← Chapters

သေလမ်းကို ရှာနေတာလား

Vol. 15 Ch. 142

သေလမ်းကို ရှာနေတာလား

Vol. 15 Ch. 142

ဝမ်တာအိုတောင်၌လည်း အလားတူမြင်ကွင်းမျိုး ဖြစ်ပျက်နေလေ၏။

"ဂိုဏ်းချုပ်... ကျွန်တော်တို့ ဝမ်တာအိုတောင်က တိုက်ခိုက်ရေးမှာ မကျွမ်းကျင်ဘူးလေ... အဲ့ဒီကို သွားပြီးတော့ ဘာလုပ်မှာလဲ... အများဆုံး လုပ်ပေးနိုင်ရင်တောင် ရှန်ကျန်းဂိုဏ်းရဲ့ ဝင်္ကပါကို ထိန်းသိမ်းပေးရုံလောက်ပဲ ရှိမှာပေါ့..."

ထိုလူ၏မေးခွန်းကို ကြားချိန်၌ ဂိုဏ်းချုပ်ကျူးကဲ့ချင်းက ခေါင်းယမ်းလိုက်သည်။

"မင်းကို ငါက တုံးတယ်ပြောရင် ငါ လွန်ရာကျမယ်.... မင်းက တကယ့်ကို ဥာဏ်မကောင်းတဲ့ကောင်ပဲ... စီနီယာကျုံးချင်က ငါတို့ရဲ့အကူအညီကို တကယ်ကြီးလိုအပ်မယ်လို့ မင်း ထင်နေတာလား..."

"ရှေ့ဆုံးမှာ ထျန်းယွင်ဂိုဏ်းနဲ့ ဟောက်ဟန်ဂိုဏ်း ရှိနေတာကတင် ငါတို့ ဝမ်တာအိုတောင်ထက် အများကြီး ပိုအားကိုးရတယ်..."

"ဒါ့ပြင် စီနီယာကျုံးချင် ကိုယ်တိုင်လည်း ရှိနေသေးတယ်လေ..."

"အဓိကအချက်က သဘောထားပဲ..."

"ငါတို့က ရှန်ကျန်းဂိုဏ်းနဲ့ အနီးဆုံးမှာ ရှိနေတာကြောင့် ငါတို့က ပထမဆုံးရောက်အောင် သွားရမယ်..."

"စီနီယာကျုံးချင်ရဲ့ မျက်လုံးထဲမှာ ငါတို့ရဲ့ တက်ကြွတဲ့ သဘောထားက အပြောင်းအလဲတစ်ခု ဖြစ်စေလိမ့်မယ်..."

"စီနီယာ့ဆီကနေ ငါတို့က အထင်ကြီးလေးစားမှုကို ရအောင် လုပ်ရမယ်... မင်း နားလည်ပြီလား..."

ထိုအချိန်မှသာ ထိုလူသည် အမှန်တရားကို နားလည်သဘောပေါက်သွားတော့သည်။

ကျူးကဲ့ချင်းသည် သူ၏လက်ကို ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်၏။

"ထွက်ခွာကြမယ်... ဂိုဏ်းတစ်ဂိုဏ်းလုံး ရှန်ကျန်းဂိုဏ်းဆီ ချီတက်ကြစမ်း..."

သိသာထင်ရှားသော အကြည့်များနှင့် တိတ်တဆိတ် စောင့်ကြည့်နေသော အကြည့်များအောက်တွင် အတိုင်းအဆမဲ့တောင်မှ လူအုပ်ကြီးသည် နောက်ဆုံး၌ ရှန်ကျန်းဂိုဏ်းသို့ ရောက်ရှိလာခဲ့သည်။

မရေမတွက်နိုင်သော နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူများသည် ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူများကို ဦးဆောင်ကာ ယပ်တောင်သဖွယ် ဖြန့်ကျက်လိုက်ပြီး ရှန်ကျန်းဂိုဏ်း၏ တောင်ထိပ်ခုနစ်ခုလုံးကို အရပ်မျက်နှာပေါင်းစုံမှ ဝိုင်းရံလိုက်ကြသည်။

