← Chapters

အဆောတလျင်

Vol. 41 Ch. 608

အဆောတလျင်

Vol. 41 Ch. 608

သူ၏သွေးကြောမှတ်များအတွင်းမှ စွန့်ပစ်ဆေးလုံးများမှာ စတင်အရည်ပျော်လာသည်။ ကောင်းမင်သည် မှတ်ဉာဏ်အပိုင်းအစများအတွင်းသို့ နစ်မြုပ်ဝင်ရောက်သွားပြီး ၎င်းတို့တစ်ခုချင်းစီကို ပြန်လည်ကြည့်ရှုခံစားနေသည်။ နောက်ဆုံးမှတ်ဉာဏ်သို့ ရောက်ရှိသောအခါ အမှောင်ထုအတွင်းမှ ကောင်းစွာဖုံးကွယ်နေသော စိတ်ခံစားချက်တစ်ခု စီးထွက်လာတော့သည်။ ၎င်းသည် ဝမ်းနည်းခြင်း သို့မဟုတ် စိတ်သက်သာရာရခြင်းမျိုး မဟုတ်ဘဲ အလွန်ထူးခြားလှသည့် ‘အထီးကျန်မှု’ ပင် ဖြစ်ပေသည်။

ကောင်းမင်၏ ဘဝများအတွင်းရှိ လူသားတို့သည် သူ့ကို တစ်ကြိမ်သာ မြင်တွေ့ခဲ့ဖူးသော်လည်း ကောင်းမင်မှာမူ သူတို့ကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ သူ၏အားထုတ်ကြိုးပမ်းမှု အားလုံးသည် အကြိမ်တိုင်းတွင် အဆိုးရွားဆုံး အဆုံးသတ်သို့သာ တွန်းပို့ခံခဲ့ရသည်။ ရုန်းကန်မှုတို့၏ အဆုံးသတ်တွင် ဤလမ်းမပေါ်၌ ကောင်းမင်တစ်ဦးတည်းသာ ကျန်ရစ်ခဲ့ခြင်းဖြစ်၏။ မှတ်ဉာဏ်အပိုင်းအစအားလုံးသည် ဒေါသများဖြင့် စွန်းထင်နေပြီး စိတ်ပျက်အားငယ်မှုများထဲတွင် နစ်မြုပ်နေကြလေသည်။ အချို့မှာမူ ချစ်ခြင်းမေတ္တာအတွက် တောင့်တမှုများ ကျန်ရှိနေသေး၏။ အပိုင်းအစတစ်ခုစီသည် မတူညီကြသော်လည်း အားလုံးတွင် နက်ရှိုင်းသောအထီးကျန်မှုတို့ ကိန်းအောင်းနေကြသည်။

တစ်စုံတစ်ယောက်က သူ့ပခုံးကို ပုတ်လိုက်သဖြင့် ကောင်းမင်သည် ဝေ့ကြည့်လိုက်သည်။ သားစားကြူးနတ်ဘုရားသည် သူ၏မှတ်ဉာဏ်ထဲမှ အထီးကျန်မှုများကို ဆေးမီးဖိုကြီးအတွင်းသို့ ပို့ဆောင်ပေးလိုက်သည်။ နှလုံးသားမီးတောက်နှင့်ဝိညာဉ်မီးတောက်တို့ကြောင့် တောက်လောင်လာသောအခါ ကောင်းမင်၏ စိတ်ထဲတွင် ဆောက်တစ်လက် ပေါ်ထွက်လာသည်။ သားစားကြူးနတ်ဘုရားသည် ထိုဆောက်ပေါ်တွင် ‘နှလုံးသားကင်းမဲ့နေသောသူ’ ဟူသော အမည်တစ်ခုကို ရေးထိုးထားခဲ့သည်။

“သူက ငါ့ကို ပြောနေတာလား၊ ဒါမှမဟုတ် တခြားအဓိပ္ပာယ်တစ်ခုခု ပါနေတာလား”

