← Chapters

တကယ်ပါ… ငါက တကယ့် မင်းသား(၆)ပါကွ

Vol. 1-5 Ch. 52

တကယ်ပါ… ငါက တကယ့် မင်းသား(၆)ပါကွ

Vol. 1-5 Ch. 52

အခန်း (၅၂) : တကယ်ပါ… ငါက တကယ့် မင်းသား(၆)ပါကွ

“ငါက မီးတိုင်းပြည်ရဲ့ မင်းသား(၆) ရှန်အောင်း။ ဒီကိုလာရတာက ဆရာ့အတွက် လက်ဆောင်ပစ္စည်း လာဝယ်တာ။ အခုလေးတင် ဆိုင်မှာ လူတွေရှုပ်နေတာကို တွေ့လိုက်ရတော့ ဆိုင်က အတော်လေး ရောင်းကောင်းပုံပေါ်လို့ ကြည့်ဖို့ လာခဲ့တာ”

ရှန်အောင်း စကားဆုံးတော့ သူဌေးစုန့်က သူ့ကို ထူးဆန်းစွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“ဘာ… ဘာလဲ။ ငါ့မျက်နှာမှာ တစ်ခုခု ပေနေလို့လား”

သူဌေးစုန့်က အကြည့်ကို ချက်ချင်းပြန်ပြင်ကာ တောက်ပစွာ ပြုံးရင်း ပြောသည် “ကျွန်တော် ကြားတာသာ မမှားလိုက်ဘူးဆိုရင် လူကြီးမင်းက မီးတိုင်းပြည်ရဲ့ မင်းသား(၆)… ရှန်အောင်းလို့ ပြောလိုက်သလားလို့”

ရှန်အောင်းက မေးမြန်းလိုက်သည် “ဘာလို့လဲ… ငါ့ပုံစံက မင်းသားနှင့် မတူလို့လား”

သူဌေးစုန့်ကာ ပြုံးကာ ပြောလိုက်သည် “အဲလိုမဟုတ်ပါဘူး။ ဒါပေမဲ့ ဘာသက်သေအထောက်အထားမှ မရှိတော့…”

ရှန်အောင်းက မျက်နှာမသာမယာဖြင့် ပြောလိုက်သည် “ငါ့နာမည်ကို ဘယ်လိုအကြောင်းအရင်းမျိုးနဲ့မှ ပြောင်းမှာ မဟုတ်ဘူး။ ပြီးတော့ ငါက ထိုက်ပိုင်ချိုင့်ဝှမ်းက ရွှေအမြုတေကျင့်ကြံသူ ဆရာကျီယန်ရဲ့ တပည့်ပဲ။ ဘယ်သူက ငါ့ကို အတုခိုးရဲမှာလဲ”

ရှန်အောင်း အတော်လေး စိတ်မကျေမနပ်ဖြစ်သွားသည်။

သူက မီးတိုင်းပြည် တော်ဝင်မိသားစု၏ ပါရမီရှင်တစ်ဦးဖြစ်သလို မကြာခင်မှာ အခြေတည်အဆင့်ကို ဖြတ်ကျော်နိုင်တော့မည် ဖြစ်သည်။ သိပ်မကြာခင်မှာ ထိုက်ပိုင်ချိုင့်ဝှမ်းမှာ နေခွင့်ရပေတော့မည်။

သူသာ ချိုင့်ဝှမ်းတွေထဲ၌ အကြီးကျယ်ဆုံးဖြစ်သည့်  ထိုက်ပိုင်ချိုင့်ဝှမ်းမှာ နေခွင့်ရပါက သူ့အတွက် ရွှေအမြုတေအဆင့်ကို ရောက်ရှိဖို့ သိပ်မလိုတော့ပေ။

နောက်ဆုံးကျရင် ကနဦးဝိညာဉ်အဆင့် အထွတ်အထိပ်ရှင်ပင် ဖြစ်လာနိုင်သည်။

သူ့လိုမျိုး ကောင်းကင်ဘုံ ကောင်းချီးပေးခြင်း ခံထားရတဲ့သူက ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်ဖို့ ကံကြမ္မာပါလာပြီးသားပဲလေ

အခုတော့ ဝိညာဉ်သတ္ထုရိုင်းတုံးဆိုင်ရဲ့ သူဌေးက သူ့ရဲ့ရာထူးကို သံသယဝင်ရဲတာတဲ့လား…

အမှန်အတိုင်းပြောရလျှင် မီးတိုင်းပြည်တစ်ခုလုံးမှာ ဘယ်သူက သူ့ကို အတုခိုးရလဲဆိုတာကို သူ တကယ်ကိုသိချင်မိသည်။

