← Chapters

(406) သေဆုံးခြင်းအတွက် ဟောပြောမှု + အစစ်အမှန်နှင့် အတုအယောင် အိပ်မက် +  လူသတ်တရားခံ (1)

Vol. 41 Ch. 406

(406) သေဆုံးခြင်းအတွက် ဟောပြောမှု + အစစ်အမှန်နှင့် အတုအယောင် အိပ်မက် +  လူသတ်တရားခံ (1)

Vol. 41 Ch. 406

အစည်းအဝေးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး ရင်ထဲတွင်လည်း လေးလံစွာ မသက်မသာ ခံစားနေခဲ့ကြရသည်။

“ကောင်းပြီ အရင်ဆုံး စိတ်ကို လျှော့ပြီး ဆက်စုံစမ်းကြရအောင်၊ အကောင်းဆုံးရလဒ်ကတော့ ဟဲကျောင်ရှန်းအတွက် တရားမျှတမှုကို ရှာပေးပြီး သူ့ရဲ့နာမည်ဆိုးကို ဖျောက်ပေးလိုက်ကြတာပေါ့”

အမှုတွင် ပါဝင်နေသူများအား အဝိုင်းဖြင့် မှတ်သားလိုက်ပြီးနောက် ငါးယောက်မြောက် သေဆုံးသူကတော့ မည်သူဖြစ်ကြောင်းကို မသိရသေးပေ။

“ထူးဆန်းတာက ငါးယောက်မြောက်သေဆုံးသူပဲ၊ အဲဒါက ဘယ်သူဖြစ်မလဲဆိုတာ မသိရသေးဘူး”

ထိုအချိန်တွင် ကုကျစ်စုန့် ဖြည်းညင်းစွာ ပြောလိုက်သည်။

“အဲဒါက ဖန်းချန်းအနုပညာတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ပဲဖြစ်လိမ့်မယ်”

ရဲအရာရှိများ: “?!!”

ဝိဉာဉ်ဆိုင်ရာအထူးဌာနဝင်များ: “?!!”

“ကုတောက်ကျန့် ဘယ်လိုလုပ်သိတာလဲ? သေချာရဲ့လား?”

“မျက်နှာကိုဖတ်ပြီး သိလိုက်တာလေ”

သူမ လွန်ခဲ့သော ၆လခန့်က ဖြစ်ပွားခဲ့သည့် ‘ကူးချခြင်း’ပြဿနာ၏ အကြောင်းအရာများ၊ ပါဝင်ပတ်သတ်သူများအကြောင်းကို ရှာဖွေလေ့လာပြီးဖြစ်ပေသည်။

သူမ၏ တွေ့ရှိချက်အရ ယခု သေဆုံးခဲ့ရသော လေးဦးနှင့် ဟိုင်မင်တို့အပြင် ဟဲကျောင်ရှန်း မုန်းတီးနေမည့်လူ နောက်တစ်ဦး ကျန်ရှိသေးကြောင်း သိခဲ့ရသည်။

ဖန်းချန်းအနုပညာတက္ကသိုလ်၏ ပါမောက္ခချုပ်အိုကြီးပင်။

ထိုလူသည်က ပင်စင်ယူခါနီးပြီဖြစ်သည်။ သူသည် အနုပညာလောကတွင်လည်း နာမည်ရထားသူတစ်ဦးဖြစ်ပြီး ဟိုင်မင်၏ ဆရာလည်းဖြစ်ပေသည်။

ယခုနှစ် အောက်တိုဘာလ၊ လွန်ခဲ့သော တစ်လခန့်က ဟိုင်မင်အား အနုပညာအစည်းအရုံးသို့ ဝင်ရောက်ရန် ထောက်ခံပေးခဲ့သူလည်း ဖြစ်သည်။

ထိုလူသည်က ပြဿနာဖြစ်ပြီးနောက် ကျောင်း၏ နာမည်ဂုဏ်သိက္ခာမညှိုးနွမ်းစေရန်ဟု ခေါင်းစဉ်တပ်၍ ဟဲကျောင်ရှန်းအား ကျောင်းမှ ထုတ်ပယ်ခဲ့သူလည်း ဖြစ်သည်။

ပန်းချီလောကတွင်ရှိသည့် သူ၏ နာမည်တစ်လုံးကြောင့် ပန်းချီလောကသားအားလုံးက ဟဲကျောင်ရှန်းအား အကျင့်ပျက်ကလေးဟု သမုတ်လိုက်ကြပြီး ပန်းချီလောကမှ ဖယ်ကြဉ်ထားခဲ့ကြသည်။