သူတို့ရရှိထားသော အမိန့်မှာ ရှန်ကျန်းဂိုဏ်းမှ ထွက်ပြေးမည့် လမ်းကြောင်းများအားလုံးကို ပိတ်ဆို့ထားရန်နှင့် ခြင်တစ်ကောင်ကိုပင် အပြင်သို့ ပျံသန်းခွင့်မပြုရန် ဖြစ်သည်။

ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် သက်ရှိဟူသမျှ တစ်ကောင်မျှပင် အရှင်ချန်မထားရချေ။

ဤအချိန်တွင် ဂိုဏ်းတံခါးဝ၏ အပြင်ဘက်၌ နေမင်းနက်နဲသိမ်မွေ့နယ်ပယ်နှင့် အထက်ရှိသော အကြီးအကဲများ တောင်သခင်များသည် စုရုံးရောက်ရှိနေကြပြီး သူတို့၏ အရှိန်အဝါများကို ဗြောင်ကျကျပင် ထုတ်ဖော်ထားကြ၏။

မြောက်မြားစွာသော နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင်ကြံသူများ၏ စုစည်းထားသော အရှိန်အဝါများသည် ပေါင်းစည်းသွားပြီး ကောင်းကင်ယံမှ ဆင်းသက်လာသော ရေလွှမ်းမိုးခြင်း ကပ်ဘေးအလား ရှန်ကျန်းဂိုဏ်းတစ်ဂိုဏ်းလုံးကို ဝါးမြိုသွားတော့မည့်ပုံ ပေါ်လွင်နေသည်။

ထိုကဲ့သို့ ကြီးမားသော အရှိန်အဝါဖိအားအောက်တွင် ရှန်ကျန်းဂိုဏ်း၏ ဝင်္ကပါသည် အလိုအလျောက် အသက်ဝင်လာပြီး တောင်ထိပ်ခုနစ်ခုကို လွှမ်းခြုံထားသည့် အလင်းလွှာတစ်ခု ဖြစ်ပေါ်လာသည်။

"ဟမ့်... မပြောပလောက်တဲ့ ဝင်္ကပါလေးပါပဲ..."

ကျုံးတောက်ထျန်းသည် အေးစက်စက် နှာမှုတ်ပြီး အမိန့်ပေးလိုက်၏။

"အဲ့ဒါကို ဖျက်ဆီးလိုက်ကြစမ်း..."

"ဟုတ်ကဲ့..."

နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ ဆယ်ဦးတိတိသည် တညီတညွတ်တည်း တုံ့ပြန်လိုက်ပြီး မိုးကောင်းကင်ပေါ်သို့ ပျံသန်းသွားကြသည်။

လေထုထဲတွင် သူတို့သည် ဒေါသတကြီး ဟိန်းဟောက်ပြီး မဟာဝင်္ကပါကြီးကို တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။

ရှန်ကျန်းဂိုဏ်းအတွက် ဝမ်တောက်တောင်မှ တည်ဆောက်ပေးထားသော မဟာဝင်္ကပါကြီးသည် ငြင်းမရနိုင်လောက်အောင် စွမ်းအားကြီးမားပေ၏။

သာမန် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူများဆိုလျှင် ထိုအရာကို ချိုးဖျက်နိုင်မည် မဟုတ်ချေ။

သို့ရာတွင် ယခုအချိန်၌ လူဆယ်ဦးတိတိ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်ပြီး သူတို့အနက် ထက်ဝက်ကျော်သည် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် အလယ်အလတ်အဆင့်နှင့် နှောင်းပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

ထိုမျှလောက် ကြီးမားသော စွမ်းအားဖိအားနှင့် ရိုက်ခတ်မှုအောက်တွင် ရှန်ကျန်းဂိုဏ်း၏ မဟာဝင်္ကပါကြီးသည် မုန်တိုင်းထန်နေသော ပင်လယ်ပြင်ထက်မှ လှေငယ်လေးတစ်စင်းအလား ယိမ်းယိုင်လာပေ၏။

