နှလုံးသားတွေထဲမှာ
Vol. 41 Ch. 603
ကောင်းမင်၏ နှလုံးသားထဲမှ စိတ်ပျက်အားငယ်မှုများ စီးထွက်လာ၏။ အဆုံးမဲ့သော အနက်ရောင်ပင်လယ်ကြီးသည် အနက်ရောင်ဆေးလုံးဆောင်နှင့် အပြည့်အဝတွဲယှက်သွားသည်။ ကောင်းမင်က ပျော်ရွှင်စွာ ဟစ်အော်လိုက်၏ ။ သူသည် သူ၏ အရေပြားနှင့် နံရိုးများပေါ်သို့ လက်တင်လိုက်သည် ။ နာကျင်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင် ဖော်ပြမရနိုင်သော စိတ်လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရသည်။ သူသည် သေခြင်းတရား၏ မျဉ်းကို နင်းဖြတ်၍ ခေါင်းမော့လိုက်၏။
"မင်းတို့ သွားချင်တဲ့ နတ်ဘုရားနန်းတော်က ငါ့နှလုံးသားထဲမှာ ရှိတယ်"
ကောင်းမင်သည် မည်သည့်ဆေးအိုးကိုမျှ မလိုအပ်ပေ။ သူသည် မိမိခန္ဓာကိုယ်ကိုသာ ဆေးဖော်စပ်ရာ အိုးအဖြစ် အသုံးချခဲ့ခြင်းဖြစ်သည် ။ ရှီနတ်ဘုရားနှင့် တိုက်ခိုက်စဉ်က ကောင်းမင်သည် တစ်ဖက်လူ၏ အသိစိတ်ပင်လယ်ထဲသို့ စိတ်ပျက်အားငယ်မှုများကို လောင်းထည့်ခဲ့ဖူးသည်။ ယခုမူ သူသည် တစ်မျိုးကွဲပြားစွာ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။ သူသည် သူ၏အိပ်မက်ဆိုးကို ဖြန့်ကျက်၍ အနက်ရောင်အခန်းထဲရှိ စွန့်ပစ်ဆေးလုံးများကို ဝါးမြိုရန်အတွက် သူ၏ စိတ်ပျက်အားငယ်မှုများကို အသုံးချလိုက်သည် ။
"ငါဟာ ငါ့အိပ်မက်ဆိုးထဲမှာ မြို့တစ်မြို့လုံးကို ထမ်းပိုးထားပြီးသားဖြစ်တယ်၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ သရဲတစ္ဆေတွေလောက်တော့ ငါ့အတွက် ဘာမှုစရာရှိလဲ ၊ ဝိညာဉ်ဘုရားကျောင်းက မင်းတို့ကို အသုံးမဝင်ဘူးလို့ ပြောပေမယ့် ငါကတော့ မင်းတို့ကို နတ်ဘုရားဆေးလုံးတွေဖြစ်အောင် သန့်စင်ပေးမယ်"
ကောင်းမင်၏ အိပ်မက်ဆိုးသည် အဆုံးစွန်ထိ ပြန့်ကားသွားသည်။ ရှီနတ်ဘုရား၏ အကူအညီမပါသောကြောင့် ကောင်းမင်၏ ခန္ဓာကိုယ်မှာ အလယ်မှ ကွဲအက်လုနီးပါး ဖြစ်သွား၏။ စိတ်ကူးမယဉ်နိုင်သည့် နာကျင်မှုများကြားမှ သူက ခပ်ကျယ်ကျယ်ပြုံးလိုက်သည်။ သူသည် သားသတ်သမား၏ ဓားကို ဝေ့ရမ်းလိုက်ပြီး သားသတ်သမား၏ အသတ်အဖြတ်အော်ရာကို နှိုးဆွလိုက်သည် ။
