← Chapters

မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ

Vol. 15 Ch. 147

မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ

Vol. 15 Ch. 147

မှောင်မိုက်နေသော ညသန်းခေါင်ယံ၌ မိုးဖွဲလေးများ စတင်ရွာသွန်းလာသည်။

တောင်ပေါ်ရှိ လှိုဏ်ဂူတစ်ဂူအတွင်း၌ မီးပုံတစ်ခု လောင်ကျွမ်းနေပြီး ပုံရိပ်နှစ်ခု၏အသွင်သဏ္ဍာန်ကို ပုံဖော်ပေးနေလေ၏။

ဤသည်မှာ ပိုင်လင်းနှင့်စာခြောက်ရုပ်တို့ပင်။

ထိုမိန်းကလေးသည် မီးပုံဘေးတွင် ထိုင်နေပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက် အလှအပကို သိသာထင်ရှားစေသော အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ သူမသည် လက်တစ်ဖက်ဖြင့် မေးထောက်ထားပြီး ဂူအဝသို့ စူးစိုက်၍ကြည့်နေကာ သူမ၏ချောမောလှပသော မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ရပ် ရှိနေသည်။

စာခြောက်ရုပ်ကမူ လက်နှစ်ဖက်ကို ဖြန့်ကားထားပြီး သူ့ခန္ဓာကိုယ်၏တစ်နေရာမှ သစ်သားတုတ်တစ်ချောင်း ထွက်ပေါ်နေကာ မြေကြီးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေသည်။ သူ၏ဘယ်လက်တွင် ကောက်ရိတ်ဓားကို ကိုင်ဆောင်ထားပြီး ညာလက်တွင် မီးအိမ်တစ်ခုကို ကိုင်ထားလေ၏။

မီးပုံအလင်းရောင်ကြောင့် လင်းထိန်နေသော စာခြောက်ရုပ်၏မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထူးခြားဆန်းပြားနေသည်။

ပိုင်လင်းသည် တုတ်ချောင်းငယ်လေးတစ်ချောင်းဖြင့် မီးပုံကို ထိုးကော်လိုက်ရင်း အတွေးများကို ပြန်လည် စုစည်းလိုက်ပြီး စာခြောက်ရုပ်ကို ကြည့်လိုက်သည်။

သူမသည် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် သူမ၏ပါးစပ်ကို အုပ်ကာ ခပ်အုပ်အုပ်ရယ်မောလိုက်သည်။

"နင်က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ... ငါသွားလေရာကို နင်လိုက်လာပြီးတော့ မြေကြီးထဲမှာ စိုက်ထားတဲ့ တိုင်တစ်တိုင်လိုပဲ..."

သို့သော် စာခြောက်ရုပ်က သူမ၏ စကားများကို ဂရုမစိုက်သကဲ့သို့ နေနေပေ၏။

အချိန်တခဏကြာ သူမတစ်ယောက်တည်း ရေရွတ်နေပြီးနောက် ထိုမိန်းကလေး၏ စိတ်ခံစားချက် ဆိုးရွားသွားသည်မှာ သိသာထင်ရှားသည်။

ဤစာခြောက်ရုပ်ကို မြင်လိုက်ရခြင်းက သူမအား ကျုံးချင်ကို သတိရသွားစေသောကြောင့်ပင်။

"အရှင် ဘယ်လိုများ နေနေလဲ မသိဘူး..."

ပိုင်လင်းက တီးတိုးရေရွတ်လိုက်မိသည်။ သူ၏ပုံရိပ်ကို တွေးလိုက်မိတိုင်း သူမ၏စိတ်နှလုံးသားထဲတွင် လှိုင်းဂယက်များ ပျံ့နှံ့သွားလေ့ရှိသည်။

သူမ အကူအညီမဲ့နေပြီး မျှော်လင့်ချက် ကင်းမဲ့နေချိန်တွင် သူသည် ပြည်နှင်ဒဏ်သင့်လာသော နတ်ဘုရားတစ်ပါးအလား သူမကို ဒုက္ခဆင်းရဲနှင့် စိတ်ပျက်အားငယ်မှုများမှ ကယ်တင်ပေးခဲ့သည်။