ထိုဆောက်သည် စွန့်ပစ်ဆေးလုံးများကို အက်ကွဲသွားစေသည်။ ဝိညာဉ်မီးတောက်အား ၎င်းတို့ကို လောင်ကျွမ်းစေပြီးနောက် ကောင်းမင်သည် ကျောက်ထွင်းဓားဖြင့် ၎င်းတို့ကို နတ်ဘုရားရုပ်များအဖြစ် ပြောင်းလဲပစ်လိုက်သည်။ သူ ထိုရုပ်တုများကို ထုဆစ်နေစဉ် သူ၏အသိစိတ်သည် မှတ်ဉာဏ်အပိုင်းအစများနှင့် စတင်ပေါင်းစည်းလာသည်။ ဤဖြစ်စဉ်အတွင်း သူသည် သူ၏ ‘ကိုယ်ဟောင်း’ ကို ပြန်လည်တွေ့ရှိသွားသည်။ နောက်ဆုံးရုပ်တု ပြီးဆုံးသွားသောအခါ နတ်ဘုရားရောင်ဝါသည် ကောင်းမင်၏ ဝမ်းဗိုက်အတွင်း၌သာ ကန့်သတ်ခံလိုက်ရတော့သည်။ နတ်ဘုရားရုပ်တုများသည် သူ၏ ခန္ဓာကိုယ်အတွင်း စံပယ်နေကြရာ သူ၏နှလုံးသားအခန်းမှာ နတ်ဘုရားကျောင်းတစ်ခုနှင့် ပိုတူလာတော့သည်။

“တတိယအဆင့်က နတ်ဘုရားကို ဖုံးကွယ်ဖို့ ပုံသဏ္ဍာန်ကို ထုဆစ်ဖို့ပဲ”

ကောင်းမင်သည် ကျင့်ကြံသူများကို သွေးနီရောင်မြို့တော်ကို ပုံဖော်ခိုင်းလိုက်သည်။ သွေးနီရောင်မြို့တော်မှာ သူ့ခန္ဓာကိုယ်ပေါ်တွင် ရှိနေပြီးသားဖြစ်သဖြင့် ပုံသဏ္ဍာန်ကို ထုဆစ်ရန် မလိုအပ်ပေ။ သူ့ခန္ဓာကိုယ်ထဲရှိ များစွာသော ရုပ်တုများကို သွေးနီရောင်မြို့တော်တက်တူးပေါ်တွင် နေရာချလိုက်သည်နှင့် အပြောင်းအလဲများ စတင်လာတော့သည်။ သွေးနီရောင်မြို့တော် တက်တူးသည် သေဆုံးနေသော မြို့တော်တစ်ခုကဲ့သို့ ဖြစ်နေခဲ့ခြင်းဖြစ်သည်။၎င်းတွင် အရိပ်များ ၊ သေခြင်းတရားများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော် နတ်ဘုရားများ ပြန်လည်ရောက်ရှိလာသောအခါ မြို့တော်သည် ဇီဝအသက်တို့ဖြင့် လှုပ်ရှားလာတော့သည်။ ကောင်းမင်ကို ဗဟိုပြု၍ အဆုံးမဲ့သော အရိပ်များ ပြန့်ကားလာသည်။ ၎င်းသည် အလွန်ကျယ်ပြောလှသဖြင့် အိပ်မက်ဆိုးပင်လျှင် ထိန်းမထားနိုင်ချေ။၎င်းသည် ဝိညာဉ်ဘုရားကျောင်း၏ နယ်နိမိတ်ကို ဝေဝါးသွားစေသည်။

သူတို့၏ အပေါ်ရှိ နတ်ဘုရားနန်းတော်မှ ဧရာမအသံကြီးတစ်ခု ထွက်ပေါ်လာပြီး မြင့်မြတ်သော မိုးများ ကျဆင်းလာ၏။ များစွာသော ကျင့်ကြံသူများက ခေါင်းမော့ကြည့်လိုက်ကြသည်။ မြူခိုးများမှာ ပို၍ မှေးမှိန်သွားသည်။ နတ်ဘုရားနန်းတော်သာ အနီရောင်ဖျော့ဖျော့အလင်းကို ထုတ်လွှတ်နေခဲ့သည်။

“စတုတ္ထအဆင့်ကတော့ ဝိညာဉ်သွေးကို သုံးပြီး မျက်လုံးတွေကို အသက်သွင်းဖို့ပဲ”

