မျှဝေခြင်းဆိုတာ ဂရုစိုက်ခြင်းပဲ
Vol. 41 Ch. 606
“ညကင်းစောင့်ရုပ်တုကို အကြီးဆုံးရုပ်တုအောက်မှာ ထားထားတာ အံ့ဩစရာမရှိဘူး ၊သူတို့က ညကင်းစောင့်ကို တမင်သက်သက် အရှက်ခွဲတာ ဒါမှမဟုတ် ဖိနှိပ်ထားတာ ဖြစ်ရမယ်”
နတ်ဘုရားနန်းတော်၏ အာရုံစိုက်မှုအား မည်သို့ဆွဲဆောင်ရမည်ကို ကောင်းမင်၏ ဦးနှောက်ထဲတွင် အကြံတစ်ခုပေါ်ပေါက်လာခဲ့သည်။ ဝိညာဉ်ဘုရားကျောင်း၏ စည်းမျဉ်းများကို အစွန်းကုန်လိုက်နာခြင်းဖြင့် အမည်မသိနတ်ဘုရား၏ ချစ်ခင်မှုကို ရရှိကာ နတ်ဘုရားနန်းတော်သို့ လမ်းညွှန်ခံရမည်ဖြစ်သည်။ အခြားတစ်နည်းမှာ စည်းမျဉ်းများကို အဆက်မပြတ် စိန်ခေါ်ခြင်းဖြင့် ဝိညာဉ်ဘုရားကျောင်းကို အမှန်တကယ် ခြိမ်းခြောက်မှု ခံစားလာရစေရန် ပြုလုပ်ခြင်းပင် ဖြစ်သည်။
ကောင်းမင်၏ စရိုက်အရ ပထမနည်းလမ်းကို အသုံးမပြုနိုင်သော်လည်း ဒုတိယနည်းလမ်းတွင်မူ သူသည် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေသည်။
“မိတ်ဆွေ... ငါ မင်းကို အခုချက်ချင်း တက်လှမ်းနိုင်အောင် ကူညီပေးနိုင်တယ်”
ကောင်းမင်သည် ထိုလူ၏နားသို့ကပ်၍ ယုံကြည်မှုအပြည့်ဖြင့် တိုးတိုးလေး ပြောလိုက်၏။
“ငါ ဘာလုပ်ပေးရမလဲ”
ကျင့်ကြံသူသည် စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။သူ၏ ခန္ဓာကိုယ်အပူချိန်ပင် မြင့်တက်လာလေသည်။
“ငါ နဝမထပ်မှ ပြုတ်ကျလာတုန်းက အစစ်အမှန်အင်မော်တယ်ကို မြင်ခဲ့ရတယ်၊ မင်းက ငါပြောပြတဲ့အတိုင်း ပုံဖော်ထုဆစ်ရုံပဲ၊ နတ်ဘုရားနန်းတော်က မင်းကို သေချာပေါက် သတိထားမိလိမ့်မယ်”
“ကောင်းပြီ... ဒါဆို ငါတို့ အခု ကျောက်ဆစ်အလုပ်ရုံသို့ ပြန်ကြစို့”
ထိုကျင့်ကြံသူက နောက်လှည့်လိုက်သည်။
“ဘာလို့လဲ”
“ငါ့ရဲ့ကိရိယာတွေနှင့် ကုန်ကြမ်းတွေက အဲ့ဒီမှာ ရှိနေတာလေ”
“ကုန်ကြမ်းပစ္စည်းတွေ... ငါတို့မှာ ဒါတွေ ရှိနေပြီးသားပဲ မဟုတ်လား”
ကောင်းမင်သည် အခန်းအလယ်ရှိ ကျောက်တုံးရုပ်တုကြီးကို ကြည့်၍ အသာအယာ ပြောလိုက်သည်။
ထိုကျင့်ကြံသူက ရုပ်တုကြီးကို ကြည့်၍ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရ၏။ သူသည် ဒူးထောက်လိုသော စိတ်ဆန္ဒကို တောင့်ခံထားရင်း ကောင်းမင်ကို ခေါင်းယမ်းပြလိုက်သည်။
