ကျုံးချင် တောင်ပေါ်မှ ဆင်းလာခြင်း
Vol. 15 Ch. 144
မြင့်မြတ်နယ်မြေနှစ်ခုဖြစ်သော ချောင်ရှားတောင်ကြားနှင့် ဖူယွင်ဂိုဏ်းတို့ ရောက်ရှိလာပြီးနောက် အတိုင်းအဆမဲ့တောင်မှ လူများသည် စိတ်ဓာတ်များ ယိမ်းယိုင်နေကြလေပြီ။
ကျုံးတောက်ထျန်းသည် သူ၏ထိတ်လန့်မှုကို အတင်းအကြပ် ထိန်းချုပ်ထားရပြီး ခက်ထန်တင်းမာစွာဖြင့် အော်ဟစ်လိုက်သည်။
"စီနီယာတို့... ငါတို့ မြင့်မြတ်နယ်မြေငါးခုက အမြဲတမ်း စည်းလုံးညီညွတ်ခဲ့ကြတယ်... ရှန်ကျန်းဂိုဏ်း ကိစ္စလေးတစ်ခုနဲ့ ခင်ဗျားတို့က အတိုင်းအဆမဲ့တောင်ကို ရန်သူလုပ်ချင်နေကြတာလား... ဒါက စည်းမျဉ်းတွေကို ချိုးဖောက်တာ မဟုတ်ဘူးလား..."
"ဝူကျီဂိုဏ်းနဲ့ တန်ထင်းခန်းမဆောင်က ဘယ်လို ထင်မလဲ..."
သို့သော် ဤသည်မှာ အစပျိုးရုံသာ ရှိသေးသည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
သူ၏အသံ ဆုံးသွားသည်နှင့် မိုးကောင်းကင်ယံမှ တခြားအသံတစ်သံ ထွက်ပေါ်လာပြီး သူ၏စကားကို ကြားဖြတ်ပြောဆိုလိုက်၏။
"စဉ်းစားနေစရာ မလိုဘူး..."
"ငါ့ရဲ့ ဝူကျီဂိုဏ်းကလည်း ရှန်ကျန်းဂိုဏ်းဘက်က ရပ်တည်တယ်..."
ကျုံးတောက်ထျန်း၏စိတ်နှလုံးသား တုန်လှုပ်သွားပြီး သူ အသံလာရာသို့ လှည့်ကြည့်လိုက်ပြီးနောက် တုန်တုန်ယင်ယင် ဖြစ်လာသည်။
အနောက်မြောက်ဘက် အရပ်မျက်နှာရှိ မိုးကောင်းကင်ယံမှ ဆင်းသက်လာသော နောက်ထပ် လူအုပ်စုတစ်စုကို သူ တွေ့လိုက်ရသည်။
ရောက်လာသူများသည် ဝူကျီဂိုဏ်းမှ လူများမှတပါး တခြားလူများ မဟုတ်ကြချေ။ ဦးဆောင်လာသူကိုလည်း သူ ကောင်းစွာရင်းနှီးကျွမ်းဝင်နေသည်။
ဤသည်မှာ ဝူကျီဂိုဏ်း၏ ဘိုးဘေး ယွီဝမ်ကျွင်းနှင့် ဂိုဏ်းချုပ် အိုးယန်ဟောင်တို့ပင်။
နံဘေးပတ်ဝန်းကျင်မှ ကြည့်ရှုနေသော အင်အားစုများနှင့် ကျင့်ကြံသူများသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြသဖြင့် စကားပင် မပြောနိုင်တော့ချေ။
"ဝူကျီဂိုဏ်းလည်း ရောက်လာတာပဲ..."
"ဒီ ရှန်ကျန်းဂိုဏ်းရဲ့ နောက်ခံက တကယ်တမ်းကျ ဘာများလဲ..."
"ဒါက တကယ်ကို ထူးခြားဆန်းပြားလွန်းတယ်... မြင့်မြတ်နယ်မြေငါးခုထဲက လေးခုတောင် ရောက်လာခဲ့ပြီ... အရှေ့ပိုင်းဒေသမှာ ဒီလိုမြင်ကွင်းမျိုး မမြင်ရတာ နှစ်ပေါင်းဘယ်လောက် ကြာပြီလဲ..."
