← Chapters

အတိုင်းအဆမဲ့တောင်တွင် ငလျင်ကြီး လှုပ်ခတ်ခြင်း

Vol. 14 Ch. 139

အတိုင်းအဆမဲ့တောင်တွင် ငလျင်ကြီး လှုပ်ခတ်ခြင်း

Vol. 14 Ch. 139

ကျုံးမင်လွေ့၏ ရူးသွပ်သောအော်ဟစ်မှုများနှင့် စူးရှသော အသံများကို ရင်ဆိုင်ရချိန်၌ ကျုံးချင်၏မျက်နှာအမူအယာသည် တည်ငြိမ်နေပြီး သူ၏မျက်လုံးများက နှင်းခဲကဲ့သို့ အေးစက်နေသည်။

"မင်း ပြောလို့ ပြီးပြီလား... မင်းမှာ ဝှက်ဖဲ မကျန်တော့ဘူးဆိုရင် မင်း သွားလို့ရပြီ"

ကျုံးချင်က သူ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ကျုံးမင်လွေ့ကို နောက်ဆုံးခရီးသို့ ပို့ဆောင်ပေးရန် ဟန်ပြင်လိုက်သည်။

"မင်း ငါ့ကို သတ်လို့မရဘူး... ငါ သေမှာ မဟုတ်ဘူး"

ကျုံးမင်လွေ့၏မျက်နှာ နီမြန်းနေပြီး သူ၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ထင်ဟပ်နေသည်။ သူသည် ရုတ်တရက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်းအမြောက်အများက ကျုံးချင်ထံသို့ ပျံသန်းသွားသည်။ သူ၏သိုလှောင်လက်စွပ်ထဲမှ ဝှက်ဖဲများအားလုံးကို တပြိုင်နက်တည်း ထုတ်လွှတ်လိုက်ပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ ထိုအရာအားလုံးကို ဖောက်ခွဲလိုက်ခြင်းပင်။ သေချာသည်မှာ ဤသည်က ကျုံးချင်အတွက် မည်သည့်ထူးခြားမှုမျှ မရှိခြင်းပင်။

သို့သော် ထိုအချိန်မှာပင် စာလိပ်တစ်ခုက ကျုံးမင်လွေ့၏လက်ထဲတွင် ထွက်ပေါ်လာပြီး သူက ပြင်းပြင်းထန်ထန် ခြေမွှလိုက်သည်။ ထို့နောက် အလင်းတန်းတစ်တန်း ပွင့်အံ့ထွက်လာပြီး ကျုံးမင်လွေ့၏နောက်မှ လေဟာနယ် ချက်ချင်းစုတ်ပြဲကာ ပွင့်အာသွားသည်။

"တည်နေရာရွှေ့ပြောင်းခြင်း စာလိပ်လား...."

ကျုံးချင်က မျက်ခုံးပင့်လိုက်ပြီး စိတ်ဝင်စားစွာဖြင့် သူ၏လက်ကို ရပ်တန့်လိုက်သည်။ စုတ်ပြဲသွားသော လေဟာနယ်သည် အဆက်မပြတ် လှုပ်ရှားနေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တည်ငြိမ်သွားကာ တစ်ဖက်ခြမ်းရှိ မြင်ကွင်းကလည်း အက်ကွဲကြောင်းမှတဆင့် ထွက်ပေါ်လာသည်။ ဤသည်မှာ တိမ်ပင်လယ်ထက်တွင် တည်ရှိပြီး မြူခိုးများ ဖုံးလွှမ်းနေသော ကြီးမားသည့် တောင်ကြီးတစ်လုံးပင်။ တောင်ထိပ်ပေါ်တွင် ခမ်းနားထည်ဝါသော ခန်းမဆောင်ကြီး တစ်ခုက မြင့်မားစွာ ရပ်တည်နေသည်။