သူမသည် အချိန်မရွေး သေဘေးနှင့် ကြုံတွေ့ရနိုင်ကြောင်း ရှင်းလင်းစွာ ပြောပြခဲ့ပြီး သူမ၏ ရန်သူများ မည်မျှထိ အစွမ်းထက်ကြောင်း ရှင်းပြခဲ့သော်လည်း သူသည် ဂရုမစိုက်ဘဲ သူမကို လက်ခံခဲ့သည်။

ဤလုပ်ရပ်သည် သံသယဖြစ်စရာမလိုဘဲ သူမ၏နှလုံးသားထဲသို့ တိုက်ရိုက် စီးဝင်သွားသော အလင်းတန်းတစ်တန်းပင်။

မူဖူတောင်တွင် ကုန်ဆုံးခဲ့သော အချိန်ကာလသည် သူမ၏ ဘဝတစ်သက်တာတွင် အငြိမ်းချမ်းဆုံးနှင့် အနွေးထွေးဆုံးသော ကာလတစ်ခု ဖြစ်ခဲ့သည်မှာ သေချာသည်။

"ဂျိမ်း... ဂျိမ်း..."

မိုးခြိမ်းသံတစ်သံသည် ပိုင်လင်း၏ အတိတ်အမှတ်ရစရာများကို ဖြတ်တောက်လိုက်၏။

ထိုမိုးခြိမ်းသံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းတစ်တန်း လင်းလက်သွားသည်။

လျှပ်စီးလက်ခြင်းနှင့် မိုးခြိမ်းသံများကြားတွင် ကြီးမားကျယ်ပြန့်သော တောင်တန်းကြီးတစ်ခုကို ဝေဝါးစွာ မြင်တွေ့နေရပေ၏။

နိမ့်ချည်မြင့်ချည် တောင်တန်းများသည် ဒေါသထွက်နေသော နဂါးတစ်ကောင်မှ ခန္ဓာကိုယ်ကို ဆန့်တန်းထားသကဲ့သို့ ဖြစ်နေပြီး သက်ဝင်လှုပ်ရှားသော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။

တောင်တန်း၏အမြင့်ဆုံးနေရာတွင် နယ်နိမိတ်မှတ်တိုင်တစ်ခုကို ဝေဝါးစွာ မြင်တွေ့နေရသည်။

ထိုအရာသည် မြောက်ပိုင်းဒေသ၏ နယ်နိမိတ်ပင်။

ဤတောင်တန်းကို ကျော်ဖြတ်လိုက်သည်နှင့် မြောက်ပိုင်းဒေသသို့ ဝင်ရောက်သွားလေပြီ။

"ငါ မြောက်ပိုင်းဒေသထဲကို ဝင်တော့မယ်... ငါ့ရဲ့နောက်ကို လိုက်လာတာက အရမ်းအန္တရာယ်များတယ်... နင် ပြန်သွားလိုက်ပါလား..."

ပိုင်လင်းက စာခြောက်ရုပ်ကို ထိုသို့ အကြိမ်များစွာ ပြောခဲ့ဖူးသည်။

သို့သော် သူမ ထပ်ခါတလဲလဲ ပြောဆိုသည့်တိုင် စာခြောက်ရုပ်က တုံ့ပြန်ခြင်း မရှိခဲ့ချေ။

ပိုင်လင်းက ခေါင်းယမ်းလိုက်သည်။

"ငါ တကယ်ပဲ နင့်ကို ဘာမှမပြောနိုင်တော့ဘူး..."

"ထားလိုက်ပါတော့..."

"နင်က ဒီနေရာထိ ငါ့ရဲ့နောက်ကို လိုက်နိုင်ခဲ့တာဆိုတော့ နင့်မှာ လှည့်ကွက်တွေနဲ့ စွမ်းရည်တွေ အများကြီး ရှိမှာပဲ..."

"ဒီနေ့ကစပြီး ငါ သတိနဲ့နေနိုင်အောင် ကူညီပေးဖို့နဲ့ သတင်းအချက်အလက် အတိုအထွာတွေ စုဆောင်းပေးဖို့ နင့်မှာ တာဝန်ရှိတယ်..."