သူသည်က လူတကာ၏ ဆဲရေးတိုင်းထွာ၊ ရိုက်ပုတ်ခံရသော လမ်းဖြတ်ကူးသည့် ကြွက်စုတ်တစ်ကောင်အလား ဆက်ဆံခံခဲ့ရပြီး နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။

ထိုပါမောက္ခချုပ်က ဟိုင်မင်၏ ဆရာဖြစ်သည်။ ဟိုင်မင်၏ အဆင့်အတန်းနှင့် ပန်းချီရေးဆွဲဟန်တို့အား သူ ကောင်းကောင်းသိသည်။

အမှန်တရားက မည်သို့ဖြစ်ကြောင်းကိုလည်း သူသိထားရပေလိမ့်မည်။

သို့သော် သူသည်က ကျောင်း၏ ဂုဏ်၊ သူ၏ အကျိုးအမြတ်တို့ကိုသာ ဦးစားပေးခဲ့ပြီး အမှန်တရားအား လျစ်လျှူရှုထားခဲ့သည်။

ထိုမျှပင်မက၊ ဟဲကျောင်ရှန်းအား သေစေရန် တွန်းအားပေးခဲ့သူတစ်ဦးလည်းဖြစ်ခဲ့သည်။

ကုကျစ်စုန့်သာ ဟဲကျောင်ရှန်းဆိုပါက ထိုလူအိုကြီးအား မမုန်းဘဲ နေနိုင်မည်မဟုတ်ပါချေ။

ထိုလူအိုကြီး၏ ဓာတ်ပုံအား အင်တာနက်မှ ရှာဖွေကြည့်လိုက်ချိန်တွင် ထိုလူ၏ အသက်စွမ်းအင်ကိုလည်း အာရုံမခံနိုင်ခဲ့ပေ။

ပါမောက္ခချုပ်အိုကြီးက သေဆုံးနှင့်ပြီးဖြစ်ပေသည်။

တာဝန်ကျရဲအရာရှိက ကျောင်းထံသို့ ဖုန်းဆက်သွယ်ခဲ့ပြီးနောက် ပါမောက္ခချုပ်အိုကြီးသည် ကျောင်းမလာသည်မှာ လဝက်ခန့်ရှိပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

သူသည်က မိသားစုကိစ္စများအရ ခွင့်ရက်ရှည်ယူထားခဲ့သည်။

ပါမောက္ခချုပ်ကြီး၏ အမျိုးသမီးမှာ ပြင်းထန်သော ဝေဒနာ ခံစားနေခဲ့ရပြီး လက်ရှိတွင် အခြေအနေမကောင်းဟု သိထားရသည်။

အဝေးမှ သားသမီးများ၊ အလုပ်မှ လုပ်ဖော်ကိုင်ဖက်များအား ပြောဆိုခဲ့သည်မှာ သူ၏ ဇနီး အခြေအနေ မဟန်တော့သောကြောင့် ပြုစုရန်ဟုပင်ဖြစ်ပေသည်။

ပြီးခဲ့သည့် ဆယ်ရက်အတွင်း ပါမောက္ခချုပ်အိုကြီးက ဇနီးဖြစ်သူနှင့် ခရီးထွက်သွားခဲ့ပြီးနောက် ရှုခင်းဓာတ်ပုံများ၊ နောက်ကျောပုံများကို ပို့စ်တင်ထားခဲ့သည်။

ထိုဓာတ်ပုံအား ကြည့်လိုက်ပြီးနောက် ကုကျစ်စုန့် စကားဆိုသည်။

“ဓာတ်ပုံကတော့ အစစ်ပဲ၊ ဒါပေမဲ့ ဓာတ်ပုံထဲက လူက သူမဟုတ်ဘူး”

အရာရှိများလည်း တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်လိုက်မိသည်။

နာရီဝက်ခန့်ကြာပြီးနောက် ရဲအရာရှိများက ပါမောက္ခချုပ်အိုကြီးနေထိုင်ရာ အိမ်ရာသို့ ရောက်ရှိသွားခဲ့ကြသည်။ အိမ်ရာသို့ ရောက်ရှိချိန်တွင် လျှောက်လမ်းအနီး စကားစမြည်ပြောဆိုနေကြသော အိမ်နီးချင်းများအား မေးမြန်းခဲ့ကြသည်။

အိမ်နီးချင်းများ၏ စကားအရ ပါမောက္ခချုပ်ကြီးနှင့် သူ၏ ဇနီးတို့က ခရီးထွက်သွားခဲ့ပြီး ပြန်မလာသည်မှာ ဆယ်ရက်ခန့်ရှိပေပြီ။

