← Chapters

(403) ပါရမီရှင်တစ်ဦး၏ ကျဆုံးခြင်း + ဖျက်ဆီးမှုဖြန့်ဝေခြင်း + အွန်လိုင်းမီဒီယာ (1)

Vol. 41 Ch. 403

(403) ပါရမီရှင်တစ်ဦး၏ ကျဆုံးခြင်း + ဖျက်ဆီးမှုဖြန့်ဝေခြင်း + အွန်လိုင်းမီဒီယာ (1)

Vol. 41 Ch. 403

ကျောင်းသားများက လေ့ကျင့်ရေးဆင်းရန် ခရီးသွားခဲ့သော်လည်း ဟဲကျောင်ရှန်းက ဆယ်ရက်ကျော်ကြာမည့် ခရီးတစ်ခုတွင် ငွေအမြောက်အမြား မသုံးလိုသောကြောင့် လိုက်ပါခြင်းမရှိခဲ့ပေ။

ထိုသို့ပင် ဖြစ်သော်လည်း သူသည်က ရှားနိုင်ငံ၏ အကြီးဆုံး အနုပညာကျောင်းလေးခုမှ တစ်ခုဖြစ်သော ဖန်းချန်းအနုပညာတက္ကသိုလ်တွင် ဝင်ခွင့်ခဲ့သည်။

ဝင်ခွင့်စာမေးပွဲတွင်လည်း ဘာသာရပ်တိုင်းတွက် အမှတ်ကောင်းကောင်း ရခဲ့သောကြောင့် သူတို့၏နယ်ကျောင်းလေးမှ ဉာဏ်ကြီးရှင်ကျောင်းသားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။

တက္ကသိုလ်အား ဝင်ရောက်ခဲ့ပြီးနောက် ဟဲကျောင်ရှန်း၏ ပန်းချီအရည်အသွေးက ဆက်တိုက် တိုးတက်လာခဲ့သောကြောင့် ပန်းချီဌာနတစ်ခုလုံး၏ အတော်ဆုံးကျောင်းသားစာရင်းဝင်ခဲ့သည်။

ထိုအချိန်တွင် သူသည်က နာမည်ကြီးပန်းချီကားများအား ပုံတူရေးဆွဲခြင်းဖြင့် ပြင်ပဝင်ငွေ ရှာဖွေခဲ့သည်။

ဒုတိယနှစ်တွင် သူ့အား သီးသန့်လာရောက်အပ်နှံသည့် ပန်းချီများကိုပင် လက်ခံရေးဆွဲလာနိုင်ခဲ့သည်။

ပန်းချီအသိုင်းအဝိုင်းက ‘နာမည်ကျော်ခြင်း’အား အင်မတန် အသားပေးကြသည်။

နာမည်ကြီးပန်းချီဆရာများက ပန်းချီကားတစ်ချပ်အတွက် ငွေသောင်းချီ ရနိုင်သည်။

လူသိနည်းသော ပန်းချီဆရာများမှာတော့ ရက်အနည်းငယ် ကြိုးစားအားထုတ်ပြီးမှ ငွေ နှစ်ရာ၊ သုံးရာခန့်သာ ရရှိနိုင်ကြသည်။

ဟဲကျောင်ရှန်းက မားကတ်တင်းသဘာဝကိုလည်း နားမလည်သောကြောင့် အသံတိတ်၍သာ ပန်းချီဆွဲနေနိုင်ခဲ့သည်။

သို့သော် အချိန်ကြာမြင့်စွာ အပိုဝင်ငွေ ရှာဖွေခြင်းကြောင့် ဖခင်ဖြစ်သူအပေါ်တွင်လည်း ဝန်လျော့စေပြီး ငွေပင် စုဆောင်းနိုင်လာခဲ့သည်။

သူ၏ ထူးချွန်ထက်မြက်သော အရည်အချင်းကြောင့် တက္ကသိုလ်နောက်ဆုံးနှစ်တွင် ဘွဲ့လွန်သင်တန်း ဝင်ခွင့် ဝင်ရောက်ဖြေဆိုရန် ဆုံးဖြတ်ခဲ့ပြီး ထိုစဉ်က နာမည်မကြီးသေးသော ဟိုင်မင်အား ဆရာအဖြစ် ရွေးချယ်ခဲ့သည်။