အရှိန်အဝါများ လုံးဝပျောက်ဆုံးသွားပြီဖြစ်သော အတိုင်းအဆမဲ့တောင်မှ လူများကို စိုက်ကြည့်ရင်း ယွီဝမ်ကျွင်းက မနှစ်မြို့သော လေသံဖြင့် ပြောဆိုလိုက်သည်။
"မင်းတို့ အတိုင်းအဆမဲ့တောင်က ငါ ယွီဝမ်ကျွင်းရဲ့ ကျေးဇူးရှင်ကို ဒုက္ခပေးချင်နေတယ်လို့ ကြားတယ်... ပြီးတော့ သူ့ရဲ့ဂိုဏ်းတစ်ဂိုဏ်းလုံးကိုတောင် အမြစ်ပြတ် သုတ်သင်ချင်နေတယ်ပေါ့လေ..."
"အတိုင်းအဆမဲ့တောင်က တော်တော်လေး သတ္တိကောင်းနေပါလား... ငါ့ရဲ့ ဝူကျီဂိုဏ်းကိုရော မင်းတို့ ခွင့်တောင်းပြီးပြီလား..."
ရန်လိုတက်ကြွနေသော ဝူကျီဂိုဏ်းမှ လူများကို ကြည့်ရင်း ကျုံးတောက်ထျန်းသည် ယခင်က မောက်မာမှုများ လုံးဝပျောက်ဆုံးသွားပြီး သူ၏မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်နေလေပြီ။
"သောက်ကျိုးနည်း... ငါ ဘာလို့ ဒါကို မစဉ်းစားမိခဲ့တာလဲ... ကျုံးချင်ရဲ့ လက်အောက်မှာ ဝူကျီဂိုဏ်းက အဖြူအနက်အကြီးအကဲတွေ ရှိနေတယ်လို့ ငါ အရင်က ကြားဖူးသားပဲ..."
"ဝူကျီဂိုဏ်းက အစကတည်းက ရှန်ကျန်းဂိုဏ်းနဲ့ ပူးပေါင်းကြံစည်ထားတာ သေချာတယ်..."
အမှန်အားဖြင့် ဝူကျီဂိုဏ်းနှင့် ရင်ဆိုင်ရမည်ကို ကျုံးတောက်ထျန်း ယခင်ကတည်းက မျှော်လင့်ထားပြီး ဖြစ်သည်။
အကြောင်းအရင်းမှာ မူဖူတောင်ပေါ်တွင် ရှီရှောင်ထျန်းနှင့်ဝူယွဲ့တို့ ရှိနေကြောင်း သတင်းကို အတည်ပြုပြီးပြီ ဖြစ်သောကြောင့်ပင်။ ဝူကျီဂိုဏ်းသည် ရှန်ကျန်းဂိုဏ်း၏ ကျောထောက်နောက်ခံ ဖြစ်ကြောင်း အတိုင်းအဆမဲ့တောင်က ယခင်ကတည်းက ခန့်မှန်းထားခဲ့သည်။
မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် တိုက်ခိုက်ရေးစွမ်းအားသုံးခုကို တပြိုင်နက်တည်း အသုံးပြုကာ ကြီးမားသော အတိုင်းအတာဖြင့် စုရုံးရောက်ရှိလာခြင်းသည် ဝူကျီဂိုဏ်းကို ကာကွယ်ရန်အတွက်သာ ဖြစ်သည်။
ရှန်ကျန်းဂိုဏ်း တစ်ဂိုဏ်းတည်းအတွက်နှင့် ဝူကျီဂိုဏ်းက သူတို့ကို တုံ့ပြန်တိုက်ခိုက်လိမ့်မည် မဟုတ်ဟု သူတို့ ယူဆခဲ့ကြသည်။
သို့သော် ချောင်ရှားတောင်ကြားနှင့် ဖူယွင်ဂိုဏ်းတို့ တစ်ခုပြီးတစ်ခု ပေါ်လာခြင်းကြောင့် ဖြစ်ပေါ်လာသော တုန်လှုပ်မှုအောက်တွင် ကျုံးတောက်ထျန်းသည် ထိုကိစ္စကို မေ့လျော့သွားခဲ့ခြင်း ဖြစ်သည်။
သူတို့သည် ရှန်ကျန်းဂိုဏ်းကို ဝိုင်းရံပိတ်ဆို့ရန် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်။
သို့သော် ယခုအချိန်တွင်မူ သူတို့က ဝိုင်းရံပိတ်ဆို့ ခံနေရသူများ ဖြစ်နေပုံရသည်။
ရှေ့တွင် ဟောက်ဟန်ဂိုဏ်းနှင့် ထျန်းယွင်ဂိုဏ်း နံဘေးတွင် ခြိမ်းခြောက်နေသော မြင့်မြတ်နယ်မြေသုံးခုတို့ ရှိနေသဖြင့် ကျုံးတောက်ထျန်းသည် ဆက်လက်၍ တည်ငြိမ်မနေနိုင်တော့ဘဲ သူ၏စိတ်ထဲတွင် ကျိန်ဆဲလိုက်မိသည်။
"သောက်ကျိုးနည်း... ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ..."