နောက်ဆုံးတွင် ထိုအရာသည် စွမ်းအင်လှိုင်းလုံးကြီးများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး စုတ်ပြတ်သတ်သွားတော့သည်။

မဟာဝင်္ကပါကြီးသည် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် အလင်းအကာအကွယ်သည် အပိုင်းပိုင်းအစစ ကွဲကြေသွားကာ တုန်ခါမှုလှိုင်းများသည် ကောင်းကင်ရှိ တိမ်တိုက်များကို ဖယ်ရှားလိုက်သည်အထိ ပြန့်ကျဲသွားသည်။

ရှန်ကျန်းဂိုဏ်း၏ ပင်မခန်းမဆောင်ထဲတွင် ကျူးကဲ့ချင်းနှင့် သူ၏နောက်ရှိ အကြီးအကဲတစ်စုတို့သည် မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သွေးများ အန်ထုတ်လိုက်ကြသည်။

"ဂိုဏ်းချုပ်ရွှမ်ယွမ်... ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် တကယ့်ကို မခုခံနိုင်တော့ဘူး..."

ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်နှင့် အကြီးအကဲများသည် သူတို့ကို တွဲထူပေးရန် အလျင်အမြန် ရှေ့တိုးလာကြသည်။

"အစ်ကိုကျူးကဲ့... စိတ်ပူဖို့ မလိုပါဘူး... ခင်ဗျားတို့ အကောင်းဆုံး လုပ်ခဲ့ပြီးပြီပဲ..."

အမှန်တကယ်ကိုပင် ဝမ်တာအိုတောင်မှ လူများသည် ရှန်ကျန်းဂိုဏ်းသို့ လွန်ခဲ့သော နှစ်ရက်ကတည်းက ရောက်ရှိနေခဲ့ကြ၏။ ယနေ့တွင် သူတို့သည် ရှန်ကျန်းဂိုဏ်း၏ ဂိုဏ်းစောင့် မဟာဝင်္ကပါကြီးကို ထိန်းသိမ်းရန် အတူတကွ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်သည် မူဖူတောင် ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။

"ခင်ဗျားတို့ လုပ်နိုင်သလောက် လုပ်ပေးခဲ့ပြီးပြီ... အခု ကောင်းကောင်း အနားယူလိုက်ကြပါ..."

"ကျွန်တော်တို့ ရှန်ကျန်းဂိုဏ်းမှာ ကိုယ်ပိုင်အစီအစဉ် ရှိပါတယ်..."

ထိုအချိန်၌ မူဖူတောင်ပေါ်တွင် ကျုံးချင်သည် လက်ဖက်ရည်ခွက်ကို မယူကာ တစ်ငုံသောက်လိုက်ပြီး ကွဲကြေသွားသော မဟာဝင်္ကပါကြီးကို ကြည့်၍ ခေါင်းခါယမ်းလိုက်သည်။

"ဝင်္ကပါက အရမ်းအားနည်းနေသေးတာပဲ..."

"နောက်ဆိုရင် ပိုပြီးခိုင်မာအားကောင်းတဲ့ ဝင်္ကပါတစ်ခုလောက် ခင်းကျင်းဖို့ နည်းလမ်းရှာရမယ်... အနည်းဆုံးတော့ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အဆင့်လောက်ပေါ့..."

"ဒါပေမဲ့ ဘယ်သူ့ကို ရှာပြီး တည်ဆောက်ခိုင်းရမလဲ..."

အောက်ဘက်ရှိ အတိုင်းအဆမဲ့တောင်မှ လူများသည် ခြိမ်းခြောက်လိုသော အကြည့်များဖြင့် ကြည့်နေကြသော်လည်း သူသည် ထိုသူများကို လုံးဝလျစ်လျူရှုထားပြီး ဝင်္ကပါကိစ္စကိုသာ စဉ်းစားနေမိသည်။

ဂိုဏ်းတံခါးဝ၏ အပြင်ဘက်၌ မဟာဝင်္ကပါကြီး ကွဲကြေသွားသည်ကို မြင်တွေ့ချိန်တွင် ကျုံးတောက်ထျန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး အေးစက်စက် ပြုံးလိုက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ရှန်ကျန်းဂိုဏ်းက ကျုံးချင်..."