ဟိုင်မင်၏ အင်တာဗျူးတွင် သူ့အား ဟဲကျောင်ရှန်းနှင့် ပတ်သတ်၍ မေးခွန်းများလည်း မေးခဲ့ကြသည်။

အင်တာဗျူးတွင် ထိုသူက ဟဲကျောင်ရှန်းမှာ အရည်အချင်းပြည့်ဝသည့် လူငယ်လေးတစ်ဦးဖြစ်ကြောင်း အသိအမှတ်ပြုပြောဆိုခဲ့သည်။

ဆရာတပည့်များ ဖြစ်လာကြပြီးနောက် သူက လူငယ်လေး၏ အရည်အချင်းကို တန်ဖိုးထားအသိအမှတ်ပြုပြီး သူ့အား ဂရုတစိုက် လမ်းပြပေးခဲ့သည်ဟု ဆိုခဲ့သည်။

ထိုအချိန်က သူတို့နှစ်ဦး၏ ဆက်ဆံရေးက အဆင်ပြေချောမွေ့ခဲ့သည်။

ထိုကလေးသာ အင်မတန် စိတ်ဓာတ်ကျနေခဲ့ပြီး ဖြတ်လမ်းမသုံးခဲ့ပါက သူ၏ အနာဂတ်သည်လည်း တောက်ပနေပေလိမ့်မည်။

ကျေးရွာငယ်လေးမှ တက္ကသိုလ်ကျောင်းသားတစ်ယောက်အဖြစ်သို့ ၊ သို့မဟုတ် အရှုံးသမားဘဝမှ ပန်းချီနန်းတော်ကမ္ဘာတွင်းသို့...

ဟဲကျောင်ရှန်းအတွက်တော့ အရာအားလုံးက လမ်းကြောင်းမှန်ပေါ်တွင်သာ ရှိနေခဲ့ပြီး ဆက်လက်တိုးတက်လာရန်သာ ရှိပေသည်။

မည်သူ တွေးထားမိမည်နည်း?

ဟိုင်မင်၏ တပည့်ဖြစ်လာပြီးနောက် သူ၏ ဘဝ၊ အနာဂတ်နှင့် ဂုဏ်သတင်းတို့က တစ်နှစ်မပြည့်သည့် အချိန်အတွင်းမှာပင် ချေမွဖျက်ဆီးခံခဲ့ရသည်။

ထိုစကားအား ကြားရပြီးနောက် ကုကျစ်စုန့်၏ မျက်လုံးများ အနည်းငယ်အရောင်မှိန်သွားခဲ့သည်။

နံရံပေါ်တွင် ချိတ်ဆွဲထားသော ‘ရေဝဲဂယက်’အား တဖန်ပြန်ကြည့်လိုက်ပြီးနောက် သူမ အတည်ပြုနိုင်သည့်အရာရှိသည်။

ထိုပန်းချီကား၏ ပိုင်ရှင်သည်က အမှန်တကယ်ပင် ဟိုင်မင်မဟုတ်ပါချေ။

ဤသည်မှာ ကွယ်လွန်သွားပြီဖြစ်သော လူငယ်လေး ဟဲကျောင်ရှန်း၏ လက်ရာပင် ဖြစ်လိမ့်မည်။

သူမ ဟိုင်မင်၏ ဓာတ်ပုံအား မြင်တွေ့ခဲ့ပြီးဖြစ်သည်။

သူ၏ မျက်နှာတစ်ခုတည်းကိုကြည့်၍ ထိုလူသည်က စိတ်နှလုံးသား ဖြူစင်သူမဟုတ်ကြောင်း သိနိုင်သည်။

‘ရုပ်လက္ခဏာဗေဒ’တွင် ဆိုရိုးစကားတစ်ခုရှိသည်။ ကျဉ်းမြောင်းသော နဖူးပိုင်ရှင်များက လောဘကြီးတတ်ကြသည်။