ပိုင်လင်းသည် သူမ၏ မူရင်းဇစ်မြစ်အကြောင်းကို စာခြောက်ရုပ်အား ဖြည်းဖြည်းချင်း စတင်ပြောပြလိုက်သည်။

"မြောက်ပိုင်းဒေသမှာရှိတဲ့ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူဟာ နတ်ဆိုးတွေရဲ့ ခံတပ် မကောင်းဆိုးဝါးတွေရဲ့ မူလအစပဲလို့ လူတွေ ပြောကြတယ်..."

"ရှေးခေတ်တုန်းက နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေက တသားတည်း ဖြစ်ခဲ့ကြတယ်ဆိုတာ ဘယ်သူက သိမှာလဲ..."

"စစ်မှန်တဲ့ နတ်ဆိုးတွေကိုလည်း လောကကြီးထဲမှာ ရှိတဲ့လူတွေက ကိုးကွယ်ခဲ့ကြတာပဲ..."

"မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူထဲမှာ သွေးမျိုးဆက်ရှစ်ခု ရှိတယ်..."

"ပြီးတော့ ငါက အဖြူရောင်နတ်ဆိုးရဲ့ ဆက်ခံသူတစ်ယောက်ပဲ..."

"ငါ့ရဲ့သွေးမျိုးဆက်က ရှေးဘိုးဘေးတွေနဲ့ တူညီနေတာကြောင့် ငါ့ကို မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူရဲ့ ဆက်ခံသူခေါင်းဆောင်အဖြစ် သတ်မှတ်ခဲ့ကြတယ်..."

"တကယ်တော့ ငါက ဒီခေါင်းဆောင်နေရာကို လုံးဝ မလိုချင်ပါဘူး... ဒါပေမဲ့ သစ်ပင်က ငြိမ်ချင်ပေမယ့် လေက မရပ်ဘူးလေ..."

သူမ၏နှုတ်ခမ်းထောင့်တွင် ခါးသီးမှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

မူလက သူမတွင်လည်း ပျော်ရွှင်ပြီး နွေးထွေးသော မိသားစုတစ်စု ပိုင်ဆိုင်ခဲ့ကာ ချစ်ခင်ရသူများနှင့်အတူ ပျော်ရွှင်ဖွယ် အတိတ်ကာလတစ်ခု ရှိခဲ့သည်။

သူမကို ချစ်သော ဖခင်နှင့်အစ်ကို သူမအပေါ် ကောင်းမွန်စွာ ဆက်ဆံသော ဦးလေးအပြင် သူမ၏ သွေးသားရင်းချာသဖွယ် ဖြစ်သော ညီအစ်မများ ရှိခဲ့သည်။

သို့သော် သူမကို မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ အနာဂတ်ခေါင်းဆောင်အဖြစ် သတ်မှတ်လိုက်ပြီးနောက် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

အာဏာသည် လူများကို ရူးသွပ်စေပြီး မနာလိုဝန်တိုမှုသည် လူများကို မုန်းတီးစေသည်။

သွေးမျိုးဆက်ရှစ်ခုသည် တညီတညွတ်တည်း မဟုတ်ကြချေ။

ထိုအစား သွေးမျိုးဆက်တစ်ခုချင်းစီတွင် ကိုယ်ပိုင်အယူဝါဒများ ရှိကြသည်။

တချို့လူများက သူမကို ခေါင်းဆောင်နေရာ မရစေချင်ကြဘဲ သူမ၏သွေးမျိုးဆက်ကိုပင် ဖယ်ရှားလိုကြသဖြင့် သူမအပေါ် လျင်မြန်ပြတ်သားသော လုပ်ရပ်များကို ဆက်တိုက် လုပ်ဆောင်ခဲ့ကြသည်။

သူတို့သည် မဟုတ်မမှန်သော စွပ်စွဲချက်အမျိုးမျိုးကို အသုံးပြုခဲ့ကြသဖြင့် သူမ၏ မိဘများနှင့် ဆွေမျိုးများသည် သူမကို ကာကွယ်ရင်း ကြေကွဲဖွယ်ကံကြမ္မာနှင့် ကြုံတွေ့ခဲ့ကြရသည်။

တစ်ချိန်က သူမနှင့် ခွဲမရအောင် ပေါင်းသင်းခဲ့သော အချစ်ဆုံးသူငယ်ချင်းများကပင် သူမကို နောက်ကျောမှ ဓားဖြင့် ထိုးခဲ့ကြသဖြင့် လူသားများ၏စိတ်နှလုံးသားများ သစ္စာမဲ့လာခြင်းကို သူမ နားလည်ခဲ့ရသည်။