"သူက မင်းတို့ကို သူ့ခန္ဓာကိုယ်ထဲကနေ ဖယ်ထုတ်ပြီး ထားရစ်ခဲ့တာ ၊ မစိုးရိမ်နဲ့၊ ငါ မင်းတို့ကို သူ့ဆီ ခေါ်သွားပေးမယ်"
သားသတ်သမား၏ ဓားပေါ်မှ အရှိန်အဝါ ပေါ်ထွက်လာသည်နှင့် အနက်ရောင်ဆေးလုံးဆောင်သည် စတင်တုန်ခါလာတော့သည် ။ အမည်းရောင်အရာဝတ္ထုများ၏ အောက်ခြေတွင် အငြိုးအတေးများပြည့်နေသည့် မျက်လုံးတစ်စုံ ပွင့်လာလေ၏။
"သတ်ပစ်၊ သူတို့ကို သတ်၊ သူ့ကို သတ်"
ထိုလှုံ့ဆော်ခံလိုက်ရသော သတ်ဖြတ်လိုစိတ်သည် ကောင်းမင် ကြုံတွေ့ဖူးသမျှ မည်သည့်လက်နက်ထက်မဆို ပိုမို ထက်ရှနေသည်။ စေးပျစ်နေသော အရာများက ရုတ်တရက် တောင့်ခဲလာပြီး လှံရှည်တစ်ချောင်းအဖြစ် ပြောင်းလဲသွားကာ ကောင်းမင်ကို ထိုးဖောက်လိုက်လေသည် ။
သွေးများ စီးကျလာသည်။ ကောင်းမင်၏နောက်ကျောမှ လက်ရှစ်ဖက်က သူ့ကို ကာကွယ်ပေးလိုက်သည်။ သားစားကြူးနတ်ဘုရားက လှုပ်ရှားရန် ပြင်လိုက်သော်လည်း ကောင်းမင်က တားဆီးလိုက်သည်။ သူသည် ဒဏ်ရာရနေသော်လည်း သူ့မျက်လုံးများက လွန်စွာတောက်ပနေ၏။ သားသတ်သမားသည် သူ၏ သတ်ဖြတ်လိုစိတ်ကိုပင် ခွာချပစ်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ပိုမြင့်သော အထပ်များသို့ တက်လှမ်းရန်အတွက် သားသတ်သမားသည် သူ၏ အစစ်အမှန်ဖြစ်တည်မှုကို သန့်စင်ခဲ့ခြင်း ဖြစ်သည်။ ဝိညာဉ်ဘုရားကျောင်းသည် သူ့ကို တားဆီးရန် ခွန်အားမလုံလောက်သောကြောင့် အားနည်းသွားစေရန်သာ အဆက်မပြတ် လုပ်ဆောင်နေရခြင်းဖြစ်သည်။
"ဟုတ်တယ်၊ သတ်ပစ်လိုက် ၊ လူသားအရေခွံခြုံထားတဲ့ အဲ့ဒီ တိရစ္ဆာန်တွေကို သတ်ပစ်လိုက်၊ အပေါ်ယံ သူတော်ကောင်းယောင်ဆောင်နေတဲ့ နတ်ဘုရားတွေကို သတ်ပစ်လိုက်စမ်း"
ကောင်းမင်ကိုင်ထားသော သားသတ်သမား၏ ဓားကြောင့် သတ်ဖြတ်လိုစိတ်များ ချဉ်းကပ်လာသည်။ ထက်ရှသော လှံဖျားသည် ကောင်းမင်အား တိုက်ခိုက်ရန် အဆုံးစွန်ဆုံး စိတ်ခံစားချက်များ ပြည့်နှက်နေသည့် စွန့်ပစ်ဆေးလုံးများကို ထိန်းချုပ်လိုက်သည်။
ဝိညာဉ်ဘုရားကျောင်းသည် နောက်ဆုံးတွင် ကောင်းမင်ကို သတိပြုမိသွားသည်။ သူ့အပေါ်သို့ ဖိနှိပ်မှုတစ်ခု ကျဆင်းလာသည်ကို သူ ခံစားလိုက်ရ၏။ သူ၏ အိပ်မက်ဆိုးသည် သူ့အပေါ်ဖြာကျလာသော နတ်ဘုရားရောင်ဝါများကြောင့် နှောင့်နှေးလာသည်။
"ဒါက..."