ဟိုင်မင်၏ နဖူးက သာမန်အမြင်ဖြင့် ကြည့်ပါက ကျဉ်းသည်ဟု မဆိုနိုင်ချေ။ ဦးခေါင်းဘေးနှစ်ဖက်တွင် အနည်းငယ်ဆံပင် ပြောင်နေသောကြောင့် နဖူးကျယ်သည်ဟုပင် ထင်ရသည်။

သို့သော် ရုပ်လက္ခဏာဗေဒကြည့်ရှု့ရာတွင် အဓိက သတိပြုရမည့် အချက်များမှာ မျက်နှာပေါ်မှ နန်းတော်များတည်နေရာနှင့် သွေးကြောမှတ်များပင် ဖြစ်သည်။

သူ၏ ဘေးအရံအရိုးများက တိုတောင်း၍ နဖူးအလယ်တွင် ကျဉ်းမြောင်းနေခဲ့သည်။

ထိုအရာက လောဘပင် ဖြစ်ပေသည်။

ထိုကဲ့သို့သော ‘လောဘကြီးသည့်မျက်နှာ’မျိုးက ‘အရာရှိနန်းတော်’နေရာတွင် ပေါ်ပေါက်နေခဲ့သည်။

အဓိပ္ပာယ်မှာ ထိုလူက လောဘအတွက်ဖြင့် တရားမျှတမှုမရှိ၊ ရိုးသားမှုမရှိသည့် လုပ်ရပ်များအား လုပ်ဆောင်တတ်ပြီး ငွေကြေးအပို၊ ကံကြမ္မာကောင်းများအား တရားမဝင်လုယူရန် ကြိုးစားတတ်သည်။

ဒုတိယအချက်- ဟိုင်မင်၏ မျက်နှာက ကြီးမား၍ အသားထူသည်။ သူက လူအများဖြင့် တွေ့ဆုံပါက ပြုံးပြတတ်ပြီး အင်မတန် စိတ်သဘောထားနူးညံ့ဟန်ပေါ်သည်။

သို့သော် သူပြုံးလိုက်ချိန်တွင် နှာခေါင်းရိုးပေါ်၌ ကန့်လန့်ဖြတ်အရေးအကြောင်းများ ပေါ်နေခဲ့သည်။

နှာခေါင်းရိုးအထက်၊ မျက်ခုံးနှစ်ခုကြားမှ ထိုကဲ့သို့သော ကန့်လန့်ဖြတ်အရေးအကြောင်းများအား ‘ပြုံးနေသော ကျား’ဟုလည်း ခေါ်ဝေါ်တတ်ကြသည်။

ထိုကဲ့သို့သော အရေးအကြောင်းရှိသူများသည်က အများအားဖြင့် သစ္စာဖောက်တတ်သူများဖြစ်ပေသည်။အပေါ်ယံတွင် ကြင်နာ၍ ပြုံးရွှင်နေသော်ငြား အမြဲတစေ နောက်ကျောတွင် ဓားဝှက်ထားတတ်သော လူများဖြစ်သည်။

ထို့အပြင် ဟိုင်မင်၏ မွေးသက္ကရာဇ်ကိုလည်း ကုကျစ်စုန့် စစ်ဆေးထားပြီးဖြစ်ပေသည်။

ဇာတာရှစ်ခွင်နှင့် ကံကြမ္မာဇယားအရ ကုကျစ်စုန့် ပို၍ သေချာသွားခဲ့သည်။

ဟိုင်မင်က သူတစ်ယောက်တည်းအရည်အချင်းဖြင့် ထိုမျှ မြင့်မားသော နိုင်ငံတကာဆုတံဆိပ်အား ဆွတ်ခူးနိုင်စွမ်းမရှိပါချေ။

သူ၏ ‘အားနည်းသော သောကြာကြယ်’မှ ညွှန်ပြနေသည်မှာ သူ၏ ပန်းချီအနုပညာခံစားနိုင်စွမ်းသည် သာမန်အဆင့်သာ ဖြစ်သည်။

ထို့အပြင် ခရမ်းရောင်ကြယ်တာရာနက္ခတ်၏ ရလဒ်မှာလည်း ဟိုင်မင်၏ စိတ်ပိုင်းဆိုင်ရာ အကျင့်စရိုက်အား စစ်ဆေးသည့် ရလဒ်ဖြစ်ပြီး သူ၏ အနုပညာခံစားနိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းတို့မှာလည်း ကြယ်တာရာဇယားတွင် ပါဝင်ခြင်းမရှိပေ။

