သွေးမြို့တော်ထဲမှ တစ်ဦးတည်းသော သက်ရှိလူသား
Vol. 41 Ch. 610
“မင်း ငါ့ကို ခေါ်သွားဖို့ မလိုပါဘူးကွ”
သမင်၏ကျောပေါ်တွင် လဲလျောင်းနေစဉ် ကောင်းမင်၏ ဒဏ်ရာများက ပြန်လည်ပွင့်ဟလာ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးပုံစံကွက်သည် ရတနာတစ်ခုကို ဖန်တီးရန် အားထုတ်နေသကဲ့သို့ စီးဆင်းနေသည်။ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားအလင်းတန်းများ လုံးဝကွယ်ပျောက်သွားခဲ့ပြီဖြစ်ရာ သူ၏အရေပြားလက်မတိုင်းကို တက်တူးများက ဝါးမြိုထားပြီဖြစ်သည်။ ကောင်းမင်သည် သွေးနီရောင်မြို့တော်နှင့် အပြည့်အဝ ပေါင်းစည်းသွားခဲ့ပြီဖြစ်သည်။
“နောင်ကျရင် မြို့ထဲမှာ ငါဘယ်လိုမျက်နှာပြရပါ့မလဲ၊ သရဲအိမ်ကလွဲရင် ငါ့ကို ဘယ်သူက အလုပ်ခန့်ရဲတော့မှာလဲ”
သူတွေးတော့ခြင်းကို ရပ်လိုက်သည်နှင့် သူ၏အသိစိတ်သည် တက်တူးအတွင်းသို့ ဆွဲခေါ်ခံသွားရနိုင်သောကြောင့် ကောင်းမင်သည် သူ့ကိုသူ အာရုံလွှဲရန် ကြိုးစားနေသည်။ အဆုံးမဲ့သော မြို့တော်ကြီးသည် သူ၏ခန္ဓာကိုယ်မှတစ်ဆင့် အမှန်တကယ် ‘ရှင်သန်’ လာခဲ့ချေပြီ။ နေရာတိုင်းတွင် လူသေပုံတူများနှင့် ကြောက်မက်ဖွယ်ကောင်းသော အရိပ်များ ပြည့်နှက်နေလေသည်။
သေဆုံးသူတို့၏ မျက်နှာများသည် သူ့အား အေးစက်စွာ စိုက်ကြည့်နေကြသည်။ သရဲများ ချန်ထားရစ်ခဲ့သော အရိပ်များသည် သူ့ကို ဖြတ်သန်းသွားကြသည်။ အဆောက်အအုံတိုင်းသည် သွေးများဖြင့် စွန်းထင်နေ၏။ ကောင်းမင် ရှောင်လွှဲ၍ မရနိုင်ပေ။ သွေးနီရောင်မြို့တော် တက်တူးသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ရှိနေခြင်းဖြစ်သည်။ သူသည် သေဆုံးနေသော မြို့တော်အတွင်းရှိ တစ်ဦးတည်းသော သက်ရှိလူသား ဖြစ်သကဲ့သို့ မြို့တော်၏ တစ်ဦးတည်းသော မျက်မြင်သက်သေနှင့် နားထောင်သူလည်း ဖြစ်ပေသည်။
“ငါဟာ အမှန်တရားကို ရှာဖွေနေပေမဲ့ အမှန်တရားက ပိုပိုပြီး ကြောက်စရာကောင်းလာတယ်”