ရုတ်တရက် သူ သတိရလိုက်မိသည်။
ယခင်က သူ အတိုင်းအဆမဲ့တောင်တွင် ရှိစဉ်က ကျုံးချင်သည် ထူးခြားသော ပုဂ္ဂိုလ်ဖြစ်ပြီး ချောင်ရှားတောင်ကြား ဖူယွင်ဂိုဏ်းနှင့် ဝူကျီဂိုဏ်းမှ ဘိုးဘေးများက သူ့ကို လေးစားမှုဖြင့် ဆက်ဆံကြောင်း ကောလာဟလများ ရှိသည်ဟု သူ၏လက်အောက်ငယ်သား ပြောပြသည်ကို သူ ကြားခဲ့ဖူးသည်။
ထိုကိစ္စသည် အလွန်အဓိပ္ပာယ်မရှိဟု ထင်ရသောကြောင့် ထိုအချိန်က သူသည် ပေါက်ကရစကားဟု သတ်မှတ်ပြီး သူ၏ခေါင်းထဲမှ ထုတ်ပစ်လိုက်ခဲ့လေ၏။
သို့သော် ကလေးတစ်ယောက်၏ ကယောင်ကတမ်းစကားထက်ပင် ပို၍ရယ်စရာကောင်းသော ဤကိစ္စသည် အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။
ဤသည်က ပျားအုံကို တုတ်နဲ့ ထိုးလိုက်ခြင်းပင် မဟုတ်တော့ဘဲ မီးတောင်ပေါက်ကွဲမှုထဲသို့ ပြေးဝင်သွားသကဲ့သို့ ဖြစ်နေလေပြီ။
ထိုအချိန်တွင် တခြား ကြောက်မက်ဖွယ်ကောင်းသည့် အတွေးတစ်ခုက သူ၏စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။
တန်ထင်းခန်းမဆောင်၏ ခန်းမဆောင်သခင်ငါးဦးသည်လည်း ကျုံးချင်ကို လေးစားကြသည်ဟူသော ကောလာဟလလည်း ရှိနေပေ၏။
အဲ့ဒါကရော အမှန်ပဲလား...
ထိုအတွေး မဆုံးခင်မှာပင် အရှေ့တောင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
"စီနီယာကျုံးချင်ကို မလေးမစား လုပ်ချင်တဲ့သူ ရှိတယ်လို့ ငါ ကြားတယ်..."
"ငါတို့ရဲ့ တန်ထင်းခန်းမဆောင်က ဘယ်လိုလုပ်ပြီးတော့ လက်ပိုက်ကြည့်နေနိုင်မှာလဲ..."
"ငါတို့ နောက်ကျသွားပါတယ်... ကျေးဇူးပြုပြီး အပြစ်မတင်ပါနဲ့..."
