← Chapters

စွန့်ပစ်ပစ္စည်း

Vol. 41 Ch. 602

စွန့်ပစ်ပစ္စည်း

Vol. 41 Ch. 602

လူတစ်ယောက်ဆေးလုံးသန့်စင်လိုက်ခြင်းမှ ထွက်လာသော 'အညစ်အကြေး'သည် ဆေးလုံးဆောင်တစ်ခုလုံးကို ပြည့်နှက်သွားစေခြင်းမှာ တွေးကြည့်ရန် ခက်ခဲသည်။ကောင်းမင်က တွန့်လိမ်နေသော အမည်းရောင်အရာဝတ္ထုကို လေ့လာလိုက်သည်။သူသည် ရံဖန်ရံခါ လူသားမျက်နှာများကို မြင်နေရသည်။သူတို့သည် စကားမပြောနိုင်သလို အကူအညီလည်း မတောင်းနိုင်ကြပေ။သူတို့သည် မည်းနက်နေသော အစေးဘောလုံးကြီးအတွင်း ဝါးမြိုခံထားရခြင်းဖြစ်သည်။

"သားသတ်သမားရဲ့ ခန္ဓာကိုယ်က သန့်စင်ထားတဲ့ ဒီအရာတွေကို ဝိညာဉ်ဘုရားကျောင်းတောင် မြန်မြန်ဆန်ဆန် ရှင်းမပစ်နိုင်ဘူးပေါ့"

ကောင်းမင်နှင့်ပိုင်ဖုန်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ယင်းက ဝိညာဉ်ဘုရားကျောင်းသည် ပြိုင်ဘက်ကင်းမဟုတ်ကြောင်း သက်သေပြနေသည်။'နတ်ဘုရား'ပင် မစွမ်းဆောင်နိုင်သော ကိစ္စရပ်များလည်း ရှိနေချေသည်။ယင်းက သူတို့အတွက် သတင်းကောင်းပင်။

"မိတ်ဆွေ မင်းထွက်သွားသင့်ပြီနော် ၊ သားသတ်သမားဆီက ညစ်ပတ်တဲ့အရာတွေ ကူးစက်ခွင့်ပေးလိုက်ရင် မင်းရဲ့တာအိုနှလုံးသား ပျက်စီးသွားနိုင်တယ်"

လက်တစ်ဖက်တည်းရှိသော ဆေးလုံးသန့်စင်သူက ဖြည်းညင်းစွာပြောလိုက်သည်။သူ့ခန္ဓာကိုယ်ပေါ်တွင် ဆေးလုံးအမှတ်အသားများမရှိချေ။သူသည် စွန့်ပစ်ဆေးလုံးကို လွင့်ပစ်လိုက်ပြီးနောက် ထွက်သွားရန်ပြင်လိုက်သည်။သူသည် ကြင်နာတတ်သော စိတ်ထားကြောင့်သာ ကောင်းမင်ကို သတိပေးခဲ့ခြင်းဖြစ်ပြီး အခြားရည်ရွယ်ချက်များ မရှိပေ။

သူလှည့်ထွက်သွားပြီးနောက်တွင် လက်တစ်ဖက်တည်းရှိသော ဆေးလုံးသန့်စင်သူသည် အနံ့ဆိုးများသိပ်သည်းလာကြောင်း သတိထားမိလိုက်သည်။သူက သိချင်စိတ်ဖြင့် ပြန်လှည့်လာသည်။သူကား လိပ်ပြာလွှင့်မတတ်ဖြစ်သွားချေသည်။အကြောင်းမှာ ဖူရှုကို ပိုးထားသော ကောင်းမင်သည် မည်သည့်အကာအကွယ်မှ မပါဘဲ အမည်းရောင်အရာဝတ္ထုထဲသို့ လက်လှမ်းလိုက်သောကြောင့် ဖြစ်သည်။

"ရပ်လိုက် ၊ အခု ရပ်လိုက်စမ်း"

ထိုလူက အော်ဟစ်လိုက်ပြီး ကောင်းမင်ကို တားဆီးရန် ပြေးလာလေသည်။

"မင်း သေချင်နေတယ်ဆိုရင်တောင် တခြားလူတွေကို ဆွဲချမသွားနဲ့လေ"

