← Chapters

* (408) သေဆုံးခြင်းအတွက် ဟောပြောမှု + အစစ်အမှန်နှင့် အတုအယောင် အိပ်မက် +  လူသတ်တရားခံ (3)

Vol. 41 Ch. 408

* (408) သေဆုံးခြင်းအတွက် ဟောပြောမှု + အစစ်အမှန်နှင့် အတုအယောင် အိပ်မက် +  လူသတ်တရားခံ (3)

Vol. 41 Ch. 408

နိုင်ငံတကာအစည်းအရုံးများ၏ ဖိအားများအောက်တွင် ဟိုင်မင်တစ်ယောက် အမြဲတစေ စိတ်ပူပန်နေခဲ့ရသည်။

အင်တာနက်ပေါ်မှ အင်မတန်တိကျမှန်ကန်သော ‘အနာဂတ်ဟောသူ’တစ်ဦး၏အကြောင်းကို သတင်းကြားခဲ့သော်လည်း ယုံကြည်မှုမရှိဘဲ နှာခေါင်းသာရှုံ့ခဲ့မိသည်။

သို့သော် ထိုနေ့ညက သူ့အနေဖြင့် ထူးဆန်းလှသော အိပ်မက်များကို မြင်မက်ခဲ့သည်။ အင်တာနက်ပေါ်မှ ဟောကိန်းများနှင့် တထေရာတည်း တူညီသော အိပ်မက်များအား မက်ခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရဲအရာရှိများ၏ စစ်ဆေးတွေ့ရှိချက်တစ်ခုက ကျောင်းသို့ ရောက်ရှိလာခဲ့လေ၏။ ထို့ကြောင့် ဖန်းချန်းမြစ်ကူးတံတားအား ဖြတ်ကျော်စဉ် ကျောင်းမှ ပထမအဆင့် ပရော်ဖက်ဆာ မိသားစုတစ်စု ကားအက်ဆီးဒင့်ဖြင့် သေဆုံးခဲ့ရကြောင်းကို သိသွားခဲ့ရသည်။

ထူးဆန်းသည့် အိပ်မက်များ နှစ်ရက်ဆက်တိုက် မက်ပြီးနောက် ဟိုင်မင် ပို,ပိုပြီး သေချာသွားခဲ့သည်။

သူသည်က ‘ဘုရားသခင်’၏ ရွေးချယ်ခံထားရသူဖြစ်ပေသည်။

သူ အင်မတန် စိတ်လှုပ်ရှားသွားသကဲ့သို့ အင်မတန်လည်း ထိတ်လန့်သွားရသည်။

ပျော်ရွှင်ရသည့် အကြောင်းအရင်းမှာ ထိုအိပ်မက်များမှတဆင့် သူက ပန်းချီကားအသစ်များအတွက် စိတ်ကူးစိတ်သန်းအသစ်များ ရရှိလာခဲ့သောကြောင့်ဖြစ်သည်။

ပညာရှင်ဆန်စွာ ရေးချယ်ထားသော စုတ်ချက်များ၊ ရောင်စုံသည့် ပန်းချီကားများက သူ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာတတ်သည်။

အိပ်ရာနိုးလာပြီးနောက် ထိုပန်းချီကားများအား မှတ်ဉာဏ်မှတဆင့် ပြန်လည်ရေးသားခဲ့နိုင်ပြီး သူရှောင်လွှဲ၍ မရသော ပန်းချီပြပွဲတွင် ပြသနိုင်မည့် ပန်းချီကားများ ဖြစ်လာခဲ့သည်။

ထိုပန်းချီကားများအတွက် စိတ်ကူးစိတ်သန်းများက ဘုရားသခင်၏ လမ်းညွှန်ချက်များပင်ဖြစ်၏။

ကြောက်လန့်ရသည့် အကြောင်းရင်းမှာ ဟိုင်မင်၏ အိပ်မက်များတွင် တခြားလူများ၏ သေဆုံးခြင်းအား ကြိုတင်ခန့်မှန်းနိုင်လာသောကြောင့် ဖြစ်ပေသည်။

သူ၏ အိပ်မက်များတွင် ထိုလူများအားလုံးကို သတ်ဖြတ်ခဲ့သည့် တရားခံက ဟဲကျောင်ရှန်းဖြစ်နေကြောင်းကို မြင်နိုင်ခဲ့သည်။

