(407) သေဆုံးခြင်းအတွက် ဟောပြောမှု + အစစ်အမှန်နှင့် အတုအယောင် အိပ်မက် + လူသတ်တရားခံ (2)
Vol. 41 Ch. 407
ဌာနဝင်တစ်ဦးက ကိုယ့်နဖူးကိုယ် ပြန်ရိုက်၍ ညည်းညူလိုက်မိသည်။
“ဒါကမှ သွားတာပဲ၊ ရှားနိုင်ငံမှာ လူဆယ်သန်းကျော်မကဘူး ရှိတယ်လေ၊ လူတိုင်းလူတိုင်းမှာလည်း အနည်းဆုံး ဖုန်းတစ်လုံးတော့ ရှိကြတာချည်းပဲ
အခုဆို အင်တာနက်က မတရားကို ပေါ်ပြူလာဖြစ်နေတဲ့အချိန်ဆိုတော့ ပိုဆိုး
ကျွန်တော်တို့တွေ ဟဲကျောင်ရှန်း တစ္ဆေကို ဘယ်လိုလုပ်ပြီး ဖမ်းကြမလဲ?”
သူတို့အားလုံးက သက်ရှိလူများဖြစ်သောကြောင့် အင်တာနက်လိုင်းအတွင်းသို့ ဝင်ရောက်ရန်မှာလည်း မဖြစ်နိုင်သည့် ကိစ္စပင်။
ကုကျစ်စုန့် နောက်တစ်ကြိမ် သက်ပြင်းချမိသည်။
“သူ့ကို ဖမ်းလို့မိနိုင်၊ မမိနိုင်ဆိုတာကို အရမ်းစိတ်မပူနဲ့ဦး၊ အရင်ဆုံး ဟိုင်မင်ကို သွားပြီး ရှာကြရအောင်.. ကျွန်မတို့ နောက်ကျသွားမယ်ဆိုရင်တော့ သူ့ရဲ့ အလောင်းကိုပဲ မြင်ရလိမ့်မယ်”
ဟဲကျောင်ရှန်းအတွက်တော့ သူ၏ မိသားစုပျက်စီးခဲ့ရသော၊ သူ၏ နာမည်ပျက်ခဲ့ရသော အဓိကတရားခံသည်က ဟိုင်မင်ဖြစ်ပေသည်။
သူသည် မီးစာအား ပို၍ အားကောင်းစေခဲ့သူများကို မုန်းတီးနေသည်ဆိုပါက အသားအား အစိမ်းလိုက် ဝါးမျိုပစ်ချင်လောက်သည်ထိ မုန်းတီးနေမည့်သူမှာ မီးတောက်အား စတင်လောင်ကျွမ်းစေခဲ့သူ ဟိုင်မင်ပင် ဖြစ်လိမ့်မည်။
ဟိုင်မင် ယခုအချိန်ထိ အသက်ရှင်နေသေးသည်မှာလည်း သူ့ဘက်မှ လက်စားချေရမည့် နည်းလမ်းအား စဉ်းစားနေဆဲဖြစ်သောကြောင့်သာ ဖြစ်လိမ့်မည်။
သူ့အား အတိတ်တွင် ကြိုးရှည်ရှည်ဖြင့် လှန်ထားပြီး ဆော့ကစားခဲ့သောကြောင့် တထေရာတည်း လက်တုံ့ပြန်လိုခြင်း ဖြစ်ချေလိမ့်မည်။