ကျင့်ကြံသူများသည် သူတို့၏ နှလုံးသွေးများကို အလယ်ရှိ ရုပ်တုကြီးပေါ် ချလိုက်ကြသည်။ ထိုနောက် ရုပ်တုကြီးသည် လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ရုပ်ထု၏ မျက်နှာပြင်ပေါ်တွင် သရဲများ လွှမ်းမိုးထားသော အဆောက်အအုံများမှာ ပေါ်ပေါက်လာလေသည်။ မရေမတွက်နိုင်သော လူသားများ၏ အကူအညီတောင်းသံများ ထွက်ပေါ်လာတော့သည်။ အရိပ်များ ပြန့်ကားလာသည်နှင့်အမျှ ကောင်းမင်၏ ခန္ဓာကိုယ်သည်လည်း ရုပ်တုကြီးနှင့် ထပ်တူကျလာတော့သည်။ အလယ်ရှိ ရုပ်တုကြီးသည် သွေးနီရောင်မြို့တော်၏ ‘အခွံ’ အဖြစ် ပြောင်းလဲသွားပြီး ကောင်းမင်မှာမူ မြို့တော်၏ ဗဟိုချက်ဖြစ်လာလေသည်။ ဤနည်းဖြင့် သူသည် ဘေးကပ်ဆိုးအားလုံးကို ကိုယ်စားပြုလိုက်ခြင်းဖြစ်သည်။

“ကျုပ်ကို အဲ့ဒီကို ခေါ်သွားပေး”

ကောင်းမင် မျက်လုံးများကို မဖွင့်ပေ။ သူသည် သွေးစွန်းနေသော လက်များကို မြှောက်၍ သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို ဆွဲဖြဲလိုက်သည်။ သူ၏ လက်ချောင်းသည် အလယ်ရှိ ရုပ်တုဆီသို့ တိုက်ရိုက်ဦးတည်နေသည်။ သစ်သားထမ်းစင်ကို ရုပ်တုဆီသို့ ရွှေ့လိုက်ကြသည်။ ကောင်းမင်သည် ရုပ်တုကြီးနှင့် ယှဉ်ပါက သေးငယ်လှသည်။သို့သော်လည်း သူတို့၏ တည်ရှိမှုကား ထပ်တူကျလုနီးပါးဖြစ်နေချေသည်။ ယင်းမှာ ပင်လယ်နက်အတွင်းရှိ သားရဲကြီးနှစ်ကောင် အပြန်အလှန် အသိအမှတ်ပြုနေကြသကဲ့သို့ပင်။

ကျောက်ထွင်းဓားများသည် ရုပ်တုကြီးကို အဆက်မပြတ် ပြုပြင်နေကြသည်။ ကျင့်ကြံသူအားလုံး၏ အကူအညီဖြင့် ၎င်းသည် ကောင်းမင်၏ သွေးနီရောင်မြို့တော်တက်တူးနှင့် ပို၍ တူညီလာတော့သည်။ ကောင်းမင်သည် သွေးနီရောင်မြို့တော်ကို ပြန်လည်တည်ဆောက်နေခြင်း ဖြစ်ပေသည်။

“ဒါက နတ်ဘုရားနန်းတော်လား”

ကျင့်ကြံသူများသည် ကျယ်ပြောလှသော မြို့တော်ကြီးကို လေ့လာနေကြသည်။ သူတို့သည် ဤကဲ့သို့သော ဗိသုကာလက်ရာမျိုးကို တစ်ခါမှ မမြင်ဖူးကြပေ။

ကောင်းမင်သည် ကျင့်ကြံသူများကို လျစ်လျူရှုကာ သွေးစွန်းသော သူ့လက်ချောင်းများကို အလယ်ရှိ ရုပ်တုပေါ်သို့ တင်လိုက်သည်။ သွေးနှင့် ကျောက်သား ထိတွေ့လိုက်သောအခါ ကျင့်ကြံသူအားလုံးကို တုန်လှုပ်စေသော အရာတစ်ခု ဖြစ်ပျက်လာတော့သည်။ ရုပ်တုပေါ်ရှိ အဆောက်အအုံများသည် လှိုင်းလုံးများကဲ့သို့ စတင်လှုပ်ရှားလာကြခြင်းဖြစ်သည်။ ၎င်းတို့သည် ကောင်းမင်၏ ဆင့်ခေါ်မှုကို တုံ့ပြန်နေကြပုံ ရသည်။

“အဆောက်အအုံတွေက အသက်ရှိနေတာလား”

“မြို့တော်က သူ့ဘာသာ လှုပ်ရှားနေတယ်ဟ၊ ဒါဟာ နတ်ဘုရားနည်းစနစ်တစ်ခုပဲ”

