ကမ္ဘာအဆင့်ဆုတံဆိပ်ကိုပါ ရယူနိုင်ခဲ့သောကြောင့် ဖန်းချန်းမြို့တစ်မြို့လုံး၏ အာရုံအား ဖမ်းစားနိုင်ခဲ့သည်။
ဖန်းချန်းမြို့ထဲမှ လူတိုင်းက ထို မြို့၏ ဂုဏ်ဆောင်ပေးသော ပန်းချီကားအား မြင်ဖူးကြသည်ဟုပင် ဆိုနိုင်သည်။
ဟဲကျောင်ရှန်း၏ အမှတ်အသားဟု ပြောနိုင်သော ‘ရေဝဲဂယက်’၏ ပုံရိပ်သည်က သူတို့စိတ်ထဲတွင် စွဲထင်နေခဲ့သည်။
ဟဲကျောင်ရှန်းသည်က ပန်းချီကားတွင် သူ၏ စွမ်းအင်ကို တွဲယှက်ထားနိုင်ပြီး ကြည့်ရှုသူများ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ၊ စိတ်ခံစားချက်များအပေါ်တွင် သက်ရောက်နိုင်စွမ်းရှိသည်။
ထိုသည်ကသာ အမှန်ဆိုပါက ယခုသေဆုံးသွားခဲ့သော လူများက မည်သည့်ပြင်ပ ပယောဂမျှ မရှိပါဘဲနှင့် အဘယ်ကြောင့် ရူးသွပ်သွားရသနည်းဆိုသော မေးခွန်းအတွက် အဖြေရှိပေသည်။
သူတို့က ကားမောင်းနေစဉ်၊ အလုပ်,လုပ်နေစဉ်၊ အသက်ရှိနေစဉ်မှာပင် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများဖြင့် အချိန်မရွေး ထိတွေ့နေခဲ့ကြသည်။
ဟဲကျောင်ရှန်းသည်လည်း အင်တာနက်မှတဆင့် သူတို့ထံသို့ ရောက်ရှိလာနိုင်သည်။
သူတို့၏ ဝိဉာဉ်များက တစ္ဆေသရဲများ၏ ဖြစ်တည်မှုအား အာရုံခံစားမိချိန်တွင် မှတ်ဉာဏ်များအတွင်းမှ ပုန်းကွယ်နေသော ‘အမှတ်အသား’သည်လည်း အသက်ဝင်လာလိမ့်မည်ဖြစ်သည်။
ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိတ်ပူပန်ခြင်းနှင့် တခြားသော စိတ်ခံစားချက်များက သူတို့အား အမှန်တကယ် မတည်ရှိသည့် ထူးခြားသောအရာများ၊ အဖြစ်အပျက်များအား ‘မြင်တွေ့’စေနိုင်သည်။
ရလဒ်မှာတော့ ကားအက်ဆီးဒင့်ဖြစ်ခြင်း၊ ရုတ်တရက် နှလုံးရပ်ခြင်း၊ ရုတ်တရက် သေဆုံးခြင်း သို့မဟုတ် အထပ်မြင့်အဆောက်အဦးပေါ်မှ ခုန်ချခြင်းတို့ပင် ဖြစ်သည်။
ဟဲကျောင်ရှန်း၏ အခန်းဖော် အန်းမို သေဆုံးခြင်းမှာလည်း အကွက်တကျ စီစဉ်ထားသော ‘တိုက်ဆိုင်မှု’တစ်ခုသာ ဖြစ်ပေသည်။
အာရုံငါးပါး အားကောင်းသော ကြောင်က ပန်းချီကားအတွင်းမှ ယင်စွမ်းအင်ကြောင့် ထိတ်လန့်ကာ အမွှေးများပင် ထောင်သွားခဲ့သည်။
ထို့ကြောင့် ဝရန်တာမှ ခုန်ချလိုက်ပြီး ပန်းအိုးများ၊ ပလာစတာရုပ်များကို တိုက်မိကာ အန်းမိုအား သေဆုံးစေခဲ့ခြင်းပင်။
ဟိုင်မင် သေဆုံးမှုမှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်ပေသည်။
*