ဟိုင်မင်တစ်ယောက် ရုတ်တရက် အနာဂတ်အား ကြိုမြင်နိုင်သည့် စွမ်းအင်မျိုး ရလာခဲ့သည့် အကြောင်းရင်းကို သူမ သဘောပေါက်သွားသည်။
ရဲအရာရှိများနှင့် ဝိဉာဉ်ဆိုင်ရာအဖွဲ့တို့ ဤနေရာသို့ ရုတ်တရက် ရောက်ရှိလာခြင်းက သရဲတစ္ဆေ၏ သရုပ်အမှန်အား သိရှိပြီးသောကြောင့် ဖြစ်သည်။
ဟဲကျောင်ရှန်း၏ ကြိုတင်ပြင်ဆင်မှု၊ အစီအစဉ်ချထားခြင်းတို့ကြောင့် သူသည်က ဟိုင်မင်အား အလွတ်ပေးလိမ့်မည်မဟုတ်ပါချေ။
သူက ယခုအချိန်တွင် ဟိုင်မင်၏ နေအိမ်သို့ အင်တာနက်မှတဆင့် သွားရောက်နေနိုင်သည်။
ထိုအဖြစ်အား သဘောပေါက်သွားသည့် အရာရှိများလည်း စိတ်ပူပန်သွားခဲ့ကြသည်။
တာဝန်ကျရဲအရာရှိက အပုတ်နံ့ထောင်းနေပြီး လောက်ကောင်များ တက်နေသည့် အခန်းကြမ်းပြင်နှင့် အိမ်တွင်းမှ အလောင်းများကို ကြည့်လိုက်ပြီးနောက် စိတ်မသက်မသာစွာဖြင့် ပြောလိုက်သည်။
“အဖွဲ့၁နဲ့ အဖွဲ့၂က ဒီနေရာမှာ ဆက်ပြီး စစ်ဆေးဖို့ နေခဲ့ပါ၊
မှုခင်းဆေးဌာနက ဒီမှုခင်းနေရာကို စစ်ဆေးလိမ့်မယ်၊ ကျန်တဲ့လူတွေအကုန်လုံးကတော့ ကျွန်တော်တို့နဲ့အတူ ဟိုင်မင်ရဲ့ နေအိမ်ကို အခုချက်ချင်း လိုက်ခဲ့ပေးပါ”
ဖန်းချန်းမှ တန်ဖိုးကြီးဗီလာတစ်ခုတွင်။
နဖူးပြောင်ပြောင်ဖြင့် သက်လတ်ပိုင်းအရွယ်လူတစ်ဦးက အိပ်ရာပေါ်တွင် မျက်လုံးများမှိတ်၍ လဲလျောင်းနေခဲ့သည်။
သူက အိပ်မက်ဆိုး မက်နေဟန်ပေါ်သည်။ ဖုန်းမျက်နှာပြင်နှင့် ဓာတ်ပုံများ၏ နောက်ကွယ်မှ နူးညံ့ကြင်နာတတ်သည့် လူမဟုတ်တော့ချေ။
ချွေးများ စိုရွှဲနေပြီး မျက်နှာတစ်ခုလုံးသည်လည်း နီမြန်းနေခဲ့သည်။
“ငါ့ကို မသတ်ပါနဲ့… ငါ.. ငါမှားသွားပါတယ်!”
“ငါ မင်းရဲ့ ပန်းချီကားကို ခိုးခဲ့မိပါတယ်.. ဟုတ်ပါတယ် ငါက တိရိစ္ဆာန်တစ်ကောင်ပါ! ခွေးတွေ ဝက်တွေထက်ကို အသုံးမကျတဲ့ အကောင်ပါ! အား!”
