(404) ပါရမီရှင်တစ်ဦး၏ ကျဆုံးခြင်း + ဖျက်ဆီးလိုမှုများ ဖြန့်ဝေခြင်း + အွန်လိုင်းမီဒီယာ (2)
Vol. 41 Ch. 404
သူ၏ ပစ္စည်းများအား အဆောင်သို့ ပြန်ယူလာပေးသည့် အခန်းဖော်သည်လည်း ထိုအိတ်အား ယူဆောင်လာစဉ်က မည်သည့် ပန်းချီကားကိုမျှ မတွေ့ခဲ့ကြောင်း၊ အိတ်ကိုလည်း ဖွင့်ထားခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။
ဟဲကျောင်ရှန်း ဟိုင်မင်အား မေးမြန်းခဲ့ရာတွင်လည်း တစ်ဖက်လူက ရူးချင်ယောင်ဆောင်ကာ ဘူးခံငြင်းခဲ့သည်။
ယမန်နေ့က သူရေးဆွဲခဲ့သော စတူဒီယိုအခန်းသည်လည်း သန့်ရှင်းရေးပြုလုပ်ပြီးဖြစ်သောကြောင့် ထိုအခန်းထဲတွင် မည်သည့်ပစ္စည်းမျှ ရှိမနေခဲ့ပေ။
ဟဲကျောင်ရှန်းတစ်ယောက် တစ်နေကုန် အမှိုက်ပုံးများထဲအထိ ရှာဖွေနေခဲ့ကာ ဝမ်းနည်းလွန်းသောကြောင့် ငိုကြွေးနေခဲ့မိသည်။
ထိုညအချိန်က သူ၏ စိတ်ခံစားချက်၊ အနုပညာခံစားချက်များမှာ အင်မတန် ထူးခြားဆန်းကြယ်၍ တန်ဖိုးကြီးလွန်းသောကြောင့် ထိုကဲ့သို့သော လက်ရာမျိုးအား နောက်တစ်ကြိမ် တုပ၍ ဆွဲနိုင်တော့မည်မဟုတ်ကြောင်း သူကောင်းကောင်း နားလည်သည်။
အတန်ကြာ တိတ်ဆိတ်သွားခဲ့ပြီးနောက် ဟဲကျောင်ရှန်း စိတ်ကို လျှော့လိုက်ပြီးနောက် အမှန်တရားအား လက်ခံလိုက်ရသည်။
ထို့နောက် ဖခင်ဖြစ်သူ၏ ရောဂါအား ကုသနိုင်ရန် ငွေကိုသာ အားစိုက်၍ ရှာဖွေနေခဲ့သည်။
ကမ္ဘာပန်းချီပြိုင်ပွဲ စတင်နေပြီဖြစ်ကြောင်းကို သိထားသော်လည်း သူ့တွင် ပြင်ဆင်ရန် စွမ်းအားရော၊ စိတ်ခံစားချက်ပါ မရှိခဲ့ပေ။
ထို့ကြောင့် သူ ယခင်က ရေးဆွဲထားသော လက်ရာများကိုသာ ရွေးချယ်သည့်အဖွဲ့သို့ ပို့ပေးလိုက်သည်။
တစ်လခန့်ကြာပြီးနောက် ဖခင်ဖြစ်သူ၏ အခြေအနေသည်လည်း တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ကမ္ဘာ့အဆင့်ပန်းချီပြိုင်ပွဲ၏ ပဏာမအဆင့်စာရင်းဝင်နှင့် နောက်တစ်ဆင့်အား တက်လှမ်းနိုင်မည့် စာရင်းဝင်များ ထွက်ပေါ်လာခဲ့သည်။
ဟဲကျောင်ရှန်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပန်းချီများသည်က ပဏာမအဆင့်ထိ တက်ရောက်နိုင်ခဲ့သော်လည်း ပဏာမအဆင့်တွင်သာ ရပ်တန့်သွားခဲ့ရသည်။