ပါမောက္ခချုပ်နေထိုင်ရာ အထပ်သို့ တက်လာခဲ့ကြပြီးနောက် ဓာတ်လှေကားတံခါး ပွင့်လာသည်နှင့်တပြိုင်နက် ကုကျစ်စုန့်သည် ပင်လယ်စာတစ်ခုခု ပုတ်သိုးနေသကဲ့သို့ ညှီစို့စို့အနံ့တစ်ခု ရလိုက်သည်။

ထိုနေရာတွင် ဖွဲ့စည်းပုံဖြင့် ကာကွယ်ထားသောကြောင့် သာမန်လူများသည်က ထိုအနံ့ကို မရနိုင်သော်လည်း သူမ၏နှာခေါင်းထဲကိုတော့ တိုးဝင်လာခဲ့သည်။

သူမက ဘေးနားမှ လူအား ခေါင်းအသာငြိမ့်ပြလိုက်သည်နှင့် အဖွဲ့သားများလည်း သဘောပေါက်သွားကြပြီး အနည်းငယ် စိတ်လှုပ်ရှားသွားကြ သည်။

ပါမောက္ခချုပ်က အိမ်ရာအဟောင်းတစ်ခုတွင် နေထိုင်သူဖြစ်သည်။တံခါးသည်လည်း နှစ်ထပ်ဖြစ်သည်။

အပြင်တွင် သူခိုးမဝင်နိုင်စေရန် သံတံခါးတစ်ထပ်ကာရန်ထားပြီး အတွင်း၌ သစ်သားတံခါးတစ်ချပ်ရှိသည်။

တံခါးနှစ်ထပ် ပိတ်ထားသော်ငြား တံခါးကြားမှတဆင့် ယင်စွမ်းအင်များ၊ အလောင်းစွမ်းအင်များက ဆက်တိုက် ပျံ့နှံ့နေခဲ့သည်။

ကုကျစ်စုန့် အနည်းငယ် စိတ်ရှုပ်သွားဟန်ပေါ်ပြီးနောက် တည်ငြိမ်စွာပင် ကျမ်းစာရွက်အချို့ ထုတ်ယူလိုက်သည်။

သူမ၏ လက်ကို မြှောက်လိုက်ချိန်တွင် အဝါရောင်ကျမ်းစာရွက်ငယ်က လေမတိုက်ပါဘဲနှင့် လွင့်ပျံသွားခဲ့ပြီး သံတံခါးပေါ်တွင် ကပ်ကာ အဌဂံဖွဲ့စည်းပုံတစ်ခု ပေါ်လာခဲ့သည်။

ကျမ်းစာရွက်မှ အလင်းရောင်က စူးရှစွာ ထွက်ပေါ်လာပြီးနောက် ပြန်လည်မှေးမှိန်သွားခဲ့သည်။

ထိုသို့ မှော်ဆန်သော မြင်ကွင်းကြောင့် သာမန်ရဲအရာရှိများမှာ မျက်လုံးပြူး၊ မျက်ဆံပြူးဖြင့် ထူးဆန်းအံ့ဩစွာ ကြည့်ရှုနေခဲ့ကြသည်။

ထိုအရာသည်က သာမန် ‘မကောင်းဆိုးဝါးဖိနှိပ်ခြင်းဖွဲ့စည်းပုံ’တစ်ခုသာ ဖြစ်ပေသည်။

ဤအခန်းထဲတွင် သရဲတစ်ကောင် ရှိနေမည်ဟု ကုကျစ်စုန့် သေချာပေါက်သိနေခဲ့သည်။

ထိုသရဲတစ္ဆေက တံခါးကြား၊ ပြတင်းတံခါးရွက်များအကြားမှ ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိစေရန် ဖွဲ့စည်းပုံတစ်ခုအား ကြိုတင်ပြင်ဆင်ကာ တစ်အိမ်လုံးကို ကာကွယ်ခဲ့ခြင်းပင်ဖြစ်သည်။

တစ်ဖက်မှ တစ္ဆေအား ထွက်ပြေးရန် အခွင့်အရေးမရှိအောင် လမ်းပိတ်ထားခဲ့ခြင်းပင်။

ဖွဲ့စည်းပုံအား ပြင်ဆင်ပြီးနောက် သူမ ၏လက်ချောင်းထိပ်ဖြင့် တစ်ချက်တောက်လိုက်ချိန်တွင် အားကောင်းသော ချီစွမ်းအင်က တံခါးသော့အား သွားရောက်ရိုက်ခတ်သွားခဲ့သည်။

