အညစ်အကြေး
Vol. 41 Ch. 601
"သူ့ဆီမှာ ဘိုးဘေးတွေရဲ့ အငွေ့အသက်တွေရှိနေတယ် ၊ ဘိုးဘေးခန်းမထဲက ပူဇော်ပစ္စည်းတွေက အကြောင်းရင်းမရှိဘဲ ပျောက်ပျောက်နေတာ ၊ သူ ခိုးတာပဲ ဖြစ်ရမယ်"
"သူ့နှလုံးသားက မရိုးသားဘူး ၊ သူကျင့်ကြံလို့ရအောင် ရွာသားတွေရဲ့ ယုံကြည်မှုကို သုံးနေတာ ၊ သူက ဘယ်လိုလုပ် မသေမျိုးဖြစ်နိုင်မှာလဲ"
"သူက ငါ့ဘိုးဘေးရဲ့ ကမ္ပည်းတိုင်ကိုလည်း သုံးထားသေးတယ်ဟေ့ ၊ လမ်းဖယ်ကြစမ်း ၊ ငါ့အတွက် တစ်ကိုက်စာချန်ထားပေးစမ်း"
သိပ်သည်းသော ဆေးလုံးနံ့သည် ကောင်းကင်ယံထိ ထိုးတက်နေသည်။နူးညံ့သိမ်မွေ့လှသော ကျင့်ကြံသူများက အခမ်းအနားမှူးကို ဝန်းရံလိုက်ကြသည်။
အလယ်တွင် ရပ်နေသော လူအိုကြီးသည် မငြင်းဆိုနိုင်ခဲ့ချေ။သူ့ခုခံမှုသည် အချည်နှီးသာ ဖြစ်သည်။လူတိုင်းအပေါ်သို့ စုစည်းထားသော ဝိညာဉ်ချီများ ရောက်ရှိသွားသည်။ကောင်းမင်သည်ပင် သွေးချီတစ်စ၏ ချည်နှောင်ခံလိုက်ရသည်။ကောင်းမင်က ဆေးမြူများကို လက်ဖြင့်ခါထုတ်၍ နောက်ဆုတ်လိုက်သည်။အကြီးအကဲထန်၏ သားက ကောင်းမင်ကို ချဉ်းကပ်နေရခြင်းသည် သူ ကောင်းမင်ကို ပစ်မှတ်ထားနေခြင်းဖြစ်နိုင်သည်။အကယ်၍ အခမ်းအနားမှူးသာ ပေါ်မလာခဲ့ပါက ဝိုင်းခံထားရသူမှာ ကောင်းမင်ဖြစ်နေလောက်ပြီ ဖြစ်သည်။
"ရူးနေတဲ့ ကောင်တွေပဲ"
ဖူရှုက မျက်လုံးများ ပိတ်ရင်း ပြောလိုက်သည်။ သူ့အိပ်မက်ချိုးဖျက်မြို့လေးသည် ထိုကဲ့သို့ အဆုံးသတ်သွားရမည်ဟု သူကြိုမမြင်မိခဲ့ပေ။သွေးများသည် လူအုပ်အပြင်ဘက်သို့ စီးထွက်လာသည်။သင်းပျံ့သော သွေးရနံ့သည် ကောင်းမင်အား အကူအညီတောင်းရန် ဆန့်တန်းလာသော လက်တစ်ဖက်နှင့် တူ၏။ ကောင်းမင် ဘာမှမလုပ်နိုင်သေးခင် ဆေးလုံးသန့်စင်သူတစ်ယောက်သည် ကြမ်းပြင်ပေါ်သို့ ဝပ်ချလိုက်ပြီး သွေးများကို စတင်လျက်တော့သည်။သူသည် အလွန်အမင်း တင့်တယ်သည့်ပုံစံရှိသည်။ သူ့မျက်နှာက ကြမ်းပြင်ပေါ်ရောက်နေသော်လည်း သူ့ဝတ်ရုံကိုမူ မစွန်းထင်းအောင် သေချာထိန်းသိမ်းထားသည်။