သို့သော် ကောလိပ်တက်နေဆဲ ကျောင်းသားငယ်လေးတစ်ဦးအတွက် ကမ္ဘာ့အဆင့်ပြိုင်ပွဲတစ်ခုတွင် ဆန်ကာတင်စာရင်း ဝင်ခဲ့သည်မှာ အင်မတန် ဂုဏ်ယူစရာကောင်းသည့် အရာပင်ဖြစ်ပေသည်။
သူ၏ ဆရာများ၊ ကျောင်းနေဖက်များသည် သူ့အား ဂုဏ်ပြုစာများ ပို့ခဲ့ကြပြီးနောက် သူသည် ပန်းချီလောကထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ အနုပညာအသိုင်းအဝိုင်းမှ လူများသည်လည်း သူ့အား မျက်စိကျသွားပြီဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။
ထိုအရာသည်က သူ့အတွက် ဂုဏ်ယူရမည့် အချိန်တစ်ခုဖြစ်ပေ၏။
သို့သော်လည်း ဒုတိယအဆင့်ရွေးချယ်ခံရသော ပန်းချီကားများအား ကြည့်လိုက်မိချိန်တွင် ကမ္ဘာ့အဆင့် ပြိုင်ပွဲတွင် နောက်ဆုံးအဆင့်ပြိုင်ပွဲအား ဆန်ကာတင်ဝင်နေခဲ့သော ရင်းနှီးနေသည့် ပန်းချီကားတစ်ချပ်နှင့် ပန်းချီဆရာအမည်တို့အား မြင်တွေ့လိုက်ရချိန်တွင် သူ့ငယ်ထိပ်တည့်တည့်အား မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။
ဟိုင်မင်၏ ပန်းချီလက်ရာ ‘ရေဝဲဂယက်’
အရှိုက်သို့ ကန်ကျောက်ခံလိုက်ရသည့်အလား မယုံကြည်နိုင်ခြင်းများစွာဖြင့် ဟဲကျောင်ရှန်းတစ်ယောက် ဒေါသထွက်လွန်းသောကြောင့် ခြေဖျား၊လက်ဖျားများပင် အေးစက်လာခဲ့သည်။
သူ၏ ရှင်းမပြနိုင်အောင် ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ရသော ပန်းချီကားက အဘယ်ကြောင့် ကမ္ဘာအဆင့် ပန်းချီဆုအတွက် ရွေးချယ်ခံထားရပါသနည်း?
ပန်းချီဆရာနေရာတွင် လက်မှတ်ထိုးထားသူမှာလည်း သူ၏ ဆရာဖြစ်နေခဲ့သည်။
သူ၏ ပန်းချီကားများပါသည့် အိတ်အား ယူဆောင်လာပေးချိန်က အခန်းဖော်ကြောင့် ပျောက်ဆုံးသွားခဲ့ခြင်းလည်းမဟုတ်။ သူ မတော်တဆ စတူဒီယိုခန်းထဲတွင် ထားရစ်ခဲ့မိပြီး အမှိုက်ရှင်းခံလိုက်ရသည်လည်း မဟုတ်။
သူ၏ ဆရာ ဟိုင်မင်မှ ခိုးယူထားခဲ့ခြင်းပင်။
အင်မတန် ဒေါသထွက်၍ နာကျင်နေခဲ့ရသော ဟဲကျောင်ရှန်းအနေဖြင့် ထိုအဖြစ်အား မည်သို့ လက်ခံရပါမည်နည်း?