လွန်ခဲ့သော လပေါင်းများစွာက သေဆုံးခဲ့သည့် လူငယ်လေးက သူ့အသက်အား နှုတ်ယူလိုသည့် တစ္ဆေတစ်ကောင် ဖြစ်လာခဲ့သည်။ သူက မြေအောက်ကမ္ဘာသို့ ဖြောင့်ဖြောင့်မသွားနိုင်၊ လူတိုင်းအား လက်စားချေလိုခဲ့သည်။

ဟဲကျောင်ရှန်းမှ သူ့ကို အလွတ်ပေးလိမ့်မည်မဟုတ်ကြောင်း သူသဘောပေါက်သည်။ သူသည်လည်း မကြာခင် တခြားလူများကဲ့သို့ အသတ်ခံရမည်ကို ကြိုသိထားခဲ့သည်။

တစ်နေ့ထက်တစ်နေ့ ဟဲကျောင်ရှန်းနှင့် ပတ်သတ်သော အိပ်မက်ဆိုးများက ပို၍များလာခဲ့သည်။ ဟိုင်မင်အနေဖြင့် ဟဲကျောင်ရှန်း၏ လက်ထဲ၌ အသက်ဆုံးရှုံးရသည်ကို နေ့စဉ်နေ့တိုင်း အိပ်မက်ဆိုးများ မက်နေခဲ့ပြီးနောက် သူ၏ စိတ်အခြေအနေမှာလည်း ပို၍ ဆိုးလာခဲ့သည်။

သူ့အနေဖြင့် အိပ်မက်နှင့် အပြင်လောကကိုပင် ခွဲခြားနိုင်စွမ်းမဲ့လာခဲ့သည်။

တစ်ခါတစ်ရံတွင် ပတ်ဝန်းကျင်ာ သူ၏ နေအိမ်ဖြစ်ပြီး အစစ်အမှန်ဖြစ်သည်ဟု ထင်ရသော်လည်း ခေါင်းလှည့်၍ ကြည့်လိုက်မိချိန်တွင် ဟဲကျောင်ရှန်း၏ ဆွဲကြိုးချသတ်သေထားသောကြောင့် ဖောရောင်နေသည့် မျက်နှာဖြင့် သူ့အား သုန်မှုန်စွာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရပြန်သည်။

ဟိုင်မင်မှာ မူးမေ့လဲမတတ်ပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရကာ ကြက်သီးမွေးညင်းများပင် ထပြီး မျက်လုံးများ ဖွင့်လိုက်မိသည့်အချိန်တွင် သူအိပ်မက်,မက်နေခြင်းသာ ဖြစ်ကြောင်း သဘောပေါက်လိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် သူသည်က တခြားလူများနှင့် ကွဲပြားနေသည့် အချက်တစ်ခုရှိသည်။

သူ ညစဉ်ညတိုင်း မက်နေသည့် ‘အနာဂတ်အိပ်မက်’များမှာ သူ့အား ‘ဘုရားသခင်များ’မှ ပြန်လည်တိုက်ခိုက်နိုင်ရန် ပေးသနားထားသည့် စွမ်းအင်တစ်ခုဖြစ်ကြောင်း ယုံကြည်နေခဲ့သည်။

သူသည်က ဟဲကျောင်ရှန်း၏ လှုပ်ရှားမှုများအား ကြိုတင်သိမြင်နိုင်ပြီး အန္တရာယ်အား ရှောင်ရှားနိုင်စွမ်းရှိလိမ့်မည်။

ယခုရက်ပိုင်းတွင် သူ အိမ်ခန်းထဲ၌သာ သော့ခတ်နေထိုင်ခဲ့သည်မှာလည်း ထိုအိပ်မက်များကြောင့်သာ ဖြစ်သည်။

ယခုပင် သူ တမှေးတမော အိပ်စက်လိုက်သည့်အချိန်တွင် သူ၏‌ သေဆုံးခြင်းအား အိပ်မက်,မက်ခဲ့သည်။

သေဆုံးရမည့်ရက်သည်က ယနေ့ပင်ဖြစ်ပေသည်။

အိပ်မက်ထဲမှ ဟိုင်မင်က အိပ်ခန်းထဲတွင် လဲလျောင်းကာ အိပ်စက်နေခဲ်သည်။

ပထမအကြိမ် အိပ်ခန်းတံခါးခေါက်သံကြားလိုက်ရချိန်တွင် သူ အခန်းတံခါးကို ဖွင့်ပေးခဲ့သည်။