အကယ်၍ အရေးကြီးသော အခိုက်အတန့်တွင် အဖြူရောင်နတ်ဆိုးသွေးမျိုးဆက်၏ ဘိုးဘေး ပေါ်လာပြီး ကျားခံတွင်းထဲမှ သူမကို ကယ်တင်ခဲ့ခြင်း မရှိပါက သူမသည် လွန်ခဲ့သော ကာလကြာရှည်ကတည်းက ပျောက်ဆုံးနေသော စိတ်ဝိညာဉ်တစ်ခု ဖြစ်သွားလောက်လေပြီ။

ဘိုးဘေးသည်လည်း သူမကို ကယ်တင်ရင်း ရန်သူများ၏ဝိုင်းရံခြင်းကို ခံခဲ့ရပြီး အားအင်ကုန်ခမ်းကာ သေဆုံးခဲ့ရသည်။

တစ်ချိန်က ဂုဏ်သိက္ခာကြီးမားခဲ့သော အဖြူရောင်နတ်ဆိုး သွေးမျိုးဆက်သည် နောက်ပိုင်းတွင် ရှင်းလင်းသုတ်သင်ခြင်း ခံခဲ့ရပြီး နိမ့်ကျသွားခဲ့ရသည်။

တခြားသွေးမျိုးဆက်လေးခုသည် သူမကို လိုက်လံဖမ်းဆီးရန် သူတို့၏အစောင့်အရှောက်များကိုပင် စေလွှတ်ခဲ့ကြသည်။

ပိုင်လင်းက လေထုထဲသို့ သူမ၏လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်၏။

သူမသည် လေထုထဲတွင် ပုံရိပ်လေးခုကို ထင်ဟပ်လာစေသည်။

"ဒီလူလေးယောက်က မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူရဲ့ သွေးနတ်ဆိုး အနီရောင်နတ်ဆိုး အရူးနတ်ဆိုးနဲ့ အစိမ်းရောင်နတ်ဆိုး သွေးမျိုးဆက်တွေက မဟာအစောင့်အရှောက် လေးယောက်ပဲ... သူတို့က ငါ့ကို လိုက်လံဖမ်းဆီးနေကြတယ်..."

"သူတို့ရဲ့စွမ်းအားက အရမ်းကို ကြောက်စရာ ကောင်းတယ်..."

"သူတို့က ယင်သုံးပါးနယ်ပယ်မှာရှိတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေပဲ..."

"သူတို့ထဲက ဘယ်သူမဆို အရှေ့ပိုင်းဒေသ တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအား ရှိတယ်..."

"မြောက်ပိုင်းဒေသမှာတောင် ဒီလေးယောက်က နာမည်ကြီးတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေပဲ..."

"တကယ်လို့ နင် ဒီလေးယောက်ထဲက တစ်ယောက်ယောက်ကို တွေ့ရင် ငါ့ကို ချက်ချင်း ပြောရမယ်..."

"ပြီးတော့ ငါနဲ့အတူ ထွက်ပြေးရမယ်..."

ပိုင်လင်းသည် စာခြောက်ရုပ်က သူမ၏စကားများကို နားလည်ခြင်းရှိမရှိ မသိချေ။

သူမ၏ အနည်းငယ် တုန်ခါနေသော ခန္ဓာကိုယ်က သူမ၏ စိုးရိမ်ပူပန်မှုကို ဖော်ပြနေသည့်အလားပင်။

ထိုလူလေးယောက်၏စွမ်းအားသည် သူမအပေါ် မမေ့နိုင်သော စွဲထင်ကျန်ရစ်မှုတစ်ခု ထားရှိခဲ့ကြောင်း သိသာထင်ရှားသည်။

လှိုဏ်ဂူအတွင်း၌ မီးပုံမှ တဖျစ်ဖျစ် မြည်သံများသည် ညကောင်းကင်ယံတွင် ပဲ့တင်ထပ်နေပေ၏။

သူမ မည်သည့်စကားမျိုးကို ပြောသည်ဖြစ်စေ စာခြောက်ရုပ်ထံမှ တုံ့ပြန်မှု မရှိသည်ကို မြင်တွေ့ချိန်၌ ပိုင်လင်းသည် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