ထုံကျင်နေပြီဖြစ်သော အတိုင်းအဆမဲ့တောင်မှ လူများသည် ထပ်မံ၍ လှည့်ကြည့်လိုက်ကြ၏။
သူတို့ တွေးထင်ထားသည့်အတိုင်းပင် အရှေ့တောင်ဘက်အရပ်မှ ကျင့်ကြံသူတစ်စု ရောက်လာကာ မိုးကောင်းကင်ယံမှ ဆင်းသက်လာကြသည်။
ဦးဆောင်လာသူများမှာ တန်ထင်းခန်းမဆောင်၏ ခန်းမဆောင်သခင်ငါးဦးမှလွဲ၍ တခြားသူများ မဟုတ်ချေ။ သူတို့သည် တစ်ယောက်မကျန် စုံလင်စွာ ရောက်ရှိလာကြ၏။
နံဘေးမှ ကြည့်ရှုနေသူများသည်လည်း အလားတူပင် ထုံကျင်နေကြလေပြီ။
သူတို့သည် အကြိမ်ပေါင်းများစွာ တုန်လှုပ်ခဲ့ရပြီးပြီဖြစ်ရာ ထပ်မံ၍ အံ့အားသင့်နိုင်ခြင်း မရှိကြတော့ပေ။
ဝူကျီဂိုဏ်း ရောက်လာသည်ကို မြင်ကတည်းက 'ဒီမြင့်မြတ်နယ်မြေလေးခုတောင် ရောက်နေမှတော့ တန်ထင်းခန်းမဆောင်လည်း သိပ်ဝေးတော့မှာ မဟုတ်ဘူး'ဟု သူတို့ တွေးတောထားနှင့်ပြီး ဖြစ်သည်။
တခြားတစ်ဖက်တွင်မူ ကျုံးတောက်ထျန်းသည် လုံးလုံးလျားလျား စိတ်ပျက်အားငယ်မှုထဲသို့ ကျရောက်သွားလေပြီ။
တခြားသော မြင့်မြတ်နယ်မြေသုံးခုကို ဘေးဖယ်ထားလျှင်ပင်...
စီးပွားရေးနှင့် ဆေးဖော်စပ်ခြင်းကိုသာ အဓိကထားပြီး ဂိုဏ်းအာဏာလုပွဲများတွင် မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ ကြားနေအနေအထားကိုသာ ထိန်းသိမ်းထားသော တန်ထင်းခန်းမဆောင်က ရှန်ကျန်းဂိုဏ်းအတွက် ထိုကျုံးချင်ဆိုသော လူအတွက် ဝင်ရောက်စွက်ဖက်ခဲ့သလော...
အဲ့ဒီလူက တကယ်တမ်း ဘယ်သူလဲ...
သူက အရှေ့ပိုင်းဒေသရဲ့ အရှင်သခင်များလား...
အတိုင်းအဆမဲ့တောင်၏ ဂုဏ်သရေရှိ ဂိုဏ်းချုပ်ဖြစ်ကာ မြင့်မြတ်နယ်မြေတစ်ခု၏ အရှင်သခင်ဖြစ်သူသည် နှစ်ပေါင်းများစွာကြာသည်အထိ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုး ရှိနေသည်ကို တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။
သူ ဘုရင်အဆင့် လက်နက်တစ်ခု သန့်စင်ဖန်တီးရန် တံခါးပိတ်ကျင့်ကြံနေသော လအနည်းငယ်အတွင်းမှာပင် လောကကြီးက ပြောင်းလဲသွားခဲ့သလော....
ယခင်က သူ့ကို သတင်းလာပို့သော လက်အောက်ငယ်သားသည် ယခုအချိန်၌ သူ၏နောက်တွင် ရှိနေသည်။
ဤအခြေအနေကို မြင်တွေ့ချိန်၌ ထိုလက်အောက်ငယ်သားသည် သူ၏နဖူးပေါ်မှ ချွေးစေးများကို တိတ်တဆိတ် သုတ်လိုက်မိသည်။
သခင်ကြီးရေ... ခေတ်တွေက တကယ်ပဲ ပြောင်းသွားပါပြီ...
မြင့်မြတ်နယ်မြေလေးခုသည် ဟောက်ဟန်ဂိုဏ်း ထျန်းယွင်ဂိုဏ်းတို့နှင့်အတူ အတိုင်းအဆမဲ့တောင်ကို ဝိုင်းရံထားလိုက်ကြ၏။
ထိုအချိန်တွင် သူတို့သည် ချက်ချင်း လှုပ်ရှားရန် အလျင်မလိုကြဘဲ သူတို့၏နောက်ရှိ ရှန်ကျန်းဂိုဏ်းဘက်သို့ တညီတညွတ်တည်း ဦးညွတ်လိုက်ကြသည်။
"စီနီယာ..."