“ငါ မလုပ်ရဲဘူး”
“အရာရာတိုင်းကို ကြောက်ရွံ့နေရင် ဘာလို့ ကျင့်ကြံနေဦးမှာလဲ၊ အိမ်ပြန်ပြီး ဝက်မွေးနေလိုက်တော့”
ကောင်းမင်က လှောင်ပြောင်လိုက်၏။ သူ့စိတ်ထဲရှိ အစီအစဉ်အတိုင်း ဖြစ်လာခြင်းကြောင့် သူသည်လည်း စိတ်လှုပ်ရှားလာရသည်။ ပုပ်သိုးနေသော ဒဏ်ရာများပင် မနာကျင်တော့သလို ခံစားလာရသည်။နတ်ဘုရားရောင်ဝါများပင် သူ့ကို ပိုမိုညင်သာစွာ ကြည့်ရှုလာသည်။
ကျင့်ကြံသူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်၏။ သူ ညကင်းစောင့်ရုပ်ထုကို ကျော်လွန်လိုက်သည်နှင့် ဒူးများက ချက်ချင်း ညွှတ်ကျသွားတော့သည်။
“မရဘူး... ငါ မလုပ်နိုင်ဘူး”
“မင်းက တက်လှမ်းနိုင်မယ့် အခွင့်အရေးကို လက်လွှတ်တော့ခံတော့မှာလား၊ မင်းနှလုံးသားထဲက အချုပ်အနှောင်တွေကို မချိုးဖျက်နိုင်သရွေ့ မင်းဟာ အမြဲတမ်း ဆေးလုံးအညစ်အကြေးတွေနဲ့ မွေးမြူခံထားရတဲ့ ဝိညာဉ်တိရစ္ဆာန်အဆင့်မှာပဲ ရှိနေမှာပဲ”
ကောင်းမင်၏မျက်နှာက ပြန်လည်ကောင်းမွန်လာသည်နှင့် သူ့အသံမှာ ဟိန်းထွက်သွားတော့သည်။
ကျင့်ကြံသူသည် ဒုက္ခရောက်သွားပုံရသည်။
“ငါ မကြောက်ပါဘူး၊ ငါ မင်းကို မယုံကြည်ရဲသေးတာပါ၊ မင်းအနေနဲ့ နတ်ဘုရားနန်းတော်ကို တုံ့ပြန်လာအောင် နိုးဆွပေးနိုင်ရင် ငါ မင်းကို အပြည့်အဝ ယုံကြည်ပါ့မယ်”
ထိုကျင့်ကြံသူသည် အလွန်သတိထားနေလေသည်။ နောက်ဆုံးတွင် သူက ကောင်းမင်အား သတ္တမထပ်၏ အစွန်းသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။သူတို့သည် ကောင်းမင်ကို ဖိခြေမိလုနီးပါး ဖြစ်ခဲ့သော ကျောက်တုံးကြီးကို ရှာဖွေတွေ့ရှိလိုက်သည်။
“ဒီနေရာမှာပဲ စလိုက်ကြစို့၊ ငါ အလျင်လိုနေတယ်”
နံရံများပေါ်မှ ရေအေးများမှာ ကြမ်းပြင်သို့ စိမ့်ကျနေပြီး ရေတိမ်သော ကမ်းခြေလေးကဲ့သို့ ဖြစ်နေလေသည်။ ကောင်းမင်သည် ထိုနေရာတွင် လှဲချလိုက်သည်။
ကျင့်ကြံသူသည် ကိရိယာများကို ထုတ်ယူလိုက်ပြီး ကောင်းမင်ကို သံသယဖြင့် ကြည့်လာသည်။
“ပုံသဏ္ဍာန်ရှိသောအရာကို ‘ကိရိယာ’ လို့ခေါ်ပြီး ပုံသဏ္ဍာန်မဲ့သောအရာကို ‘တာအို’ လို့ ခေါ်တယ်၊ ကိရိယာတန်ဆာပလာတွေကနေ တာအိုကို တက်လှမ်းဖို့ ခြေလှမ်းအဆင့်ဆင့်တိုင်းဟာ အရမ်းခက်ခဲတယ်၊ မင်း ဒါကို ဒီနေရာမှာ လုပ်ချင်တာ သေချာရဲ့လား”