"မင်းလို အရူးကောင်က ငါ့ရဲ့သား ကျုံးမင်လွေ့ကို ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်ခဲ့တယ်... မင်းရဲ့အပြစ်က ခွင့်မလွှတ်နိုင်စရာပဲ..."

"ဒါက ငါ့ရဲ့ အတိုင်းအဆမဲ့တောင်ကို မင်းက ရန်သူအဖြစ် သတ်မှတ်လိုက်တာနဲ့ မထူးတော့ဘူး..."

"ဒီနေ့ ငါ့သားရဲ့ ဝိညာဉ်ကို နှစ်သိမ့်ဖို့အတွက် မင်းတို့ ရှန်ကျန်းဂိုဏ်းတစ်ဂိုဏ်းလုံးကို ငါ သတ်ဖြတ်ပြီး ယဇ်ပူဇော်မယ်..."

"ပြီးတော့ ငါ့ရဲ့ အတိုင်းအဆမဲ့တောင်ကို ရန်စရင် ဘယ်လိုအကျိုးဆက်မျိုး ရမလဲဆိုတာ မင်းသိအောင် လုပ်ပြမယ်..."

ကျုံးတောက်ထျန်းက တောင်ပေါ်သို့ တက်ရောက် တိုက်ခိုက်ရန် အမိန့်ပေးတော့မည့်အချိန်၌ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဒေါသတကြီး ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။

"လူယုတ်မာ... ဘယ်လိုတောင် ရဲတင်းနေတာလဲ...လူအိုကြီး... အခုချက်ချင်း ရပ်လိုက်စမ်း..."

ပုံရိပ်တစ်ခုသည် စွမ်းအားကြီးမားသော အရှိန်အဝါကို သယ်ဆောင်၍ အရှိန်ဖြင့် ပြေးဝင်လာပြီး တောင်တံခါးဝရှေ့သို့ ဆင်းသက်ကာ အတိုင်းအဆမဲ့တောင်မှ လူအုပ်ကြီး၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

ထို့နောက် အလင်းတန်းများ ဆယ်နှင့်ချီ၍ ပျံသန်းရောက်ရှိလာပြီး သူ၏နောက်တွင် ဆင်းသက်လိုက်ကြသည်။

"ရဲတင်းလှတဲ့ လူယုတ်မာ... ရှန်ကျန်းဂိုဏ်းကို တိုက်ခိုက်ပြီး ငါတို့ရဲ့အရှင်ကို လုပ်ကြံဖို့ ဘယ်လိုတောင် သတ္တိရှိနေရတာလဲ..."

"မင်းတို့ ရှန်ကျန်းဂိုဏ်းထဲကို ဝင်ချင်ရင် ငါ့ရဲ့ ထျန်းယွင်ဂိုဏ်းကို အရင်ကျော်ဖြတ်သွားရမယ်..."

ဤလူအုပ်စုသည် ထျန်းယွင်ဂိုဏ်း၏ ဘိုးဘေး ကောင်းရှစ်ကျီး ဦးဆောင်သော ထျန်းယွင်ဂိုဏ်းမှ ကျင့်ကြံသူများမှတပါး တခြားလူများမဟုတ်ချေ။

"မင်းက... ကောင်းရှစ်ကျီး မဟုတ်လား..."

ယခုရောက်လာသူကို မှတ်မိသွားချိနိ၌ ကျုံးတောက်ထျန်းက လှောင်ပြောင်လိုက်သည်။

"မင်းလို မိစ္ဆာအိုကြီးက မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်သွားလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."