ထို့နောက် အပြင်မှ တံခါး၏ သော့များက အသံတစ်ချက်မမြည်ဘဲ နှစ်ပိုင်းပြတ်သွားလေသည်။

သူမ တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်ချိန်တွင် အတွင်းမှ အားကောင်းသော မကောင်းဆိုးဝါးဝိဉာဉ်စွမ်းအင်များ ပျံ့နှံ့လာခဲ့ပြီးနောက် မြူခိုးများအလား လွင့်ပျံလာခဲ့သည်။

ထိုမြူခိုးများအား မြင်ရပြီးနောက် ကုကျစ်စုန့်၏ မျက်နှာက အနည်းငယ်တင်းမာသွားခဲ့ပြီး အိမ်ထဲတွင် ဆင်ထားသော ပုံရိပ်ယောင်များအား တိုက်ရိုက်ဖျက်ဆီးပစ်လိုက်သည့် ဂါထာမန္တာန်တစ်ခု ရွတ်ဖတ်လိုက်သည်။

သူမအား အံ့ဩသွားစေသည့်အရာမှာ ထိုနေအိမ်ထဲမှ တစ္ဆေက သာမန်အဆင့်မျှသာ ရှိပြီး ဖွဲ့စည်းပုံမှာလည်း အင်မတန် အားနည်းသော ဖွဲ့စည်းပုံတစ်ခုဖြစ်သည်။

သူမအား တစ်စက္ကန့်မျှပင် တားဆီးထားနိုင်စွမ်းမရှိပေ။ စက္ကူတစ်ရွက်အလား ဖျက်ဆီးခံလိုက်ရပြီးနောက် အိမ်တစ်ခုလုံးသည်လည်း မူလပုံစံအမှန် ပေါ်ထွက်လာခဲ့သည်။

ယခင်က တစ္ဆေ၏ ဖွဲ့စည်းပုံဖြင့် ဖုံးအုပ်ခံထားရသည့် ရွံရှာစက်ဆုပ်ဖွယ်ကောင်းလွန်းသော အလောင်းအနံ့ဆိုးသည်လည်း ထောင်းခနဲ ထွက်လာခဲ့သည်။

အိမ်အတွင်းမှ မြင်ကွင်းက မြင်လိုက်ရသူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။

အိမ်ထဲတွင် ပုတ်သိုးနေပြီဖြစ်သော အလောင်းနှစ်လောင်း ရှိနေခဲ့သည်။

အိမ်ထဲမှ ထွက်ပေါ်လာနေဆဲဖြစ်ပြီး ထွက်ပြေးရန် ကြံစည်နေသော မကောင်းဆိုးဝါးဝိဉာဉ်စွမ်းအင်များအား အာရုံခံစားလိုက်ရပြီးနောက် ကုကျစ်စုန့်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။

ထို့နောက် တောက်ဓမ္မစွမ်းအင်များဖြင့် ဖုံးအုပ်ထားသော အဖြူရောင်ကျားစေ့တစ်စေ့အား မကောင်းဆိုးဝါးဝိဉာဉ်၏ သွားရာအတိုင်း အတိအကျ ချိန်ဆ၍ ပစ်လိုက်သည်။

ဆူညံသံကျယ်လောင်စွာထွက်ပေါ်လာခဲ့ပြီးနောက် ကျားစေ့လေးသည် ကွန်ပြူတာစားပွဲပေါ်မှ မော်နီတာအား ထိမှန်သွားခဲ့ပြီး မော်နီတာတစ်ခုလုံးကို ပေါက်ကွဲသွားစေခဲ့သည်။

သူမ ပျက်စီးသွားသော မော်နီတာအနီးသို့ လျှောက်သွားခဲ့ပြီးနောက် ထိုမော်နီတာမှ ထွက်ပေါ်နေသည့် အားကောင်းသော မကောင်းဆိုးဝါးဝိဉာဉ်စွမ်းအင်ကို အာရုံခံစားမိလိုက်လေသည်။

“ဟဲကျောင်ရှန်းက သူ့ကိုယ်သူ ဘာနဲ့ သတ်သေသွားတာလဲ?”

သူမ ခေါင်းကို လှည့်၍ မေးလိုက်သည်။

မေးခွန်းထုတ်ခံလိုက်ရသူလည်း အနည်းငယ်အံ့အားသင့်သွားပြီးနောက် ပြန်ဖြေခဲ့သည်။

“သူက network ကြိုးနဲ့ သတ်သေခဲ့တာပါ..”