“ငါ ပြောပြတာတွေကို လိုက်နာပြီး ငါမြင်ခဲ့ရတဲ့ အင်မော်တယ်ကိုသာ ထုလုပ်စမ်းပါ”
ကောင်းမင်သည် စိတ်မရှည်သကဲ့သို့ ဟန်ဆောင်လိုက်သော်လည်း အမှန်စင်စစ် သူသည် ဒဏ်ရာများ သက်သာစေရန် အချိန်ဆွဲနေခြင်းသာ ဖြစ်သည်။
“ကောင်းပြီလေ”
ကျင့်ကြံသူသည် နောက်ကျိနေသော ရေအိုင်ထဲ၌ ဒူးထောက်ချလိုက်ပြီး ဂါထာမန္တန်များကို ရွတ်ဖတ်လိုက်၏။ သူသည် မျက်လုံးများမှိတ်၍ ခေါင်းဖြင့် နံရံကို တိုက်မိသည့်တိုင်အောင် တွားသွားလိုက်သည်။
“ဒီနေရာပဲ”
များစွာသော အဝါရောင် အဆောင်များ ပြန့်ကျဲသွားသည်။သူဦးတိုက်ခဲ့သော နံရံနေရာတွင် ကြယ်တာရာများ စီးဆင်းနေလေသည်။သူက သူ့ကျောပေါ်မှ ကျောက်တုံးကြီးကို ချလိုက်သည်။
“မြေအောက်ထဲမှာ နဂါးသွေးကြောရှိတယ်၊ ရတနာမျှော်စင်က စိတ်ဝိညာဉ်သော့ပဲ ၊ ဒီနေရာမှာ အောင်မြင်ဖို့ အခွင့်အရေး ပိုများတယ်၊ အခုတော့ ဒုတိယအဆင့်ကို သွားလိုက်ကြစို့”
သူသည် ဓားထက်ထက်တစ်ချောင်းကို ထုတ်ယူလိုက်သည်။ထို့နောက် သူ့လက်ဖဝါးကို လှီးဖြတ်လိုက်သည်။ပိုးမွှားသံများနှင့် ကျေးငှက်သံများ ပျောက်ကွယ်သွားသည်။
“နတ်ဘုရားတွေကို ပူဇော်ဖို့ ငါ့သွေးကို အသုံးပြုမယ် ၊ နတ်ဘုရားအကာအကွယ်ကို တောင်းဆိုပါတယ်”
ဆူပွက်နေသော သွေးများက ဓားသွားမှ စီးကျလာပြီး ဧရာမကျောက်တုံးကြီးဆီသို့ ပက်ဖြန်းသွားသည်။ကျင့်ကြံသူက ထိုနေရာကို တည့်တည့်မတ်မတ်ချိန်ရွယ်လိုက်သည်။ ကျောက်စရစ်ခဲများ ပြုတ်ကျလာသော်လည်း ၎င်းတို့က ရေထဲနစ်မြှုပ်သွားခြင်းမရှိပေ။၎င်းတို့သည် မမြင်ရသော အားတစ်ခု၏ ပင့်ထားထားခံရပုံ ပေါ်သည်။
“တတိယအဆင့်က နတ်ဘုရားရဲ့ပုံသဏ္ဍာန်ကို ဖော်ထုတ်ဖို့ ဖြစ်တယ်၊ ငါ့ကို အဲ့ဒီအင်မော်တယ်ရဲ့ ပုံစံကို ပြောပြပါ”
ကျင့်ကြံသူ၏ ခန္ဓာကိုယ်မှ ကြွက်သားများမှာ ဖောင်းတက်လာသည်။ကျောက်ထွင်းဓားကို ကိုင်ထားရင်း သူ့လက်ချောင်းများကြားမှ သွေးများ စီးကျနေလေသည်။သူသည် အလွန်အာရုံစိုက်ထားသည်။
“အဲ့ဒီအစစ်အမှန်အင်မော်တယ်မှာ မျက်နှာလေးခု ရှိတယ် ၊အဲ့ဒီမျက်နှာတွေက သေခြင်းတရား၊ နာကျင်မှု၊ လိုအင်ဆန္ဒနှင့် လူသားဆန်မှုတို့ကို ကိုယ်စားပြုတယ်၊ လက်ရှစ်ဖက်လည်း ရှိသေးတယ်...”