အတိုင်းအဆမဲ့တောင်မှ လူများသည်လည်း မသိစိတ်၏စေ့ဆော်မှုဖြင့် လှမ်းကြည့်လိုက်မိကြသည်။
မရေမတွက်နိုင်သော မျက်လုံးများ၏ အကြည့်အောက်တွင် သန့်ရှင်းကြည်လင်သော မျက်နှာနှင့် ချောမောခန့်ညားသော ရုပ်ရည်ရှိသည့် လူငယ်တစ်ဦးသည် ဆံပင်ရှည်များကို ဖားလျားချထားပြီး လက်နောက်ပစ်ကာ ဂိုဏ်းတံခါးဝမှ ဖြည်းညင်းစွာ လျှောက်လှမ်းထွက်လာသည်။
ထိုလူငယ်မှာ ကျုံးချင်ပင်။
ထိုခဏတွင် တောင်ပေါ်နှင့် တောင်အောက်ရှိ လူများအားလုံး၏မျက်လုံးအကြည့်များသည် ကျုံးချင်ထံ၌ စူးစိုက်၍ ကျရောက်နေသည်။
အတိုင်းအဆမဲ့တောင်မှ လူများသည် ကျုံးချင်ကို ကြည့်လိုက်ကြရာ သူတို့၏စိတ်နှလုံးသားထဲတွင် စိတ်ဓာတ်ယိမ်းယိုင်မှုနှင့် ထိတ်လန့်မှုများသာမက စိတ်ရှုပ်ထွေးမှုများဖြင့်လည်း ပြည့်နှက်နေသည်။
ဤမျှထိ သာမန်ဟုထင်ရသော လူငယ်တစ်ဦးသည် မြင့်မြတ်နယ်မြေလေးခု၏လေးစားမှုကို မည်သို့ ရယူနိုင်သနည်းဟူသည်ကို သူတို့ နားမလည်နိုင်အောင် ဖြစ်နေကြသည်။
သို့သော် ကျုံးချင်သည် အတိုင်းအဆမဲ့တောင်မှ လူများကို တစ်ချက်ကလေးပင် လှည့်မကြည့်ချေ။
သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ကြည့်ပြီး သူ၏လက်ကိုပူးဆုပ်၍ နှုတ်ဆက်လိုက်သည်။
"ဒီနေ့ ဒီလောက်ထိ စည်ကားမယ်လို့ ကျွန်တော် မထင်ထားဘူး... မိတ်ဆွေဟောင်းတွေအားလုံး ရောက်လာကြတာပဲ..."
"ခင်ဗျားတို့အားလုံး ပင်ပန်းသွားရပြီ... ကျွန်တော့်ရဲ့ ရှန်ကျန်းဂိုဏ်းက ဒီလို အသေးအမွှား ပြဿနာလောက်ကို မကြောက်ပေမယ့် ခင်ဗျားတို့အားလုံးက ကျွန်တော့်ကို မျက်နှာသာ ပေးကြတဲ့အတွက် ကျွန်တော် ကျုံးချင်က ကြိုတင်ပြီး ကျေးဇူးတင်ပါတယ်..."
မြင့်မြတ်နယ်မြေလေးခုမှ လူများသည် အလျင်အမြန် ပြန်လည်ဦးညွတ်လိုက်ကြပြီး တုံ့ပြန်ပြောဆိုကြသည်။
"စီနီယာကျုံးချင်... ခင်ဗျားက အရမ်း ယဉ်ကျေးလွန်းပါပြီ..."
"ကျွန်တော်တို့က ဖိတ်မထားဘဲ ရောက်လာပြီး ရှန်ကျန်းဂိုဏ်းကို အနှောင့်အယှက် ပေးမိတာမလို့ စီနီယာကသာ စိတ်မရှိပါနဲ့..."
"ဟား ဟား ဟား... ညီလေးကျုံးချင်ရဲ့ ကိစ္စက ဒီ သူတောင်းစားအိုကြီးရဲ့ ကိစ္စပါပဲ... ကျေးဇူးတင်စရာ မလိုပါဘူး..."
