အကွက်ချ သတ်ဖြတ်ခြင်း
Vol. 15 Ch. 149
နောက်တစ်နေ့ နံနက်တွင်...
တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ကောင်းကင်ယံတွင် စိုစွတ်သောအငွေ့အသက်များ ကျန်ရှိနေဆဲပင်။
လှိုဏ်ဂူထဲတွင် စာခြောက်ရုပ်သည် မူလနေရာမှ ဘယ်သောအခါမျှ မရွေ့လျားခဲ့သကဲ့သို့ မတ်တတ်ရပ်နေပေ၏။
တစ်ညလုံး ကျင့်ကြံအားထုတ်ခဲ့သော ပိုင်လင်းသည် ရှင်းပြ၍မရနိုင်လောက်အောင် စိတ်ပေါ့ပါးနေသည်ဟု ခံစားရသည်။
သူမသည် စာခြောက်ရုပ်ကိုကြည့်ပြီး အပြုံးနှင့် ပြောဆိုလိုက်သည်။
"ငါတို့ ခရီးဆက်ရအောင်..."
"နင် မှတ်ထားနော်..."
"မနေ့ညက ငါ ပြောပြထားတဲ့ လူလေးယောက်ကို သေသေချာချာ မှတ်ထားရမယ်..."
"တကယ်လို့ သူတို့နဲ့ တွေ့ရင် ငါ့ကို ချက်ချင်း အသိပေးရမယ်... ဒါမှ ငါက နင့်ကိုခေါ်ပြီး ထွက်ပြေးနိုင်လိမ့်မယ် .."
သူမကို အလွန်အမင်း စိုးရိမ်ပူပန်စေခဲ့သော လူလေးယောက်မှာ သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သူမ မသိရှိချေ။
သူတို့၏ အလောင်းများကို အမည်မသိ သားရဲများက ကိုက်စားသွားခဲ့ကြလေပြီ။
သူတို့၏ ရတနာများနှင့် အမွေအနှစ်များသည်လည်း စာခြောက်ရုပ်ထံတွင် ရှိနေပေ၏။
စကားပြောဆိုနေရင်း ပိုင်လင်းသည် သူမ၏ ပစ္စည်းများကို သိမ်းဆည်းပြီး လှိုဏ်ဂူထဲမှ ထွက်ခွာသွားတော့သည်။
သူမသည် မြောက်ပိုင်းဒေသသို့ သွားရောက်မည့် ခရီးစဉ်ကို ပြတ်သားစွာ စတင်လိုက်လေပြီ။
ဤခရီးစဉ်တွင် သူမ သေဆုံးသွားနိုင်သည်...
သို့သော် လူတစ်ယောက်သည် ဘဝခရီးလမ်းတွင် ရွေးချယ်မှုအမျိုးမျိုး ပြုလုပ်ရသည်နှင့်အမျှ အန္တရာယ်များနှင့် အခက်အခဲ အမျိုးမျိုး ရှိနေတတ်စမြဲပင်။
ကြောက်ရွံမှုရှိမရှိဟု မေးလျှင်...
သူမ ကြောက်ရွံ့မိသည်။
သို့သော် ဤအရာသည် သူမ နောက်ဆုတ်သွားရန် အကြောင်းပြချက် မဟုတ်ချေ။
လူများကို အခက်အခဲများနှင့် ကြောက်ရွံ့မှုများအား ကျော်လွှားနိုင်စေပြီး တစ်ဆင့်ပြီးတစ်ဆင့် ရှေ့သို့တွန်းပို့ပေးသော အရာတချို့ အမြဲတစေ ရှိနေတတ်သည်။
စာခြောက်ရုပ်သည် ထူးဆန်းသော ခြေလှမ်းများဖြင့် သူမ၏နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာသည်။
သူ့ကိုကြည့်ရသည်မှာ သစ္စာရှိသော အစောင့်တစ်ဦးနှင့် တူညီနေပေ၏။
ရှာဖွေတွေ့ရှိခံရမည်ကို စိုးရိမ်သောကြောင့် ပိုင်လင်းသည် ကောင်းကင်ယံမှ ပျံသန်းသွားရန် မရွေးချယ်ခဲ့ချေ။
ထိုအစား သူမသည် စာခြောက်ရုပ်ကို ခေါ်ဆောင်ကာ တောင်တန်းကြီးများကို ဖြတ်ကျော်သွားလာခဲ့သည်။
သူမတို့သည် အမွေအနှစ်အား လက်ခံရယူမည့် ခရီးလမ်းကို စတင်နေချိန်တွင်...