"ကြည့်ကြဦး ၊ တစ်ယောက်ယောက်က စွန့်ပစ်ဆေးလုံးတွေကို သန့်စင်နေတယ်"
ထိုလှုပ်ခတ်မှုသည် အကြီးအကဲထန်၏သား တက်လှမ်းစဉ်ကထက် ပိုကြီးမားသည်။ ဆေးလုံးသန့်စင်သူ အများအပြား လှည့်ကြည့်လိုက်ကြသည်။ လက်တစ်ဖက်တည်းရှိသော ကျင့်ကြံသူပင် ခေါင်းမော့ကြည့်လိုက်မိသည်။ အဆုံးမဲ့သော နတ်ဘုရားရောင်ခြည်များ ကျဆင်းလာသော်လည်း မြို့တော်ကဲ့သို့ ကြီးမားသော အိပ်မက်ဆိုးကိုမူ ထိခိုက်အောင် မလုပ်နိုင်ချေ။ လမ်းပျောက်နေကြသော ဝိညာဉ်သန်းပေါင်းများစွာက အော်ဟစ်လိုက်ကြသည်။ အလယ်တွင် ဝန်းရံခံထားရသော ကောင်းမင်သည် သူ၏ ရင်ဘတ်ကို ဆွဲဖွင့်လိုက်ပြီး စွန့်ပစ်ဆေးလုံးများနှင့် သားသတ်သမား၏ သတ်ဖြတ်လိုစိတ်များကို သူ့ခန္ဓာကိုယ်ထဲသို့ အတင်းအကျပ် ထိုးထည့်လိုက်တော့သည်။
သူ၏ ခန္ဓာကိုယ်မှာ စတင်တိုက်စားခံလာရသည်။ ဒဏ်ရာများထဲမှ အမည်းရောင်အရာဝတ္ထုများနှင့် စိတ်ပျက်အားငယ်မှုများ ယိုစိမ့်လာသည်။ သူသည် အံကြိတ်၍ စကားတစ်ခွန်းမှ မဆိုဘဲ သူ့နှလုံးသားထဲရှိ ဒဏ်ရာများကို ဆွဲဖွင့်လိုက်သည်။ ကောင်းမင်သည် သူ့နှလုံးသားထဲတွင် သူ၏ လျှို့ဝှက်ချက်အားလုံးကို သိမ်းဆည်းထားသည့် လျှို့ဝှက်ခန်းတစ်ခန်း ရှိနေသည်ကို ခံစားရမိသည်။ သို့သော်လည်း ထိုအခန်းကို ဖွင့်ရန် ပေးဆပ်ရမည့် တန်ဖိုးမှာ အလွန်ကြီးမားလှသည်။ ယခုအကြိမ်တွင်မူ သူသည် စွန့်ပစ်ဆေးလုံးများထဲမှ အစွန်းရောက် စိတ်ခံစားချက်များကို ခွန်အားယူ၍ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အသားနံ့သည် ဆေးလုံးနံ့ကို လုံးဝဖုံးလွှမ်းသွားသည် ။ ကောင်းမင်သည် သူ့နှလုံးသားထဲမှ အခန်း၏အထောက်အထားအမှန်ကို မသိပေ။ သူသိသည်မှာ ထိုအရာသည် သူနှင့်သာ သက်ဆိုင်သည်ဖြစ်ကြောင်းပင်။ယင်းသည် သူ့အတွက် အကြီးမားဆုံးသော ယုံကြည်အားထားရာနှင့် ဘေးကင်းရာနေရာဖြစ်ပေသည်။
"ပွင့်စမ်း"
သားသတ်သမား၏ သတ်ဖြတ်လိုစိတ်က တံခါးပေါ်ရှိ အက်ကြောင်းများကို ဖြတ်တောက်သွားသည်။ တချွင်ချွင်မြည်နေသော ချိန်းကြိုးသံများက အနက်ရှိုင်းဆုံးအဆင့် အိပ်မက်ဆိုးကို လှုပ်ခတ်သွားစေ၏။ ကောင်းမင်၏ နှလုံးသားအနက်ပိုင်းထဲတွင် ဧရာမချိန်းကြိုးကြီးများ ပေါ်ထွက်လာသည်။ သားသတ်သမား၏ သတ်ဖြတ်လိုစိတ်က မည်မျှတိုက်ခိုက်သော်ငြား ထိုအခန်းသည် ပွင့်လာရန် ငြင်းဆန်နေ၏။ သို့သော်လည်း သော့များမှာမူ လျော့ရဲသွားခဲ့သည်။