ကောင်းမင် တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။ လူတိုင်း၏ လိုအင်ဆန္ဒများ သူ့နှလုံးသားထဲ စီးဝင်လာသည်နှင့်အမျှ သူ့နှလုံးသားထဲမှ ချိတ်ပိတ်ထားသော အခန်းသည်လည်း ပြောင်းလဲသွားခဲ့သည်။၎င်းသည် လူအုပ်ကြီး၏ အတွေးများကို အခြေခံ၍ သွေးနီရောင်မြို့တော်၏ အသွင်အပြင်ကို ပုံတူကူးနေခြင်းဖြစ်သည်။ ကောင်းမင် တုန်လှုပ်သွားရသည်။ သူ အဘယ်ကြောင့် ထိုသို့ တွေးမိသည်ကို မသိသော်လည်း သေဆုံးနေသော မြို့တော်သည် သူ့ခန္ဓာကိုယ်မှတစ်ဆင့် ‘ပြန်လည်ရှင်သန်’ လာတော့မည်ဟု ပြင်းထန်စွာ ခံစားနေရသည်။ ကောင်းမင်၏ ယုံကြည်မှုကြောင့် နှလုံးသားအခန်း၏ ပြောင်းလဲမှုမှာ ပို၍ မြန်ဆန်လာလေ၏။ အသံများ နားထဲ ပိုမို ဝင်ရောက်လာသည်နှင့်အမျှ တံခါးပေါ်မှ သော့သည်လည်း ပိုမိုအက်ကွဲလာတော့သည်။
“ပြန်လာခဲ့ပါတော့”
“ကောင်းမင်… စုံစမ်းစစ်ဆေးရေးဌာနက ထောင်ချောက်ဆင်ထားတယ်၊ စူပါမားကတ်မှာရှိတဲ့ ငါတို့ရဲ့ ဌာနချုပ် ပျက်စီးသွားပြီ ၊ ဌာနချုပ်က မြို့ထဲမှာရှိတဲ့ ခြောက်ခြားဖွယ်ဂိမ်းကစားသမားတွေ အားလုံးကို စပြီး လိုက်ဖမ်းနေပြီကွ”
“အနက်ရောင်မြူခိုးတွေ နီးကပ်လာနေပြီ၊ သားတို့အိမ်ကြီး ဝါးမြိုခံလိုက်ရပြီ ၊ အဖေနဲ့အမေလည်း မရှိတော့ဘူး”
“ကောင်းမင်... ငါတို့ရဲ့ နောက်ဆုံးဓာတ်ပုံတွေကို စောင့်ရှောက်ပေးပါ ၊ အဲ့ဒါက ငါတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပါပဲ”
“အရိပ်ကမ္ဘာနဲ့ အစစ်အမှန်ကမ္ဘာက ထပ်တူကျနေပြီ၊ ဟန်ဟိုင်းရဲ့ အသန်မာဆုံး ‘အိပ်မက်သရဲ’က စုံစမ်းစစ်ဆေးရေးဌာနရဲ့ ဌာနချုပ်မှာ ပုန်းနေတာပဲ”
“ဟန်သဲ့ကိုယ်ပိုင်အကယ်ဒမီက မြူခိုးတွေထဲမှာ ပျောက်ကွယ်သွားပြီ၊ ကျောင်းအုပ်ယန်ရဲ့ မျက်လုံးတွေ ဖောက်ထုတ်ခံလိုက်ရတယ်၊ ကောင်းမင်... မင်း ကလေးတွေရဲ့ အော်ဟစ်သံကို ကြားရဲ့လား၊ မင်း ဘယ်မှာလဲ”
ထိုအသံများသည် ရေခဲအပ်များအဖြစ် ပြောင်းလဲကာ ကောင်းမင်၏ နားထဲသို့ စိုက်ဝင်လာကြသည်။ ကောင်းမင် တားဆီးရန် ကြိုးစားသော်လည်း တတ်နိုင်စွမ်းမရှိပေ။
“ကျုပ် ခင်ဗျားတို့ကို ကူညီချင်ပါတယ်၊ ဒါပေမဲ့ အခုချက်ချင်း ပြန်လာလို့ မရသေးဘူး၊ အခုလောလောဆယ်တော့...”