သူသည် ဟိုင်မင်အား ရှာဖွေ၍ ပြဿနာဖြေရှင်းချင်ခဲ့သော်လည်း ဟိုင်မင်အား ပန်းချီအနုပညာအဖွဲ့အစည်းမှ အင်တာဗျူးရန် ခေါ်ဆောင်သွားခံခဲ့ရသည်။
သူ ဟိုင်မင်ထံသို့ ဖုန်းဆက်တိုက်ခေါ်ဆိုကာ မက်ဆေ့ချ်များ ဆက်တိုက် ပို့နေခဲ့သည်။ သို့သော် ဖုန်းက အမြဲလိုလို လိုင်းမအားသကဲ့သို့ မက်ဆေ့ချ်များကိုလည်း ဝင်ကြည့်ခြင်းမရှိခဲ့ပေ။
ထိုအခါမှသာ ဟဲကျောင်ရှန်း သဘောပေါက်နားလည်သွားခဲ့သည်။
ဟိုင်မင်က သူ့အား တမင်ရှောင်နေခဲ့ခြင်းပင်။
‘ရေဝဲဂယက်’သည်က ကမ္ဘာ့အဆင့်ဆုအတွက် ဆန်ကာတင်စာရင်းဝင်နေသောကြောင့် ကျောင်းတစ်ကျောင်းလုံးနှင့် အင်တာနက်ဖိုရမ်များသည်လည်း ဟိုင်မင်အား ချီးမွမ်းစာများဖြင့် ပြည့်နှက်နေခဲ့သည်။
သူ လမ်းလျှောက်နေဆဲဖြစ်ဖြစ်၊ ဖုန်းဖွင့်ကြည့်လိုက်မိသည်ဖြစ်ဖြစ် ဟိုင်မင်၏ သတင်းများကိုသာ မြင်တွေ့နေရသည်။
သို့သော် ထိုဆုများ၊ ထိုဂုဏ်များသည် သူပိုင်ဆိုင်ရမည့်အရာများဖြစ်သည်မဟုတ်ပါလော?
ဟဲကျောင်ရှန်းတစ်ယောက် သူ၏ ကြိုးစားအားထုတ်မှုအား နင်းချကာ အောင်မြင်မှုများအား ခိုးယူ၍ စားသုံးနေခဲ့သော ဟိုင်မင်ကိုသာ ကြည့်နေခဲ့ရသည်။
သို့သော် သူ၏ ဖခင်ဖြစ်သူမှာ အပြင်းအထန် နာမကျန်းဖြစ်နေခဲ့ရပြီး နေ့စဉ်နေ့တိုင်း ငွေကြေးချွေတာနိုင်ရန် သူသည်က လူအကြပ်ဆုံးဆေးရုံခန်းတွင်သာ နေထိုင်နေခဲ့ရသည်။နေ့စဉ် အကိုက်အခံပျောက်ဆေးများကိုပင် မသောက်နိုင်ဘဲ၊ နာကျင်မှုအား အောင့်အည်း၍ သည်းခံနေခဲ့ရသည်။
နောက်ဆုံးတွင်တော့ သူ ဟိုင်မင်အား တိုင်ကြားရန် ဆုံးဖြတ်လိုက်သည်။
သူ့တွင် ထိုကိစ္စဖြင့် ပတ်သတ်ပြီး အကျိုးသင့်၊ အကြောင်းသင့် ဖြစ်နိုင်ချေရှိသည်များကို ရေးသားခဲ့သည်။
သူ၏ ထိုပန်းချီကားအား ဖန်တီးခဲ့ရသော အခြေအနေ၊ ခံစားချက်များကိုပါ ရေးသားခဲ့ပြီး သူယခင်က ရေးဆွဲခဲ့ဖူးသော ပန်းချီများကိုပင် စုတ်ချက်ဆွဲဟန်ချင်း နှိုင်းယှဉ်နိုင်ရန် တင်ပြထားခဲ့သည်။
သက်သေအပြည့်အစုံရှိနေပါက သူသည် သူ၏ ပန်းချီကားနှင့်အတူ သူ့အတွက်ဖြစ်သော ဂုဏ်၊ ပညာရပ်တို့အား ပြန်လည်ရရှိနိုင်လိမ့်မည်ဟု ထင်ခဲ့မိသည်။
သို့သော် အင်တာနက်အသိုင်းအဝိုင်းတစ်ခုလုံးမှ ဟဲကျောင်ရှန်းအား စိတ်ပျက်စေခဲ့သည်။