အခြားတစ်ဖက်၌...
ကျုံးချင်နှင့်ဟေးပိုင်တို့သည် ရက်အနည်းငယ်ကြာ ခရီးနှင်ပြီးနောက် နောက်ဆုံးတွင် မြောက်ပိုင်းဒေသသို့ ရောက်ရှိလာခဲ့ကြသည်။
အရှေ့ပိုင်းဒေသနှင့်မတူဘဲ မြောက်ပိုင်းဒေသ၏ နေရာအများစုမှာ ရေခဲပြင်များ ဖြစ်ကြသည်။
ငှက်မွေးသဏ္ဍာန် နှင်းပွင့်လွှာများ ကျဆင်းနေပြီး နေရာတိုင်းတွင် ရေခဲမှုန်များ ရှိနေသည်။
ဤသည်မှာ အပူပိုင်းဆန်သောဒေသမှနေ၍ ရေခဲပြင်ဒေသသို့ တိုက်ရိုက်ရောက်ရှိလာသည့်အလားပင်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ...
ကျယ်ပြန့်သော နေရာအနှံ့အပြားတွင် ရေခဲတောင်များနှင့် နှင်းလွင်ပြင်များကိုသာ တွေ့မြင်နေရသည်။
အေးစက်သော လေပြင်းများ တိုက်ခတ်နေပြီး အအေးဓာတ်သာမက စိတ်ဝိညာဉ်စွမ်းအင်များလည်း ရောနှော၍ပါဝင်နေသည်။
ဤနေရာသည် ကျင့်ကြံသူများအတွက် အမှန်တကယ်ကို သုခဘုံတစ်ခုပင်။
သာမန်လူများသည် ဤနေရာတွင် လက်တစ်လုံးစာအကွာအဝေးမျှ ရွေ့လျားရန်ပင် ခက်ခဲပေလိမ့်မည်။
သို့သော် ကျင့်ကြံသူများ အနေဖြင့်မူ ရေထဲသို့ ရောက်နေသော ငါးများအလား ဖြစ်နေပေမည်။
မြောက်ပိုင်းဒေသသို့ ကျုံးချင် ရောက်ရှိပြီးကတည်းက စနစ်မှနေ၍ ပိုင်လင်း၏ အချက်ပြမှုကို ပျောက်ဆုံးသွားခဲ့သည်။
သို့သော် ကျုံးချင်သည် စိတ်မပူချေ။
အချိန်တန်လျှင် ပိုင်လင်းအကြောင်းသတင်းအချက်အလက်များ သူ့ထံသို့ အလိုအလျောက် ရောက်ရှိလာပေလိမ့်မည်။
သူနှင့်ဟေးပိုင်တို့သည် ရှေ့သို့ဆက်သွားခဲ့ကြသည်။
သူတို့သည် နှင်းဖုံးတောင်များနှင့် ရေခဲကန်များကို ဖြတ်ကျော်ခဲ့ကြ၏။
သူတို့၏ရှေ့ရှိ ကျယ်ပြန့်သော နှင်းလွင်ပြင်ကြီးအလယ်တွင် မြို့တစ်မြို့ တည်ရှိနေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
ကျုံးချင်၏မျက်နှာအမူအယာ ပြောင်းလဲသွားပြီး ဟေးပိုင်ကို ခေါ်ဆောင်ကာ မြို့ထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားသည်။
ထိုမြို့၏အမည်မှာ လေပြေနှင်းစက် ငွေရောင်မြို့ပင်။