ကျုံးချင်သည် လူတိုင်းကို နှုတ်ဆက်ပြီးနောက်မှ လက်ရှိကိစ္စကို သတိရသွားပုံဖြင့် အတိုင်းအဆမဲ့တောင်မှ လူများဘက်သို့ လှည့်ကြည့်လိုက်သည်။
သူ၏မျက်နှာပေါ်ရှိ နူးညံ့သိမ်မွေ့သောအပြုံး ပျောက်ကွယ်သွားလေပြီ။
သူ၏ ခံစားချက်ကင်းမဲ့သော အကြည့်သည် ကျုံးတောက်ထျန်းနှင့် ဆုံတွေ့သွား၏။
ယခင်က လေဟာနယ်အက်ကွဲကြောင်းကို ဖြတ်ကျော်ပြီး သူ ကျုံးမင်လွေ့ကို ချေမှုန်းပစ်လိုက်စဉ်က ထိပ်တိုက်တွေ့ဆုံမှုနှင့် ထပ်တူထပ်မျှပင်။
သို့သော် ကွာခြားချက်မှာ ထိုအချိန်က ကျုံးတောက်ထျန်းတွင် အမျက်ဒေါသများဖြင့် ပြည့်နှက်နေပြီး ကျုံးချင်ဆီသို့ ပြေးဝင်ကာ အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ချင်နေခဲ့သည်။
ယခုအချိန်တွင်မူ သူ၏စိတ်နှလုံးသားထဲ၌ ကြောက်ရွံ့မှုသာ ကျန်ရှိတော့သည်။
"ကျုပ် ကြားထားတယ်..."
ကျုံးချင်က ဖြည်းညင်းစွာ စတင်ပြောဆိုလိုက်သည်။
"ခင်ဗျားက ကျုပ်ရဲ့ ရှန်ကျန်းဂိုဏ်း တစ်ဂိုဏ်းလုံးကို အမြစ်ပြတ် သုတ်သင်ပစ်ချင်တယ်ဆို..."
မူလက မြင့်မားဖြောင့်တန်းနေသော ကျုံးတောက်ထျန်း၏ခန္ဓာကိုယ်သည် တုန်ရီစပြုလာပေ၏။
ကြွင်းကျန်သော အတိုင်းအဆမဲ့တောင်မှ လူများသည်လည်း သိပ်ပြီးအခြေအနေမကောင်းလှချေ။
မြင့်မြတ်နယ်မြေလေးခု၏ ဝိုင်းရံခြင်းကို ခံထားရသဖြင့် သူတို့သည် မုန်တိုင်းထန်သော ပင်လယ်ပြင်ထဲရှိ လှေငယ်လေးတစ်စင်းအလား အချိန်မရွေး တိမ်းမှောက်သွားနိုင်သည်ဟု ခံစားနေကြရသည်။
"မဟုတ်... မဟုတ်ပါဘူး... စီနီယာ..."
ကြောက်ရွံ့မှုအောက်တွင် ဂုဏ်သရေရှိသော အတိုင်းအဆမဲ့တောင်ဂိုဏ်းချုပ် ကျုံးတောက်ထျန်းသည် စကားကိုပင် ကောင်းကောင်းမပြောနိုင်လောက်အောင် ကြောက်လန့်နေပေ၏။
ထိုအချိန်တွင် သူ ယခင်က ပေါ့ပေါ့ဆဆ ပြောခဲ့သော စကားများ မှန်ကန်ပါစေဟု သူ မည်မျှထိ ဆုတောင်းနေမိသည်ကို သူ မသိတော့ချေ။
မြင့်မြတ်နယ်မြေကြီးငါးခုအနက် သူတို့၏ဂိုဏ်းတစ်ဂိုဏ်းတည်းကသာ ဤနတ်ဘုရားကြီးကို မသိရှိခြင်း ဖြစ်နေသလော....
သူ၏ဘိုးဘေးသည်လည်း အမှန်တကယ်ကို ကျုံးချင်၏အစေခံသာ ဖြစ်ခဲ့လျှင် မည်မျှထိ ကောင်းလိုက်မည်နည်း...