ကောင်းမင် သူ့ဘာသာ ရေရွတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ သားစားကြူးနတ်ဘုရားက အနိုင်နိုင်တွဲကပ်ပေးထားရသော ပဟေဠိတုံးတစ်ခြကဲ့သို့ ဖြစ်နေလေသည်။
“ကောင်းမင်... ငါက မင်းရဲ့ကြင်နာမှုပဲ၊ ငါ့စကားကို နားထောင် ၊ မင်း လက်တွေ့ဘဝမှာ ခံစားနေရတဲ့ သုခချမ်းသာတွေက ကံကြမ္မာရဲ့ ထောင်ချောက်တစ်ခုပဲ၊ လက်ဆောင်တိုင်းရဲ့ နောက်ကွယ်မှာ ပြင်းထန်တဲ့ဆိုးယုတ်မှုတွေ ရှိနေတယ်၊ သူတို့ကို မယုံကြည်နဲ့ ၊ ကျရှုံးမသွားစေနဲ့”
“ဟားဟား… သူတို့စကားကို နားယောင်မနေနဲ့ကွာ၊ သူတို့က မင်းကို ကောင်းမင်လို့ ခေါ်ကြတယ်၊ ဒါပေမဲ့ ကောင်းမင်ဆိုတာ မင်းရဲ့ တကယ့်နာမည်အစစ်လား၊ အစစ်အမှန် ကောင်းမင်ဆိုတာ ရှိလို့လားကွ”
“အစစ်အမှန်ဆိုတာ အကြောင်းတရားပဲ၊ အိပ်မက်ဆိုးက အကျိုးတရားပဲ၊ မင်းရှာနေတဲ့ အဖြေက အိပ်မက်ဆိုးထဲမှာ မဟုတ်ဘူး၊ အစစ်အမှန်ကမ္ဘာထဲမှာ ရှိတာ”
“ငါ မင်းကို အကြိမ်ပေါင်းများစွာ သတ်ဖြတ်ခဲ့ဖူးတယ် ၊ မင်း ကိုယ့်ကိုယ်ကိုယ် သိတာထက် ငါက မင်းကို ပိုသိတယ်၊ ဟန်ဟိုင်းကို ပြန်မသွားနဲ့၊ အစစ်အမှန်ကမ္ဘာထဲမှာ မင်းရဲ့ နာမည်ရင်းကို ရှာရမယ်”
နားကို ပိတ်ထားခြင်းက အကျိုးမရှိသဖြင့် ကောင်းမင်သည် ထိုအသံများကို နေသားကျအောင် သင်ယူရတော့သည်။ သူ့အခြေအနေသည် စိတ်ဝေဒနာရှင်တစ်ဦးထက်ပင် ပိုဆိုးရွားနေ၏။ ကောင်းမင်သည် သူ၏ အသက်ရှူနှုန်းကို ထိန်းညှိလိုက်သည်။ အရာအားလုံး တိတ်ဆိတ်သွားသည်အထိ သူ့နှလုံးသားထဲမှ အသံများနှင့် ငြင်းခုံခြင်းကို ရပ်တန့်လိုက်သည်။ သွေးများ ခဲသွားပြီဖြစ်သည်။ ကောင်းမင်၏ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ သက်သာလာသည်။ သူ သမင်ကို ကြည့်လိုက်သည်။ သမင်၏ ခွာသံများသည် စမ်းချောင်းကို ခုန်ကျော်၍ မြေပြင်ပေါ်သို့ ကျရောက်နေသည်။ သမင်သည် အင်မော်တယ်တောအုပ်တစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
သမင်သည် သူ့အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားနေမှန်း ကောင်းမင် မသိပေ။ ရေစီးသံက ပိုမို ကျယ်လောင်လာပြီး သစ်ပင်သစ်ကိုင်းများမှာ ပိုမို စိမ်းလန်းလာသည်။ ပန်းရနံ့များမှာ လေထုအတွင်း ပျံ့လွင့်နေလေသည်။ ဤနေရာတွင် အိပ်မက်ချိုးဖျက်မြို့၌ မရှိသော ငြိမ်းချမ်းမှုများ ကိန်းအောင်းနေလေသည်။ သမင်သည် မောပန်းသွား၍ ဖြစ်နိုင်သည်၊ ရုတ်တရက် ရပ်တန့်သွား၏။