အခြားဆေးလုံးသန့်စင်သူများကို သတင်းပေးလိုက်မည်ကို စိုးရိမ်သဖြင့် ကောင်းမင်သည် ပြန်ခံမပြောဘဲ လက်ကို ပြန်ရုတ်လိုက်သည်။ထိုလက်တစ်ဖက်တည်းရှိသော သန့်စင်သူ၏ 'စွန့်ပစ်ဆေးလုံး'ကိုမူ သူ့လက်ဖဝါးထဲ ဝှက်ထားလိုက်သည်။'စွန့်ပစ်ဆေးလုံး'သည် ကျိုးကြေနေသော လက်ကောက်ဝက်တစ်ဖက်ဖြစ်ပြီး အနက်ရောင်လက်ပတ်တစ်ခုကို ဝတ်ဆင်ထားလေသည်။

"မင်းက မသေဆေးကုမ္ပဏီက စမ်းသပ်သူတစ်ယောက်လား"

ကောင်းမင်က လက်ဝါးဖြန့်လိုက်သည်။စေးပျစ်နေသော အမည်းရောင်အရာဝတ္ထက အနက်ရောင်လက်ပတ်တွင် ကပ်ပါလာသည်။

"မင်းရဲ့အထောက်အထားကို အတည်ပြုနိုင်မယ့် တစ်ခုတည်းသောအရာကို မင်းဘာလို့ ဆေးလုံးသန့်စင်ပစ်လိုက်ရတာလဲ၊ ဒါက မသေဆေးနဲ့ ဆက်သွယ်နိုင်မယ့်သော့လေ ၊ ဒါမရှိရင် ဒီအိပ်မက်ထဲက ထွက်သွားဖို့ အရမ်းအခွင့်အရေးနည်းသွားလိမ့်မယ်"

"ဘာမသေဆေးလဲ ၊ ဘာ စမ်းသပ်သူလဲ ၊ မင်းက ဒီနေရာကို အိပ်မက်တစ်ခုလို့ ထင်နေပေမယ့် ငါ့အတွက်တော့ ဒီနေရာကလွဲရင် တခြားနေရာတွေက အိပ်မက်တွေပဲကွ"

ထိုလူက တစ်ဖက်တည်းရှိသော လက်ကို ဝေ့ရမ်းလိုက်သည်။

"ငါဟာ မလိုအပ်တဲ့ နှောင်ကြိုးတွေကို ဖယ်ရှားပစ်ဖို့ ငါ့အတိတ်မှတ်ဉာဏ်တွေကို လောင်စာအဖြစ်သုံးပြီး မီးရှို့ပစ်မှာ ၊ ငါ့စိတ်က လွတ်လပ်နေမှ ငါ့ကျင့်ကြံရေးကို အထောက်အကူဖြစ်နိုင်လိမ့်မယ် ၊ ငါ့လက်ကို ငါကိုယ်တိုင်ခုတ်ဖြတ်ခဲ့ပြီး ဆေးလုံးအခွံဖြစ်လာဖို့ ယဇ်ပူဇော်ခဲ့တယ် ၊ မင်းဟာ ပုံသဏ္ဍာန်မဲ့လာလေ မင်းရဲ့ကျင့်ကြံရေးကို သက်ရောက်မှုပိုရှိလာလေပဲ"

ထိုလူက ဒေါသထွက်နေလေသည်။သူသည် အလွန်ကြည်လင်သန့်ရှင်းနေသော်လည်း ကောင်းမင်က သူ့စကားကို နားမထောင်ဘဲ စွန့်ပစ်ဆေးလုံးကိုပင် သူ့အားပြန်ပေးချင်နေခဲ့ခြင်းဖြစ်သည်။

"မင်းက ငါ့တာအိုနှလုံးသားကို ဖျက်ဆီးဖို့ ရောက်လာတာပဲ"

ထိုလူ၏ စကားများကို နားထောင်ရင်း ကောင်းမင်၏မျက်လုံးထဲတွင် သနားသည့်အရိပ်အယောင်တစ်ခု ဖြစ်ပြေးသွားသည်။သူသည် ပြင်ပမှလာသည့် စမ်းသပ်သူတစ်‌ယောက်ဆိုသော်ငြား ဝိညာဉ်ဘုရားကျောင်းထံတွင် သူ့ကိုယ်သူ ဆုံးရှုံးလိုက်ရပြီဖြစ်သည်။သူသည် ဉာဏ်အလင်းပွင့်ရန်အတွက် အရာအားလုံးကို ပေးဆပ်ရန် ဆန္ဒရှိနေလေသည်။