ကောင်းမင်သည် မျက်လုံးများမှိတ်လိုက်ပြီး သူ၏အသိစိတ်ထဲသို့ နစ်မြှုပ်သွားသည်။ကောင်းမင်က သူသည် လူနာကုလားထိုင်ပေါ်တွင် ထိုင်၍ သားစားကြူးနတ်ဘုရားကို စူစမ်းလေ့လာနေသကဲ့သို့ ခံစားရသည်။သားစားကြူးနတ်ဘုရား၏ မတူညီသော အစိတ်အပိုင်းများသည် မည်သည်ကို ကိုယ်စားပြုကြောင်း သူမသိပေ။သူသည် သူ့နှလုံးသားထဲရှိ သားစားကြူးနတ်ဘုရားပုံစံကို တိကျစွာ ဖော်ပြပေးလိုက်သည်။
“ဒီအိပ်မက်ဆိုးထဲမှာ သူက အစစ်အမှန်နတ်ဘုရားပဲ ၊ ကျန်းမင်လီအပါအဝင် တခြားနတ်ဘုရားတွေလည်း သူ့ကို မယှဉ်နိုင်ဘူး”
ကောင်းမင် မျက်လုံးဖွင့်ကြည့်လိုက်သည်။ကျင့်ကြံသူ၏ လက်တစ်ဝက်ခန့်သည် အမာရွက်များ ဖုံးလွှမ်းနေသည်ကို သူမြင်လိုက်ရသည်။ ရေတိမ်ကမ်းခြေလေးမှာ လုံးဝနီစွေးနေပြီဖြစ်သည်။ ကျောက်တုံးကြီးမှာလည်း လုံးဝ ပြောင်းလဲသွားသည်။မျက်နှာလေးခုသည် နတ်ဘုရားနန်းတော်ကို စိုက်ကြည့်လျက် ရှိနေသည်။ ကောင်းကင်ယံကို ထမ်းပိုးထားသော လက်ရှစ်ဖက်တို့လည်း ပေါ်ထွက်လာတော့သည်။
“ဒါ မင်းမြင်တွေ့ခဲ့တဲ့ အစစ်အမှန်အင်မော်တယ်လား”
ကျင့်ကြံသူက ထိုသို့ပြောလိုက်စဉ် သူ့ခန္ဓာကိုယ်မှာ ယိမ်းထိုးနေလေသည်။ သူသည် လွန်စွာဖြူဖျော့နေသည်။ ထိုအလုပ်သည် သူ့အား မောပန်းနွမ်းနယ်စေသည်။
“ဟုတ်တယ်”
ကောင်းမင်သည် ရုပ်ထု၏ ဝမ်းဗိုက်နေရာတွင် အပေါက်ကြီးတစ်ခု ကျန်ရှိနေသေးပြီး မပြီးဆုံးသေးသည်ကို သတိထားမိလိုက်သည်။
“နောက်ဆုံးအဆင့်တွေအတွက် မင်းရဲ့ အကူအညီ လိုအပ်တယ်”
ကျင့်ကြံသူသည် ကောင်းမင်ကို ငြင်းဆန်ခွင့်မပေးချေ။သူသည် ကောင်မင်အား သားစားကြူးနတ်ဘုရားရုပ်တုနားသို့ ချီမသွားလေသည်။သူသည် သတိမပေးပဲ ကျောက်ထွင်းဓားဖြင့် ကောင်းမင်၏ ရင်ဘတ်ကို ထိုးလိုက်၏။နတ်ဘုရားရောင်ဝါများ စိမ့်ထွက်လာလေသည်။ ကျင့်ကြံသူသည် ကောင်းမင်၏ သွေးများကို သုံး၍ ရုပ်ထု၏ မျက်လုံးများကို ပွတ်ဆွဲလိုက်သည်။
“ဝိညာဉ်သွေးနဲ့ မျက်လုံးတွေ ပွင့်စေ”
ဝမ်းဗိုက်တွင် ဧရာမအပေါက်ကြီးရှိနေသော်ငြား မပြည့်စုံသေးသော ရုပ်တုကြီးသည် အသက်ဝင်လာပုံရသည်။