“ဘာလို့ ရပ်လိုက်တာလဲ”
မျက်လုံးများနီရဲနေသော သမင်သည် ၎င်း၏ခွာများဖြင့် မြေကြီးကို ယက်လိုက်သည်။ကောင်းမင်သည် အဝေးမှ တစ်စုံတစ်ဦး စကားပြောသံကို ကြားလိုက်ရသည်။ သမင်က မြေပြင်ပေါ် ဒူးထောက်ချလိုက်သည်။ ချုံပုတ်များက သမင်နှင့် ကောင်းမင်ကို ဖုံးကွယ်ပေးထား၏။ ထိုစဉ် သူတို့အနီးရှိ သစ်ပင်တစ်ပင်မှာ ခုတ်လှဲခံလိုက်ရသည်။
သစ်ပင်ကြီး၏ သစ်ကိုင်းများသည် ထီးတစ်လက်ကဲ့သို့ ကျယ်ပြန့်သည်။ သစ်ပင်လဲကျသွားသောအခါ ကောင်းမင်၏ အမြင်အာရုံမှာ လင်းကျင်းသွားသည်။ နတ်ဘုရားနန်းတော်မှ စီးကျလာသော ရေတံခွန်ကြီးကို သူမြင်တွေ့လိုက်ရသည်။ ၎င်းသည် အလွန်ပင် ခန့်ညားထည်ဝါလှသည်။ ရေမှုန်ရေမွှားများနှင့် မြူခိုးများသည် ဆယ်မီတာထက်မက လွှမ်းခြုံထား၏။ သူတို့သည် ရန်သူများ ဖြစ်ကြသော်လည်း ကောင်းမင်သည် ထိုမြင်ကွင်းကို အံ့အားသင့်သွားမိသည်။ ထိုရေတံခွန်သည် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသော တံတားတစ်စင်းကဲ့သို့ ဖြစ်နေပေသည်။
“ငါက ကလေးကိုးယောက်ကို သန့်စင်ပြီးမှ ဒီမသေမျိုးလမ်းစဉ်ကို ရှာတွေ့ခဲ့တာကွ ၊ မင်းတို့ထဲက ဘယ်သူက ဘာမှ မစတေးခဲ့ဘဲနဲ့ ငါနဲ့ တန်းတူလာပြောချင်နေတာလား”
ဖြူဖွေးနေသော သစ်ရွက်များ လွင့်ပျံကျလာသည်။ ကောင်းမင် မျက်လုံးများ မှေးကျဉ်းသွားသည်။ ယင်းသည် အကြီးအကဲထန်၏ အသံဖြစ်သည်။
သူသည် နောက်ဆုံးတွင် အိပ်မက်ချိုးဖျက်မြို့တော်မှ နတ်ဘုရားများကို မှီသွားခဲ့ပြီ ဖြစ်သည်။ ကောင်းမင် ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း အကြီးအကဲထန်ကို မမြင်ရပေ။ ထိုအဖိုးကြီးမှာ အလွန် သတိကြီးလှသည်။
“ဘယ်သူကများ ကိုယ့်ကိုယ်ကိုယ် မစတေးဘဲ ဒီအဋ္ဌမထပ်ကို ရောက်လာလို့လဲ ၊ သိပ်ရိုင်းစိုင်းမလာနဲ့ ၊ အခုက ငါတို့အချင်းချင်း တိုက်ခိုက်ရမယ့် အချိန်မဟုတ်ဘူး ၊ ဝိညာဉ်ဘုရားကျောင်းကို သိမ်းပိုက်ပြီးမှ ငါတို့ ခွဲဝေကြတာပေါ့”
မြေပြင်မှ မရင်းနှီးသော အမည်မသိအသံတစ်ခု ထွက်ပေါ်လာသည်။ မြေဆီလွှာမှာ ထိုသူ၏ ခန္ဓာကိုယ် ဖြစ်ပုံရသည်။
“တက်လှမ်းနိုင်မယ့် နည်းလမ်း (၁၃) မျိုးမှာ သူ့အားသာချက် အားနည်းချက်နဲ့သူ ရှိကြတာပဲ၊ ဘယ်နည်းလမ်းက အကောင်းဆုံးလဲဆိုတာတော့ ငါတို့ အဖြေမထုတ်ရသေးဘူး ၊ ဒါကို အခွင့်ကောင်းယူပြီး ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ကြရင် မကောင်းဘူးလား ၊ နဝမထပ်ကို ပထမဆုံး ခြေချနိုင်တဲ့သူက နတ်ဘုရားနန်းတော်ကို ပိုင်ဆိုင်ရမှာပေါ့”