ဤသည်မှာ အတိုင်းအဆမဲ့တောင်၏ပင်မဂိုဏ်း အတိအကျပင်။ ပျော်ရွှင်သော အမူအယာတစ်ရပ်က ကျုံးမင်လွေ့၏မျက်လုံးများထဲတွင် ထွက်ပေါ်လာသည်။ ဤသည်က သူ့၏ နောက်ဆုံးဝှက်ဖဲနှင့် အားကိုးရာပင်။

ဤှမှော်ရတနာသည် အလွန်အဖိုးတန်သော လေဟာနယ်စာလိပ်ဖြစ်ပြီး မိုင်တစ်သောင်း တည်နေရာရွှေ့ပြောင်းခြင်း နည်းစနစ်နှင့် မတူညီဘဲ သူသည် နေရာနှစ်နေရာကြား၌ လေဟာနယ်လမ်းကြောင်းတစ်ခုကို တိုက်ရိုက်ဖွင့်ပေးနိုင်သည်။

ထို့ပြင် တခြားတစ်ဖက်သည် သူ၏အိမ်ဖြစ်သော အတိုင်းအဆမဲ့ဂိုဏ်းပင်။ သူ အတိုင်းအဆမဲ့ဂိုဏ်းကို ပြန်ရောက်သည်နှင့် မည်သူကမျှ သူ့ကို ထိဝံ့တော့မည်မဟုတ်ချေ။ အသက်ရှင်ရန် မျှော်လင့်ချက်ကို မြင်လိုက်ရသည့်အချိန်၌ မူလက ပျော့ခွေနေသော သူ၏ခြေထောက်များကို နောက်ဆုံးတွင် အားယူပြီး လှုပ်ရှားနိုင်ခဲ့သည်။ ကျုံးမင်လွေ့က လေဟာနယ်အက်ကွဲကြောင်းထဲသို့ တိုက်ရိုက်ပြေးဝင်သွားပြီး တစ်ချိန်တည်းမှာပင် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ကယ်ကြပါအုံး... အဖေ... ကယ်ပါအုံး... ဘိုးဘေး... ကယ်ပါအုံး"

တစ်ချိန်တည်းမှာပင် လေဟာနယ် အက်ကွဲကြောင်း၏ အခြားတစ်ဖက်၌...

အတိုင်းအဆမဲ့တောင်၏ ပင်မဂိုဏ်းတွင်....

အတိုင်းအဆမဲ့တောင်ဟု နာမည်ပေးထားသော်လည်း အမှန်အားဖြင့် တောင်တန်းတစ်ခုလုံးပေါ်တွင် တည်ရှိနေခြင်း ဖြစ်သည်။ ထိုဂိုဏ်း၏ ကျယ်ပြန့်သောနယ်မြေသည် တခြား မြင့်မြတ်နယ်မြေလေးခုထက်ပင် သာလွန်သည်။ တောင်တန်းတစ်ခုလုံး၏ မရေမတွက်နိုင်သော တောင်ထိပ်များပေါ်တွင် ခမ်းနားထည်ဝါသော မျှော်စင်များနှင့်အဆောက်အဦးများ တည်ရှိနေပြီး ရစ်သိုင်းလွှမ်းခြုံနေသော မြူခိုးများကြားတွင် ကောင်းကင်ဘုံရှိ နတ်ဘုံနတ်နန်းများကဲ့သို့ ထွက်ပေါ်လာသည်။

အတိုင်းအဆမဲ့တောင်သည် ဤတောင်တန်းတွင် ဂိုဏ်းရှိလူများမှ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့ခြင်းကြောင့် အတိုင်းအဆမဲ့ အင်မော်တယ်နယ်မြေဟု လူသိများသော လျှို့ဝှက်နယ်မြေကို ဖန်တီးနိုင်ခဲ့သည်။ တခြားမြင့်မြတ်နယ်မြေကြီးလေးခု၏ ပင်မဂိုဏ်းတည်နေရာနှင့် ဂိုဏ်းခွဲတည်နေရာများသည် ဤနေရာနှင့် နှိုင်းယှဉ်လိုက်လျှင် အနည်းငယ် နိမ့်ကျနေပုံရသည်။ သေချာသည်မှာ ဤသည်က တခြားဂိုဏ်းတွေမှ ထိုကိစ္စကို အတိုင်းအဆမဲ့တောင်လောက် အားမစိုက်ခဲ့ကြသောကြောင့်ပင်။ မည်သို့ပင်ဆိုစေကာမူ အတိုင်းအဆမဲ့တောင်၏အင်အားသည် ဤအချက်ကိုကြည့်လျှင် သိသာထင်ရှားလှ၏။