၎င်း၏ကိုယ်ပေါ်မှ နတ်ဘုရားပုံစံကွက်များ လှုပ်ရှားလာလေသည်။မျက်နှာလေးခုသည် အော်ဟစ်တော့မည့်ဟန် ဖြစ်နေပုံရသည်။အံအားသင့်စရာအကောင်းဆုံးအရာမှာ ကောင်းမင်၏သွေးများဖြင့် ရေးဆွဲထားသော မျက်လုံးများသည် အသားအဖြစ်အသွင်ပြောင်းမည့် လက္ခဏာများ ပြသလာခြင်းဖြစ်သည်။
ပဉ္စမမြောက်အဆင့် မစတင်မီ သူတို့အပေါ်ဘက်ရှိ နတ်ဘုရားတိမ်တိုက်များသည် တအိအိလှိုင်းထလာလေသည်။ကောင်းကင်ယံမှ ရွှေရောင်အလင်းတစ်ခု ထိုးကျလာတော့သည်။
ရုတ်တရက်ဆိုသလိုပင် ရုပ်ထု၏ မျက်လုံးများ ပေါက်ကွဲထွက်သွားပြီး သွေးအပေါက်နှစ်ခု ချန်ထားရစ်ခဲ့သည်။၎င်းခန္ဓာကိုယ်တွင်လည်း အက်ကြောင်းများ ပေါ်ပေါက်လာခဲ့သည်။
“ရွှေရောင်အလင်းတန်း”
ကျင့်ကြံသူသည် ရေထဲ၌ ဒူးထောက်ကျသွားတော့၏။သူဆုပ်ကိုင်ထားသော ကျောက်ထွင်းဓားသည်လည်း ပြုတ်ကျသွားသည်။
“ဝိညာဉ်ဘုရားကျောင်းက တကယ်ကြီး တုံ့ပြန်လာတယ်လား”
“ဘာရွှေရောင်အလင်းတန်းလဲ၊ ဒါက နတ်ဘုရားနန်းတော်က မင်းကို ဖိတ်ခေါ်လိုက်တာပဲ”
ကောင်းမင်သည် ဘုရားကျောင်းထဲရှိ ဤလူရူးများကို ကယ်တင်၍ မရနိုင်တော့သည်ကို သိသဖြင့် သူတို့ကို အသုံးချရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ထိုရွှေရောင်အလင်းတန်းကြောင့် လူအများအပြား ဆွဲဆောင်မိသွားသည်။ကျောက်ဆစ်ရုပ်များ ထွင်းထုနေကြသော တခြားလူများသည်လည်း စုရုံးလာကြသည်။ကျင့်ကြံသူသည် ကောင်းမင်ကို ချီပိုး၍ ထွက်ပြေးသွားချင်သော်လည်း သူ့တွင် ထိုအခွင့်အရေးမရှိတော့ချေ။
ပုံရိပ်များက သူ့ကို ဝိုင်းထားလိုက်ကြသည်။သူသည် ခေါင်းမာစွာဖြင့် စကားတစ်ခွန်းမှ မဟပေ။သူက ကျောက်ထွင်းဓားနှစ်လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။တက်လှမ်းခြင်းအတွက် သူသည် သေခြင်းတရားကို ကြောက်ရွံ့နေမည် မဟုတ်ပါချေ။
ဝတ်ရုံဝတ်ထားသော အဘိုးအိုတစ်ဦးမှာ ရှေ့သို့ထွက်လာ၏။
“ငါ မင်းကို မှတ်မိတယ်၊ မင်းက မြို့ထဲက ကျောက်ဆစ်ဆရာရဲ့ နောက်လိုက်ပဲ၊ မင်းရဲ့ ဆရာသခင်က မတက်လှမ်းခင် မင်းကို တစ်ခုခုများ ပြောထားခဲ့သေးသလား”
“မိတ်ဆွေလေး...လျှို့ဝှက်ချက်တွေကို မင်းဘာသာ တစ်ယောက်တည်း သိမ်းမထားနဲ့လေ”