"မင်းပြောတာတွေက အဓိပ္ပါယ်မရှိတဲ့ စကားတွေချည်းပဲ ၊ မင်းက အရမ်းယိုယွင်းပျက်စီးနေပြီ"

"အဓိပ္ပါယ်မရှိတာလား"

ထိုလူက ပြက်ရယ်ပြုလိုက်သည်။

"မင်းက မင်းကိုယ်မင်း အရမ်းတော်တယ်လို့ ထင်နေပေမယ့် လမ်းမှန်ကိုတောင် မရှာနိုင်ဘူးမလား ၊ မင်းဟာ အပေါ်ကိုလည်း တက်မသွားနိုင်သလို မင်းရဲ့စွဲလမ်းမှုကိုလည်း မစွန့်ပစ်နိူင်ဘူး ၊ မင်း ထာဝရရှင်သန်ခြင်းကို မယုံကြည်သလို မင်းရဲ့အစစ်အမှန်ကိုလည်း မလေ့ကျင့်ဘူး၊ ဒါဆို မင်းက ဒီမှာပဲနေနေပြီး ထာဝရစောဒကတက်ဖို့ စီစဉ်နေတာလား"

"ဒါက ဘယ်လိုပေါက်ကရစကားမျိုးလဲကွာ"

ဖူရှုက လှောင်ပြောင်လိုက်သော်လည်း ကောင်းမင်က သူ့ကို လက်ကာပြသည်။

"ငါ့ဆေးလုံးကို သန့်စင်ဖို့ ပါဝင်ပစ္စည်းတွေ ရှာပြီးပြီ ၊ မကြာခင် ငါထွက်သွားတော့မယ် ၊ ငါ့လုပ်ရပ်တွေက မင်းကို တစ်ခုခုရစေမယ်လို့ မျှော်လင့်ပါတယ်"

"မင်းလို ဝင့်ကြွားနေတဲ့သူတွေကို ငါအများကြီး တွေ့ဖူးပြီးသားပါ"

ထိုလူက အင်္ကျီလက်ကို ခါ၍ ထွက်ခွာသွားသည်။သူက ခြေဆောင့်၍ ဆေးအိုးကြီးဆီသို့ ပြန်သွားလိုက်သည်။

"ဒီကလူတွေကို လုံးဝကယ်တင်လို့ မရတော့ဘူးပဲ"

ဖူရှုသည် ထိုလူထွက်သွားသည်ကို ကြည့်ရင်း သက်ပြင်းချမိသည်။

"သူတို့လည်း လှည့်စားခံခဲ့ရတာပါ"

ကောင်းမင်ကိုင်ထားသော အနက်ရောင်လက်ပတ်သည် ထိခိုက်ပျက်စီးနေသည်။ အခြေခံလုပ်ဆောင်ချက်တချို့သာ ကျန်ရှိတော့သည်။အနက်ရောင်လက်ပတ်နှစ်ခုကို ထိကပ်လိုက်သောအခါ ကောင်းမင်သည် လက်တစ်ဖက်တည်းရှိသော ဆေးလုံးသန့်စင်သူ၏ မှတ်တမ်းတင်ထားသော မက်ဆေ့ သို့မဟုတ် သူ၏နောက်ဆုံးစကားများကို ကြားလိုက်ရလေသည်။

"မိန်းမရေ ၊ ငါတို့သမီးလေးရဲ့ တည်နေရာကို ရှာတွေ့ခဲ့ပြီကွ ၊ ငါ မသေဆေးကုမ္ပဏီရဲ့ အဆင့် ၅ စမ်းသပ်သူအဆင့်ရောက်ရင် သူတို့က ကုမ္ပဏီရဲ့အရင်းအမြစ်တွေသုံးပြီး ငါတို့သမီးလေးကို ကူရှာပေးမယ်လို့ ကတိပေးခဲ့တယ် ၊ ငါးနှစ်တောင် ရှိသွားပြီနော် ၊ မကြာခင် ငါတို့မိသားစုလေး ပြန်ဆုံစည်းရတော့မယ် "