တောင်တန်း၏အလယ်ဗဟိုရှိ အမြင့်မားဆုံး တိမ်တိုက်ကမ်းပါးတောင်ထိပ်တွင် အတိုင်းအဆမဲ့တောင်၏ ပင်မခန်းမဆောင် တည်ရှိသည်။ ယခုအချိန်တွင် ဂိုဏ်းချုပ် ကျုံးတောက်ထျန်းသည် အတိုင်းအဆမဲ့ ခန်းမဆောင်၏ ဥယျာဉ်ထဲတွင် ရှိနေပြီး သူ၏ရှေ့၌ရှိသော ဓားပျံပုံစံဖြစ်သည့် ဘုရင်အဆင့် မှော်လက်နက်တစ်ခုကို သန့်စင်နေသည်။

"နောက်ထပ် တစ်ရက်လောက်ဆိုရင် ဒီ ဘုရင်အဆင့် လက်နက်ကို ငါက အပြည့်အဝသန့်စင်ပြီးတော့မယ်"

အပြုံးတစ်ခု ကျုံးတောက်ထျန်း၏နှုတ်ခမ်းထောင့်တွင် ထင်ဟပ်သည်။ ဤသည်မှာ လွန်ခဲ့သောရက်အနည်းငယ်က သူ၏အတိုင်းအဆမဲ့တောင်မှ လျှို့ဝှက်နယ်မြေ တစ်ခုတွင် တွေ့ရှိခဲ့သော အစစ်အမှန် ဘုရင်အဆင့်မှော်လက်နက်ပင်။ ကံကောင်းထောက်မစွာဖြင့် ထိုဓား၏ဂုဏ်သတ္တိများသည် သူနှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေသည်။ ဤသည်မှာ ကောင်းကင်ဘုံကပေးသော ကောင်းချီးပင်။

ထို့ကြောင့် ကျုံးတောက်ထျန်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ပြင်ပကိစ္စများကို ဂရုမစိုက်ဘဲ ဤလက်နက်ကို သန့်စင်ရန် အလုပ်ရှုပ်နေပေ၏။ အကယ်၍ သူသာ ဤလက်နက်ကို သန့်စင်နိုင်ခဲ့လျှင် ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သူ၏ကိုယ်ပိုင်ခွန်အားသည် တခြားမြင့်မြတ်နယ်မြေလေးခုမှ ဂိုဏ်းချုပ်များထက် ကျော်လွန်သွားလိမ့်မည်။ မြေကမ္ဘာ နက်နဲသိမ်မွေ့နယ်ပယ်အောက်တွင် သူကို ပြိုင်ဘက်ကင်းဟု သတ်မှတ်၍ရသည်။ နှိုင်းယှဉ်ကြည့်လျှင် တခြားကျင့်ကြံဆင့်နိမ့်ပါးသူများကိုမူ ထည့်ပြောနေရန်ပင် မလိုတော့ချေ။

အနာဂတ်တွင် သူသည် တခြားမြင့်မြတ်နယ်မြေလေးခုကို လွှမ်းမိုးရန် စိတ်ကူးယဉ်ပြီး စိတ်ကျေနပ်အားရဖြစ်နေသည့် အချိန်မှာပင် စူးရှသော အော်ဟစ်သံတစ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"ကယ်ကြပါအုံး... အဖေ... ကယ်ပါအုံး...."