ဆေးလုံးသန့်စင်သူများက 'ဆေးလုံး'ကို ပျော်ရွှင်စွာ သုံးဆောင်လိုက်ကြသည်။သူတို့ထဲမှ အများအပြားသည် အပြောင်းအလဲများ စတင်ဖြစ်ပေါ်လာသည်။သူတို့၏ ခန္ဓာကိုယ်များတွင် ခရမ်းရောင်မီးတောက်များ ထွက်ပေါ်လာကြလေသည်။သူတို့သည် အလွန်ပီတိဖြစ်နေကြပုံရသည်။ သူတို့သည် အခမ်းအနားမှူး၏ အသားအစိတ်အပိုင်းတိုင်းကို အရသာခံနေကြလေသည်။
ဆေးအိုးအနီးတွင် ဆုတ်ဖြဲသံတစ်ခု ထွက်ပေါ်လာသည်။ရူးသွပ်နေသော ဆေးလုံးသန့်စင်သူများသည် နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားကြသည်။သူတို့က တဖြည်းဖြည်း နောက်ဆုတ်သွားသည်။
ဆုတ်ဖြဲသံသည် ပိုမို သိသာထင်ရှားလာသည်။ကောင်းမင် လှမ်းကြည့်လိုက်သည်။ အခမ်းအနားမှူးရှိခဲ့သော နေရာတွင် မည်သည့်အရာမှ မရှိတော့ချေ။ အရိုးတစ်ချောင်းပင် မကျန်ရစ်ခဲ့ချေ။ သွေးပျက်ဖွယ်လက်သည်းရာများသည်လည်း မြင့်မြတ်သောမြူခိုးထဲသို့ လွင့်စင်ပျောက်ကွယ်သွားကြသည်။
"အခမ်းအနားမှူးက သန့်စင်ခံလိုက်ရပြီလား"
လူအုပ်အလယ်ရှိ အကြီးအကဲထန်၏သားသည် စတင်တုန်ယင်လာ၏။ သူသည် ထိုအဘိုးအိုနှင့် အနီးဆုံးဖြစ်ပြီး အပိုင်းအကြီးဆုံး ကိုက်စားခဲ့သူဖြစ်သည်။မကြာမီ သူ့ခန္ဓာကိုယ်တွင် နီရဲနေသောဆေးလုံးပုံစံကွက်များ ထွက်ပေါ်လာတော့သည်။
"အရမ်းပူတယ် ၊ ငါ့အတွင်းထဲက လောင်ကျွမ်းနေပြီ ၊ ငါအရည်ပျော်ကျတော့မယ်ထင်တယ် ၊ ငါ့ထဲကနေ တစ်ခုခုထွက်လာဖို့ ကြိုးစားနေတယ်"
ခန့်ညားချောမောသော သူ့မျက်နှာက ပုံပျက်လာ၏။သူ့မျက်နှာအစိတ်အပိုင်းများက လှုပ်ရှားလာကြသည်။ သူက သူ့ဝတ်ရုံကို ဆုတ်ဖြဲပစ်လိုက်သည်။အဝတ်အစားများ မရှိတော့သောအခါ လူသားမျက်နှာများနှင့် ဆေးလုံးပုံစံကွက်များဖုံးလွှမ်းနေသော သူ့ခန္ဓာကိုယ်သည် မည်မျှ ခြောက်ခြားဖွယ်ကောင်းကြောင်း လူတိုင်းမြင်လိုက်ရသည်။ကြီးမားသော လူဦးခေါင်းအနည်းငယ်ကလည်း သူ့အရေပြားတစ်လျှောက်တွင် ကူးခတ်နေကြသည်။
"ငါ့ရဲ့ ချစ်ရတဲ့အဖေက ဆေးဝါးစမ်းသပ်ဖို့ ငါ့ကိုသုံးပြီးတော့ တတိယထပ်ကို ရောက်သွားခဲ့တယ် ၊ ဘာလို့လဲဆိုတော့ ငါတို့က သွေးချင်းဆက်နေလို့ပဲ ၊ ဘာလို့လဲဆိုတော့ ငါက သူနဲ့ မျိုးဆက်အနီးဆုံးမို့ပဲ ၊ သူက ငါ့ကို မင်းတို့အားလုံးကို စားအောင် ဖိအားပေးခဲ့တာ "