ရှန်အောင်းက ရွှေအမှတ်အသားပြားကို ထုတ်ကာ သူဌေးစုန့်ဆီ ပြသလိုက်သည်။

ထိုအမှတ်အသားပြားက ရွှေဖြင့် ပြုလုပ်ထားပြီး မျက်နှာပြင်ပေါ်တွင် အနီရောင်နဂါးပုံစံကို ထွင်းထုထားသည်။

အမှတ်အသားပြားပေါ်က အနီရောင်နဂါးက ကြောက်စရာ လက်သည်းများဖြင့် ခန့်ညားထည်ဝါစွာ တည်ရှိနေပြီး သန့်စင်သော ရွှေပြားပေါ်မှာ မီးနတ်သား၏ ပြင်းပြင်းပြပြ စွမ်းအားကို ပေါ်လွင်အောင် ထုတ်ဖော်ပေးနေသည်။

သူဌေးစုန့်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “လူကြီးမင်း… ဒီအမှတ်အသားပြားကို သေချာအနီးကပ် စစ်ဆေးကြည့်လို့ ရနိုင်မလားခင်ဗျာ”

ရှန်အောင်းက မကျေနပ်စွာဖြင့် ပြောလိုက်သည် “ဒီအမှတ်အသားပြားကို အတုလို့ သံသယဝင်နေတာလား”

သူက စိတ်တိုစွာဖြင့် အမှတ်အသားပြားကို စားပွဲပေါ် ပစ်ချကာ ပြောလိုက်သည် “ရော့…ဒါဆိုရင်လည်း အနီးကပ် စစ်ကြည့်လေ”

သူဌေးစုန့်က ခေါင်းညိတ်ကာ အမှတ်အသားပြားကိုကိုင်ကာ ပြောလိုက်သည် “ဝိုး… လက်မှုပညာတွေ… ထွင်းထုထားတာတွေက… ကောင်းကောင်း တုပထားတာပဲ”

ရှန်ထျန်းက သူ ပြောတာကို ကြားပြီးနောက် အော်မေးလိုက်သည် “မင်း ဘာပြောလိုက်တာလဲ”

သူဌေးစုန့်က ချောင်းဟန့်ကာ စကားကို ပြန်ပြင်ပြောလိုက်သည် “အဟမ်း… ကျွန်တော် ပြောချင်တာ ဒီအမှတ်အသားပြားက တကယ် အစစ်ပါလို့ ပြောချင်တာပါ”

ရှန်အောင်းက သူ့အမှတ်အသားပြားကို သိမ်းကာ ပြောလိုက်သည် “ဟင်း… ဟုတ်တယ်။ အကုန်လုံး စိတ်ပျက်စရာတွေချည်းပဲ” ပြောပြီးတာနှင့် ဆိုင်ထဲကနေ လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။

သူ လိုချင်တဲ့ ဝန်ဆောင်မှုကို ပေးနိုင်တဲ့ သတ္ထုရိုင်းတုံးဆိုင်တွေ အများကြီးရှိနေတာကို ဘာလို့ ဒီဆိုင်ကို ရွေးချယ်နေရဦးမှာလဲ…

ဆိုင်ရှင်က စကားများရုံတင်မကဘူး သံသယကလည်း ဝင်သေးတယ်။ ရှန်အောင်း တစ်ဘဝလုံး ဒီလိုစော်ကားမှုမျိုး တစ်ခါမှ မခံခဲ့ရဖူးဘူး…

သူ့ ကျန်ရှိသော ဘဝတစ်လျှောက်လုံး ဒီဆိုင်နှင့် ပတ်သက်ပြီး ဘယ်တော့မှ အကောင်း မတွေးပေးတော့ဘူးဟုသာ သူ ဆုံးဖြတ်လိုက်သည်။

ရှန်အောင်း ထွက်သွားတော့မည်ကို သိပြီး သူဌေးစုန့် စိတ်ပူပန်သွားသည်။

ထို့ကြောင့် ရှန်အောင်း၏ လမ်းကို ပိတ်ရပ်ရင်း တောင်းပန်စွာ ပြုံးကာ ပြောလိုက်သည်

“အရှင့်သား ကျွန်တော်မျိုးကို စိတ်မဆိုးပါနှင့်နော်”

