နံရံ
Vol. 41 Ch. 604
ကောင်းမင်သည် တိမ်များ၏ ထိပ်ဖျားတွင် ရပ်နေရသကဲ့သို့ ခံစားနေရသည်။ သူ အထက်သို့ တက်လှမ်းလာသည်နှင့်အမျှ ဝိညာဉ်ဘုရားကျောင်းအတွင်းရှိ အဓိပ္ပာယ်မဲ့သော မြင်ကွင်းများက သူ့မျက်စိထဲသို့ တိုးဝင်လာလေသည်။ ကောင်းမင်သည် ရင်းနှီးနေသော ပုံရိပ်အချို့ကို မြင်တွေ့လိုက်ရသည်။
အထက်သို့ တက်လာသည်နှင့် ကောင်းမင်အပေါ်ကျရောက်နေသော နတ်ဘုရားရောင်ဝါဖိအားက ပိုမိုပြင်းထန်လာသည်။ သူသည် အိပ်မက်လွှတ်ခြင်းကို ကြာကြာထိန်းမထားနိုင်တော့ပေ။ အိပ်မက်ဆိုးနှင့် သားစာကြူးနတ်ဘုရားတို့ သူ့ရင်ဘတ်ထဲသို့ ပြန်ဝင်ရောက်သွားချိန်တွင် သူ့ကို ဝန်းရံထားသော တိမ်တိုက်များက ကွယ်ပျောက်သွားသည်။ မြင့်မြတ်သော ရောင်ဝါများက သူ၏ အရိုးနှင့် အသားများကို ခွာချနေလေသည်။ ကောင်းမင်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ နာကျင်မှုကို အံတုခံယူလိုက်သည်။ ထိုရောင်ဝါများသည် သူ့ခန္ဓာကိုယ်ထဲသို့ တွားဝင်လာနေသောကြောင့် သူ့ဒဏ်ရာများ ပြန်မကောင်းနိုင်တော့ပေ။ ၎င်းတို့သည် စွန့်ပစ်ဆေးလုံးများကြောင့် ဖြစ်ပေါ်နေသော အမှတ်အသားများကို ခြစ်ထုတ်ပစ်ချင်နေကြခြင်းဖြစ်သည်။
"မင်းတို့က ကြင်နာမှုနဲ့ ကိုယ်ကျင့်တရားအကြောင်းတွေကို ဟောပြောနေကြပေမယ့် တကယ်တမ်း ခြိမ်းခြောက်ခံရတဲ့အခါကျတော့ မကောင်းဆိုးဝါး သရဲတွေထက်တောင် ပိုယုတ်မာကြတာပဲ"
ကောင်းမင်သည် ပါးစပ်ထဲတွင် သွေးများ ပြည့်နေသည့်ကြားမှ လှောင်ပြောင်ရယ်မောလိုက်သည်။ သူ တစ်ခုတော့ သေချာသွားပြီဖြစ်သည်။ ဖူရှု မှန်ပေသည်။ အိပ်မက်ချိုးဖျက်မြို့မှာ နတ်ဘုရားဆိုတာ မရှိဘူး။ အားလုံးက မြင့်မြတ်သလိုဟန်ဆောင်ထားတဲ့ သရဲတွေချည်းပဲ။
"ကံကောင်းခြင်း တိမ်တိုက်တွေ၊ နတ်ဘုရားရောင်ဝါတွေနဲ့ အေးချမ်းတဲ့ အငွေ့အသက်တွေ၊ ဒီဘုရားကျောင်းထဲက အရာအားလုံးက အတုအယောင်တွေပဲ ၊ ငါသိချင်တာက အဲ့ဒီအရာတွေရဲ့ မူလအသွင်အပြင်က ဘယ်လိုမျိုးလဲ ဆိုတာပဲ"
ကောင်းမင်သည် နာကျင်မှုခံစားချက်ကို ဆုပ်ကိုင်ထားလိုက်သည်။