သူ့ညီအစ်ကိုမောင်နှမများ၏ ဦးခေါင်းများက အော်ဟစ်လိုက်ကြသည်။ဆုတ်ဖြဲသံက ပိုမိုကျယ်လောင်လာသည်။ဆိုးဝါးလှသော ဆေးလုံးပုံစံကွက်များသည် ပွင့်နေသော ဒဏ်ရာများနှင့် တူလာလေ၏။ထိုလူက ညည်းညူလိုက်ရာ ဆေးလုံးပုံစံကွက်များ ပြန့်ကားလာပြီး သူ့အရေပြားက ကွဲထွက်သွားသည်။ကိုက်ရာများပြည့်နေသော လက်တစ်ဖက်က သူ့ဦးနှောက်ထဲမှ ဆန့်ထွက်လာတော့သည်။ထို့နောက် ဒုတိယထပ်ရှိ မြူခိုးများက သူ့ဆီသို့ တဟုန်ထိုး စီးဆင်းသွားကြသည်။
သူ့အရေပြားသည် ဖုန်မှုန့်များအဖြစ် ပေါက်ကွဲသွား၏။အကြီးအကဲထန်၏သားသည် မြူခိုးထဲတွင် သူ့ကိုယ်သူ ပြန်လည်တည်ဆောက်နေသည်။သူ့အရေပြားပေါ်မှ ကိုက်ရာများသည်လည်း ပျောက်ကွယ်သွားသည်။ သူ့အရေပြားသည် နှင်းကဲသို့ ချောမွတ်လာလေသည်။ သူ့ညီအစ်ကိုမောင်နှမများ၏ ဦးခေါင်းများသည် မြူခိုးကြောင့် ကျောက်မျက်ရတနာများအဖြစ် ပြောင်းလဲသွားပြီး ချောမွတ်နေသော သူ့အရေပြားပေါ်တွင် လွှမ်းခြုံသွားကြသည်။
"မင်းတို့ဟာ ဘဝဆေးလုံးကို ဘဝရဲ့နာကျင်မှုတွေကို စားသုံးပြီးမှ စားသုံးနိုင်လိမ့်မယ် "
အကြီးအကဲထန်၏သားသည် ကြီးမြတ်ပြီး တည်ကြည်လေးနက်နေပုံရသည်။မြူခိုးလုံးကြီးများက သူ့ကို ဧရာမဆေးအိုးကြီးထဲသို့ ပို့ဆောင်လိုက်သည်။သူသည် တောက်ပသော ကိုယ်ရောင်ကိုယ်ဝါဖြင့် တက်လှမ်းသွားတော့သည်။ဆေးလုံးသန့်စင်သူများနှင့် ကောင်းမင်တို့က နတ်ဘုရားနန်းတော်သည် နတ်ဘုရားရောင်ဝါများ၏ အဆုံးတွင်ရှိနေကြောင်း မြင်လိုက်ရသည်။တတိယထပ်နှင့်စတုတ္တထပ်မှ အကြီးအကဲထန်၏မျိုးဆက်များအားလုံး ပျောက်ကွယ်သွားကြလေသည်။ကျင့်ကြံသူများလုံး မနာလိုခြင်း၊ ပျော်ရွှင်ခြင်းတို့ဖြင့် ခေါင်းမော့ကြည့်လိုက်ကြသည်။မည်သူမှ ကြမ်းပြင်ပေါ်သို့ အာရုံမစိုက်ကြတော့ပေ။
အခမ်းအနားမှူးသည် ဆေးအိုးထဲမှ ထွက်လာပြီးနောက် အရိုးတစ်ပိုင်းပင် မကျန်ပဲ ထွက်ခွာသွားခဲ့ရသည်။ထိုလူအိုကြီး၏ အငွေ့အသက်များအားလုံး ဆေးမြူခိုးများကြောင့် လွှင့်ပါးပျောက်ကွယ်သွားခဲ့သည်။အရာအားလုံးသည် ရိုးရှင်းတည်ငြိမ်သောအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ဤအထပ်တွင် လူတစ်ယောက် အရှင်လတ်လတ်အစားခံလိုက်ရကြောင်း မည်သူမျှ သိလိမ့်မည်မဟုတ်ချေ။