မြင့်မြတ်နယ်မြေငါးခုနှင့် နှိုင်းယှဉ်၍ မရသော်လည်း ထျန်းယွင်ဂိုဏ်းသည် အရှေ့ပိုင်းဒေသရှိ ထိပ်တန်းဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်နေဆဲပင်။

ဘိုးဘေးတစ်ယောက်အနေဖြင့် ကျုံးတောက်ထျန်းသည် ကောင်းရှစ်ကျီးကို သိရှိထားပေ၏။

တစ်ဖက်လူသည် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်သို့ ရောက်ရှိသွားပြီး နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူအုပ်စုကို ခေါ်ဆောင်လာသော်လည်း ကျုံးတောက်ထျန်းသည် အနည်းငယ်မျှ ဂရုမစိုက်ချေ။

သူသည် ပထမတန်းစားဂိုဏ်းဟု ခေါ်ဆိုသော ဂိုဏ်းများကို ဘယ်သောအခါမျှ အလေးအနက် မထားခဲ့ချေ။ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ယောက် ပိုလာရုံဖြင့် မည်သည့်အရာများ ထူးခြားသွားမည်နည်း။

"အခုမှ အဆင့်တက်လာတဲ့ သာမန် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူလေးက ငါ့ရဲ့ အတိုင်းအဆမဲ့တောင်ရှေ့မှာ လာပြီး လူပါးဝံ့နေတယ်ပေါ့..."

မြင့်မြတ်နယ်မြေငါးခု၏ ဘိုးဘေးများသည် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် အဆင့်တွင် ရှိကြသော်လည်း မြင့်မြတ်နယ်မြေများ ဖြစ်သည့်အားလျော်စွာ သူတို့၌ နက်ရှိုင်းသော အခြေခံအုတ်မြစ်များ ရှိကြသည်။ ထိုကြောင့် မြင့်မြတ်နယ်မြေများ၌ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးတည်းသာ ရှိနေမည် မဟုတ်သည်မှာ သဘာဝပင်။

ကျုံးတောက်ထျန်း၏ နောက်မှ အေးစက်စက်နှာမှုတ်သံတစ်သံ ထွက်ပေါ်လာသည်။

အရပ်ရှည်ပြီး ပိန်ပါးသော အဘိုးအိုတစ်ဦး ရှေ့ထွက်ပေါ်လာပြီး သူ၏အရှိန်အဝါကို အပြည့်အဝ ထုတ်လွှတ်လိုက်၏။ ထိုအဘိုးအိုသည် ကောင်းရှစ်ကျီးထက်ပင် ပို၍စွမ်းအားကြီးသော မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သိသာထင်ရှားနေသည်။

ဤအဘိုးအိုသည် အတိုင်းအဆမဲ့တောင်၏ မဟာအကြီးအကဲဖြစ်ပြီး ဘိုးဘေးမှလွဲလျှင် အတိုင်းအဆမဲ့တောင်၏ အသန်မာဆုံး ပုဂ္ဂိုလ်များအနက်မှ တစ်ဦးလည်း ဖြစ်သည်။

ကောင်းရှစ်ကျီး၏ မျက်နှာအမူအယာ အနည်းငယ် ပြောင်းလဲသွားသည်။ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူချင်း တူသော်လည်း သာမန်ဂိုဏ်းများနှင့် မြင့်မြတ်နယ်မြေများမှ လာသူများသည် နှိုင်းယှဉ်၍ မရနိုင်ချေ။ ထို့ပြင် တစ်ဖက်လူသည် သူ့ထက်စော၍ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်သို့ ရောက်ရှိထားသူ ဖြစ်သည်။

သို့သော် ထိုအချိန်မှာပင် အားရပါးရ ရယ်မောသံတစ်သံ ထပ်မံ၍ ထွက်ပေါ်လာသည်။

"ဟား ဟား ဟား... မြင့်မြတ်နယ်မြေဆိုတော့ရော ဘာဖြစ်လဲ... အရှင့်ရဲ့ ဂုဏ်သိက္ခာကို မင်းတို့လို ပုရွက်ဆိတ်ကောင်တွေက ဘယ်လိုသတ္တိမျိုးနဲ့ စော်ကားရဲရတာလဲ..."