ကြယ်တာရာအနည်းစုသည် ‘နှစ်,တိုင်’နှင့် ‘လ,တိုင်’ တို့တွင် အများဆုံးတွဲစပ်နေသောကြောင့် သူသည် အဆင့်တစ်ခုရှိသော်လည်း မြင့်မားသည့်အဆင့်မဟုတ်။

ထိုအချက်များမှ ညွှန်ပြနေသည်မှာ သူသည်က ‘ပန်းချီအနုပညာအရည်အချင်း’ရှိသော ပန်းချီကားမျိုးကို ဖန်တီးနိုင်မည်ဖြစ်သော်လည်း ကမ္ဘာအဆင့် ဆုရနိုင်သည်ထိ ခံစားချက်များ၊ စုတ်ချက်များဖြင့် ပြည့်နေသော ပန်းချီကားတစ်ချပ်အား ရေးဆွဲနိုင်စွမ်းမရှိနေခဲ့ပေ။

ဟိုင်မင်တွင် သာမန်အဆင့်မျက်နှာသာ ရှိသော်လည်း သူ၏ ‘အရာရှိနန်းတော်’နှင့် ‘ချမ်းသာမှုနန်းတော်’များသည် ပြည့်ဖြိုးနေခဲ့သည်။

အဓိပ္ပာယ်မှာ သူသည် အင်မတန်ကျော်ကြားမှုနှင့် စည်းစိမ်တို့အား ရရှိခံစားခဲ့ရသည်။

ထိုအရာများအားလုံးက မဖြစ်သင့်သော အရာများသာဖြစ်သည်။

လွန်ခဲ့သော ၆လခန့်က အနုပညာလောကအား ဆူပွက်သွားစေခဲ့သော ‘ကူးချခြင်း’ပြဿနာ၊ ဟဲကျောင်ရှန်း၏ ဘဝနှင့် သူ၏ ပန်းချီကားတွင် မြင်တွေ့နိုင်သော နာကျင်ခံစားရမှု၊ စိတ်အားထက်သန်မှုနှင့် ပြင်းပျသော ခံစားချက်တို့အား ပေါင်းစပ်လိုက်ချိန်တွင် ကုကျစ်စုန့် သဘောပေါက်လိုက်ပေသည်။

အင်တာနက်ပေါ်မှ လူများက မှားယွင်းပြီး အပြစ်တင်စွပ်စွဲခဲ့ကြသည်ပင်။

ဟဲကျောင်ရှန်းတွင် အပြစ်မရှိနေခဲ့ပေ။

သူသည်က အမှန်တကယ်ပင် ငုပ်သျှိုးနေသော ပညာရှင်ငယ်တစ်ဦးဖြစ်ပေ၏။

ဟိုင်မင်ကသာ သူ၏ ပန်းချီအနုပညာပုံဆောင်ခဲငယ်အား ခိုးယူခဲ့သူဖြစ်ပြီး ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော သူခိုးတစ်ယောက်သာ ဖြစ်သည်။

ပညာရှင်ပန်းချီဆရာငယ်လေး၏ ဘဝကို ရိုက်ချိုးကာ သူ၏ သွေးဖြင့် သီးသော အသီးအား ဆွတ်ယူချေမွခဲ့သူတစ်ဦးပင် ဖြစ်သည်။

ထိုအကြောင်းအား တွေးမိပြီးနောက် ကုကျစ်စုန့် အနည်းငယ် စိတ်သောကရောက်သွားခဲ့ပြီး ထပ်မံမေးခွန်းထုတ်မိသည်။

“ဒါဆို ဟဲကျောင်ရှန်းက ဘာလို့ ကိုယ့်ကိုကိုယ် သတ်သေခဲ့တာလဲ ဘယ်လိုလုပ်ပြီးတော့ သေခဲ့ရတာလဲ”