"မင်းတို့ရဲ့ ဆေးအိုးက လူတွေကို ချက်ပြုတ်ထားတဲ့ အိုးကြီးတစ်လုံးလား ၊ မင်းတို့ရဲ့ နတ်ဘုရားရောင်ဝါဆိုတာက သွားချွန်ချွန်တွေပါတဲ့ အဆိပ်ပိုးကောင်တွေ ဖြစ်မှာပေါ့ ၊ အေးချမ်းတဲ့ အငွေ့အသက်ဆိုတာကတော့ အဆိပ်ငွေ့တွေပဲ ဖြစ်မယ်၊ ကံကောင်းခြင်း တိမ်တိုက်တွေကတော့ ကြေမွနေတဲ့ အသားစတွေပဲ ၊ ငါ အကုန်မြင်နိုင်တယ်ကွ"
သူ အော်ဟစ်လိုက်စဉ်မှာပင် ကောင်းမင်သည် တစ်စုံတစ်ခုနှင့် အပြင်းအထန် တိုက်မိသွားသည်။ သူ၏ ကျောရိုးသည် ကျိုးကြေလုနီးပါး ဖြစ်သွား၏။ သူ၏အော်ဟစ်သံများက လည်ချောင်းထဲတွင် ပျောက်ကွယ်သွားသည်။ နတ်ဘုရားရောင်ဝါများက သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေသော်လည်း အမှတ်အသားများကို ဖျက်ဆီးပစ်နိုင်ခြင်း မရှိပေ။ သားစားကြူးနတ်ဘုရား၏ အကာအကွယ်ကြောင့် ကောင်းမင်၏ စိတ်ဆန္ဒကိုလည်း ရိုက်ချိုးနိုင်ခြင်း မရှိခဲ့ချေ။ ၎င်းတို့သည် ကောင်းမင်၏ နှလုံးသားထဲသို့ ဝင်ရောက်၍ အိပ်မက်ဆိုး၏ အရင်းအမြစ်ကို ဖယ်ရှားရန် ကြိုးစားလာကြသည်။ သို့သော်လည်း နတ်ဘုရားရောင်ဝါများ မည်မျှပင် ကြိုးစားစေကာမူ နှလုံးသားအနီးသို့ ရောက်သည်နှင့် ပျောက်ကွယ်သွားကြလေသည်။ ကောင်းမင်၏ နှလုံးသားထဲတွင် ဝှက်ထားသော အိပ်မက်ဆိုးသည် အိပ်မက်ချိုးဖျက်မြို့၏ အိပ်မက်ဆိုးထက်ပင် ပိုသန်မာနေပုံရသည်။
"ငါ့နှလုံးသားထဲက သော့ခတ်ထားတဲ့ အခန်းကို မင်းတို့ သိချင်နေတာလား ၊ အဲ့ဒီအခန်းက ဘယ်ကို ဦးတည်နေတာလဲဆိုတာ သိချင်လား ၊ ဟားဟား… အဲ့ဒါက မင်းတို့ ရှာနေတဲ့ နတ်ဘုရားနန်းတော်ပဲကွ၊ အဲ့ဒီ သော့ခတ်ထားတဲ့ တံခါးက တခြားကမ္ဘာဆီကို ဦးတည်နေတဲ့ ကောင်းကင်ဘုံတံခါးပဲ"
"ငါက မင်းတို့ရဲ့ ထင်ယောင်ထင်မှားတွေ ဒါမှမဟုတ် အိပ်မက်ဆိုးရဲ့ စွမ်းအားတွေကို အားကိုးနေစရာ မလိုဘူး၊ ဘာလို့လဲဆိုတော့ ငါပြောသမျှအားလုံးက အမှန်တရားမို့လို့ပဲ၊ ဒါက အမှန်တရားပဲကွ"
ဟိန်းဟောက်သံက ဝိညာဉ်ဘုရားကျောင်းအတွင်း ပျံ့နှံ့သွားသည်။ ဝိညာဉ်မိုးများ ရွာသွန်းလာ၏။ ဘုရားကျောင်းအထက်ပိုင်းရှိ တစ်စုံတစ်ခုက တုန်ခါသွားသည်။ ကောင်းမင်ကို ဝန်းရံထားသော နတ်ဘုရားရောင်ဝါများမှာ ရုတ်တရက် အားနည်းသွားတော့သည်။ အချို့သော ရောင်ဝါများသည် ရွာ၏ မတူညီသော နေရာအသီးသီးသို့ ပြန့်ထွက်သွားကြသည်။