သူမအတွက် ဤမြောက်ပိုင်းဒေသသည် အမှန်တကယ်ကို နဂါးများနှင့်ကျားများရှိသော နေရာတစ်နေရာပင်။

သူမသည် အခက်အခဲများစွာဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ရသည်။

ယခု သူမ ပြန်ရောက်လာပြီဖြစ်ရာ သူမ၏ တည်နေရာကိုသာ ဖော်ထုတ်ခံလိုက်ရပါက သူမကို စောင့်ကြိုနေသော တစ်ခုတည်းသော လမ်းကြောင်းမှာ သေဆုံးခြင်းနှင့် ပျက်စီးခြင်းသာ ဖြစ်ပေလိမ့်မည်။

သို့သော် သူမထံတွင် ဤနေရာသို့ ပြန်လာရသည့် အကြောင်းပြချက် ရှိသည်။

သူမ၏အရင်းနှီးဆုံး သူငယ်ချင်းများ၏ သစ္စာဖောက်မှုနှင့် ဆွေမျိုးများ၏ သွေးကြွေးများသည် သူမ၏စိတ်ထဲတွင် ကြီးမားသော တောင်ကြီးတစ်လုံးအလား ဖိစီးနေသည်။

ထိုကိစ္စများကို ပြန်တွေးမိတိုင်း သူမ၏နှလုံးသားကို ဓားဖြင့် မွှေနှောက်နေသကဲ့သို့ ခံစားမိပေ၏။

သူမ၏ လက်ရှိစွမ်းအားဖြင့် လက်စားချေရန် ကြိုးစားခြင်းသည် သံသယဖြစ်ဖွယ်မလိုဘဲ လူမိုက်တစ်ယောက်၏ အိမ်မက်သာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သူမသည် အမွေအနှစ်တစ်ခုကို လက်ခံရန် ပြင်ဆင်နေခြင်းပင်။

ဤသည်မှာ ရှေးဟောင်း အစစ်အမှန်နတ်ဆိုးတစ်ပါးနှင့် သက်ဆိုင်သည့် အမွေအနှစ်တစ်ခုပင်။

ဆိုရိုးစကားအတိုင်း ပြောဆိုရလျှင် အန္တရာယ်ကြားမှ စည်းစိမ်ကို ရှာဖွေရပေမည်။ သူမအနေဖြင့် ဤအမွေအနှစ်ကို အောင်မြင်စွာ ရယူနိုင်သမျှ ကာလပတ်လုံး သူမ လက်စားချေရန်အတွက် အရင်းအနှီးနှင့် အင်အားကို ရရှိပေလိမ့်မည်။

နက်ရှိုင်းသော သွေးကြွေးများဖြင့် ဝန်ပိနေသူ တစ်ဦးအတွက် ဤသည်မှာ ဒီရေကို ပြောင်းပြန်လှန်ရန် သူမ၏ တစ်ခုတည်းသော အခွင့်အရေးနှင့် အားကိုးပင်။

ဤလမ်းခရီးသည် အလွန်ခက်ခဲကြမ်းတမ်းမည် ဖြစ်သော်လည်း သူမ လျှောက်လှမ်းရပေမည်။

ညသည် ရေကဲ့သို့ အေးစက်နေပေ၏။

မှောင်မိုက်နေသော ညကောင်းကင်ယံတွင် မိုးဖွဲများ တဖြည်းဖြည်း ပို၍သည်းလာသည်။

အချိန်တခဏကြာပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းမှု အဖြစ်သို့ ပြောင်းလဲသွားသည်။

လျှပ်စီးလက်ခြင်းနှင့် မိုးခြိမ်းသံများကြားတွင် ပိုင်လင်းသည် ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်သွားတော့သည်။

"ဂျိမ်း... ဂျိမ်း..."