ကုကျစ်စုန့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“မထူးဆန်းတော့ပါဘူး…”

ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့ဝင်လည်း သူမ၏အနီးသို့ လျှောက်လာရင်း မေးလိုက်သည်။

“ဘာဖြစ်လို့လဲ ကုတောက်ကျန့်? အခုလေးတင်ပဲ ဒီအခန်းထဲမှ မကောင်းဆိုးဝါးတစ်ကောင် ချမှတ်ထားတဲ့ ဖွဲ့စည်းပုံတစ်ခု ရှိနေတာမဟုတ်ဘူးလား?”

“ဟုတ်တယ်၊ ဒါပေမယ့် သူထွက်ပြေးသွားတယ်”

ကုကျစ်စုန့် မျက်လုံးများကို အသာမှိတ်လိုက်ရင်း စကားဆက်သည်။

“ကျွန်မ သူ့ကို ကြားခံနယ်ရှိတဲ့ တစ္ဆေတစ်ကောင်ဖြစ်နေလိမ့်မယ်လို့ တွေးမထားခဲ့မိဘူး၊ အမှားလုပ်လိုက်မိတာပဲ”

သရဲတစ္ဆေများ၏ ‘ကြားခံနယ်’ဆိုသည်မှာ ထိုသရဲများ ယာယီ ကူးသန်းသွားလာနိုင်သော အရာအား ဆိုလိုခြင်းဖြစ်သည်။

ဥပမာ- ရေသရဲများ၏ ကြားခံနယ်သည်က ‘ရေ’ဖြစ်သည်။ သူတို့သည်က မြစ်၊ကန်၊ချောင်းများ ရှိနေသ၍ ထိုရေထုများထဲတွင် ကူးသန်းသွားလာနိုင်သည်။

လူစားထိုးအဖြစ် အသုံးပြုနိုင်ရန်အတွက် ရေထုထဲသို့ ကူးသန်းလာကြသည့် သက်ရှိလူများအား ရေနစ်သေဆုံးအောင် ဆွဲနှစ်နိုင်ကြသည်။

ကျွန်းနိုင်ငံတစ်ခု(ဂျပန်)၏ သရဲပုံပြင်များတွင်လည်း ‘ဆာဒါကို’ ဟုခေါ်သော တီဗီအတွင်းမှ တိုးထွက်လာနိုင်သည့် တစ္ဆေတစ်ကောင် ရှိခဲ့သည်။

ယခုအဖြစ်အပျက်မှာလည်း ထိုကဲ့သို့ပင်။သာမန်အခြေအနေများတွင် ‘ကြားခံနယ်’ရှိသော တစ္ဆေသရဲများက အင်မတန် ရှားပါးကြပြီး ထိုကဲ့သို့ တစ္ဆေသရဲများ ဖြစ်ပေါ်လာနိုင်ရန်လည်း ခက်ခဲသည်။

ယခု အိမ်အတွင်း၌ ပုန်းအောင်းနေခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သော တစ္ဆေက ထိုကဲ့သို့သော တစ္ဆေမျိုးပင်ဖြစ်ပေသည်။

သူသည်က အင်တာနက်ကြိုးအား သတ်သေရန် အသုံးပြုခဲ့သောကြောင့် အင်တာနက်ကြိုးလိုင်းသည်က သူ၏ ‘ကြားခံနယ်’ဖြစ်လာခဲ့သည်။

အင်တာနက်တစ်ခုလုံးသည်က သူ၏ ကြားခံနယ်ဖြစ်လာခဲ့ခြင်းပင်။

အင်တာနက်ချိတ်ဆက်ထားသော device တစ်ခုချင်းစီက သူ၏ ပုန်းကွယ်ရာနေရာဖြစ်လာခဲ့သည်။

ထိုသို့ဖြစ်နေခဲ့သောကြောင့် အိမ်အပြင်တွင် ကုကျစ်စုန့် ချမှတ်ထားခဲ့သော ဖွဲ့စည်းပုံများက အလကားဖြစ်သွားခဲ့ရခြင်းပင်။

တစ္ဆေက အိမ်တွင်းမှ ကွန်ပြူတာမှတဆင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ပေသည်။ သာမန်လူများ၊ သာမန်တစ္ဆေဖမ်းနည်းများအနေဖြင့် သူ့အား ဖမ်းမိနိုင်ရန် အဖြစ်နိုင်လောက်အောင် အင်မတန် မြန်ဆန်လွန်းလှသည်။

ဝိဉာဉ်ဆိုင်ရာဌာနဝင်များအနေဖြင့်လည်း အင်တာနက်က တစ္ဆေတစ်ကောင်၏ ကြားခံနယ်ဖြစ်လာနိုင်ကြောင်း ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သောကြောင့် အံ့ဩထူးဆန်းဖြစ်နေခဲ့ကြရသည်။

*

All Chapters