ပြီးနောက်တွင် ဝမ်းကွဲညီတစ်ဦးက အခန်းဝတွင် ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုဝမ်းကွဲညီ မည်သည့်အချိန်က သူ၏ အိမ်သို့ ရောက်ရှိလာကြောင်းကို တွေးနေမိစဉ်မှာပင် ထိုညီဖြစ်သူက ယုတ်မာသော အပြုံးဖြင့် ဓားတစ်လက်ကို ထုတ်ကာ သူ့အား မသေမချင်း ထိုးသတ်ခဲ့သည်။

ထိုဝမ်းကွဲညီမှာ ဟဲကျောင်ရှန်း၏ ဝိဉာဉ်မှ ဟန်ဆောင်ထားသော ပုံရိပ်ယောင်တစ်ခုဖြစ်နေခဲ့ခြင်းပင်။

ဟိုင်မင် လန့်နိုးလာချိန်တွင် အိပ်ခန်းထဲ၌သာ ရှိနေသေးသည်။ သူသက်ပြင်းချမိချိန်တွင် အခန်းတံခါး ခေါက်သံ ကြားလိုက်ရပြန်သည်။

ယခုတစ်ကြိမ်တွင်တော့ အခန်းရှေ့တွင် ရပ်နေသူက ဖခင်ဖြစ်သူဖြစ်နေခဲ့လေသည်။

အိပ်မက်ဆိုးမှ လန့်နိုးလာကာစ ဟိုင်မင်လည်း အခန်းတံခါးအား သွားဖွင့်ပေးခဲ့သည်။ ရလဒ်မှာတော့ ဖခင်၏ ဘေးတွင် ဝမ်းကွဲညီဖြစ်သူလည်း အတူ ရပ်နေခဲ့လေသည်။

“မင်းရဲ့ ဝမ်းကွဲညီက မင်းနဲ့ တွေ့ချင်လို့တဲ့”

ဒုတိယအကြိမ် ဟိုင်မင်က ဓားဖြင့် မသေမချင်း ထိုးသတ်ခံလိုက်ရပြန်သည်။ သူ မသေဆုံးမီ ဝမ်းကွဲညီ၏ မျက်နှာက ဟဲကျောင်ရှန်းအဖြစ် ပြောင်းလဲသွားသည်ကိုလည်း မြင်တွေ့လိုက်ရသည်။

ထိုအချိန်မှသာလျှင် သူ အိပ်မက်,မက်နေဆဲဖြစ်ကြောင်း၊ အမှန်တကယ် မနိုးထသေးကြောင်း သဘောပေါက်လိုက်မိလေသည်။

တတိယအကြိမ်တွင် သူ တံခါးခေါက်သံ ကြားလိုက်ရပြီးနောက် အခန်းထဲတွင် အသင့်ပြင်ထားသည့် ဓားကို ဆွဲကာ သူ့လက်ချောင်းကို သူ ဓားဖြင့် ထိုးကြည့်လိုက်မိသည်။

သွေးထွက်နေသော်လည်း နာကျင်မှုကို မခံစားရသောကြောင့် သူ့ကိုယ်သူ အိပ်မက်,မက်နေကြောင်း သေချာသွားခဲ့ပြန်သည်။

တံခါးဖွင့်ပြီးနောက် သူက ဝမ်းကွဲညီဖြစ်သူအား အရင်ဦးစွာ ဓားဖြင့် ထိုးသတ်လိုက်သော်လည်း ‘ဖခင်’၏ နောက်ကျောမှ ဓားဖြင့် ထိုးခြင်းကို ခံလိုက်ရပြန်သည်။

စတုတ္ထအကြိမ်တွင် သူ တံခါးမဖွင့်ပေးခဲ့ပေ။ အိပ်မက် မက်နေဆဲဖြစ်ကြောင်းကို အတည်ပြုပြီးချိန်တွင် ဟိုင်မင်သ ပြတင်းပေါက်အား ဖွင့်၍ ခုန်ချလိုက်ပြီးနောက် အိပ်မက်မှ ‘နိုးထ’လာနိုင်ခဲ့သည်။

ပဥ္စမအကြိမ် သူ ‘နိုးထ’လာချိန်တွင် အိပ်ခန်းထဲ၌မဟုတ်ဘဲ။ ဧည့်ခန်းထဲတွင် ဖြစ်နေခဲ့သည်။

အပြင်ဘက်မှ တံခါးခေါက်သံကို ကြားလိုက်ရပြန်သည်။

ဝမ်းကွဲညီပင်ဖြစ်နေခဲ့ပြန်၏။

သူက ‘ဖခင်’ဖြစ်သူအား တံခါးဖွင့်ခွင့်မပြုခဲ့ပေ။ ထို့နောက် ‘ဖခင်’ဖြစ်သူနှင့် စကားများခဲ့ပြန်သည်။