အော်သံကျယ်နှင့်အတူ သက်လတ်ပိုင်းအရွယ်လူကြီးက ရုတ်တရက် အိပ်မက်မှ လန့်နိုးလာခဲ့သည်။
သူ၏ မျက်ဆံများက ပြူးကျယ်နေခဲ့သည်။ ထို့နောက် တုန်ယင်စွာ ထထိုင်လိုက်ပြီး ခုတင်ပေါ်တွင် မောဟိုက်နေခဲ့လေသည်။
သူက အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။
ထိုအရာက အိပ်မက်သာဖြစ်နေခဲ့သည်။
သူ သတိမထားမိသည့်အရာတစ်ခုမှာ ခုတင်ပေါ်တွင် တင်ထားသော မိုဘိုင်းဖုန်းသည်က ဖုန်းအဝင်၊ မက်ဆေ့ချ်အသစ် မဝင်ပါဘဲနှင့် ပွင့်လာခဲ့ပြီး ဖုန်းကာဗာတွင်လည်း ရေခဲလွှာပါးပါးတစ်ထပ် ဖုံးလွှမ်းနေခဲ့ခြင်းပင်။
မမြင်နိုင်သော လေဆိုးလေညစ်များက ဖုန်းမှတဆင့် ပျံ့လွှင့်လာခဲ့ပြီးနောက် အချိန်ခဏလေးအတွင်းမှာပင် အခန်းတစ်ခန်းလုံးက အေးစက်သွားခဲ့သည်။
သာမန်မျက်လုံးဖြင့် မမြင်မတွေ့နိုင်သော ယင်စွမ်းအင်များက ဖွဲ့စည်းပုံတစ်ခု ဖြစ်လာခဲ့ပြီးနောက် ပင်ကိုယ်က အလင်းရောင်ကင်းမဲ့ကာ ပိတ်ဆို့နေသည့် အခန်းအား ပို၍ပင် မှောင်မိုက်သွားစေခဲ့သည်။
ထိုအချိန်တွင် ပိတ်ထားသည့် အခန်းတံခါးဝကို အပြင်မှ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိတ်လန့်နေသော သက်လတ်ပိုင်းအရွယ်လူကြီးမှာ အသံကြောင့် တုန်ရီသွားခဲ့ပြီးနောက် တံခါးပေါက်အား ရန်လိုသည့် မျက်နှာဖြင့် စူးစိုက်ကြည့်လိုက်သည်။
“ဘယ်သူလဲ?!”
“အားမင်၊ မင်းအဆင်ပြေရဲ့လား၊ အထဲမှာ တစ်ခုခု ဖြစ်လို့လားဟင်?”
အခန်းပြင်မှ အသံမှာ တုန်ယင်နေသော အဖိုးအိုတစ်ဦး၏ အသံဖြစ်ပေသည်။
ရင်းနှီးနေသော ဖခင်ဖြစ်သူ၏ အသံအား ကြားလိုက်ရပြီးနောက် ခုတင်ပေါ်တွင် ပုံကျနေခဲ့သော ဟိုင်မင်က သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ထို့နောက် စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
“ဘာအကြောင်းကိစ္စမှ မရှိရင် တံခါးမခေါက်ပါနဲ့လို့ ကျွန်တော်မပြောထားဘူးလား? ဘာမှမဟုတ်ဘူး၊ ဒီအတိုင်း အိပ်မက်ဆိုးမက်တာ..”
အခန်းအပြင်ဘက်မှ အဖိုးအိုလည်း တွေဝေနေပြီးနောက် သားဖြစ်သူအား ညစာစားရန်အတွက် ထွက်လာရန် နှစ်ကြိမ်ခေါ်လိုက်မိသည်။
သားဖြစ်သူ၏ ဆူပူကြိမ်းမောင်းခြင်း ခံလိုက်ရပြီးနောက် သက်ပြင်းချကာ လှည့်ထွက်လာခဲ့ပြီး ဧည့်ခန်းတွင်းမှ ဆိုဖာပေါ် ထိုင်ချလိုက်မိလေသည်။