"တစ်ယောက်ယောက်က ဒါကို ထိန်းချုပ်နေတယ်ဆိုတာ ငါသိနေတယ်"
ကောင်းမင် ခံစားနေရသော နာကျင်မှုများ လျော့ပါးသွားသည်။ သူ့ခန္ဓာကိုယ်သည်လည်း ဖြည်းညင်းစွာ ပြန်လည်ကောင်းမွန်လာလေသည်။
"ဒီလို ဒုက္ခဆင်းရဲတွေ ကြုံရပြီးရင် ကောင်းတာတစ်ခုခုတော့ ဖြစ်လာရမှာပဲ ၊ ငါ့နှလုံးသားထဲက အခန်းရဲ့ ချိတ်တံဆိပ်က လျော့ရဲသွားပြီ ၊ နောက်ထပ် အကြိမ်နည်းနည်းလောက် ဒီလို ထပ်ဖြစ်မယ်ဆိုရင် တံခါးက တကယ်ကြီး ပွင့်သွားနိုင်တယ်"
ကောင်းမင်သည် ထိုထက်ပိုသော အရာများကိုလည်း ရရှိခဲ့သည်။ အဆုံးမဲ့သော စွန့်ပစ်ဆေးလုံးများက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကြသည်။ နတ်ဘုရားရောင်ဝါများက ၎င်းတို့ပေါ်ရှိ မသန့်စင်မှုများကို သတိမထားမိဘဲ သူ့ကို ကူညီသန့်စင်ပေးခဲ့သည်။ စွန့်ပစ်ဆေးလုံးများသည် ပြီးပြည့်စုံစွာ တောက်ပလာတော့သည်။
ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာသောအခါ ကောင်းမင်သည် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုအသစ်တစ်ခုကို ကြိုဆိုရပေတော့မည်။ ဖြစ်နိုင်သည်မှာ သူသည် ကမ္ဘာကြီး၏ ကိုးကွယ်ခံရမည့် နတ်ဘုရားနန်းတော်တစ်ခုပင် ဖြစ်လာနိုင်သည်။ ကောင်းမင်သည် ခက်ခက်ခဲခဲဖြင့် မျက်လုံးဖွင့်လိုက်သည်။ လေးလံနေသော သူ့မျက်ခွံများ အနည်းငယ်ပွင့်လာသည်။ သူ့ခေါင်းပေါ်တွင် ရှိနေသော ကျောက်စိမ်းအမိုးခုံးနှင့် ဝိညာဉ်ဘုရားကျောင်း၏ထိပ်ဆုံးတွင် ရှိနေသော ကောင်းကင်ဘုံတံခါးကို သူမြင်လိုက်ရသည်။
"ဒါက ဘယ်အထပ်လဲဟ"
ကျောက်စရစ်ခဲလေးများ သူ့အပေါ်သို့ လွင့်စင်လာသည်။ ကောင်းမင်က လေအေးတစ်ချက် ရှုသွင်းလိုက်သည်။ သူသည် လည်ပင်းကို လှည့်ရန် ကြိုးစားလိုက်သည်။ ဝိညာဉ်ဘုရားကျောင်း၏ နံရံတွင် ပေါက်ချွန်းတစ်ခု စိုက်ဝင်နေသည်ကို မြင်လိုက်ရသည်။ မီးပွင့်များလည်း ထွက်ပေါ်နေလေသည်။
"သူတို့ ဘာလုပ်နေကြတာလဲ"
ကျင့်ကြံသူ အများအပြားသည် ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး သူတို့ကိုယ်သူတို့ ကြိုးများဖြင့် နံရံတွင် ချည်နှောင်ထားကြသည်။ သူတို့သည် ကိရိယာအမျိုးမျိုးဖြင့် ဘုရားကျောင်း နံရံပေါ်မှ ကျောက်တုံးများကို တူးထုတ်နေကြခြင်းဖြစ်သည်။