ကောင်းမင်သည် သူ၏လက်ဖဝါးကို တင်လိုက်ပြီး ဥမင်လိုဏ်ခေါင်းထွက်ပေါက်ကို ဆုပ်ကိုင်လိုက်သည်။ အရာအားလုံးသည် ကံကြမ္မာအတိုင်းပင် ဖြစ်သည်။ သွေးနီရောင်မြို့တော် တက်တူးနှင့် သွေးနီရောင်မြို့တော် ကျောက်ဆစ်ရုပ်မှာ ထပ်တူကျသွားတော့သည်။ ကောင်းမင်၏ မျက်စိထဲတွင် ဥမင်လိုဏ်ခေါင်းဝင်ပေါက်က ပိုမိုကြီးမားလာသည်။ အလယ်ရှိ ရုပ်ထု၏ ဝမ်းဗိုက်တွင် အက်ကြောင်းတစ်ခု ပွင့်ဟလာသည်။ ကောင်းမင်သည် ထိုအက်ကြောင်းအတွင်းရှိ ထင်ရှားလှသော လိုအင်ဆန္ဒများကို မြင်တွေ့လိုက်ရသည်။ အတုအယောင်အရာတစ်ခုကို လူအများအပြားက ယုံကြည်လိုက်ကြသောအခါ ၎င်းသည် စွမ်းအားရလာလိမ့်မည်ဖြစ်သည်။ သတ္တမထပ်အောက်တွင်ရှိသော လူတိုင်း၏ တက်လှမ်းလိုသော ဆန္ဒများသည် ဝိညာဉ်ဘုရားကျောင်းအတွက် စွမ်းအင်များကို အဆက်မပြတ် ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။

“လူတိုင်းရဲ့ နှလုံးသားထဲမှာရှိတဲ့ နတ်ဘုရားက ကွဲပြားကြတယ်၊ ဒါကြောင့်လည်း ဒီနတ်ဘုရားရုပ်တုရဲ့ မျက်နှာက ဝေဝါးနေရတာပဲ”

အမွှေးတိုင်နံ့များကို အသားနံ့များက လွှမ်းမိုးသွားသည်။ အပေါ်ဘက်မှ ရွှေရောင်အမှုန့်များ ကျဆင်းလာရာ ကျင့်ကြံသူများက သူတို့ အောင်မြင်ပြီဟု ယုံကြည်လိုက်ကြသည်။ ကောင်းမင်တစ်ဦးတည်းသာ စိုးရိမ်ပူပန်လာခြင်းဖြစ်သည်။ ဝိညာဉ်ဘုရားကျောင်းသည် သတ္တမထပ်၏ အပြောင်းအလဲများကို သတိပြုမိသွားသဖြင့် သူ့ကို ထပ်မံပစ်မှတ်ထားနေပြီဖြစ်သည်။

“ပဉ္စမအဆင့် ကိုယ်တွင်းအင်္ဂါ ထည့်သွင်းခြင်း”

နတ်ဘုရားရုပ်တုမှ အံ့ဖွယ်တန်ခိုးများ ပြသနိုင်ရန်အတွက် ၎င်းထံ ကိုယ်တွင်းအင်္ဂါများဖြင့် ဖြည့်တင်းပေးရမည် ဖြစ်သည်။ သတ္တမထပ်တွင် ထိုကိစ္စအတွက် အသုံးပြုနိုင်သော ကုန်ကြမ်းများများစားစား မရှိပေ။ ကျင့်ကြံသူများသည် ဝိညာဉ်ဘုရားကျောင်း၏ အရူးအမူး ယုံကြည်သူများ ဖြစ်ကြသည်။ သူတို့ သတ္တမထပ်သို့ မရောက်ခင်ကတည်းက ဝိညာဉ်ဘုရားကျောင်းသည် သူတို့ကို အတွင်း၌ ဟောင်းလောင်းဖြစ်အောင် လုပ်ထားခဲ့ပြီးသား ဖြစ်သည်။

“ဆရာသခင်... ဒါကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားပါသလဲ”

“ဒီမြို့တော်က အရမ်းကြီးလွန်းတယ်၊ လူတစ်ယောက်ရဲ့ ကိုယ်အင်္ဂါတွေနဲ့ မလုံလောက်ဘူး၊ ကျုပ် အကြံပေးချင်တာကတော့ ဘာမှ အကျိုးမပြုရသေးတဲ့ မိတ်ဆွေတွေကို စတေးပစ်ဖို့ပဲ”