ဟိန်းဟောက်သံများ အားနည်းသွားသည်။ သတ်ဖြတ်လိုစိတ်သည် ကောင်းမင်၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွား၏။ စွန့်ပစ်ဆေးလုံးများထဲမှ အစွန်းရောက် စိတ်ခံစားချက်များကလည်း သူ့ခန္ဓာကိုယ်ထဲတွင် စီးဆင်းသွားသည်။ သားစားကြူးနတ်ဘုရားမှာ ယင်းကို တားဆီးရန် အချိန်မရှိတော့ပေ။ သူ လုပ်နိုင်သည်မှာ ကောင်းမင်၏ခန္ဓာကိုယ် လျင်မြန်စွာ ပြိုကွဲပျက်စီးနေချိန်တွင် အသစ်ပြန်လည် ကြီးထွားလာစေရန် အစွမ်းကုန်ထိန်းသိမ်းပေးထားခြင်းသာ ဖြစ်သည်။
အပြင်ဘက်တွင် နတ်ဘုရားရောင်ဝါများ ဖုံးလွှမ်းနေစဉ် အတွင်း၌မူ အိပ်မက်ဆိုးနှစ်ခုက အသွင်ပြောင်းလဲခြင်းကို အဆုံးသတ်လိုက်ကြသည်။ ဤသည်မှာ အတွင်းပိုင်းတွင် သွေးပျက်ဖွယ် ကောင်းနေသော်လည်း အပြင်ပန်း၌မူ မြင့်မြတ်သန့်စင်နေလေသည်။
အကြိမ်ကြိမ် ပြန်လည်မွေးဖွားပြီးနောက် ကောင်းမင်၏ ခန္ဓာကိုယ်သည် သားစားကြူးနတ်ဘုရားနှင့် တစ်သားတည်း ဖြစ်လုနီးပါး ဖြစ်သွားသည်။ သူ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် ပုံမှန်အတိုင်း အသက်ရှူခြင်း၊ စစ်ထုတ်ခြင်းနှင့် အလုပ်လုပ်ခြင်းတို့ကို လုပ်ဆောင်နိုင်သလို နတ်ဘုရားတစ်ပါးကဲ့သို့ ဝိညာဉ်များ၊ အသိစိတ်များနှင့်လည်း ပေါင်းစည်းနိုင်စွမ်း ရှိသွားသည်။ အစွန်းရောက် မှတ်ဉာဏ်များသည် သတ်ဖြတ်လိုစိတ်နှင့် ရောနှောသွားပြီး အသားထဲတွင် များစွာသော အမှတ်အသားများအဖြစ် ပြောင်းလဲသွား၏။ ၎င်းတို့သည် သူတို့၏ နောက်ဆုံးစွဲလမ်းမှုကို သယ်ဆောင်လာပြီး ကောင်းမင်၏ ခန္ဓာကိုယ်ကို နတ်ဘုရားနန်းတော်တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။ သူတို့၏ အမည်များကို ကောင်းမင်၏ သွေးကြောများထဲတွင် ချန်ရစ်ထားခဲ့ကြပြီး ကောင်းမင်၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသို့ ပျံ့နှံ့သွားကြလေသည်။
"ဝိညာဉ်ဘုရားကျောင်းက မင်းတို့ကို လိမ်နေတာ၊ နတ်ဘုရားနန်းတော်ဆိုတာ လူအုပ်ကြီးရဲ့ အထက်မှာ ရှိနေတာမဟုတ်ဘဲ လူတွေရဲ့ နှလုံးသားထဲမှာ ရှိနေတာဖြစ်တယ်"
ကောင်းမင်သည် စွန့်ပစ်ဆေးလုံးများ၏ ကမ္မအားလုံးကို ပုခုံးပေါ်တွင် ထမ်းတင်လိုက်သည။
"ငါ တစ်ယောက်တည်း တက်လှမ်းမှာ မဟုတ်ဘူး ၊ လူတိုင်း မသေမျိုးဖြစ်လာဖို့ ငါဆန္ဒရှိတယ်"
အကယ်၍ စွန့်ပစ်ဆေးလုံးများ၏ မှတ်ဉာဏ်များသာ တက်လှမ်းသွားမည်ဆိုပါက ကောင်းမင်၏ နှလုံးသားထဲမှ မြို့တော်ကြီးသည် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းနေပါစေ ယင်းက အရေးမကြီးတော့ပေ။
စေးကပ်နေသော အမည်းရောင်အရာဝတ္ထုများကို ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့ ပူးပေါင်း၍ သန့်စင်လိုက်ကြသည်။ သူတို့သည် သူတို့၏သွေးကို အသုံးပြု၍ မှတ်ဉာဏ်များပေါ်မှ အစွန်းအထင်းများကို ဆေးကြောသန့်စင်ကာ ၎င်းတို့၏ မူလအသွင်အပြင်ကို ထွက်ပေါ်လာစေခဲ့သည်။