ကျုံးတောက်ထျန်း လန့်ဖျပ်သွားပြီး သတိပြန်ဝင်လာသည်။ အစပထမတွင် သူ ဒေါသထွက်သွားသည်။ သူသည် လက်နက်သန့်စင်နေခြင်း ဖြစ်ပေ၏။ ဤကဲ့သို့ အရေးကြီးသော အချိန်တွင် မည်သူက ဆူညံရဲသနည်း။ အကယ်၍ သူ၏လက်နက်သန့်စင်မှုကို အနှောက်အယှက်ဖြစ်စေခဲ့လျှင် ထိုလူ၏မိသားစုတစ်ခုလုံးကို သူ သေချာပေါက် သတ်ဖြတ်မည်ဟု တွေးတောလိုက်သည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ သူ သဘောပေါက်သွားသည်။ ဤအသံသည် သူ၏သား ကျုံးမင်လွေ့အသံနှင့် တူညီနေပေ၏။

"ဘိုးဘေး... ကယ်ပါအုံး"

စူးရှသော အော်ဟစ်သံ ထပ်မံ၍ ထွက်ပေါ်လာပြီး ကျုံးတောက်ထျန်း တုန်လှုပ်သွားကာ ကျုံးမင်လွေ့ ဖြစ်ကြောင်း နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့ပြီးနောက် သူ ဒေါသူပုန်ထသွားသည်။

"ဘယ်သူလဲ... ဘယ်သူက ငါ့ရဲ့အတိုင်းအဆမဲ့တောင်မှာ ငါ့ရဲ့သားကို ထိခိုက်အောင် လုပ်ရဲတာလဲ"

သူသည် အော်ငေါက်လိုက်ပြီး မှော်လက်နက်ကိုပင် ဂရုမစိုက်ဘဲ ပျံသန်းသွားသည်။ တစ်ချိန်တည်းမှာပင် အတိုင်းအဆမဲ့တောင်မှ အကြီးအကဲ တစ်စုလည်း ပျံသန်း၍ ထွက်လာကြသည်။ ကျုံးမင်လွေ့၏ အော်ဟစ်သံများသည် အလွန် စူးရှသဖြင့် သူတို့အားလုံး ကြားလိုက်ရသည်။ သခင်လေး ဒုက္ခရောက်နေချိန်တွင် သူတို့ မည်သည်ကြောင့် လက်ပိုက်ကြည့်နေနိုင်မည်နည်း။ ထိုကြောင့် သူတို့အားလုံး အပြေးအလွှား ထွက်လာကြ၏။

ရှေ့ဘက်ရှိ လေထုထဲတွင် လေဟာနယ်အက်ကွဲကြောင်းထဲမှ ပြေးထွက်လာသော ကျုံးမင်လွေ့ကို သူတို့ မြင်တွေ့လိုက်ရသည်။

သူသည် ဆံပင်များ ဖရိုဖရဲဖြင့် ဖုန်မှုန့်များ ပေကျံနေပြီး ဒယိမ်းဒယိုင်ဖြစ်နေကာ အလွန်သနားစရာ ကောင်းနေသည်။ ကျုံးတောက်ထျန်း ထိတ်လန့်တုန်လှုပ်သွားသည့်အပြင် သူ၏ဒေါသများ ပို၍ပြင်းထန်လာသည်။ ပုံမှန်အချိန်များတွင် သူ ဆူပင်မဆူရက်သော သူ၏အသည်းကျော်သားလေးသည် ဤအခြေအနေသို့ ရောက်နေခြင်းဖြစ်သလော။

ဤကိစ္စကို မည်သူလုပ်ဆောင်သည်ဖြစ်စေ ထိုလူကို ကြောက်မက်ဖွယ်ကောင်းသော တန်ကြေး ပြန်ပေးဆပ်ခိုင်းမည်ဟု သူ တွေးတောလိုက်သည်။