ဟိုင်မင်အား အပြစ်မပေးခံရ၊ လူမုန်းမခံရသည့်အပြင် သူကသာ လမ်းဖြတ်ကူးသော ကြွက်စုတ်တစ်ကောင်အလား လူအများ၏ ကျိန်ဆဲတိုင်းထွာခြင်းများကို ခံခဲ့ရသည်။
နာမည်ပျက်သွားရခြင်းသည်က သူ့အတွက် အဓိကမဟုတ်။
ဟဲကျောင်ရှန်းအား ပို၍ ဒေါသထွက်စေသော၊ ယူကျုံးမရဖြစ်စေခဲ့သော အချက်မှာ အင်တာနက်ပေါ်မှ လူညစ်များ၊ ဝေဖန်သူများသည် သူ၏ မိသားစုအချက်အလက်ကိုပါ အင်တာနက်ပေါ်သို့ တင်ပစ်ခဲ့ကြသည်။
မိသားစုအချက်အလက်များတွင် ဖခင်ဖြစ်သူ တက်ရောက်နေသော ဆေးရုံလိပ်စာပါ အပါအဝင်ဖြစ်သည်။
ထိုအရာသည်ပင် ဖခင်ဖြစ်သူအား ဒုက္ခပေးခဲ့သည်။
သူ၏ ပျောက်ဆုံးသွားသော ပန်းချီကားအား ဟိုင်မင် ခိုးယူထားကြောင်း မသိသေးခင်က ဟိုင်မင်မှ ဖခင်ဖြစ်သူ ဆေးကုသမှုခံယူနိုင်ရန်အတွက် ငွေအနည်းငယ် ချေးငှားပေးထားခဲ့သည်။
ထိုအချိန်က သူ့အနေဖြင်် ဆရာဖြစ်သူအား ကျေးဇူးတင်၍ မဆုံးခဲ့ပေ။ သူ၏ မိဘတစ်ပါး၊ အသက်ကယ်တင်ရှင်တစ်ပါးဟုပင် သဘောထားခဲ့သည်။
ယခုအချိန်တွင်တော့ ထိုငွေအနည်းငယ်ကြောင့်ပင် သူသည် ကျေးဇူးမသိတတ်သော လူယုတ်မာတစ်ယောက် ဖြစ်လာခဲ့ရသည်။
ဟိုင်မင်က လူအများရှေ့မှာပင် ဟဲကျောင်ရှန်းအား ခွင့်လွှတ်ပေးမည်ဖြစ်ကြောင်း၊ သူ၏ ကျောင်းသားသည် လူကောင်းလေးဖြစ်ကြောင်းကို သူသာလျှင် သိရှိသည်ဟု ပြောဆိုခဲ့သေးသည်။
သူဖြတ်လမ်းလိုက်ခဲ့ရသော အကြောင်းအရင်းမှာ ဖခင်ဖြစ်သူ၏ ဆေးကုသမှုအတွက် အရေးပေါ်လိုအပ်နေသောကြောင့် ဆုငွေအား လိုချင်တပ်မက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့ကြသည်။
ဆရာတပည့် သံယောဇဉ်အရ ဟိုင်မင်မှ သူ၏ ဆုကြေးငွေအားလုံးအား ဟဲကျောင်ရှန်းဖခင်၏ ဆေးကုသစရိတ်အတွက် အကုန်လှူဒါန်းပေးလိုကြောင်း၊ လမ်းမှားရောက်သွားရသော ကလေးအား လမ်းမှန်ပေါ်သို့ ပြန်လည်ပို့ပေးချင်ကြောင်း ဖြေကြားခဲ့သည်။
ထိုကြေငြာချက်အပြီးတွင် လူအများအပြားသည် ဟိုင်မင်၏ ကြင်နာမှု၊ သစ္စာရှိမှုတို့အား ချီးမွမ်းထောပနာ ပြုခဲ့ကြပြီး ဟဲကျောင်ရှန်းကိုတော့ အွန်လိုင်းပေါ်မှ အနိုင်ကျင့်ခြင်း၊ ဆဲရေးတိုင်းထွာခြင်းများ ပြုခဲ့ကြသည်။
ကုကျစ်စုန့် သူမ၏ ဖုန်းကိုဖွင့်ကာ ဟဲကျောင်ရှန်း၏ အကောင့်အား ရှာဖွေလိုက်သည်။