ဤမြို့၏ပတ်ဝန်းကျင် အနေအထားမှာ ပျက်စီးယိုယွင်းနေသော မြင်ကွင်းတစ်ခုသာ ဖြစ်ပေ၏။
ပြိုကျနေသော အဆောက်အအုံများမှ ကြွင်းကျန်နေသော စွမ်းအင်လှုပ်ခတ်မှုများကို ကြည့်ခြင်းအားဖြင့် မကြာသေးမီကမှ စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့ပုံရသည်။
လမ်းများပေါ်တွင် လမ်းသွားလမ်းလာ တစ်ယောက်မျှ မရှိချေ။
အေးစက်သော လေပြင်းများ တိုက်ခတ်နေမှုနှင့်အတူ ထိုနေရာသည် အထူးတလည် ခြောက်သွေ့နေပုံရသည်။
လမ်းဘေးတစ်ဖက်တစ်ချက်ရှိ ဧည့်ခိုဆောင်များနှင့်ဆိုင်များအားလုံး ပိတ်ထားကြသည်။
ချက်ပြုတ်ထားသော အစားအစာ တစ်ခုခု စားလိုလျှင် သို့မဟုတ် သောက်စရာ တစ်ခုခု သောက်လိုလျှင်ပင် ရှာတွေ့နိုင်မည့် နေရာမရှိချေ။
ထိုအချိန်တွင် လမ်းထောင့်တစ်ခုမှနေ၍ လူတချို့က သူတို့ထံသို့ လျှောက်လှမ်းလာကြသည်။
သူတို့သည် သားမွေးအင်္ကျီများကို ဝတ်ဆင်ထားကြပြီး သူတို့၏ခါးတွင် လေးရှည်များနှင့် ထက်ရှသော မြှားများကို ချိတ်ဆွဲထားကြသည်။
ကျုံးချင်နှင့်ဟေးပိုင်ကို မြင်တွေ့ချိန်၌ ထိုလူများသည် အစပထမတွင် အံ့အားသင့်သွားကြပြီးနောက် ဝမ်းသာသွားကြ၏။
သူတို့အနက်မှ ခေါင်းဆောင်ဖြစ်သူက ရှေ့သို့ တိုးလာပြီး သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ ပြောဆိုသည်။
"ညီအစ်ကိုတို့နှစ်ယောက်... ငါ့ရဲ့နာမည်က လင်းပုဖန် ပါ..."
"ကိစ္စက ဒီလိုပါ..."
"ငါတို့က မြို့ပြင်မှာ လျှို့ဝှက်နယ်မြေတစ်ခု တွေ့ထားတယ်..."
"ဒါပေမဲ့ လူအင်အား မလုံလောက်တာကြောင့် ငါတို့က ဒီလျှို့ဝှက်နယ်မြေကို မဖွင့်နိုင်ဘဲ ဖြစ်နေတယ်..."
"ညီအစ်ကိုတို့နှစ်ယောက်အနေနဲ့ ငါတို့နဲ့ ပူးပေါင်းပြီး ဒီလျှို့ဝှက်နယ်မြေကို စူးစမ်းဖို့ စိတ်ဝင်စားမလား မသိဘူး..."
ကျုံးချင်သည် ထိုလူများကို တစ်ချက်ကြည့်လိုက်ရာ သူ၏မျက်လုံးများထဲတွင် ကစားလိုသော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။
'ဒီမြောက်ပိုင်းဒေသက လူတွေက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသားပဲ...'