ယခုအချိန်ကာလအတွင်း မိသားစု၌ ပြောင်းလဲမှုများက ကြီးမားလွန်းလှသည်။
သားဖြစ်သူ ဟိုင်မင်က ကမ္ဘာအဆင့်ဆုတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် မီဒီယာများတွင်လည်း ဖော်ပြခြင်းခံရပြီး အွန်လိုင်းပေါ်မှ လူအများ၏ ချီးကျူးခြင်းလည်း ခံခဲ့ရသည်။
သူနှင့်ပင် အမျိုးမတော်စပ်သော ဆွေမျိုးများသည်လည်း သူ့ထံသို့ ဖုန်းဆက်၍ သားဖြစ်သူသည် ပန်းချီဆရာကြီးတစ်ဦး ဖြစ်လာမည့်အကြောင်း ချီးမွမ်းထောပနာစကားများ ဆိုခဲ့ကြသည်။
ပို၍ သိသာထင်ရှားလွန်းသော ပြောင်းလဲမှုမှာ သားဖြစ်သူ နာမည်ကျော်လာပြီး နှစ်လ၊သုံးလခန့်အကြာတွင် သူတို့၏ အိပ်ခန်းသုံးခန်းပါသော နေအိမ်လေးမှ လေးထပ်ရှိသည့် ဗီလာတစ်ခုသို့ ပြောင်းရွေ့လာနိုင်ခဲ့ခြင်းပင်။
အိမ်တက်ပွဲကျင်းပစဉ်က မိသားစုဆွေမျိုးများသည် သူတို့အား ချီးကျူး၍ မဆုံးသောကြောင့် အဖေဟိုင်မှာလည်း ဂုဏ်ယူ၍ မဆုံးဖြစ်ခဲ့ရသည်။
ထိုသို့ ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများနောက်ကွယ်တွင် သားဖြစ်သူက တစ်နေ့တစ်ခြား ပို,ပို၍ ထူးဆန်းလာကြောင်းကိုလည်း အဖေဟိုင် သတိထားမိလိုက်လေသည်။
သားဖြစ်သူသည်က အခန်းထဲတွင် သော့ခတ်၍ တစ်ယောက်တည်း ‘ကြိုတင်ဟောကိန်း’ ‘လက်စားချေရမယ်’ စသည့်စကားများအား ရေရွတ်ပြောဆိုနေတတ်သည်။
တစ်ရက်တွင် သူ သားဖြစ်သူ၏ အခန်းအား သန့်ရှင်းရေးပြုလုပ်ရန် အခန်းတံခါး ဖွင့်လိုက်မိသည်။
တံခါးဖွင့်လိုက်သည်နှင့် တပြိုင်နက် မျက်လုံးများ နီရဲနေသော သားဖြစ်သူ၏ လက်သီးဖြင့် အထိုးခံလိုက်ရသောကြောင့် နဖူးပေါက်သွားခဲ့ရလေသည်။
နောက်ပိုင်းတွင်တော့ သားဖြစ်သူက ဖြေရှင်းချက်ပြန်ပေးခဲ့သည်။
“ကျွန်တော် အခုတလော အိပ်မက်ဆိုးတွေ ခဏခဏ မက်နေတာ၊ တစ်ခါတစ်လေဆိုရင် အိပ်မက်လား၊ တကယ်ဖြစ်နေတာလားဆိုတာတောင် မသဲကွဲတော့ဘူး
အဖေက ကျွန်တော့်အခန်းထဲကို ရုတ်တရက် ဝင်လာတယ်ဆိုရင် ခုနတုန်းကလိုမျိုး ထိခိုက်အောင် လုပ်မိသွားလိမ့်မယ်! နောက်ဆို ကျွန်တော့်အခန်းထဲကို ဇွတ်ဝင်မလာပါနဲ့!!”
ဟိုင်မင်၏ စကားအား ကြားရပြီးနောက် အဖေဟိုင်က ပျော်ရွှင်စွာ လက်မခံရဲခဲ့ဘဲ သားဖြစ်သူအတွက် စိုးရိမ်စိတ်ပင် ပို၍ တိုးလာခဲ့သည်။
အိပ်မက်နှင့် အမှန်တရားအား မည်သို့သောသူက မခွဲခြားနိုင်ပါသနည်း?