အကောင့်ထဲသို့ ဝင်လိုက်သည်နှင့် သူတင်ထားသည့် ပို့စ်များသည်က လွန်ခဲ့သော နှစ်ဝက်ကျော်ခန့်က တင်ထားခဲ့ခြင်းသာဖြစ်ကြောင်းတွေ့ရှိခဲ့ရသည်။
သူက ဟိုင်မင်အား တိုင်ကြားထားသည့် ပို့စ်ကို ဖျက်သိမ်းခြင်းမရှိခဲ့သောကြောင့် ပို့စ်အောက်မှ မှတ်ချက်များသည်လည်း တစ်သိန်းကျော်နေပြီဖြစ်သည်။
မှတ်ချက်များကို ကြည့်ပါက သူ့အား ဆဲရေးတိုင်းထွာထားသော စာများ၊ သူသည်က ခွေးတိရိစ္ဆာန်၊ ဝက်တို့ထက်ပင် ယုတ်ညံ့သည့်လူဟု ပြောဆိုထားသော မှတ်ချက်များကို မြင်တွေ့ရသည်။
အနည်းငယ်ဆက်၍ ကြည့်လိုက်မိချိန်တွင် တချို့သော အင်တာနက်အသုံးပြုသူများသည် သူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ၊ ဖခင်ဖြစ်သူ၏ အချက်အလက်များကို တင်ထားခဲ့သည်။
[ဒီဟဲကျောင်ရှန်းက တော်တော်လေးကို အရှက်မရှိ လိမ်ရဲတာပဲ..အသက် ၂၂နှစ်အရွယ်ကျောင်းသား၊ ဒီကမ္ဘာအဆင့်ပြိုင်ပွဲဆိုတာတောင် မမြင်ဖူးတဲ့ တောက ကလေးက ကမ္ဘာအဆင့်ဆုကို ရတယ်?
အဲဒီလောက်တော်တဲ့ ပါရမီရှင်၊ ပညာရှင် ရှိနိုင်ပါ့မလား? လူတွေ ဝိုင်းပြောကြတာ မထူးဆန်းတော့ပါဘူး]
[ငါတို့က တောက ကလေးတွေကို နှိမ်လဲမနှိမ်၊ အထင်လည်း မသေးဘူး တောကတက်လာတဲ့အထဲမှာ ကြင်နာပြီး ရိုးသားတဲ့ကလေးတွေကို အများကြီး
ဒါပေမဲ့ ကျေးဇူးကန်းပြီး မိုက်ရိုင်းတဲ့လူမျိုးကတော့ သူများ တံထွေးခွက်မှာ မြောသင့်တယ်!]
[အဖေရဲ့ ရောဂါကို ကုသပေးဖို့ဆိုတာ စိတ်ပိုင်းဆိုင်ရာ အောက်တန်းကျဖို့ မလိုပါဘူး
မင်းလိုလူမျိုးက မိဘကို သိတတ်တဲ့ သားမျိုးလို့လည်း နာမည်အတပ်မခံသင့်ဘူး
ငါ့မှာသာ မင်းလိုသားမျိုးရှိလို့ကတော့ နောက်ဆို မျက်နှာတောင် ကြည့်ချင်မှာမဟုတ်ဘူး]
[မင်းလိုလူမျိုးရဲ့ အဖေကလည်း ကားတိုက်ပြီး တစ်ခါတည်းသေသင့်တယ်]
[ဖန်းချန်းအနုပညာတက္ကသိုလ်ကို ဖုန်းဆက်ပြီး ဒီလိုအကျင့်မကောင်းတဲ့ ကျောင်းသားမျိုးကို ထုတ်ပစ်ဖို့ ပြောလိုက်ကြပါ!]
[မင်းက ဆရာတစ်ယောက်ကို ဒုက္ခပေးပြီးတော့များ ဆေးဖိုးလိုချင်သေးတာလား? မင်း အခု နာမည်ဆိုးနဲ့ ကျော်ကြားသွားပြီဆိုတော့ ဘယ်သူမှ မင်းရဲ့ ပန်းချီကားတွေကို ဝယ်မှာမဟုတ်တော့ဘူး
မင်းအဖေသေသွားရင်လည်း အဲဒါ မင်းရဲ့အပြစ်ပဲ]
[……]
*