ထိုစကားသံဆုံးသည်နှင့် မိုးကောင်းကင်ယံမှ ကြီးမားသော လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ဆင်းသက်လာပြီး ထိုအရာ၏ပစ်မှတ်မှာ ကျုံးတောက်ထျန်းပင်။

ထိုလက်ဝါးရိုက်ချက်သည် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ရောက်ရှိလာပြီး ကျုံးတောက်ထျန်း၏မျက်နှာအမူအယာ အနည်းငယ် ပြောင်းလဲသွားသည်။ ထိုအရာ၏စွမ်းအားသည် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်၌ရှိပြီး သူ လုံးဝမခုခံနိုင်သော စွမ်းအားမျိုးဖြစ်ကြောင်း အာရုံခံမိလိုက်သည်။

သို့သော် မဟာအကြီးအကဲက အေးစက်စက် နှာမှုတ်လိုက်ပြီး လက်ညှိုးတစ်ချောင်းထိုးကာ ထိုလက်ဝါးပုံရိပ်ယောင်ကြီးကို အစအနမကျန် ပျောက်ကွယ်သွားအောင် ဖျက်ဆီးလိုက်၏။

ကျုံးတောက်ထျန်းသည် သက်ပြင်းချလိုက်မိသော်လည်း နောက်ထပ် အရပ်ရှည်ရှည် ပုံရိပ်တစ်ခုသည် စွမ်းအားကြီးမားသော အရှိန်အဝါများ ရှိသည့် ကျင့်ကြံသူတစ်စုကို ဦးဆောင်ပြီး ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည်။

ထိုလူသည် ဆွန်းဝမ်ရှန်းတို့နှင့်အတူ ရောက်ရှိလာသော ဟောက်ဟန်ဂိုဏ်း၏ဘိုးဘေး ရှဲ့ဟောင်ပင်။

"ဟမ့်... ဟောက်ဟန်ဂိုဏ်းက ရှဲ့ဟောင်ပါလား..."

ကျုံးတောက်ထျန်းက အေးစက်စက် နှာမှုတ်ပြီး ပြောဆိုသည်။

"ဒါပဲလား... မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ နှစ်ယောက်ပေါ့..."

"ကျုံးချင်... ဒါက မင်း ငါ့သားကို သတ်ရဲတဲ့ အားကိုးရာကြီးတွေလား..."

"ပထမတန်းစားဂိုဏ်းနှစ်ဂိုဏ်းနဲ့ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူနှစ်ယောက်လောက်နဲ့ ငါ့ရဲ့ အတိုင်းအဆမဲ့တောင်ကို ရန်စနိုင်မယ်လို့ မင်း ထင်နေတာလား..."

"မင်းက တကယ်ကို သေချင်းဆိုးနဲ့ သေမယ့်ကောင်ပဲ..."

အတိုင်းအဆမဲ့တောင်၏ ကျင့်ကြံသူများကြားထဲမှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာပြီး သူတို့၏အရှိန်အဝါများ ပွင့်အံ့ထွက်လာရာ နောက်ထပ် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူနှစ်ဦးဖြစ်ကြောင်း သိသာထင်ရှားသည်။

တစ်ဦးမှာ အရပ်ရှည်ပြီး ရက်စက်ကြမ်းကြုတ်သော ရုပ်ရည်သွင်ပြင်ရှိကာ နောက်တစ်ဦးမှာမူ မည်သည့်အသက်ဓာတ်မျှ မရှိဘဲ ခံစားချက်ကင်းမဲ့သောမျက်နှာ ရှိနေသည်။

ပထမလူသည် အတိုင်းအဆမဲ့တောင်၏ မဟာအစောင့်အရှောက်ဖြစ်ပြီး အတိုင်းအဆမဲ့တောင် ဘိုးဘေး၏ တပည့်အရင်းလည်း ဖြစ်သည်။

နောက်တစ်ယောက်မှာမူ သက်ရှိလူသား မဟုတ်ဘဲ အတိုင်းအဆမဲ့တောင် ဘိုးဘေးကိုယ်တိုင် သန့်စင်ဖန်တီးထားသော မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ရုပ်သေးရုပ်ပင်။

All Chapters