"သူတို့က ဝိညာဉ်ဘုရားကျောင်းထဲကနေ ထွက်ဖို့ လမ်းဖောက်နေကြတာလား ၊ သူတို့ သတိဝင်လာကြပြီလား"
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထပ်မံထွက်ပေါ်လာသည်။ ကောင်းမင်သည် အပေါ်မှ ကျလာသော ဧရာမကျောက်တုံးကြီးတစ်တုံးကို မြင်လိုက်ရသည်။ အရိပ်က မျက်လုံးထဲတွင် ပိုမို ကြီးမားလာလေသည်။ ထိုကျောက်တုံးကြီးသည် သူ့ဘေးရှိ ရေအိုင်ထဲသို့ ပြုတ်ကျသွားသည်။
ခါးတွင် ဝတ်ရုံကိုပတ်ထားသော ကျင့်ကြံသူတစ်ဦး အပြေးရောက်လာလေသည်။ သူသည် ကြမ်းပြင်ပေါ်တွင် မှောက်လျက်လဲနေသော ကောင်းမင်ကို တွေ့သွားပြီး စိုးရိမ်တကြီး ကြည့်လိုက်၏။
"တော်သေးတာပေါ့၊ မင်း ဘာမှ မဖြစ်လို့ ၊ မဟုတ်ရင် ငါတော့ လူသတ်တယ်ဆိုတဲ့ အပြစ်နဲ့ ညစ်နွမ်းတော့မှာပဲ"
ထိုလူသည် ကောင်းမင်ကို အစောကတည်းက သတိပြုမိခဲ့သော်လည်း သူသည် နံရံတွင် ကပ်နေရသဖြင့် မလှုပ်ရှားနိုင်ခဲ့ခြင်း ဖြစ်သည်။
ကောင်းမင်၏ အနီးရှိ နတ်ဘုရားအခိုးအငွေ့များ လုံးဝပျောက်ကွယ်သွားသောအခါ ထိုကျင့်ကြံသူသည် ကောင်းမင်ဆီမှ အကြည့်မလွှဲနိုင်တော့ချေ။ သူ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ စက္ကန့်အနည်းငယ်ကြာပြီး သူက ရေရွတ်လိုက်သည်။
"မင်းက နတ်ဘုရားရဲ့ ကောင်းချီးပေးခံထားရတာပဲ ၊ မင်းရဲ့ ခန္ဓာကိုယ်က နတ်ဘုရားစွမ်းအင်တွေနဲ့ ရက်လုပ်ထားတဲ့ ရွှမ်ရတနာတစ်ခုပဲ"
သူသည် ခက်ခက်ခဲခဲ အားစိုက်တူးယူခဲ့ရသော ကျောက်တုံးကြီးကိုပင် လျစ်လျူရှုလိုက်သည်။သူသည် သူ၏ဝတ်ရုံကို ချွတ်၍ ဖုန်များကို ခါလိုက်သည်။ထိုနောက် ကောင်းမင်အပေါ်သို့ ခြုံပေးလိုက်သည်။ ထို့နောက် သူက တခြားသူများ ဤရတနာကို သတိပြုမိသွားမည်စိုးသဖြင့် ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
"ငါတို့ ဆုံတွေ့ရတာက ကံကြမ္မာပဲ ၊ ငါအကြာကြီး ကျင့်ကြံလာခဲ့ရတာ ၊ နောက်ဆုံးတော့ နတ်ဘုရားနန်းတော်က ငါ့အပေါ် ချစ်ခြင်းမေတ္တာတွေ ပြလိုက်ပြီပဲ"
"မင်း ဒီမှာရှိနေတာ ဘယ်လောက်ကြာပြီလဲ..."