ရှန်အောင်းက အေးစက်စွာ ရယ်ကာ ပြောလိုက်သည်

“ဟား…ဟား…ဟား… ငါ စိတ်မဆိုးပါဘူး။ ခင်ဗျားနှင့် ပတ်သက်ပြီးတော့ လေးနက်တဲ့ ထင်မြင်ချက်တွေ ရှိသွားရုံပါ”

သူဌေးစုန့်ကာ စတင်ပြီး တောင်းပန်လေတော့သည်။

“ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်က မီးတိုင်းပြည်ရဲ့ မင်းသား(၆)နဲ့ ပတ်သက်လာရင် အရမ်းသတိထားလို့ပါ။  တကယ်တော့ အရှင့်သားက မီးတိုင်းပြည်ရဲ့ ဂုဏ်ဆောင်ဖြစ်ရုံတင်မကဘူး ကျွန်တော်ရဲ့ စံပြပုဂ္ဂိုလ်ဆိုရင်လည်း ဟုတ်ပါတယ်။

ကျွန်တော်က အမြဲတမ်း မင်းသား(၆)ကို လေးစားနေခဲ့တာပါ။ အဲဒါကြောင့် မင်းသားကို တကယ် လူချင်းတွေ့လိုက်ရတဲ့အခါမှာ အရမ်းစိတ်လှုပ်ရှားသွားလို့ပါ”

ရှန်အောင်းက သူ ပြောသော စကားတွေကို နားထောင်ပြီးနောက်မှာတော့ အေးစက်သော မျက်နှာထားနေရာမှာ ပြုံးရွှင်သော မျက်နှာ အမူအယာက အစားထိုး ဝင်ရောက်လာသည်။

ရှန်အောင်းက ပြုံးရွှင်စွာဖြင့် မေးလိုက်သည် “ငါ နားလည်ပါပြီ။ ဒါဆို မင်းသား(၆)ကို ဘာလို့ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားတာလဲဆိုတာ ပြောပြပါဦး”

သူဌေးစုန့်က ချက်ချင်း ပြောလိုက်သည်။

“အကုန်လုံး သိတဲ့အတိုင်း မင်းသား(၆)က မီးတိုင်းပြည်ရဲ့ တော်ဝင်မိသားစု နှစ်(၁၀၀)နီးပါး စောင့်စားခဲ့ရတဲ့ ပါရမီရှင် တစ်ယောက်လေ။

အဲဒါတင် မကသေးဘူး… သူ့ဆီမှာ နတ်မျက်စိရှိလို့ သတ္ထုရိုင်းတုံးတွေကို အကဲဖြတ်တဲ့နေရာမှာ အထူးကျွမ်းကျင်တယ်တဲ့။ သူက သတ္ထုရိုင်းတုံးတွေထဲကို ဖောက်ထွင်း မြင်ရပြီးတော့ အထဲမှာ ဘာရှိလဲဆိုတာကို တစ်ချက်ကြည့်လိုက်ရုံနှင့်တင် ပြောနိုင်တယ်။

သတ္ထုရိုင်းတုံး အကဲဖြတ်သူတွေထဲမှာတော့ ရှားပါးအရည်အချင်းရှိသူ တစ်ယောက်ပဲ”

သူဌေးစုန့်၏ မြှောက်ပင့်စကားတွေကို ကြားပြီး ရှန်အောင်းက အားပါးတရ ပြုံးလိုက်သည်။

အဆုံးမဲ့ဝိညာဉ်ဥယျာဉ်မှာ ဒီလောက်ထိ ဂုဏ်သတင်းမွှေးနေမယ်မှန်း ငါကိုယ်တိုင်တောင် မသိခဲ့ပါလား…

အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲမှာ ချမ်းသာတဲ့သူတွေပဲ အောင်မြင်ကျော်ကြားလာနိုင်တာ မဟုတ်လား။ ဘာလို့လဲဆိုတော့ မချမ်းသာတဲ့သူတွေက ဝိညာဉ်သတ္ထုရိုင်းကိုဝယ်ဖို့ ဝိညာဉ်ကျောက်တုံးမရှိတာနှင့်တင် ဒီနေရာကို လာနိုင်မှာ မဟုတ်ဘူးလေ…

ကောင်းကင်ဝိညာဉ်ပြခန်း၏ ပိုင်ရှင်က သူ့ကို မြှောက်စားနေသည်ကို အထူးကျေနပ်နေမိသည်။ နန်းတော်ထဲက မိန်းမစိုးတွေ ချီးမွမ်းတာထက် ပိုပြီးတော့ စိတ်ကျေနပ်နေသည်။