မိုးခြိမ်းသံနှင့်အတူ ငွေရောင်လျှပ်စီးကြောင်းတစ်တန်းသည် ကောင်းကင်နှင့်မြေပြင်ကို ဖြတ်သန်းသွားသည်။

ထိုလျှပ်စီးကြောင်းသည် မှောင်မိုက်သော ညကောင်းကင်ယံကို လင်းထိန်စေလိုက်သည်နှင့် စာခြောက်ရုပ်၏ပုံရိပ်သည် ကျယ်ပြန့်သော တောအုပ်တစ်ခုထဲတွင် ထင်ဟပ်သွားသည်။

သူသည် ဘယ်လက်တွင် ကောက်ရိတ်ဓားနှင့် ညာလက်တွင် မီးအိမ်ကို ကိုင်ဆောင်၍ ခြေဖျားထောက်ကာ လမ်းလျှောက်နေသည်။ သူ၏ခန္ဓာကိုယ်သည် ယိမ်းထိုးနေကာ ကောင်းကင်ယံရှိ ကျယ်ပြန့်သော လေဟာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားပေ၏။

မကြာမီ သူသည် ညအမှောင်ထုထဲ၌ လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် အရှေ့ပိုင်းဒေသရှိ လှိုဏ်ဂူမှ မိုင်ပေါင်းသောင်းနှင့်ချီ ဝေးကွာသော ပျက်စီးယိုယွင်းနေသည့် ဘုရားကျောင်းတစ်ခု၌...

တောက်ပသော မီးပုံတစ်ပုံ လောင်ကျွမ်းနေသည်။

ထိုမီးပုံ၏နံဘေးပတ်လည်တွင် လူလေးယောက် ပလ္လင်ခွေ ထိုင်နေကြ၏။

သူတို့သည် အရပ်ရှည်ပြီး အနက်ရောင်ဝတ်ရုံများကို လွှမ်းခြုံထားကြသည်။

သူတို့၏နဖူးပေါ်တွင် အနက်ရောင် အမှတ်အသားများ ရှိနေသည်။

ဤလူလေးဦးသည် သွေးနတ်ဆိုး အနီရောင်နတ်ဆိုး အရူးနတ်ဆိုးနှင့် အစိမ်းရောင်နတ်ဆိုး သွေးမျိုးဆက်များမှ မဟာအစောင့်အရှောက် လေးဦးပင်။

သူတို့သည် အလွန်အမင်း စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များ ဖြစ်ပေ၏။

သူတို့အနက်မှ မည်သည့်တစ်ယောက်မဆို အရှေ့ပိုင်းဒေသ တစ်ခုလုံးကို ဖျက်ဆီးနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

ထိုလူလေးဦးသည် လောလောဆယ်တွင် ပိုင်လင်းအကြောင်း ဆွေးနွေးနေကြခြင်းဖြစ်သည်။

"သွေးနတ်ဆိုး အစောင့်အရှောက်... အဲ့ဒီကောင်မလေးရဲ့ တည်နေရာနဲ့ ပတ်သက်ပြီး သဲလွန်စ တစ်ခုခု ရပြီလား..."

ချီနှင့်သွေးစွမ်းအားမှတစ်ဆင့် အရှိန်အဝါကို ခြေရာခံ၍ အာရုံခံရာတွင် ကျွမ်းကျင်သော သွေးနတ်ဆိုးအစောင့်အရှောက်သည် ပိုင်လင်းကို လိုက်လံဖမ်းဆီးရာတွင် အဓိကအင်အားစုပင်။

သွေးနတ်ဆိုး အစောင့်အရှောက်က ပြုံးလိုက်သည်။

"အဲ့ဒီကောင်မလေးက တော်တော်လေး သတိရှိတာပဲ... အာရုံလွှဲတာတွေကို အကြိမ်ကြိမ် လုပ်နိုင်ခဲ့ပြီးတော့ ဒီအဘိုးကြီးရဲ့ အာရုံခံနိုင်စွမ်းကို လှည့်စားနိုင်ခဲ့တယ်... ဒါပေမဲ့ ဒီတစ်ကြိမ်တော့ သူ ကျန်ရစ်ခဲ့တဲ့ အရှိန်အဝါအပေါ် အခြေခံပြီး သူ့ရဲ့ လမ်းကြောင်းကို ငါ တွက်ချက်ထားပြီးပြီ... မတော်တဆမှု တစ်စုံတစ်ရာ မရှိရင် နောက်ထပ် သုံးရက်အတွင်းမှာ သူ့ကို ငါတို့ သေချာပေါက် ရှာတွေ့လိမ့်မယ်..."

All Chapters