စွန့်ပစ်ဆေးလုံးများသည် အမှန်တကယ်တွင် ကျင့်ကြံသူများ၏ ဘဝတွင် အရေးအကြီးဆုံး မှတ်ဉာဏ်များ ဖြစ်ကြသည်။ ၎င်းတို့အနက် အများစုသည် ဖိနှိပ်ထားသော နာကျင်မှုများ ဖြစ်သော်လည်း ၎င်းတို့သည် များစွာသော လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်လက္ခဏာကို တည်ဆောက်ထားခြင်း ဖြစ်သည်။ ဝိညာဉ်ဘုရားကျောင်း မသန့်စင်နိုင်ခဲ့သော အညစ်အကြေးများသည် ကောင်းမင်၏ အသားထဲတွင် အမှတ်အသားများ ဖြစ်လာကြလေသည်။ ၎င်းတို့သည် မတူညီသော အလင်းရောင်များဖြင့် တောက်ပနေပြီး အပုပ်အသိုးများထဲမှ ပြန်လည် မွေးဖွားလာကြလေသည်။
ဒုတိယထပ် အလယ်ရှိ ဆေးအိုးကြီးက စတင်အသက်ဝင်လာသည်။ ခရမ်းရောင်မီးတောက်များ ထွက်ပေါ်လာပြီး မြွေကြီးတစ်ကောင်ကဲ့သို့ ကောင်းမင်ကို ကိုက်ခဲလိုက်၏။ ကောင်းမင်၏ အိပ်မက်ဆိုးက ဆက်လက်ဆုတ်ခွာသွားသည်။ သို့သော်လည်း ဝိညာဉ်ဘုရားကျောင်းသည် ကောင်းမင်၏ အိပ်မက်ဆိုးကို အလုံးစုံ ပြိုလဲအောင် မလုပ်နိုင်ခဲ့ပေ။ နယ်ပယ်နှစ်ခု၏ ထိပ်တိုက်တွေ့မှုကြောင့် ဒုတိယထပ်တစ်ခုလုံး မတည်မငြိမ် ဖြစ်လာတော့သည်။ ဆေးလုံးနံ့များသည် အသားနံ့၏ ဖုံးလွှမ်းခြင်း ခံလိုက်ရတော့သည်။ များစွာသော ဆေးလုံးသန့်စင်သူ အများအပြားသည် ဗလာဖြစ်နေသော အကြည့်များဖြင့် လှည့်ပတ်ကြည့်လိုက်ကြသည်။ အမွှေးတိုင်နံ့များနှင့် မောင်းတီးသံများလည်း ထွက်ပေါ်လာ၏။
ကောင်းမင်အား လျင်မြန်စွာမဖြေရှင်းနိုင်သောကြောင့် ဝိညာဉ်ဘုရားကျောင်းသည် ဤဈာပနအခမ်းအနားကို ပျော်ရွှင်စရာ အခမ်းအနားတစ်ခုကဲ့သို့ ဟန်ဆောင်လိုက်သည်။ နတ်ဘုရားရောင်ဝါများ လျှံထွက်လာပြီး အလယ်ရှိ ဆေးအိုးထဲမှ မျက်စိကျိန်းလောက်ဖွယ် တောက်ပသော အလင်းတန်းတစ်ခု ပွင့်ထွက်လာလေသည်။၎င်းသည် ရွှေရောင်တံတားတစ်ခုကဲ့သို့ ကောင်းမင်ကို ပိုမြင့်သော အထပ်သို့ ပို့ဆောင်ပေးတော့မည် ဖြစ်သည်။
ပြန်လည်ကောင်းမွန်လာခါစဖြစ်သော ကောင်းမင်သည် ရွေးချယ်စရာ များများစားစားမရှိပေ။ သူ၏ အသိစိတ်သည် ဆန်းကြယ်သော အင်အားတစ်ခု၏ ဆွဲခေါ်ခံလိုက်ရသည်။ သူ့ဝိညာဉ်က တိမ်တိုက်ကဲ့သို့ ပေါ့ပါးသွား၏။ သို့သော်ငြား နောက်တစ်စက္ကန့်တွင် လက်ရှစ်ဖက်က သူ့ကို လှမ်းဖမ်းလိုက်ပြီး သူ့အသားလှောင်အိမ်ထဲတွင် ပြန်လည်ပိတ်လှောင်ထားပေးလိုက်သည်။
ကောင်းမင် ရွှေရောင်တံတားပေါ်တွင် ရပ်လိုက်သည်။ သူ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ဒုတိယထပ်မှ အပေါ်သို့သာ တန်းတန်းမတ်မတ် သွားနေမည်ဖြစ်သည်။
"ဒါက တက်လှမ်းခြင်းဆိုတာလား"