ကျုံးတောက်ထျန်းနှင့် တခြားလူများ ပျံသန်း၍ ထွက်လာသည်ကို မြင်တွေ့ချိန်၌ မိုးကောင်းကင်ယံပေါ်ရှိ ကျုံးမင်လွေ့၏မျက်လုံးများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပြန်လည်၍ ထင်ဟပ်လာသည်။

"အဖေ... ကျွန်တော့်ကို မြန်မြန် ကယ်ပါ... တစ်ယောက်ယောက် လိုက်လာနေ... အား"

သူ၏စကားမဆုံးမီမှာပင် သူ၏နောက်ရှိ လေဟာနယ်အက်ကွဲကြောင်းထဲမှ ဖြူဖွေးသွယ်လျသော လက်တစ်ဖက်ဆန့်တန်းလာပြီး လေဟာနယ်ကို ဖမ်းဆုပ်လိုက်သည်။ ကျုံးမင်လွေ့သည် မမြင်ရသော လက်ကြီးတစ်ဖက်၏ ရုတ်တရက် ဖျစ်ညှစ်ခြင်းကို ခံလိုက်ရသော ကြက်ပေါက်လေးတစ်ကောင်အလား သွေးရူးသွေးတန်းအော်ဟစ်သံ ထွက်ပေါ်လာပြီး ပြန်ဆွဲခေါ်ခြင်း ခံလိုက်ရသည်။

ထိုမြင်ကွင်းကို မြင်တွေ့ချိန်၌ ကျုံးတောက်ထျန်းသည် အလွန်အမင်း ထိတ်လန့်သွားပြီး ထိုလက်ကြီးကို စွမ်းအားအပြည့်နှင့် ချက်ချင်းတိုက်ခိုက်လိုက်သည်။

"ရဲတင်းလိုက်တဲ့ အရူး... ငါ့ရဲ့သားကို လွှတ်လိုက်စမ်း"

သို့ရာတွင် ဒေါသတကြီး ထုတ်လွှတ်လိုက်သော သူ၏ စွမ်းအားပြည့် တိုက်ခိုက်မှုသည် ရွှံ့နွံထဲ နစ်ဝင်သွားတဲ့ နွားတစ်ကောင်အလားပင်။ ထိုလက်ကြီးသည် တိုက်ခိုက်မှုကို ထိပ်တိုက်ခံယူလိုက်ပေမယ့် မည်သည့်ထိခိုက်မှုမျှမရှိဘဲ ဖြည်းညှင်းစွာ ကျုံ့ဝင်လာသည်။

ကျုံးမင်လွေ့၏ အရိုးများအားလုံး ခြေမွှခံရသည့်အလား အက်ကွဲသံများမြည်ဟီးလာပြီး သူ၏အော်ဟစ်သံများက မိုးကောင်းကင်ကို ထွင်းဖောက်သွားပေ၏။

ကျုံးတောက်ထျန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ရပ်လိုက်စမ်း"

ထိုအချိန်မှာပင် ကျုံးမင်လွေ့က စိတ်ပျက်အားငယ်စွာဖြင့် ထပ်မံ၍ အော်ဟစ်လေသည်။

"အဖေ... ကယ်..."

သူ၏ နောက်ဆုံးအကူအညီတောင်းသံ မဆုံးမီမှာပင် လက်ချောင်းငါးချောင်းက ညင်သာစွာ ဖမ်းဆုပ်လိုက်သည်။ ကျုံးမင်လွေ့သည် အသွေးအသားများအဖြစ် လုံးလုံးလျားလျား ခြေမွှခြင်းခံလိုက်ရပေ၏။

ပန်းထွက်လာသော သွေးများက နေရာအနှံ့ ဖြာကျသွားပြီး ရှေ့သို့ပြေးဝင်လာသော ကျုံးတောက်ထျန်း၏ ခေါင်းနှင့်မျက်နှာကို ဖုံးလွှမ်းသွားသည်။ ကျုံးတောက်ထျန်းသည် ရပ်တန့်သွားပြီး နေရာမှာပင် ကြောင်အမ်းစွာ မတ်တတ်ရပ်နေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။

"ငါ့... ငါ့ရဲ့သားလေး..."