သူ ဤနေရာသို့ ခြေချလိုက်သည်နှင့် တစ်စုံတစ်ယောက်က လျှို့ဝှက်နယ်မြေတစ်ခုကို မျှဝေရန် စိတ်အားထက်သန်နေသည်။
ဤသည်မှာ သူ၏ယခင်ဘဝက လမ်းလျှောက်နေရင်း တစ်စုံတစ်ယောက် ရောက်လာပြီး သူ့ကို မေးမြန်းသည့်အလားပင်....
"ညီအစ်ကို... ချမ်းသာချင်လား..."
"ချမ်းသာချင်ရင် ငါ့နောက်ကို လိုက်ခဲ့..."
ဤကိစ္စတွင် မသင်္ကာစရာတစ်ခုခု ရှိနေမည်ကို သူ စဉ်းစားရန်ပင်မလိုဘဲ သိလိုက်၏။
သို့သော် ကျုံးချင်သည် ငြင်းဆန်ခြင်း မပြုခဲ့ချေ။
သူသည် အနားယူရန် နေရာတစ်ခုနှင့် ပူပူနွေးနွေး ထမင်းတစ်နပ် စားရန်သာ စိတ်ပူနေခြင်း ဖြစ်သည်။
ဤလူများသည် အချိန်ကိုက် ရောက်လာခြင်းပင်။
သူက ချက်ချင်းဆိုသလိုပင် ပြုံးလိုက်၏။
"လူကြီးမင်းရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်ရင် စာနာစိတ်မရှိရာ ကျနေမယ် မဟုတ်လား..."
လင်းပုဖန်သည် ထိုစကားကို ကြားချန်၌ အားရပါးရ ပြုံးလိုက်သည်။
"ညီအစ်ကို့ကို မြင်မြင်ချင်း လူသားတွေကြားထဲက နဂါးနဲ့ ဖီးနစ်ငှက် ဆိုတာ ငါ သိလိုက်တယ်... အနာဂတ်မှာ မင်းက ကြီးမားတဲ့ အောင်မြင်မှုတွေကိုရမှာ သေချာတယ်..."
"ဒီလျှို့ဝှက်နယ်မြေက မင်း အဆင့်တက်မယ့် နေရာလည်း ဖြစ်လာနိုင်တယ်..."
"အပြောင်းအလဲတွေ ဖြစ်မလာခင် လျှို့ဝှက်နယ်မြေဆီကို အခုချက်ချင်း ထွက်ခွာကြရအောင်...မင်း ဘယ်လိုသဘောရလဲ..."
"ကောင်းသားပဲ..."
ထို့ကြောင့် မူလက လူငါးဦးပါသော အဖွဲ့သည် ကျုံးချင်နှင့်ဟေးပိုင်တို့ ပါဝင်လာသဖြင့် ခုနစ်ဦးအဖွဲ့ ဖြစ်လာခဲ့သည်။
ထိုလူခုနစ်ဦးထဲတွင် အမျိုးသားများအပြင် အမျိုးသမီးတစ်ဦးလည်း ပါဝင်သည်။
ထိုအမျိုးသမီးကျင့်ကြံသူက အေးစက်စက် ပြုံးပြီး အသံပေးပို့ကာ ပြောဆိုသည်။
"ဒီငတုံးကောင်က လူတွေပြောသမျှ ယုံနေတာပဲ... ဒီခေတ်ကြီးထဲမှာ ဒီလောက် ရိုးအပြီး လိမ်ရလွယ်ကူတဲ့သူက ရှားတယ်..."
"သူ့ရဲ့ ထူးခြားတဲ့ အမူအယာကို ကြည့်ရတာတော့ ဂိုဏ်းတစ်ဂိုဏ်းကနေ အတွေ့အကြုံရှာဖို့ ထွက်လာတဲ့ တပည့်တစ်ယောက်ပဲ ဖြစ်လိမ့်မယ်..."
"ဒီတစ်ကြိမ်တော့ ငါတို့ ချမ်းသာတော့မယ်..."