အိပ်မက်ထဲတွင် ဆယ်ကြိမ်ခန့် သေဆုံးပြီးနောက် ဟိုင်မင် ခက်ခက်ခဲခဲ နိုးထလာနိုင်ခဲ့သည်။

သူ ခုတင်ပေါ်မှ ပြုတ်ကျသွားခဲ့ပြီး မြီးညှောင့်ရိုးမှာလည်း နာကျင်နေခဲ့သည်။

သို့သော် ထိုနာကျင်မှုကြောင့်ပင် သူက အိပ်မက်,မက်နေခြင်းမဟုတ်ကြောင်း သေချာသွားခဲ့လေသည်။

ဟိုင်မင် ကြမ်းပြင်ပေါ်မှ ထ,ထိုင်လိုက်ပြီးနောက် အိပ်ရာဘေးတွင် အသင့်ဆောင်ထားသော ဓားမြှောင်အား ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားလိုက်သည်။

ထို့နောက် အိပ်ခန်းတံခါးအား သေသေချာချာ လော့ချထားလိုက်လေသည်။

သူ တစ်နေကုန် ထိုတံခါးမှ ခြေတစ်လှမ်းပင် မထွက်ဟုလည်း ဆုံးဖြတ်ချက် ချလိုက်သည်။

သူ ဖုန်းကို ကောက်ကိုင်လိုက်ပြီးနောက် အေးစက်နေသည့် ဖုန်း၏ အပူချိန်ကြောင့် လက်ချောင်းများက ရေခဲတုံးကိုင်ထားမိသည့်အလား ထုံကျဉ်သွားခဲ့ရသည်။

ဖုန်းထဲမှ အက်ပလီကေးရှင်းအား ဖွင့်ကြည့်လိုက်ချိန်တွင် ‘သေဆုံးခြင်းမှတ်စု’က လွန်ခဲ့သော ဆယ်မိနစ်ခန့်ကမှ ပို့စ်အသစ်တင်ထားကြောင်းကို တွေ့လိုက်ရသည်။

ဟောကိန်းအသစ်သည်လည်း သေဆုံးခြင်းနှင့်ပတ်သတ်သည့် အကြောင်းအရာသာဖြစ်သည်။

သို့သော် သေဆုံးစေမည့် အကြောင်းအရာနေရာတွင် ‘မသိနိုင်သေး၊ ဆိုင်းငံ့ဆောင်ရွက်နေဆဲ’ ဟုသာ ရေးသားထားခဲ့သည်။

ပို့စ်အောက်မှ မှတ်ချက်များတွင် လူစည်ကားနေခဲ့သည်။

[ဆဌမမြောက် သေဆုံးခြင်းမှတ်စုလို့ ထင်ရတဲ့စာလည်း ထွက်လာပြန်ပြီ ၊ ဒီတစ်ခါကျတော့ အနာဂတ်ဟောသူက သေဆုံးရမယ့် အကြောင်းအရာကို မမြင်နိုင်တာများလား?

ဒါမှမဟုတ် သေခြင်းမှတ်စု ထွက်ပုံထွက်နည်းများ ပြောင်းသွားတာလား?]

[‘သေဆုံးစေမည့်အကြောင်းအရာ ဆိုင်းငံ့ဆောင်ရွက်နေဆဲ’ဆိုတာ ဘာကို ဆိုလိုချင်တာလဲမသိဘူး၊ တစ်ခုခုများ ပြောင်းလဲသွားဦးမယ်ဆိုတဲ့ သဘောများလား?]

[ဒါကအနာဂတ်ဟောသူရဲ့ ရေးသားပုံစံမျိုး မဟုတ်ဘူး၊ ကြည့်ရတာ နောက်ထပ် စောက်ရူးတစ်ကောင်က အနာဂတ်ဟောသူလို ဟန်ဆောင်နေပြန်ပြီထင်တယ်၊ ဒီကောင့်ပို့စ်ကို မကြည့်ကြနဲ့ဟေ့]

မကြာခင်မှာပင် အင်တာနက်အသုံးပြုသူများက ထိုပို့စ်အား အတုဟန်ဆောင်သူဟုသာ ယူဆလိုက်ကြပြီးနောက် ပို့စ်ကို စောင့်ကြည့်သူများလည်း လျော့သွားခဲ့သည်။