ထိုအချိန်တွင် မပိတ်သေးသော လေဟာနယ်အက်ကွဲကြောင်းမှတစ်ဆင့် ကျုံးတောက်ထျန်းက တစ်ဖက်မှပုံရိပ်ကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။ ဤသည်မှာ ရှင်းလင်းပြီး တည်ငြိမ်သော အသွင်အပြင်ရှိပြီး ရိုးရှင်းသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် ချောမောခန့်ညားသော လူငယ်တစ်ဦးပင်။

ကျုံးတောက်ထျန်း၏မျက်လုံးများ သွေးနီရောင်သန်းလာပြီး စိတ်ဖောက်ပြန်သွားသည့်အလား ဟိန်းဟောက်လိုက်သည်။

"ခွေးတိရစ္ဆာန်ကောင်... မင်း ငါ့ရဲ့သားကို သတ်လိုက်တယ်... ငါ မင်းကို သတ်မယ်"

ဤအချိန်တွင် လေဟာနယ်အက်ကွဲကြောင်းက ပိတ်စပြုနေပြီဖြစ်ရာ ကျုံးတောက်ထျန်း အစွမ်းကုန် ပြေးဝင်သွားရင်ပင် မမီနိုင်တော့ပေ။ ကျုံးချင်၏ပုံရိပ်နှင့် ခံစားချက်မရှိသော မျက်နှာ ပျောက်ကွယ်သွားသည်ကို သူ ကြည့်နေရုံသာ တတ်နိုင်တော့သည်။

"မင်းက ဘယ်သူပဲ ဖြစ်ဖြစ်... မင်း သေရမယ်...."

ဒေါသထွက်နေသော ကျုံးတောက်ထျန်းက မိုးကောင်းကင်ယံကို မော့ကြည့်ပြီး အော်ဟစ်လိုက်၏။

"ကမ္ဘာမြေအဆုံးထိ သွားရရင်တောင် ငါ မင်းကို ရှာပြီး မင်းရဲ့မိသားစု တစ်ခုလုံးကို သတ်ပစ်မယ်... ငါ မင်းကို သေစေချင်တယ်... သေစေချင်တယ်"

နောက်က လိုက်လာသော အကြီးအကဲများသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်မျက်လုံးထဲက ထိတ်လန့်မှုနှင့်ကြောက်ရွံ့မှုများကို ကျန်တစ်ယောက်က မြင်တွေ့လိုက်ရသည်။ ကျုံးတောက်ထျန်း၏အချစ်ဆုံးသားသည် သူ၏မျက်စိရှေ့မှာပင် ခြေမွှသတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ဤသည်မှာ ကျုံးတောက်ထျန်း၏ တစ်ဦးတည်းသောသားပင်။ သူသည် အသက်ကြီးမှ ကလေးတစ်ယောက် ရလာခြင်း ဖြစ်သည်။ ထို့ပြင် ယခုချိန်၌ နေမင်းနက်နဲသိမ်မွေ့အဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ့ထံ၌ နောက်ထပ် သားသမီးရရန် ခက်ခဲပေ၏။ ဤသည်က သူ၏မျိုးဆက်ကို တိုက်ရိုက်ဖြတ်တောက်လိုက်ခြင်းဟု ဆိုနိုင်သည်။

ထို့ကြောင့် ကျုံးတောက်ထျန်း မည်မျှထိ ဒေါသထွက်နေသည်ကို စဉ်းစားကြည့်၍ ရနိုင်သည်။ မိုးကောင်းကင်ယံကြီး အမှန်တကယ်ကို ပြောင်းပြန်လန်သွားလေပြီ။ အတိုင်းအဆမဲ့တောင်တစ်ခုလုံး၌ ကြီးမားသောငလျင်ကြီး လှုပ်ခတ်တော့မယ့်ပုံ ပေါက်နေတော့သည်။

All Chapters