မုတ်ဆိတ်မွှေးနှင့်လူတစ်ယောက်ကလည်း ပြုံးစိစိဖြင့် အသံပေးပို့ကာ ပြောဆိုလိုက်သည်။
"ငါတော့ သူ့ရဲ့ သိုလှောင်အိတ်ကို ဖွင့်ပြီး သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့ စိတ်လောနေပြီ..."
ထိုအချိန်တွင် လင်းပုဖန်က အသံပေးပို့ကာ ပြောဆိုလိုက်၏။
"တော်ကြတော့... မင်းတို့နှစ်ယောက် လျှော့ပြောကြစမ်း... အမှားတစ်ခုခု ပေါ်သွားဦးမယ်... သူ့ကို ငါတို့ရဲ့နေရာဆီ ခေါ်သွားပြီးရင် ငါတို့ စိတ်ကြိုက် လုပ်လို့ရပြီ မဟုတ်လား..."
ထိုလူများ၏ လုပ်ရပ်အသေးအမွှားလေးများသည် ကျုံးချင်၏မျက်လုံးများအောက်မှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိချေ။
သူ မျှော်လင့်ထားသည့်အတိုင်း လူလိမ်တစ်သိုက်နှင့် တွေ့ဆုံနေခြင်းပင်။
သို့သော် သူတို့သည် သူ့ကို သိုးတစ်ကောင်အဖြစ် သတ်မှတ်မိခြင်းမှာ မှားယွင်းသွားလေပြီ။
သူတို့ခုနစ်ဦးသည် မြို့ထဲမှ ထွက်ခွာပြီးနောက် ပျံသန်းကာ ခရီးနှင်ခဲ့ကြသည်။ နေ့ဝက်ခန့် ကြာပြီးနောက် ရေခဲနေသော မသေမျိုးလှိုဏ်ဂူတစ်ခု၏ရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။
"ညီအစ်ကို... လျှို့ဝှက်နယ်မြေက ဒီမှာပဲ..."
ထိုလူများသည် မြေပြင်သို့ ဆင်းသက်လိုက်ကြပြီးနောက် လင်းပုဖန်က ရှေ့မှလှိုဏ်ဂူကို ညွှန်ပြလိုက်သည်။
ကျုံးချင်၏စိတ်အာရုံသည် မသေမျိုးလှိုဏ်ဂူပေါ်တွင် ရှိနေစဉ်၌...
လင်းပုဖန်နှင့် တခြားလူလေးဦးသည် ဖြည်းညင်းစွာ နောက်ဆုတ်သွားကြ၏။
သူတို့သည် နေရာတစ်ခုသို့ ရောက်ရှိသွားချိန်၌ သူတို့ငါးဦးလုံး၏ ရယ်မောသံများ တဖြည်းဖြည်း ထူးဆန်းလာသည်။
"ဟား ဟား ဟား..."
"ငတုံးကောင်... သခင်လင်းက သဘောကောင်းပြီးတော့ လျှို့ဝှက်နယ်မြေကို မင်းကို အလကား မျှဝေပေးမယ်လို့ တကယ်ကြီး ထင်နေတာလား..."
လင်းပုဖန်က အားရပါးရ ရယ်မောလိုက်သည်။
ထိုစကားကိုပြောဆိုရင်း သူသည် လက်သင်္ကေတများကို ပြုလုပ်လိုက်၏။
ထို့နောက် စူးရှတောက်ပသော အဝါရောင် အလင်းတန်းများ ဖြာထွက်လာကာ ချုပ်နှောင်ရေး ဝင်္ကပါတစ်ခု ထွက်ပေါ်လာပြီး ကျုံးချင်နှင့်ဟေးပိုင်တို့ကို တိုက်ရိုက်ပိတ်လှောင်လိုက်သည်။
"မင်းတို့က အခြေအနေကို နားလည်တယ်ဆိုရင် သိုလှောင်အိတ်တွေကို အမြန်ဆုံး လက်လွှဲပေးလိုက်စမ်း... ငါ ပျော်နေရင် မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးကောင်း ပေးနိုင်တယ်..."