လေပြေသည် နတ်ဘုရားအော်ရာများ သယ်ဆောင်ထားသည်။ အမျိုးသမီးတစ်ဦးက တိမ်တိုက်များထဲတွင် ပုန်းကွယ်နေခြင်းဖြစ်သည်။
အရပ်မျက်နှာ အသီးသီးမှ အသံများ ထွက်ပေါ်နေသော်လည်း မည်သည့်ပုံသဏ္ဍာန်ကိုမျှ မမြင်ရပေ။ သူတို့ စကားပြောပြီးသည်နှင့် အဋ္ဌမထပ်ရှိ အရာအားလုံးမှာ စတင်ပြောင်းလဲလာတော့သည်။ သစ်ပင်များပေါ်တွင် လူမျက်နှာများ ပေါ်ပေါက်လာပြီး သစ်ရွက်များမှာ အသုဘငွေစက္ကူများအဖြစ် ပြောင်းလဲသွားကြသည်။ သစ်သီးများသည် ကြေးပြားများကဲ့သို့ တချွင်ချွင် မြည်နေသည်။ စမ်းချောင်းမှာ အနီရောင်နှင့်အနက်ရောင်အဖြစ် ပြောင်းလဲသွားပြီး ရေမှော်ပင်များကမူ ဆံပင်များကဲ့သို့ ပြန့်နှံ့လာလေသည်။
ကောင်းကင်ရှိ ငှက်များသည် အူများကို သယ်ဆောင်ထားကြသည်။ တစီစီမြည်နေသော ပိုးမွှားများက ကျိုးပဲ့နေသော လက်ချောင်းများအဖြစ် ပြောင်းလဲသွားသည်။ တောအုပ်အတွင်းရှိ တိရစ္ဆာန်များသည် သူတို့၏ ခန္ဓာကိုယ်များကို သွေးထွက်သံယိုဖြစ်သည်အထိ ကုတ်ခြစ်နေကြသည်။
“ဒီတစ်ထပ်လုံးက နတ်ဘုရားတွေနဲ့ သရဲတွေရဲ့ ဖန်တီးမှုလား ၊ သူတို့ရဲ့ စွမ်းအားက ဘုံကိုးဆင့်ဝိညာဉ်ဘုရားကျောင်းနဲ့ ပေါင်းစည်းသွားတာလာ်၊ ဒါမှမဟုတ် သူတို့က ဝိညာဉ်ဘုရားကျောင်းကို အတူတူဖြိုချဖို့ ကြိုးစားနေတာလား”
အခြေအနေက မကောင်းမွန်လှပေ။ သမင်လေးမှာ ထိတ်လန့်တုန်လှုပ်နေရှာသည်။ ၎င်းသည် ကောင်းမင်၏ သွေးကို သောက်သုံးထားခြင်းကြောင့် ဖြစ်နိုင်သည်။ မျိုးရိုးဗီဇ ပြောင်းလဲမသွားသော်လည်း တုန်ရီနေသော ခန္ဓာကိုယ်ဖြင့် မြေပြင်ပေါ်တွင် ဝပ်စင်းနေရုံသာ တတ်နိုင်လေသည်။
မြေပြင်၏ တုန်ခါမှုသည် ပို၍ ထင်ရှားလာလေသည်။ နတ်ဘုရားများသည် တစ်ဦးကိုတစ်ဦး စမ်းသပ်နေကြပြီး ဟန်ဆောင်မှုများကို ခွာချလိုက်ကြပြီ ဖြစ်သည်။ သူတို့သည် နတ်ဘုရားနန်းတော်သို့ တက်လှမ်းရန်အတွက် နောက်ဆုံးတိုက်ပွဲကို စတင်ရန် အသင့်ဖြစ်နေကြချေပြီ။
ကောင်းမင်သည် တက်လှမ်းနိုင်မည့် အခွင့်အရေးကို လွှတ်မသွားသော်လည်း အဋ္ဌမထပ်သို့ ရောက်ရှိချိန်မှာ နောက်ကျနေခဲ့သည်။ နတ်ဘုရားများသည် အဋ္ဌမထပ်အား သူတို့အချင်းချင်း နယ်မြေခွဲဝေယူထားကြပြီး ဖြစ်သည်။ ကောင်းမင်တွင် ရှိနေသည်မှာကား တုန်ရီနေသော သမင်လေးတစ်ကောင်သာ ဖြစ်တော့သည်။