ဟိုင်မင်အား ကူးချသည်ဟု စွပ်စွဲခဲ့သည်မှာ လွန်ခဲ့သည့် (၆)လခန့်က ဖြစ်သော်လည်း သူသတ်သေသွားခဲ့သည်က လွန်ခဲ့သော သုံးလခန့်မှဖြစ်သည်။

ဟိုင်မင် ဆုတံဆိပ်လက်ခံရပြီးသည့်အချိန်ဖြင့် တွက်ကြည့်ပါက ဟဲကျောင်ရှန်းသေဆုံးချိန်ဖြင့် ၂လခန့် ကွာဟနေပြီး ထိုအချိန်တွင် ပြဿနာသည်လည်း အနည်ထိုင်စပြုနေသင့်ပေပြီ။

ဖြစ်နိုင်ချေရှိသည်အား ပြောရလျှင် ဟဲကျောင်ရှန်း အပြစ်အတင်ခံရဆုံးအချိန်သည် ဟိုင်မင်၏ ပြန်လည်ငြင်းဆိုခြင်း ခံရသည့်အချိန်နှင့် ‘ရေဝဲဂယက်’ ဆုတံဆိပ်ရခဲ့သည့် အချိန် နှစ်ချိန်ဖြစ်လိမ့်မည်။

ကုကျစ်စုန့်၏ ဝိဉာဉ် ဤကမ္ဘာသို့ ရောက်လာသည့်အချိန်မှ အခြေအနေဖြင့် နှိုင်းယှဉ်ကြည့်ပါလျှင် သူမ၏ မူလခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အင်တာနက်တစ်ခုလုံး၏ ဆဲရေးတိုင်းထွာမှုကို ခံနေခဲ့ရသည်။ လူများ၏ ဝေဖန်ပြောဆိုမှုများက အင်မတန်ပင် ဆိုးရွားလွန်းလှသည်။

သူတို့က အလွယ်တကူ ဒေါသထွက်သည်၊ အလွယ်တကူ ဦးနှောက်ဆေးခံရတတ်ပြီး အဓိပ္ပါယ်မရှိသည့် ကိစ္စရပ်များဖြင့် ရန်ဖြစ်နေတတ်ကြသည်။

ထိုအချိန်က သူမအနေဖြင့် လူထုအား ထိခိုက်စေမည့် ကိစ္စ တစ်စုံတစ်ရာကို ပြုလုပ်ထားခြင်း မရှိသော်လည်း သတင်းမှားများဖြင့် လူအများ၏ မုန်းတီးရွံရှာအပြစ်တင်ခြင်းများ ခံခဲ့ရသည်။

ထိုကဲ့သို့သော အချိန်မျိုးတွင် နာမည်ပျက်သွားခဲ့ရသော ဟဲကျောင်ရှန်းသည်လည်း အွန်လိုင်းမှ ကြမ်းတမ်းသော ဆဲဆိုအပြစ်တင်ခြင်းများ ခံခဲ့ရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ဟဲကျောင်ရှန်းသာ ထိုကိစ္စကြောင့် သေချင်မည်ဆိုပါက ထိုအချိန်ကတည်းက သေကြောင်းကြံမည်ဖြစ်သည်။

နှစ်လ၊ သုံးလခန့် အပြစ်တင်ပြောဆိုခံရခြင်းများကို စောင့်ဆိုင်း၍ ကိစ္စများ တည်ငြိမ်သွားချိန်မှ နေအိမ်တွင် တိတ်တဆိတ် သေဆုံးသွားမည်မဟုတ်ပေ။

ယခုကိစ္စတွင် တစ်ခုခု ကျန်ရှိနေသေးသည်ဟု သူမတွေးလိုက်မိသည်။

ဖုန်းတစ်ဖက်မှ ရဲအရာရှိ သက်ပြင်းချလိုက်သည်။

“ပြောရရင် ဒီဟဲကျောင်ရှန်းရဲ့ ဘဝက တော်တော်လေးတော့ သနားစရာကောင်းတယ်ပြောရမှာပဲ.. သူသတ်သေသွားတာက သူ့အဖေဆုံးပါးသွားတာကြောင့်လည်း ဖြစ်လိမ့်မယ်”