"ဒီအထပ်က လူတွေက ပထမထပ်ကနောက်လိုက်တွေထက် ပိုရူးသွပ်ကြတာပဲ"
"မင်းအပေါ်တက်သွားလေလေ နေရာက ကြောက်ဖို့ကောင်းလာလေလေပဲ ၊ ကံမကောင်းတာက လူတွေက ဒါကို သတိပြုမိပုံ မရဘူး ၊ သူတို့က ဒါကို ပုံမှန်ပဲလို့တောင် တွေးနေတာ "
ကောင်းမင်က ခေါင်းငြိမ့်လိုက်သည်။
"လူသားတွေက ကြောက်ရွံ့မှု နဲ့ စိတ်ပျက်အားငယ်မှုဆိုတဲ့ ခံစားချက်တွေကို ဘာလို့ လိုအပ်လဲဆိုတာ ကျုပ်နားလည်သွားပြီ ၊ အဲ့ဒါတွေက ကျုပ်တို့ကို အန္တရာယ်ကို သတိပေးနေလို့ပဲ ၊ လူသားတွေက အဲ့ဒါတွေကို ဆုံးရှုံးသွားတာနဲ့ ဒီလိုမျိုး သတ္တဝါတွေ ဖြစ်လာကြလိမ့်မယ် ၊ ခင်ဗျားတို့ဟာ ပိုကြီးမားတဲ့ တည်ရှိမှုတစ်ခုရဲ့ ကစားစရာတွေ ဖြစ်လာလိမ့်မယ်"
"အခုက ဒဿနိကအကြောင်း ဆွေးနွေးရမယ့်အချိန် မဟုတ်သေးဘူး "
ဖူရှုက ဆေးအိုးကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
"ငါမင်းကို ဒီမလာဖို့ ပြောပါတယ် ဒါပေမယ့် မင်းက နားမထောင်ခဲ့ဘူး ၊ အခု မင်းမှာ ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ ၊ မင်း ဆေးအိုးထဲ ဝင်ချင်လို့လား"
"ဒီနေရာရဲ့ အားနည်းချက်ကို ရှာတွေ့ဖို့ နီးစပ်နေပြီလို့ ကျုပ်ထင်တယ် ၊ ဒီနေရာမှာ ကျုပ်က သူ့ရဲ့ သဘာဝရန်သူပဲ"
ကောင်းမင်သည် ဤကမ္ဘာကြီး၏ ချစ်ခြင်းမေတ္တာနှင့်ကောင်းချီးတို့ကို လက်ခံရန် တစ်ခါမှ အစီအစဉ်မရှိခဲ့ချေ။သူသည် နာကျင်မှုနှင့်စိတ်ပျက်အားငယ်မှုတို့ကို အဆုံးသတ်ထိ သူ့ပုခုံးပေါ်တွင် ထမ်းပိုးထားမည်ဖြစ်သည်။
"ပုံရိပ်ယောင်တွေက ကျုပ်ကို သက်ရောက်မှာ မဟုတ်ဘူး"
"မင်းဘယ်လို သေချာတာတုန်း"
ဖူရှုက ခေါင်းယမ်း၍ သက်ပြင်းချလိုက်သည်။
ဆေးလုံးသန့်စင်သူအများစုကို ဆေးအိုးကြီးဆီသို့ ဆွဲခေါ်ခံလိုက်ရချိန်တွင် ကောင်းမင်သည် ဆေးလုံးဆောင်တစ်ခုထဲသို့ ခိုးဝင်နေခဲ့သောကြောင့် ပေါင်းစည်းမခံလိုက်ရပေ။ နံရံများတစ်လျှောက်တွင် ဆေးလုံးများကို တန်းစီလျက် ထားရှိသည်။၎င်းတို့အား နာမည်များ တပ်ထားသော်လည်း ကောင်းမင်က အများစုကို မကြားဖူးချေ။
"ငါတို့ ပြန်ဆုံကြပြီ"
ထောင့်တစ်နေရာတွင်ရှိသော နတ်ဘုရားပုံရိပ်က ပြောလိုက်သည်။၎င်းသည် ကျန်းမင်လီနှင့် ပိုပို၍ ဆင်တူလာနေခြင်းဖြစ်သည်။