မက်ဆေ့များစွာရှိသော်လည်း အနည်းငယ်ကသာ ပုံမှန်အတိုင်းပြောနိုင်ခဲ့ခြင်းဖြစ်သည်။

"မသေဆေးက သူ့ကို အဆင့် ၄ လျှို့ဝှက်ဝင်ခွင့်အဆင့်ကို ရောက်ဖို့ မစ်ရှင်တွေအများကြီး လုပ်ခိုင်းခဲ့တယ် ၊ ကံမကောင်းစွာနဲ့ပဲ မသေဆေးက စွမ်းရည်ရှိတဲ့ ကလေးတွေကို နှစ်စဉ်နှစ်တိုင်း မိဘမဲ့ကျောင်းတွေကနေ ရွေးချယ်ပြီး သူတို့ရဲ့စမ်းသပ်မှုတွေမှာ ပါဝင်ခိုင်းနေတာကို သူမသိခဲ့ရှာဘူး ၊ သူတို့က နောက်ကွယ်မှာ ကလေးတွေကို ပြန်ပေးဆွဲနေကြတာပဲ "

ဖူရှုသည် အမူအရာကင်းမဲ့နေသည်။

"လူသတ်သမားကို ရှာဖို့ လူသတ်သမားကို အကူအညီတောင်းကြတယ်လား ၊ မင်းတို့က သေလမ်းကိုပဲ ရှာမိလိမ့်မယ်"

အနက်ရောင်လက်ပတ်နှင့် သိမ်းဆည်းထားသောမှတ်ဉာဏ်များက စွန့်ပစ်ခံခဲ့ရခြင်းဖြစ်သည်။ ယင်းသည် ပျောက်နေသောသမီးလေးကို သူဂရုမစိုက်တော့ခြင်းမဟုတ်ပေ။သူသည် သူ့သမီးလေးကို အလွန်ချစ်မြတ်နိုးခြင်းကြောင့်သာ သူ၏တန်ဖိုးအရှိဆုံးအရာကို 'နတ်ဘုရားနန်းတော်ဆီ ပျံသန်းသွားနိုင်မည့်'အခွင့်အရေးတစ်ခုအတွက် အလဲအလှယ်လုပ်ကာ ယဇ်ပူဇော်ခဲ့ခြင်းဖြစ်သည်။ သူသည် အလွန်အမင်း ထွက်သွားချင်နေခဲ့ခြင်းဖြစ်သည်။

"ဝိညာဉ်ဘုရားကျောင်းက စည်းမျဉ်းအသစ်တွေ ထွက်လာနေတာ ၊ လူတွေ အဲ့ဒါတွေကို ပိုလိုက်နာလေလေ စည်းမျဉ်းတွေက ပိုအားကောင်းလေလေဖြစ်လာလိမ့်မယ် ၊ ဝိညာဉ်ဘုရားကျောင်းကို ဖျက်ဆီးဖို့ဆိုရင် မင်း စည်းမျဉ်းတွေကို ဆန့်ကျင်မှရမယ်"

ကောင်းမင်သည် ပုတ်သိုးနေသော အမည်းရောင်အရာဝတ္ထုကို အကဲခတ်လိုက်သည်။ထိုထဲတွင် နစ်မြှပ်နေသော မျက်နှာများကို သူမြင်နေရသည်။ထိုအခိုက်အတန့်တွင် ကောင်းမင်သည် စိတ်ပျက်အားငယ်မှု ၊ သနားကြင်နာမှု နှင့် ဝမ်းနည်းမှုတို့ ပြည့်နှက်နေသော နတ်ဘုရားတစ်ပါးနှင့် ပိုတူလာဟန်ရသည်။

ကောင်းမင်သည် သူ့ကိုယ်ပေါ်မှ အဝတ်အစားကိုချွတ်၍ ဖူရှူကို ပိုင်ဖုန်းထံ ပေးလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ ၊ ငါ့ကို မင်းနဲ့အတူ ခေါ်သွားလေ ၊ ငါတို့က တစ်ယောက်ကိုတစ်ယောက် ထောက်ပံ့ပေးနေကြတာမလား"

ဖူရှုသည် ကောင်းမင်ထက်ပင် ပိုစိုးရိမ်နေလေသည်။သူက ပူပန်စွာ အော်ပြောလိုက်သည်။

"ငါ့ကို မင်းအပေါ်ခုန်တက်လာအောင် တွန်းအားမပေးနဲ့ကွ ၊ ငါ တခြားလူတွေကို မယုံဘူး"

ကောင်းမင်က သူ့ကို လှည့်ပင်မကြည့်ချေ။သူက ပိုင်ဖုန်းကိုသာ ပြောလိုက်သည်။

"သူ့ကို ကြည့်ထားပေးပါ"