သတိထားတတ်သော ကျင့်ကြံသူအချို့က နောက်ဆုတ်သွားကြသည်။ အုပ်စုမှာ စတင်၍ အက်ကြောင်းပေါ်လာတော့သည်။သူတို့သည် တစ်ဦးနှင့်တစ်ဦး သံသယဖြင့် ကြည့်နေကြသည်။ မသေမျိုးဖြစ်နိုင်မည့် အခွင့်အရေးနှင့် ကြုံလာသောအခါ မည်သူကမျှ အခြားလူများအတွက် မိမိကိုယ်ကို မစတေးလိုကြပေ။

“ခင်ဗျားတို့ရဲ့ စတေးမှုကို မလိုအပ်ပါဘူး၊ ကျုပ်ပြောခဲ့သလိုပဲ ခင်ဗျားတို့ကို အင်မော်တယ်ဖြစ်လာအောင် ကျုပ်ကူညီပါ့မယ်”

ကောင်းမင်၏ အပြုံးမှာ ပုံပျက်လာသည်။ သူ ရွှေရောင်အမှုန့်များကို စိုက်ကြည့်လိုက်သည်။ စက်ဝိုင်းပုံစံ အလင်းကွင်းများက သူ့ကို ဖမ်းဆီးရန် ကြိုးပမ်းနေကြသည်။ ကောင်းမင်တွင် ပုန်းစရာနေရာ မရှိတော့ပေ။ သူ ရှေ့သို့ ကိုင်းညွတ်လိုက်ရာ ကြေမွနေသော သူ့ခန္ဓာကိုယ်သည် ဥမင်လိုဏ်ခေါင်းဝင်ပေါက်အတွင်းသို့ ကျဆင်းသွားသည်။

ကောင်းမင် တွေဝေမနေချေ။ ဧရာမ ဥမင်လိုဏ်ခေါင်းကြီးသည် နတ်ဘုရားရုပ်တု၏ လိုအင်ဆန္ဒနှင့် ဆက်သွယ်ထားခြင်းဖြစ်သည်။ ကောင်းမင်သည် သူ့ကိုယ်သူ ဤရုပ်တု၏ ကိုယ်တွင်းအင်္ဂါအဖြစ် အသုံးချရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

လိုဏ်ခေါင်း ပိတ်သွား၏။ ရုပ်တုအတွင်းမှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာလေသည်။ မြို့တော်ကြီးသည် သွေးများ စတင်စီးကျလာတော့သည်။ သေခြင်းတရားနှင့် စိတ်ပျက်အားငယ်မှုတို့သည် အဆောက်အအုံတိုင်းကို လွှမ်းခြုံသွားတော့သည်။

ကျင့်ကြံသူများ တောင့်တင်းနေကြသည်။ နှေးကွေးသူများမှာမူ သွေးနီရောင်မြို့တော် ကျောက်ဆစ်ရုပ်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ မြို့တော်တစ်ခုသည် အလွန်အန္တရာယ်ကြီးလာနိုင်သည်ကို သူတို့ မသိခဲ့ကြပေ။ မူလက ဤမြို့တော်ကို မည်သူက သန့်စင်ပေးခဲ့ပါသနည်း။

ရွှေရောင်အလင်းတန်းများ ကျဆင်းလာ၏။ ကျင့်ကြံသူများသည် အလင်းကွင်းများ၏ ဖိခြေခြင်း ခံလိုက်ရသည်။ နတ်ဘုရားနန်းတော်သည် ၎င်း၏ ဟန်ဆောင်မှုများကို ခွာချလိုက်တော့သည်။ ၎င်းသည် နတ်ဘုရားမြူခိုးများကို အသုံးမပြုတော့ဘဲ အလယ်ရှိ ရုပ်တုကြီးကို ကြမ်းတမ်းစွာ ပစ်မှတ်ထားလိုက်တော့သည်။

“ဒါ ငါခံစားနေရတဲ့ အလောတကြီး ဖြစ်နေတဲ့ အသိလား ၊ အစစ်အမှန် နတ်ဘုရားက တကယ်ကြီး ခြိမ်းခြောက်မှု ခံစားနေရတာလား”

All Chapters