သိချင်တာတစ်ခုက… ငါက သတ္ထုရိုင်းတုံးတွေ အကဲဖြတ်တာကို ကျွမ်းကျင်တယ်ဆိုပြီးတော့ ဘယ်သူကများ ကောလဟလဖြန့်လိုက်တာပါလိမ့်…

ငါက တစ်ချိန်လုံး ချီသန့်စင်ခြင်း ကျင့်ကြံရေးမှာ အာရုံစိုက်ထားတာလေ။ အဲဒီလို ပညာရပ်တွေကို သင်ယူဖို့ ငါ့မှာ အချိန်မှ မရှိတာ…

သူဌေးက ငါ့ရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီး နားလည်မှု လွဲနေတာဆိုပေမဲ့ ဒီအတိုင်းလေးပဲ ဆက်ထားလိုက်တာကောင်းမယ်…

မဟုတ်ရင် ငါ့ဆီကနေ ပိုက်ဆံညှစ်နေမှာ စိုးရိမ်ရတယ်…

ရှန်အောင်းက ခေါင်းယမ်းရင်း အတွေးတွေ အကုန်လုံးကို ဖျောက်ပစ်လိုက်သည်။

“အော် အဲ့လိုကိုး… ခင်ဗျား အဲဒါကို ဘယ်မှာကြားခဲ့တာလဲ။ ငါက သတ္ထုရိုင်းတုံးအကဲဖြတ်တာနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေးပဲ သိတာပါ”

သူဌေးစုန့်က ပြုံးကာ ပြောလိုက်သည်။

“အရှင့်သားကို ရိုင်းပြမိတဲ့အတွက် ကောင်းကင်ဘုံက အပြစ်ပေးပါစေ…

ဒီမှာ ပြသထားတဲ့ သတ္ထုရိုင်းတုံးတွေက အရှင့်သားနှင့် မကိုက်ညီဘူး။ နောက်ထပ် အခန်းတစ်ခန်းထဲကို သွားရအောင်ပါ။ ကျွန်တော်မျိုး အဆင့်မြင့်လက်ဖက်ရည်နှင့် တည်ခင်းဧည့်ခံပါ့မယ်။ ပြီးတော့ အရှင့်သားလည်း ကျွန်တော်မျိုး သီးသန့်စုဆောင်းထားတဲ့ အဖိုးတန် ဝိညာဉ်သတ္ထုရိုင်းတုံးထဲက ကြိုက်တဲ့တစ်ခုကို စိတ်ကြိုက် ရွေးလို့ရတာပေါ့။

အဲဒါကို ရိုင်းပျမှုအတွက် တောင်းပန်တဲ့အနေနှင့် လက်ခံပေးပါနော်။ ဒါဆို… သွားကြတော့မလား အရှင့်သား”

လက်ဖက်ရည်လည်းတိုက်မယ်၊ ပြီးတော့ ဆိုင်ရဲ့ တန်ဖိုးအကြီးဆုံးသော စုဆောင်းမှုထဲကနေ ပစ္စည်းတစ်ခုကိုလည်း တောင်းပန်မှုကို လက်ခံတဲ့အနေနှင့် ယူလို့ရမယ်တဲ့လား…

ကြားရတာ ကောင်းလိုက်တာ… ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ ဆရာလောင်း ရွှေအမြုတေကျင့်ကြံသူ ကျီယန်အတွက် ရတနာတစ်မျိုး ရွေးဖို့ ဆုံးဖြတ်ထားပြီးပြီ ဖြစ်သလို ဆိုင်ရှင်ကလည်း ငါ့ရဲ့ပရိသတ် ဖြစ်နေပြီးတော့ ရတနာကို ပေးဖို့ စိတ်အားထက်သန်နေတာမလား… ဝမ်းသာစွာနဲ့ လက်ခံလိုက်ပါ့မယ်လေ…

“ဒီလောက်ထိ ရက်ရောနေမှတော့လည်း ဘယ်လိုလုပ်ပြီးတော့ ငြင်းနိုင်ပါတော့မလဲ”

“ဟိတ်ကောင်လေး...  အဖေ အရှင့်သားကို ဧည့်ခံရဦးမှာမလို့ ဆိုင်ကို သေချာကြည့်ထားဦး”

သူဌေးစုန့်က ဆိုင်ရှေ့က ကိစ္စတွေကို သားဖြစ်သူဆီ အပ်ထားကာ ရှန်အောင်းကို အတွင်းခန်းထဲသို့ ဦးဆောင်ခေါ်သွားသည်။