သူ ဆေးလုံးခန်းထဲသို့ တန်းတန်းမတ်မတ်ဝင်သွား၏။ လက်သေးသေးလေးများက သူ့ခြေထောက်ပေါ်တွင် တွယ်ကပ်လာကြသည်။ နေရာသည် အောက်ခြေမရှိသော ရွှံ့နွံ့အိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲလာပုံရသည်။အရာအားလုံးသည် ပုတ်သိုးဆွေးမြေ့နေပြီး ခြောက်ခြားဖွယ်အနံ့တစ်ခုကို ထုတ်လွှတ်နေကြလေသည်။ဆေးအိုးများထဲမှ စွန့်ပစ်ပစ္စည်းသည် အိပ်မက်ဆိုးထဲရှိ အဆိုးရွားဆုံးအရာဖြစ်သည်။၎င်းတို့သည် အသုံးဝင်ခြင်းမရှိပေ။၎င်းတို့သည် ပျက်စီးခြင်းနှင့်ကြောက်ရွံ့ထိတ်လန့်မှုတို့ကိုသာ ဖြန့်ဝေတတ်သည်။၎င်းတို့သည် ကြောက်စရာအကောင်းဆုံးသရဲ ၊ အရက်စက်ဆုံးအဆိပ် နှင့် အကောက်ကျစ်ဆုံး မကောင်းဆိုးဝါးဖြစ်သည်။

ကောင်းမင်၏ ခန္ဓာကိုယ်က စတင်နစ်မြှုပ်လာသည်။သူ့မျက်လုံးထဲတွင် အနာဂတ်နတ်ဘုရားနှင့် အတိတ်နတ်ဘုရားတို့ရဲ့ ပုံရိပ်ယောင်များ ပေါ်ထွက်လာတော့သည်။သူသည် အမည်းရောင်အရာဝတ္ထု၏ အောက်ဘက်တွင် ပုန်းကွယ်နေသော အရာများကို စိုက်ကြည့်လိုက်သည်။

သားသတ်သမားသည် ထိုနေရာတွင် သူ့ခန္ဓာကိုယ်မှ 'စွန့်ပစ်ပစ္စည်းများ'ကို အရေခွံခွာချထားခဲ့ခြင်းဖြစ်သည်။ထို့နောက် အိပ်မက်ချိုးဖျက်မြို့မှ ကျင့်ကြံသူများသည် ထိုနေရာအား စွန့်ပစ်ဆေးလုံးများအတွက် အမှိုက်ပုံတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့ကြသည်။သူတို့သည် ထိုနေရာကို ပြည်တည်နာအဖြစ် ခွင့်ပြုခဲ့ကြသည်။သို့သော်လည်း သူတို့မေ့နေသည်မှာ ထိုစွန့်ပစ်ဆေးလုံးများသည် တစ်ချိန်က သူတို့၏တန်ဖိုးအရှိဆုံးအရာများမှ ဆင်းသက်လာခြင်းကိုပင်။

ဆေးအိုးသည် သူတို့၏ ခန္ဓာနှင့်ဝိညာဉ်မှ စွမ်းအားများကို သိမ်းယူသွားခဲ့သည်။သို့သော်လည်း ၎င်းက အပြင်းထန်ဆုံး ပြတ်တောက်နေသော စိတ်ခံစားချက်များကိုမူ ငြင်းပယ်ခဲ့သည်။

"အင်မော်တယ်ဖြစ်ဖို့တာ အလိမ်အညာပဲ ၊ ဝိညာဉ်ဘုရားကျောင်းက သူတို့အားလုံးကို သူ့ရဲ့ကျွန်တွေအဖြစ် ပြောင်းလဲချင်ရုံသက်သက်ပဲ ၊ သူက မင်းတို့တွေးတောကို မလိုအပ်သလို မင်းတို့ရဲ့သွေးစွန်းနေတဲ့ နှလုံးသားတွေကိုလည်း မလိုအပ်ဘူး"

ကောင်းမင်က သားသတ်သမား၏ဓားကို ဆွဲထုတ်လိုက်သည်။

"ဒါပေမယ့် ငါကတော့ မတူဘူး ၊ နတ်ဘုရားနန်းတော် အစစ်အမှန်ကို မင်းတို့ကို ပြပါရစေ"

ဓားသွားက သူ့ရင်ဘတ်အလယ်တတည့်တည့်မှ ခွဲချသွားသည်။အသားနံ့သင်းနေသော သွေးများက စတင်စီးကျလာတော့သည်။

"အိပ်မက်လွှတ်စမ်း"

All Chapters