"မဟုတ်ရင်တော့..."
"ဟဲ ဟဲ... ဒီနေရာက မင်းတို့ရဲ့သင်္ချိုင်းမြေ ဖြစ်သွားလိမ့်မယ်..."
ဤလူများသည် ရွှယ်ဟန်တောင် ဖူကွမ်လှိုဏ်ဂူမှ လူများပင်။
ဤအင်အားစုသည် မိုင်တစ်ထောင်ပတ်လည်အတွင်း နာမည်ဆိုးဖြင့် ကျော်ကြားသော ဓားပြများနှင့်သူခိုးများ ဖြစ်ကြ၏။
သူတို့သည် ဤနေရာတွင် ဝင်္ကပါကြီးတစ်ခု တည်ဆောက်ထားပြီး ဖြတ်သန်းသွားလာသူများကို မျှားခေါ်ခြင်း သို့မဟုတ် လှည့်ဖြားခြင်းများ ပြုလုပ်ကြသည်။
ပစ်မှတ်သည် ဝင်္ကပါကြီးထဲသို့ ဝင်ရောက်လာသည်နှင့် ထောင်ချောက်ထဲသို့ ကျရောက်လာသော သားကောင်ကဲ့သို့ ဖြစ်သွားတော့သည်။
သူတို့သည် ဤဝင်္ကပါကို အသုံးပြုပြီး လူပေါင်း ရာထောင်ချီ၍ သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။
ကျုံးချင်သည် ထိုလူများကို ကြည့်လိုက်ရာ သူတို့၏အပြုံးများ အလွန်အမင်း ယုတ်မာရိုင်းစိုင်းနေသည်ကို မြင်တွေ့လိုက်ရသည်။
သူက ဂရုမစိုက်သောလေသံဖြင့် ပြောဆိုသည်။
"ဒီအဆင့်နိမ့် ဝင်္ကပါက ငါ့ကို ထိန်းချုပ်ထားနိုင်မယ်လို့ မင်းတို့ သေချာလား..."
သူ၏စကားများက ထိုလူများကို စိတ်မကျေမနပ် ဖြစ်သွားစေသည်။
"အဆင့်နိမ့်ဝင်္ကပါ ဟုတ်လား..."
"ငတုံးကောင်... ဒါက ဘယ်လို ဝင်္ကပါမျိုးလဲဆိုတာ မင်း သိလို့လား..."
"ဒါက အစွန်းနှစ်ဖက် ဖြားယောင်းသတ်ဖြတ်ခြင်း မဟာဝင်္ကပါပဲ..."
"ငါတို့ရဲ့ ဂူသခင်ကိုယ်တိုင် ဆရာသခင်တစ်ယောက်ကို ဖိတ်ခေါ်ပြီးတော့ ခင်းကျင်းခိုင်းထားတာ..."
"မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ မဟုတ်ရင် ဒီမဟာဝင်္ကပါထဲကနေ ထွက်နိုင်တဲ့ နည်းလမ်းမရှိဘူး..."
"မင်းက ဘယ်အဆင့်မို့လို့ ဒီဝင်္ကပါကို အဆင့်နိမ့် ဝင်္ကပါလို့ ပြောရဲတာလဲ..."
"မင်းလိုတောသားက ဒီလောက်ထိ အရည်အသွေးမြင့်တဲ့ မဟာဝင်္ကပါမျိုး မြင်ဖူးလို့လား..."
သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် စကားပြောဆိုနေစဉ်မှာပင် သူတို့၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားကြ၏။ သူတို့၏ မျက်နှာများပေါ်တွင် ချက်ချင်းဆိုသလိုပင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ ထင်ဟပ်လာသည်။
ဤသည်မှာ သူတို့သည် လောကကြီးအပေါ်တွင် ယုံကြည်ရခက်ခဲဆုံး မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည့်အလားပင်။