ကောင်းမင်သည် စကားပြန်ပြောရန်ပင် ဒဏ်ရာပြင်းထန်လွန်းနေသည်။ သူ ခံစားခဲ့ရသော နှိပ်စက်မှုများကြောင့် သူ့ပုံစံက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြစ်နေသင့်သည်။ သို့သော် ထိုကျင့်ကြံသူကမူ သူ့အား ကမ္ဘာပေါ်တွင် အဖိုးတန်ဆုံး ရတနာတစ်ခုကဲ့သို့ ကြည့်ရှုနေလေ၏။
သားစားကြူးနတ်ဘုရားသည် ကောင်းမင်၏ ခန္ဓာကိုယ်ကို ပြန်လည် ပြုပြင်ပေးနေသည်။ ကျန်ရှိနေသော နတ်ဘုရားရောင်ဝါများမှာ ကောင်းမင်၏ ခန္ဓာကိုယ်ထဲတွင် ဖရိုဖရဲများဖန်တီးရန် ဆက်လက်လှုပ်ရှားနေဆဲ ဖြစ်သည်။ ၎င်းတို့သည် ထွက်သွားရန် ငြင်းဆန်နေကြသည်။
"ဒီနတ်ဘုရားရောင်ဝါတွေရဲ့ မူလအစက ဘယ်ကလဲ၊ တကယ် စိတ်ရှုပ်စရာပဲ"
ကောင်းမင် မျက်မှောင်ကြုတ်လိုက်သည်။ သူအမြန်ဆုံး ဖယ်ရှားပစ်ချင်နေသော အရာသည် ကျင့်ကြံသူအတွက် အဖိုးတန် ရတနာတစ်ခု ဖြစ်နေလေသည်။ မည်သူမျှ သတိမထားမိချိန်တွင် ထိုကျင့်ကြံသူသည် ကောင်းမင်ကို သူ၏ကျောပေါ်သို့ တိတ်တဆိတ် ပိုးလိုက်သည်။ သူတို့သည် နံရံဆီမှ ထွက်လာခဲ့ပြီး ရေအိုင်များကို ကွေ့ပတ်ကာ ပြုတ်ကျနေသော ကျောက်တုံးများကို ရှောင်ရှားရင်း အထပ်၏အလယ်ဗဟိုသို့ ရောက်ရှိလာကြသည်။
ဝိညာဉ်ဘုရားကျောင်းသည် အထက်သို့ တက်လေလေ ပို၍ ကျယ်ဝန်းလာလေလေ ဖြစ်သည်ကို ကောင်းမင် သိထားသည်။ သို့သော်လည်း ကျယ်ပြောလှသော မြင်ကွင်းကို မြင်လိုက်ရသောအခါ သူ အံ့အားသင့်သွားမိသည်။ ကျင့်ကြံသူ အများအပြားသည် ဤအထပ်တွင် စုဝေးနေကြလေသည်။ သူတို့သည် အိပ်စက်ခြင်း သို့မဟုတ် အနားယူခြင်း မရှိကြပေ။ သူတို့သည် နံရံပေါ်မှ ကျောက်တုံးများကို မရပ်မနား တူးထုတ်နေကြပြီး ရုပ်တုများအဖြစ် ထုဆစ်ရန် ကြိုးစားနေကြသည်။ ရုပ်တု အများစုသည် ထုဆစ်ပြီးသည်နှင့် ပြိုကျသွားတတ်ကြသည်။ အနည်းငယ်မျှသော ရုပ်တုများသာ သူတို့အထက်ရှိ နတ်ဘုရားနန်းတော်၏ တုံ့ပြန်မှုကို ရရှိကြခြင်းဖြစ်သည်။
"သူတို့က သူတို့ရဲ့ နှလုံးသားထဲက နတ်ဘုရားကို ထုဆစ်ချင်နေကြတာပါ ၊ အဲ့ဒီလိုမှပဲ သူတို့က အစစ်အမှန်ကျင့်ကြံခြင်းကို ရနိုင်မှာလေ"
ထိုလူသည် ကောင်းမင် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေသည်ကို သတိပြုမိသဖြင့် အခြေအနေကို ရှင်းပြပေးလိုက်သည်။ ဤအချက်က ကောင်းမင်ကို စိတ်သက်သာရာ ရစေသည်။ အနည်းဆုံးတော့ သူတို့အချင်းချင်း ဆက်သွယ်၍ ရနေသေးသည် မဟုတ်ပါလား။
ကောင်းမင်သည် နှုတ်ခမ်းကို လှုပ်ရှားရန် ကြိုးစားလိုက်သော်လည်း အရေပြားတစ်လွှာ ကွာကျသွားသည်။ စကားပြောခြင်းက သူ့မျက်နှာပေါ်ရှိ ဒဏ်ရာများကို ပိုမို ဆိုးရွားလာစေသည်။
"မင်းလည်း အပေါ်ထပ်ကနေ ဆင်းလာတာလား"
ထိုကျင့်ကြံသူသည် နောက်ဆုံးတွင် သူစိတ်အဝင်စားဆုံးသော မေးခွန်းကို မေးမြန်းလိုက်တော့သည်။
ကောင်းမင်က ပြန်မဖြေပေ။ ထိုအစား သူက နှေးကွေးသော လေသံဖြင့် ပြန်မေးလိုက်သည်။
"ဒါက ဘယ်အထပ်လဲ"