"မင်း ဆေးလုံးလဲလှယ်ဖို့ လိုအပ်သလား"
"အလဲအလှယ်လား"
"ဟုတ်တယ်"
ကျန်းမင်လီနဲ့ဆင်တူသောအသံက ပြောလိုက်သည်။၎င်းပုံရိပ်သည် ကောင်းမင်၏ မှတ်ဉာဏ်အား အသုံးပြု၍ ကျန်းမင်လီကို ပုံတူကူးနေခြင်းက ပြည့်စုံသွားပုံရသည်။
"မလိုပါဘူး ၊ ကျေးဇူးပဲ"
ကောင်းမင်သည် ထိုနတ်ဘုရားပုံရိပ်ဖြင့် ပိုမို ပြောဆိုလိုခြင်းမရှိပေ။သူ တစ်ဖက်လူနှင့် ပြောဆိုလိုက်ချိန်တိုင်း ယင်းသည် ကျန်းမင်လီ၏ အစီအစဉ်ဖြစ်ပြီး သူပါ သူ့ကို ကူညီပေးရမည်ဟု ခံစားလာရသောကြောင့် ဖြစ်သည်။
ဒါပေမယ့် နတ်ဘုရားပုံရိပ်က တကယ်ကြီး ကျန်းမင်လီလား။ကျန်းမင်လီသည် သူ့စွဲလမ်းမှုကို ရှာဖွေခြင်းဖြင့် အလုပ်များနေရမည်ဖြစ်ပြီး ဝိညာဉ်ဘုရားကျောင်းတွင် အချိန်ဖြုန်းမနေသင့်ပေ။
ကောင်းမင်သည် ဆေးလုံးဆောင်များကို ဖြတ်ကျော်လာခဲ့ပြီးနောက် အစွန်အကျဆုံးနေရာတွင် အနက်ရောင် ဆေးလုံးဆောင်တစ်ခုကို တွေ့လိုက်ရသည်။
နေရာသည် အခြားဆေးလုံးဆောင်များဖြင့် မခြားနားသော်လည်း ကြမ်းပြင်နှင့် နံရံများတွင် အမည်းရောင်အရာဝတ္ထုများ တွားသွားနေလေသည်။၎င်းသည် ရွှံ့ သို့မဟုတ် အသားနှင့်တူ၏။နတ်ဘုရားရောင်ဝါသည်ပင် ၎င်းတို့ထုတ်လွှတ်နေသော အနံ့ဆိုးများကို ဖိနှိပ်နိုင်ခြင်းမရှိချေ။
"မိတ်ဆွေ ၊ ရှေ့ဆက်မသွားပါနဲ့တော့လား"
မျက်စောင်းထိုး အခန်းထဲမှ လက်တစ်ဖက်တည်းရှိသော ကျင့်ကြံသူတစ်ဦး လမ်းလျှောက်ထွက်လာသည်။ ကောင်းမင်သည် ခြေလက်အင်္ဂါချို့ယွင်းနေသူတစ်ဦးကို ကျောပိုးထားသောကြောင့် သူက ကြင်နာစွာ သတိပေးလိုက်သည်။
"ဒီအခန်းက ဘာလို့ ဒီလိုဖြစ်နေတာလဲ"
"ဒီအခန်းက မူလကတော့ ပုံမှန်ပါပဲ ၊ ဒါပေမယ့် သားသတ်သမား ဆေးလုံးသန့်စင်တဲ့အတောအတွင်းမှာ သူက သူ့ခန္ဓာကိုယ်ပေါ်က ညစ်ညမ်းတဲ့အရာတွေကို ဆေးကြောပစ်ခဲ့တယ်လေ ၊ ဒီအရာတွေကို ဆေးအိုးကြီးတောင် မသန့်စင်နိုင်ဘူး ဒါကြောင့် ဒီနေရာမှာ သိမ်းဆည်းထားတာပဲ"
ဆေးလုံးသန့်စင်သူသည် သူ၏ တစ်ဖက်တည်းသော လက်ဖြင့် စွန့်ပစ်ဆေးလုံးတစ်လုံးကို ပစ်ချလိုက်သည်။
"အခုတော့ ဒီနေရာက အသုံးမဝင်တဲ့ဆေးလုံးတွေကို လာပစ်တဲ့နေရာ ဖြစ်နေပါပြီ"