ဟဲကျောင်ရှန်း၏ ဖခင်ဖြစ်သူက လွန်ခဲ့သော ခြောက်လခန့်က အစားအသောက်များ ပို့ဆောင်ခြင်းအလုပ်ကို လုပ်နေခဲ့သည်။ ထိုအချိန်က လမ်းများမှာ မိုးရေကြောင့် ချောနေခဲ့ပြီး အမြန်မောင်းလာသည့် ကားတစ်စီးဖြင့် တိုက်မိခဲ့လေသည်။

သူသည်လည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီး ညတွင်းချင်း အရေးပေါ်ကုသရန် ဆေးရုံတင်လိုက်ရသည်။အသက်အန္တရာယ်မှ လွတ်မြောက်လာနိုင်သော်လည်း အရိုးနှင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ထားသောကြောင့် ဆေးရုံတင်ထားခဲ့ရသည်။

နေ့စဉ် ဆေးရုံစရိတ်များ၊ စက်ပစ္စည်းစရိတ်များ၏ တန်ဖိုးသည် မနည်းလှပါချေ။

ဟဲကျောင်ရှန်း အင်တာနက်ပေါ်တွင် တင်ခဲ့သော ပို့စ်တွင် ရေးသားထားသည်မှာ သူ့အနေဖြင့် ‘ရေဝဲဂယက်’အား ဖန်တီးနိုင်ခဲ့ခြင်းသည်က ဖခင်ဖြစ်သူ အသက်ဘေးမှ လွတ်မြောက်လာသော အချိန်တွင်ဖြစ်သည်။

ပျော်ရွှင်ဝမ်းသာမှုကြောင့် ပန်းချီကားသည် တောက်ပနေခဲ့သည်။

သို့သော် သူ့ရင်ထဲတွင်တော့ စိတ်ပူခြင်းများ၊ ဘဝ၏ လေးလံသော လောကဓံများကြောင့် ဝမ်းနည်းနေမိပြန်သည်။

ထိုကဲ့သို့ ရောပြွမ်းနေသော ခံစားချက်များကြောင့် သူသည် ကျောင်းမှ စာသင်ဆောင်၏ စတူဒီယိုထဲတွင် ထိုပန်းချီကားအား ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။

ပန်းချီကား ရေးဆွဲပြီးချိန်တွင် ဆေးရုံမှ ဖုန်းခေါ်လာခဲ့ပြီး ဖခင်ဖြစ်သူ သတိလည်လာပြီဖြစ်ကြောင်း ဆက်သွယ်လာခဲ့သည်။

သူ့တွင် ပန်းချီပစ္စည်းများအား အဆောင်သို့ ပြန်ထားရန် အချိန်မရှိတော့ချေ။ တိုက်ဆိုင်စွာပင် ဆရာဖြစ်သူ ဟိုင်မင်၏ ရုံးခန်းသည်လည်း ပန်းချီခန်း၏ ကပ်လျှက်တွင် တည်ရှိနေခဲ့သည်။

သူ ချက်ချင်း ပစ္စည်းများအား အဆောတလျင် သိမ်းဆည်းလိုက်ပြီးနောက် ပန်းချီကားအား လိပ်ကာ ကျောပိုးအိတ်၏ ဘေးအိတ်တွင် ထည့်လိုက်သည်။ ထို့နောက် ဆရာဖြစ်သူထံတွင် ခေတ္တ အပ်နှံခဲ့သည်။

ထိုအချိန်က ရုံးခန်းထဲတွင် ရှိနေသည့် ဟိုင်မင်သည်လည်း သိမ်းဆည်းပေးထားရန် သဘောတူညီပြီး သူ၏ ထွက်ခွာခွင့်ကိုပင် လက်မှတ်ထိုးပေးလိုက်သည်။

သို့သော် တစ်ရက်အကြာတွင် ဟဲကျောင်ရှန်း သတိပြန်လည်လာသော ဖခင်ထံမှ ကျောင်းသို့ ပြန်ရောက်လာခဲ့ချိန်တွင် သူအပြီးသတ်ထားပြီးဖြစ်သော ပန်းချီကားသည် ပျောက်ဆုံးသွားခဲ့လေသည်။

*

All Chapters