သို့သော် သားဖြစ်သူအား မကြာခဏ မေးမြန်းကြည့်မိသော်လည်း သားဖြစ်သူသည် သူ့အား စိတ်ဆိုးမာန်ဆိုးဖြင့်သာ အော်ငေါက်ခဲ့သည်။
သူ၏ အိပ်မက်များသည်က သူ့အား ပန်းချီဆွဲရာတွင် ကူညီပေးသော၊ စိတ်ခွန်အားပေးသည့် အိပ်မက်များ ဖြစ်ကြောင်းသာ ပြောဆိုခဲ့သည်။
ယခုကြားရသည့်အသံအရ သားဖြစ်သူက နောက်ထပ် အိပ်မက်ဆိုးတစ်ခု မက်နေဟန်ပေါ်သည်။
အခန်းထဲတွင်တော့။
ဖခင်ဖြစ်သူအား နှင်ထုတ်လိုက်ပြီးနောက် ဟိုင်မင် နဖူးမှ ချွေးများအား သုတ်လိုက်သည်။ ထို့နောက် သုန်မှုန်နေသော မျက်နှာဖြင့် အိပ်ရာဘေးမှ လုံးထွေးထားသော စာရွက်နှင့် ဘောပင်တို့အား ကောက်ယူကာ အိပ်မက်တွင်းမှ မြင်ကွင်းအား မှတ်တမ်းယူထားလိုက်သည်။
“ဒီနေ့ အခန်းတံခါးကို လုံးဝမဖွင့်ရဘူး၊ ဖွင့်တာနဲ့ သေမယ်”
လွန်ခဲ့သော ရှစ်ရက်ခန့်က ဟိုင်မင်က ရုတ်တရက် တန်ဖိုး မြင့်တက်သွားသော ‘နာမည်ကျော်ပန်းချီဆရာတစ်ဦး’ ဖြစ်လာခဲ့သည်။
သူ့ထံသို့ ကမ္ဘာအဆင့်ပန်းချီဆုတံဆိပ်မှ ဂုဏ်သတင်းများ၊ ကျော်ကြားမှုများသည် အတောမသတ်နိုင်သည့် စည်းစိမ်များကို ယူဆောင်လာပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် ထိုကျော်ကြားမှုများက သူ့ထံသို့ ပြဿနာများ ယူဆောင်လာခဲ့သည်။
‘ရေဝဲဂယက်’၏ ပန်းချီလက်ရာဟန်သည် ထင်ရှားပြောင်မြောက်လှသည့် လက်ရာတစ်ခုဖြစ်ပြီး သူ ကျွမ်းကျင်သည့် ပုံစံမျိုး မဟုတ်ပေ။
သို့သော် ဆုတံဆိပ်အား လက်ခံရရှိပြီးချိန်တွင် သူ၏ ဆရာဖြစ်သူမှ ပန်းချီပညာရှင်အစည်းအရုံး၌ ပါဝင်နိုင်ရန် ထောက်ခံချက်ပေးခဲ့သည်။
ထိုအစည်းအရုံးသည်က နိုင်ငံတကာအဆင့် ထူးချွန်ပြောင်မြောက်သော ပညာရှင်များ စုဝေးရာ နေရာတစ်ခုဖြစ်ပြီး ထိုပညာရှင်များမှာ သူ့ထံမှ ပန်းချီလက်ရာအသစ်များ၊ ပြပွဲအသစ်များ ကျင်းပနိုင်ရန် စောင့်မျှော်နေကြသူများဖြစ်ပေသည်။
ဟိုင်မင်သည်က ယခင်က ဟဲကျောင်ရှန်း တင်ပြခဲ့သည့် အိမ်စာများ၊ ထိုသူချန်ရစ်ခဲ့သော ပန်းချီလက်ရာအကြမ်းများအား အသုံးပြု၍ ပုံစံတူ ဖန်တီးရေးသားရန် ကြိုးစားခဲ့သော်ငြား မအောင်မြင်ခဲ့ပေ။
သူ စိတ်ပူပန်ကာ စိုးရိမ်နေခဲ့မိသည်။
တစ်ချိန်တည်းမှာပင် ကျောင်းသားငယ်၏ ပညာထူးချွန်မှု၊ အရည်အချင်းတို့အား မနာလိုအူတိုစိတ်များသည်က သူ့နှလုံးသားတွင် တောမီးလောင်သကဲ့သို့ ပျံ့နှံ့နေခဲ့သည်။
မှန်ပေ၏။ ဟိုင်မင်သည်က ဟဲကျောင်ရှန်း၏ ပန်းချီပညာအရည်အချင်း၊ အနုပညာစွမ်းရည်တို့အား မနာလိုဖြစ်နေခဲ့သည်။
နိုင်ငံမှ တစ်ခါမှပင် ထွက်မသွားခဲ့ဖူးသော၊ နာမည်ကျော်ဆရာသမားများအောက်တွင် ပညာဆည်းပူးခဲ့ခြင်းမရှိသော တောမှ တက်လာသည့် လူငယ်လေးတစ်ဦးတွင် အဘယ်ကြောင့် ထိုကဲ့သို့ အရည်အချင်းမျိုး ရှိနေရပါသနည်း?
ဘုရားသခင်သည်က တရားမျှတမှုမရှိပါချေ။