သို့သော် ဟိုင်မင်ကတော့ ထိုကဲ့သို့မထင်ခဲ့ချေ။

ပို့စ်တွင် ရေးသားထားသော စာများအား ဖတ်ကြည့်လိုက်ပြီးသည်နှင့် သူ၏ စိတ်ထဲတွင် ပြင်းထန်သော ခံစားချက်တစ်ခု ခံစားလိုက်ရသည်။

ထို့ပို့စ်က အမှန်တကယ်ဖြစ်လာလိမ့်မည်ဟုလည်း ယုံကြည်လိုက်မိသည်။

‘သေဆုံးစေမည့်အကြောင်းအရာ ဆိုင်းငံ့ဆောင်ရွက်နေဆဲ’ ဆိုသော စာသားကို သူ သဘောပေါက်လိုက်မိသည်မှာ သူ့အား ဘုရားသခင်မှ လွတ်မြောက်စေမည့် လမ်းသို့ ညွှန်ပြနေခြင်းပင်ဖြစ်သည်။

သူ့တွင် အသက်ရှင်နိုင်မည့် အခွင့်အရေးရှိသေးသည်။ ယနေ့တစ်နေကုန် အသက်ရှင်နေနိုင်ပြီး အိပ်ခန်းတံခါးကိုသာ မဖွင့်ပါက သူ့အနေဖြင့် ဟဲကျောင်ရှန်း၏ သတ်ဖြတ်ခြင်းရန်မှ ရှောင်ရှားနိုင်လိမ့်မည်။

ထိုနည်းလမ်းသာ အလုပ်မဖြစ်ပါက ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားရန် တွေးထားခဲ့သည်။

ထိုသို့ စဉ်းစားပြီးချိန်တွင် ဟိုင်မင်၏ ကြောက်ရွံ့စိတ်များ အနည်းငယ် ပြေလျော့သွားခဲ့ရလေသည်။

ဟဲကျောင်ရှန်း၏ ဝိဉာဉ်j ဤမြေကမ္ဘာမှ မထွက်ခွာနိုင်သေးကြောင်း ပြန်တွေးမိလိုက်ချိန်တွင် သူက လွန်ခဲ့သော နှစ်ဝက်ခန့်က ဖြစ်ပျက်ခဲ့သည့် ပို့စ်များကို ပြန်လည်ရှာဖွေမိလိုက်ပြန်သည်။

ဟဲကျောင်ရှန်း၏ အကောင့်ထဲတွင် ဆဲရေးတိုင်းထွာထားကြသော မှတ်ချက်များကို ဖတ်ကြည့်နေမိရင်း ထိုကလေး အဆဲခံရမှုများလေလေ၊ သူ့စိတ်ထဲတွင် ကျေနပ်လေလေ ဖြစ်နေခဲ့သည်။

မည်မျှပင် အရည်အချင်းရှိပါစေ၊ ဆင်းရဲနွမ်းပါး၍ နောက်ခံအသိုင်းအဝိုင်းမရှိသော လူငယ်တစ်ဦးက ပန်းချီဆုကြီးဖြင့် ထိုက်တန်မှုမရှိပေ။ သူ့စကားအား မည်သူာမျှ ယုံကြည်ကြမည်မဟုတ်။

ဟဲကျောင်ရှန်း၏ လက်စားချေမှုကြောင့် သေဆုံးသွားခဲ့သူများအကြောင်းအား တွေးမိချိန်တွင်လည်း ဟိုင်မင်တွင် သနားဝမ်းနည်းစိတ်မရှိပါချေ။

သူ့အသက်အတွက်သာ စိတ်ပူမိပြီး ထိုလူများ သေဆုံးခြင်းအတွက်တော့ စိတ်ထဲတွင် ကြိတ်၍ ဝမ်းသာနေခဲ့မိသည်။

ဟဲကျောင်ရှန်းအနေဖြင့် သူ၏ လိမ်လည်မှုအကြောင်းကို အတွင်းကျကျသိထားသည့် လူများကို သတ်ဖြတ်လိုက်ခြင်းဖြင့် သူ့အား ကူညီရာရောက်သည်ဟုပင် တွေးနေမိသည်။

သူက နီမြန်းနေသော မျက်ဝန်းအစုံဖြင့် ဖုန်းထဲမှ ပို့စ်အား ဆက်တိုက် refresh လုပ်နေခဲ့ချိန်မှာပင် အခန်းအပြင်မှ အသံသဲ့သဲ့ ကြားလိုက်ရသည်။

တစ်စုံတစ်ယောက်က အခန်းအနီးသို့ လျှောက်လာနေခဲ့ပေသည်။

*

All Chapters