အငွေ့တထောင်းထောင်း ထနေသော လက်ဖက်ရည်၏ ရနံ့က အချိန်တိုတွင်းမှာပဲ တစ်ခန်းလုံးသို့ ပျံ့နှံ့သွားသည်။

သူဌေးစုန့်က ရှန်အောင်းအတွက် လက်ဖက်ရည်ကို တည်ငြိမ်စွာဖြင့်  ထည့်ပေးနေသည်။

ရှန်အောင်းက လက်ဖက်ရည်ကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည် “ဒါက ပိလောတောင်ထိပ်က ရတဲ့ အကောင်းဆုံး လက်ဖက်ရွက်တွေပဲ”

သူဌေးစုန့်က လက်မထောင်ပြကာ ပြောလိုက်သည် “အရှင့်သားက အရမ်းတော်တာပဲနော်။ လုံးဝ လက်ဖျားခါသွားပြီ”

ရှန်အောင်းက လက်ဖက်ရည်သောက်ပြီးနောက် ပြောလိုက်သည် “သူဌေး… ခင်ဗျားရဲ့ စုဆောင်းမှုတွေ ဘယ်နားမှာလဲ”

သူဌေးစုန့်က ပြုံးကာ ပြောလိုက်သည် “ကျေးဇူးပြုပြီး စိတ်မရှည်မဖြစ်ပါနဲ့နော် အရှင့်သား။ ကောင်းတဲ့အရာတွေက စောင့်နေတဲ့သူဆီကို ရောက်လာမှာပါ”

ရှန်အောင်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည် “ဒါဆိုရင် ရတနာတွေကို ကြည့်ဖို့အတွက် မင်္ဂလာရှိတဲ့အချိန်ကို စောင့်ရဦးမှာလား”

“အရှင့်သား စိတ်မရှည်မဖြစ်ပါနှင့်။ ကျွန်တော်နှင့်အတူ တစ်ဆယ်ကနေ နောက်ပြန် ရေတွက်လိုက်ရအောင်…

တစ်ဆယ်၊ ကိုး၊ ရှစ်၊ ခုနစ်၊ ခြောက်၊ ငါး…”

သူဌေးစုန့်၏ အပြုံးက ရုတ်တရက် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

တစ်ခုခု လွဲနေပြီဆိုတာကို ရှန်အောင်း သိလိုက်ရတဲ့အချိန် သူ့ခေါင်းတွေ မူးဝေသထက် မူးဝေလာရသည်။

အဖြစ်အပျက်ကို နားလည်သွားချိန်မှာတော့ စိတ်တိုစွာဖြင့် အော်ဟစ်လိုက်သည် “မင်း… ယုတ်မာတဲ့ကောင်…ငါ့ကို အဆိပ်ခတ်တယ်ပေါ့လေ”

သူဌေးစုန့်က လှောင်ရယ်ရင်း ကြာပွတ်နှင့် ကြိုးခွေကို ထုတ်ကာ ပြောလိုက်သည်။

“ပိန်လှီပြီး ရုပ်ဆိုးတဲ့ကောင်က ဘယ်လိုလုပ်ပြီးတော့ ဆရာနတ်မင်းကို အတုခိုးရဲရတာလဲ

အမှတ်အသားပြား အတုကို ရအောင် လုပ်နိုင်ခဲ့တယ်ဆိုတာကတော့ တကယ်ကို အံ့ဩစရာပဲ။ ငါ ယုံတောင် ယုံသွားမိတော့မလို့။ ဆရာနတ်မင်းရဲ့ ချောမောတဲ့ရုပ်ရည်ကို မြင်ဖူးထားလို့ တော်သေးတာပေါ့။ မဟုတ်ရင် မင်း အရူးလုပ်တာကို ခံရတော့မလို့။

ကောင်လေးတွေ ဝင်လာခဲ့။ ဒီစာခြောက်ရုပ်ကောင်ကို ကြိုးနဲ့ ချည်ထားလိုက်။ ငါ သူ ဘာလို့ မင်းသား(၆)လိုမျိုး အယောင်ဆောင်ရလဲဆိုတာကို မေးတော့မယ်။ မင်းမှာ ကြံရာပါတွေ ရှိသေးလားဆိုတာကို အခုချက်ချင်း ဝန်ခံလိုက်”

ရှန်အောင်း ပိုပိုပြီး ခေါင်းမူးလာရသည်။

သူ သတိလွတ်မသွားခင် စိတ်ထဲကနေ အော်ပြောလိုက်သည်။

တကယ်ပါ… ငါက တကယ့် မင်းသား(၆)ရှန်အောင်းအစစ်ပါကွ…

All Chapters